no

Font
Theme

အပိုင်း (၁၈) - ရာထူးတိုး (၂)

ညလယ်၌ ဖန်းရူကွေ့တစ်ယောက် မျက်လုံးများမှိတ်လျက်သားဖြင့် ဆက်တီထိုင်ခုံပေါ်ထိုင်နေ၏။ ပန်းပွင့်ပုံသဏ္ဍာန်ခေါက်ထားသော စက္ကူလက်ကိုင်ပဝါတစ်ထည်ကို သူ တရားထိုင်ပြီးနောက် လက်သုတ်နိုင်စေရန် သူ့နံဘေးမှာတင်ထားသည်။ ရှောင်ဖုကျစ်မှာ အသက်ကိုတောင် ကျယ်ကျယ်မရှူဝံ့ဘဲ စုတ်တံကိုကိုင်လျက် ခြေတင်ခုံပေါ်မှာ စောင့်ဆိုင်းနေခဲ့သည်။

တစ်နာရီကြာပြီးနောက် ဖန်းရူကွေ့က အသက်ရှူထုတ်လိုက်ပြီး မျက်လုံးများပွင့်လာခဲ့သောအခါ ရှောင်ဖုကျစ်က ချက်ချင်းဆိုသလို စုတ်တံကိုဆက်သလိုက်၏။ မျက်ခုံးကိုစုကျုံ့၍ စိတ်အာရုံစူးစိုက်ရင်း ဖန်းရူကွေ့က ရှောင်ဖုကျစ်၏လက်ဖဝါးထဲ စကားလုံးအနည်းငယ်ရေးသားခဲ့သည်။

ရှောင်ဖုကျစ်က အချိန်မဖြုန်းဘဲ သူ့ကို မြှောက်ပင့်ပြောဆိုလိုက်၏။ "မကြာသေးမီက အရှင်ဧကရာဇ်ရဲ့သင်ကြားပြသမှုတွေကြောင့် လောင်ကျူကျုန်းက တစ်နေ့ထက်တစ်နေ့ ပိုပြီးသာလွန်လာတာပဲ။ စောစောတုန်းက ကျွန်တော်မျိုး လောင်ကျူကျုန်းရဲ့ဦးခေါင်းအပေါ်ကနေ ခရမ်းရောင်မီးခိုးငွေ့တန်းလေးထွက်လာတာကိုတောင် မြင်လိုက်ရတယ်။ သိပ်ကိုကံကောင်းတာပဲ!"

ဖန်းရူကွေ့က သူ၏လက်နှစ်ဖက်ကိုသုတ်ကာ မေးမြန်းလိုက်သည်။ "မင်း တော်ဝင်အခမ်းအနားကြီးကြပ်ရေးထဲကို ဘာလို့မဝင်နိုင်တာလဲဆိုတာ သိသလား။"

"လောင်ကျူကျုန်းက ကျွန်တော့်ကို ချစ်မြတ်နိုးတာကြောင့်ပါ။" ရှောင်ဖုကျစ်က ပြောလိုက်၏။

"ငါ မင်းကို ချစ်မြတ်နိုးတယ်ဆိုတာက တစ်ကဏ္ဍ။" ဖန်းရူကွေ့က ရှောင်ဖုကျစ်ခံထားသောလက်ထဲသို့ သူလက်သုတ်ထာားသော ပန်းပွင့်ပုံစံစက္ကူလက်ကိုင်ပဝါလေးကို ထည့်လိုက်သည်။ "မင်းက အရိပ်အခြေကို မဖတ်တတ်တာကြောင့်ပဲ။ အရှင်ဧကရာဇ်က လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ဉာဏ်အလင်းပွင့်ခဲ့ပေမဲ့ ခရမ်းရောင် ရောင်ဝါကိုမရရှိသေးဘူး။ ငါ့လို အညတရအစေခံတစ်ယောက်က ဘယ်လိုလုပ်ပြီး အရင်တက်လှမ်းနိုင်ပါ့မလဲ။ အဲ့ဒါက ငါ စည်းဘောင်တွေကို ကျော်သွားသလို မဖြစ်ဘူးလား။"

ရှောင်ဖုကျစ်က ပီတိအပြုံးဖြင့် ဖန်းရူကွေ့ကို လက်ဖက်ရည်ဆက်သလိုက်၏။ "လောင်ကျူကျုန်းက ကျွန်တော့်ရဲ့ဆရာသခင်၊ ကျွန်တော့်ရဲ့ကောင်းကင်ဘုံပါ။ လောင်ကျူကျုန်း အခုလိုတရားထိုင်နေတာကိုတွေ့ရတာ ထိုက်ရှန်းလောင်ကျွင်းကို မြင်တွေ့လိုက်ရသလိုပါပဲ! ကျွန်တော်က အဲ့လိုမျိုးကို ဘယ်လိုများ တွေးနိုင်ပါ့မလဲ။"

"အင်း။" ဖန်းရူကွေ့က သူပါးစပ်ကို ဆေးကြောလိုက်သည်။ "မင်းရဲ့ ဒီဝတ်ပြုကိုးကွယ်မှုက မင်းမှာရှိတဲ့ တစ်ခုတည်းသော ထိုက်တန်တဲ့အရည်အချင်းပဲ။"

ရှောင်ဖုကျစ်က ပြုံးလျက်ဖြင့် ဖန်းရူကွေ့၏ခြေထောက်နား တိုးကပ်သွားခဲ့သည်။ "နွေဦးပွဲတော်ရောက်တော့မှာဆိုတော့ ကျွန်တော် လောင်ကျူကျုန်းကို ဝတ်ပြုမှုပြသပေးမှ မှန်ကန်မှာပေါ့။ ကျွန်တော် စောစောက နှစ်သစ်ကူးအတွက် ပစ္စည်းတွေသွားဝယ်နေတုန်း ချူးဘုရင်ရဲ့အိမ်တော်မှာ ရင်သပ်ရှုမောစရာကောင်းတဲ့ အလှလေးတစ်ယောက်ကို တွေ့ခဲ့ရပါတယ်! ကျွန်တော် စုံစမ်းကြည့်ခဲ့ပြီး အရှင်ဧကရာဇ်က သူ(မ)ကို အသုံးမလိုတော့ဘူးဆိုတော့ အဲ့ဒီအစား လောင်ကျူကျုန်းဆီကိုပဲ ဆက်သလိုက်တာက အကောင်းဆုံးဂါရဝလက်ဆောင်ဖြစ်မယ်လို့ ကျွန်တော်တွေးလိုက်မိပါတယ်။"

"သူ(မ)က ဘယ်လောက်တောင် ရင်သပ်ရှုမောစရာကောင်းလို့လဲ။" ဖန်းရူကွေ့က သိချင်သွား၏။ "သူ(မ)က တတိယသခင်မလေးဟွားနဲ့ ယှဥ်လို့ရသလား။ ပြီးတော့ သူ(မ)က ချူးဘုရင်ရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘူးလား။ သူက ဒေါသကြီးတဲ့သူမျိုးဆိုတော့ ရန်ပွဲမဖြစ်ဘဲ သူ(မ)ကို ဒီတိုင်းလက်လွှတ်ပေးမှာမဟုတ်လောက်ဘူး။"

"ချူးဘုရင်က ဘယ်လောက်ပဲ မြင့်မြတ်နေပါစေ၊ အရှင်ဧကရာဇ်ထက် ပိုပြီးမမြင့်မြတ်နိုင်ပါဘူး။ အရှင်ဧကရာဇ်က ဆန္ဒမရှိဘူးဆိုတော့ ကျွန်တော် သူ(မ)ကို လောင်ကျူကျုန်းဆီ ဆက်သတာက ပိုပြီးမှန်ကန်တယ်မဟုတ်ပါလား။ စိတ်ပူစရာမလိုပါဘူး၊ နွေဦးမစခင် လိုအပ်တဲ့စီစဥ်မှုတွေကို လုပ်လိုက်ပါ့မယ်။ လောင်ကျူကျုန်း သူ(မ)ကိုတွေ့တဲ့အခါကျ လက်ဆောင်ကိုလက်ခံမလား၊ လက်မခံဘူးလားဆိုတာ သူ(မ)ရဲ့ကံကောင်းမှုနဲ့ ကံဆိုးမှုတို့အပေါ် မူတည်သွားပါပြီ။"

ဖန်းရူကွေ့က လက်ဖက်ရည်ခွက်ကို အောက်ချလိုက်၏၊ "အလျင်လိုစရာမလိုပါဘူး။ ငါက လောဘလည်းမကြီးသလို ရမ္မက်ကြီးတဲ့လူမျိုးလည်းမဟုတ်ဘူး။ ဒါပေမဲ့ ခေါင်းမာတဲ့ ချူးဘုရင်အကြောင်းပြောတော့မှပဲ ဒုတိယသခင်လေးရှောင်း မြို့တော်မှာ ဘယ်လိုရှိနေသလဲ။"

ရှေုင်ဖုကျစ်က ဖန်းရူကွေ့၏ခြေထောက်များကို နှိပ်နယ်ပေးရင်း ဆိုလာခဲ့သည်။ "ဟား! အဲ့ဒီဒုတိယသခင်လေးရှောင်းက တကယ်ကို တစ်ခုခုပဲ။ သူ မြို့တော်ကိုစရောက်လာကတည်းက ညတိုင်း ပျော်ပါးမြူးတူးနေတာ! စားတယ်၊ သောက်တယ်၊ ပျော်ပါးတယ်၊ အဲ့ဒီအရာတွေကလွဲလို့ ဘာဆိုဘာမှကိုမလုပ်ပါဘူး။ ချူးဘုရင်နဲ့ သူ့လိုလူမျိုးတွေကတော့ သူ့ကို တကယ်သဘောကျနေကြတာ။ ငှက်ကလေးတွေက တကယ်ကို တူရာစုပြီးပျံသန်းကြပါပဲ!"

"အဲ့ဒါက အဆင်ပြေပါတယ်... ဒါပေမဲ့ သူက ရှောင်းမိသားစုဝင်တစ်ဦးဖြစ်နေတုန်းပဲ။ အရှင်ဧကရာဇ်က သူ့ကို ယီလွမ်တပ်ဖွဲ့မှာ နေရာချထားပေးခဲ့ပေမဲ့ အဲ့ဒါက သိပ်ကိုနီးကပ်လွန်းနေတာမို့ ငါ စိတ်မအေးဖြစ်မိတယ်။" ဖန်းရူကွေ့က အခိုက်အတန့်တစ်ခုလောက် စဥ်းစားလိုက်ပြီး ပြုံးလျက်ပြောလာခဲ့သည်။ "ငါ သူ့အတွက် ပြီးပြည့်စုံတဲ့နေရာတစ်ခုကို တွေးမိထားတယ်။ ငါ့ဖိနပ်ကို ပြန်ဝတ်လိုက်။ ငါ အရှင်ဧကရာဇ်ကိုခစားပေးဖို့ မင်လိနန်းဆောင်ကို သွားမယ်!"

...

နောက်တစ်နေ့က အမတ်များအတွက် နွေဦးပွဲတော်ဖြစ်သည်။ မထူးမခြားနား နာရီပေါင်းမျာစွာကြာပြီးနောက် ရှန်သျယ်ဧကရာဇ်က စကားပြောလိုက်ချိန်မှာ ပွဲတော်က ငြိမ်သက်သွားခဲ့သည်။ "အားရယ်၊ မင်း ချွိတူးမှာ နေထိုင်ရတာ အဆင်ပြေရဲ့လား။"

ရှောင်းချီရယ်က လိမ္မော်သီးခွာနေတာကိုရပ်ကာ ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့၊ အဆင်ပြေပါတယ်၊ အရှင်ဧကရာဇ်။"

ရှန်ကျယ်ဧကရာဇ်က ရှောင်းကျိမင်ဘက်သို့လှည့်ကာ ပြောလိုက်သည်။ "ကျန်း စဥ်းစားနေတာ။ အားရယ်ကို ယွီလွမ်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်စေတာက သူ့ရဲ့အရည်အချင်းတွေကို ဖြုန်းတီးရာရောက်တယ်။ သူက တိုက်ပွဲမှာပါဝင်ခဲ့တဲ့ အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ။ သူ့ကို ကျန်းနဲ့အနီးကပ်ထားထားတာက သိပ်ကိုတင်းကျပ်လွန်းရာရောက်တာပေါ့။ ဒီလိုဆိုရင်ရော - အားရယ်ကို တော်ဝင်စစ်တပ်ဆီ သွားခွင့်ပြုလိုက်မယ်။ ရှီးကုအန်းက တော်ဝင်စစ်တပ်ရဲ့ သေနာပတိချုပ်ဖြစ်ခဲ့ပေမဲ့ အခု သူက မဟာတပ်ရင်းရှစ်ခုကို ကြည့်ရှုနေရတာ။ သူ့ခမျာ အလုပ်တွေက လည်ပင်းထိတောင်ပုံနေပြီ၊ ဒီတော့ အားရယ်က တပ်မှူးချုပ်အနေနဲ့ သူ့နေရာကို ယူလိုက်လို့ရတာပဲ။"

လုကွမ်းပိုင်က ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားခဲ့သည်။ အနည်းဆုံးတော့ ယွီလွမ်တပ်ဖွဲ့မှာ တာဝန်ထမ်းရခြင်းသည် ဧကရာဇ်၏နှာခေါင်းအောက်မှာ အလုပ်လုပ်ရပြီး တစ်စုံတစ်ခုဖြစ်ခဲ့ပါပါက ဧကရာဇ် လျစ်လျူရှုထားလို့မရပေ။ သို့သော် တော်ဝင်စစ်တပ်က ဘာကောင်းသနည်း။ ယနေ့မှာ ၎င်းတို့က ချွိတူး၏လက်တိုလက်တောင်းခိုင်းဘက်များသာ။ ဤသည်မှာ ဆုလာဘ်တစ်ခုလော။ မည်သို့ဖြင့် ဆုလာဘ်ဟုယူဆနိုင်မည်နည်း!

သို့သော် လုကွမ်းပိုင်မငြင်းနိုင်ခင်မှာ ရှောင်းချီရယ်က ကျေးဇူးတင်ဦးညွတ်ပြီးလေပြီ။

"တပ်မှူးချုပ်ဆိုတာ စစ်ဦးစီးချုပ်လိုပဲ သိပ်ကိုအထင်ကြီးစရာကောင်းလှပါတယ်။" ရှောင်းချီရယ်က ပေါ့ပေါ့ပါးပါးပြုံးလိုက်လေ၏။ "ကျေးဇူးတင်ပါတယ်၊ အရှင်ဧကရာဇ်!"

အတွင်းဝန်အမတ်ဟွားက လှိုက်လှိုက်လှဲလှဲရယ်မောတော့သည်။ "အရှင်ဧကရာဇ်က သိပ်ကို အမြော်အမြင်ကြီးမားလှပါတယ်! အခု သူက လူငယ်သူရဲကောင်းလေးတစ်ဦးဖြစ်လာပြီပဲ။"

ဂုဏ်ပြုသံများက တစ်သံပြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး ပွဲအခမ်းအနားထဲမှာ ဒီရေအလားမြင့်တက်လာခဲ့သည်။ ရှောင်းကျိမင်က ပြုံးနေခဲ့သော်လည်း ဘာမှမပြောဘဲ ရှောင်းချီရယ်ကိုသာ ကြည့်နေခဲ့၏။

"ဒီစီစဥ်မှုက ကျိမင်ရဲ့နှလုံးသားကို ဓါးနဲ့ချိန်ရွယ်လိုက်တာပဲ။" လုကွမ်းပိုင်က ဝိုင်ကိုငုံ့သောက်ရင်း ကျောင်းဟွေးကို တီးတိုးပြောလိုက်သည်။

ပွဲဲအခမ်းအနားပြီးဆုံးသွားသောအခါ ရှောင်းချီရယ်က ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ဗရုတ်ကျသည့် သူ၏သောက်ဖော်သောက်ဖက်များက သူရာထူးတိုးသည့်အတွက် ဂုဏ်ပြုကြောင်း အော်ဟစ်နေကြသလို သူကလည်း ဝမ်းသာအားရ လိုက်ပါပျော်ပါးခဲ့သည်။ နောက်ဆုံး ညသန်းခေါင်ကျော်အချိန်၌ အရက်ဆိုင်နှင့် အပျော်အိမ်များမှ ထွက်လာချိန်မှာတော့ ခြေလှမ်းများက သိုင်းကွက်နင်းလျက်ပင်။

ချူးဘုရင် လီကျန့်ဟန်က ရှောင်းချီရယ်ထက် နှစ်အနည်းငယ်ပိုကြီးပြီး တကယ်ကို ကလိမ်ကကျစ်အစစ်ဖြစ်သည်။ သူက ဝေါယာဥ်ဆီ ခြေလှမ်းနေတာတောင် ရှောင်းချီရယ်၏အင်္ကျီလက်ကိုဆွဲကာ လေးတိလေးကန်ပြောလာခဲ့၏။ "သိပ်ကိုကံကောင်းတယ်! တော်ဝင်စစ်တပ်မှာ မင်း ကင်းလှည့်စရာလည်းမလိုဘူး၊ ကာကွယ်ရေးတွေလုပ်နေစရာလည်းမလိုဘူး။ အဲ့ဒါက လစာကောင်းတဲ့အလုပ်တစ်ခုပဲ။ မင်းအသက်ကို စွန့်စားမလိုတဲ့အပြင် ပိုက်ဆံလည်းရဦးမှာ။ လောကကြီးမှာရှိတဲ့ အကောင်းဆုံးသောအရာတွေက မင်းရဲ့ပေါင်ပေါ်ကို ပြုတ်ကျလာတာပဲ! မင်း အိပ်နေရင်တောင် ရယ်မောနေရမယ်ဆိုတာ ငါ လောင်းကြေးထပ်ရဲတယ်!"

ရှောင်းချီရယ်ကလည်း ညစ်တစ်တစ်ပြုံးလိုက်၏။ "အမှန်ပဲ။ အဲ့ဒါကြောင့် ခင်ဗျားကို သောက်ဖို့ခေါ်လာခဲ့တာပဲမဟုတ်ဘူးလား။ အခုကစပြီး ကျွန်တော်တို့က ချွိတူးရဲ့လမ်းမတွေပေါ် အတူတူလျှောက်လို့ရပြီ!"

"ဟုတ်တယ်၊ ဟုတ်တယ်!" လီကျန့်ဟန်က သက်ပြင်းချကာ ရှောင်းချီရယ်ကို ပခုံးပုတ်လိုက်သည်။ "ဒါ သိပ်ကောင်းတဲ့အရာပဲ! ရက်အနည်းငယ်အတွင်း ငါ့ရဲ့အိမ်တော်ကိုလာခဲ့၊ ငါ... မင်းအတွက် အရက်ခွက်ထပ်မြှောက်ပေးမယ်..."

ရှောင်းချီရယ်က ဝေးကွာသွားသောဝေါယာဥ်ကို စောင့်ကြည့်နေခဲ့ပြီး သူ၏မြင်းပေါ် တက်လိုက်သည်။ သူက ဤမြင်းကို ဟုန်ယန်တောင်ခြေမှာ သူထိန်းကျောင်းခဲ့သောမြင်းများထဲကနေ ကိုယ်တိုင်ကိုယ်ကျ မွေးမြူထားခြင်းဖြစ်၏။ ၎င်းက ရင်ဘတ်ပေါ်မှ အဖြူရောင်အကွက်မှလွဲ၍ တစ်ကိုယ်လုံး မည်းနက်နေပြီး လျင်မြန်ကာ ကြမ်းကြုတ်လှသည်။ ရှောင်းချီရယ်က အရှေ့သို့သွားရန် တိုက်တွန်းလိုက်သည်နှင့်

လမ်းတစ်လျှောက်ရှိ စျေးဆိုင်များက သူ၏လမ်းကို အလင်းပြရန် မီးပုံးများကို ထွန်းညှိပေးခဲ့ကြသည်။ သို့သော် သူက လက်မြှောက်ကာ ပြောလိုက်၏။ "အကုန်ငြိမ်းလိုက်။"

ဆိုင်ရှင်များမှာ အကြည့်ချင်းဖလှယ်လိုက်ကြသော်လည်း မည်သူကမှ မလိုက်နာဘဲမနေဝံ့ကြပေ။ မီးပုံးများကို တစ်ခုပြီးတစ်ခုငြိမ်းကာ လရောင်ဖျော့ဖျော့လေးကသာ ရေခဲလမ်းမထက် အလင်းပြန်ဟပ်နေခဲ့သည်။ ရှောင်းချီရယ်က လေချွန်လိုက်ရာ သူ၏သိမ်းငှက်က အမှောင်ထုထဲကနေ ပျံသန်းလာခဲ့ပြီး ၎င်း၏အော်သံစူးစူးက ပဲ့တင်ထပ်သွားခဲ့၏။ သူ သူ၏မြင်းကို ရှေ့သို့နှင်လိုက်ချိန်မှာ စစ်ပွဲမြင်းကြီးက လေပူတစ်ချက်မှုတ်၍ ဒုန်းစိုင်းပြေးသွားတော့သည်။

ပြင်းထန်သောလေက ရှောင်းချီရယ်ကို ဖြတ်တိုက်နေခဲ့ပြီး အရက်၏ပူလောင်မှုများက ပျောက်ကွယ်သွားခဲ့သည်။ အမှောင်ထဲမှာ သူက လွတ်မြောက်ဖို့ကြိုးစားနေသည့် စိုးရိမ်ကြောင့်ကြနေသော သားရဲတစ်ကောင်နှင့်တူပြီး မြင်းခွာသံများက နားထိုင်းစေလုနီးပါး ကျယ်လောင်လွန်းလှ၏။ သူ့မျက်နှာပေါ်ရှိအပြုံးက အမှောင်ထု၏အကာအရံအောက်မှာ ပျောက်ကွယ်သွားခဲ့ပြီး အေးစက်ကာ အထီးကျန်ဆန်သောတိတ်ဆိတ်ခြင်းသာ ကျန်နေခဲ့သည်။

မြင်းက မည်မျှကြာအောင် ပြေးနေမှန်းမသိသော်လည်း အချိန်တစ်ခုအရောက်မှာ ရှောင်းချီရယ်တစ်ယောက် မြင်းပေါ်ကနေပြုတ်ကျသွားခဲ့သည်။ သူ နှင်းပုံကြီးထဲ ပြုတ်ကျသွားခဲ့ပြီး ထိုနေရာမှာပဲ ခေါင်းငိုက်စိုက်ဖြစ်နေခဲ့၏။ မြင်းက သူ့ဘေးနားမှာ လှည့်ပတ်ကာ သူ့ကိုတို့ထိဖို့ ၎င်း၏ဦးခေါင်းကို နှိမ့်ချလိုက်သည်။ သိမ်းငှက်က သူ၏မြင်းကုန်းနှီးပေါ်ဆင်းသက်၍ သူ့အား ပဟေဠိဖြစ်စွာဖြင့် ခေါင်းလေးစောင်းငဲ့ကာ ကြည့်နေခဲ့သည်။

ရှောင်းချီရယ်က သူ့ကိုယ်သူ ကုတ်ကတ်ထဖို့ကြိုးစားလိုက်သော်လည်း သိပ်မကြာခင် လက်လျှော့လိုက်ပြီး နှင်းပုံထဲမှာ အန်လိုက်သည်။ မိနစ်များစွာကြာပြီး နောက်ဆုံးမှာတော့ ဒယီးဒယိုင်ဖြင့် နံရံကိုမှီလိုက်၏။ ထိုစဥ် သူ့လက်မမှာဝတ်ဆင်ထားသော အရိုးလက်စွပ်က အနည်းငယ်ချောင်နေပြီး စောစောက သူပြုတ်ကျသွားခဲ့ချိန်မှာ ၎င်းက ကျွတ်ကျသွားကြောင်း သတိပြုမိလိုက်သည်။ သူ နှင်းပုံထဲမှာ ကုန်းကုန်းကွကွရှာဖွေနေခိုက် မလှမ်းမကမ်းကနေ အသံတစ်သံကို ကြားလိုက်ရလေ၏။

"အဲ့ဒီမှာ ဘယ်သူလဲ။"

ရှောင်းချီရယ်က လျစ်လျူရှုထားလိုက်သည်။

တော်ဝင်စစ်တပ်၏ တပ်ခွဲခေါင်းဆောင်က သူ၏မီးပုံးကို မြှောက်ကိုင်လိုက်လေ၏။ "ဒီလောက်နောက်ကျနေတဲ့အချိန်မှာ ရဲတင်းလိုက်တဲ့ - အာ၊ သာ့ရန်?"

ရှောင်းချီရယ်က လှည့်ကြည့်လိုက်သည်။ "ငါ့ကိုသိတာလား?"

တပ်ခွဲခေါင်းဆောင်က အရိုးသားဆုံး ခေါင်းယမ်းပြလာ၏။ "ကျွန်တော် သာ့ရန်ကို မမှတ်မိမှာ စိုးရွံ့မိပါတယ်..."

"ငါက မင်းရဲ့သာ့ကောပဲ။" ရှောင်းချီရယ်က သူ၏ညစ်ပတ်နေသောဝတ်ရုံကို ဖယ်ရှားလိုက်ပြီး နှင်းပုံကြီးဆီ အကြည့်ပြန်ပို့ကာ သူ၏လက်စွပ်ကို ဆက်ပြီးရှာနေလိုက်သည်။ သူက တီးတိုးဆဲရေးလိုက်၏။ "မီးပုံး - ဒီပေးခဲ့၊ မင်းက - ထွက်သွားတော့။"

တပ်ခွဲခေါင်းဆောင်က သတိထားပြီး အနားသို့ချဥ်းကပ်လာခဲ့သည်။ "သာ့ရန်က အာ့ကုန်းကျစ်ပဲ၊ ဟုတ်တယ်မလား။ ကျွန်တော်တို့ အမိန့်ရထားပါတယ်။ အခုက မိုးမလင်းသေးဘူးဆိုတော့ စုံစမ်းစစ်ဆေးရေးအတွက် စောလွန်းပါတယ်။ တကယ်လို့ မနက်ဖြန်ကျမှ ထပ်လာခဲ့ရင်..."

ရှောင်းချီရယ်က လက်ဆန့်ပေးလိုက်ရာ တပ်ခွဲခေါင်းဆောင်က မီးပုံးကို လက်ဆင့်ကမ်းပေးလိုက်သည်။

"ဒါက ဘယ်နေရာလဲ။" ရှောင်းချီရယ်က မေးလိုက်၏၊

"ကျွန်တော်တို့က ချွိတူးရဲ့နယ်နိမိနတ်ကိုသတ်မှတ်ထားတဲ့ တံတိုင်းအစွန်မှာပါ။ ဒါက ကျောင်းကျွေ့ဘုရားကျောင်းပါ။" တပ်ခွဲခေါင်းဆောင်က လေးလေးစားစားလျှောက်တင်လိုက်သည်။

"ရပြီ။"

ထိုသို့ကြားလိုက်ရသောအခါ တပ်ခွဲခေါင်းဆောင်မှာ သူ့ကိုထွက်သွားခိုင်းခြင်းဖြစ်ကြောင်း သိလိုက်ပြီး နောက်ပြန်ဆုတ်ရန်ပြင်လိုက်ချိန်မှာ ရှောင်းချီရယ်က ထပ်ပြောခဲ့သည်။ "ရှန်ဇယ်ချွမ်းက ဒီမှာရှိနေတာလား။ ဘုရားကျောင်းထဲမှာလား။"

"ဟုတ်ပါတယ်။" တပ်ခွဲခေါင်းဆောင်မှာ ထိတ်လန့်လာခဲ့၏။ "သူ့ကို ထိန်းသိမ်း-"

"သူ့ကို ခေါ်ထုတ်လာခဲ့။"

တပ်ခွဲခေါင်းဆောင်က အခိုက်အတန့်တစ်ခုလောက်ထိ ကြောင်အမ်းသွားခဲ့သည်။ ထို့နောက် သူက အကြောက်အကန်ငြင်းတော့သည်။ "မဖြစ်ပါဘူး! သာ့ရန်က တပ်မှူးချုပ်ဖြစ်နေရင်တောင် မရပါဘူး! အရှင်ဧကရာဇ်က တင်းတင်းကျပ်ကျပ် ကန့်-"

"တော်ဝင်စစ်တပ်မှာ ငါ့ဆုံးဖြတ်ချက်က အတည်ပဲ။" ရှောင်းချီရယ်က မီးပုံးကို မြှောက်ကိုင်လိုက်သည်။

တပ်ခွဲခေါင်းဆောင်မှာ ထိတ်လန့်ကာ စကားများလည်းထစ်ကုန်၏။ "အဲ့လိုဆိုရင်တောင် မ-မသတ်ပါနဲ့..."

"ငါ သူ့ကို သောက်ကျိုးနည်းထွက်လာပြီး ငါ့အတွက် သီချင်းလေးတစ်ပုဒ်လောက် ဆိုခိုင်းချင်ရုံပဲ!" ရှောင်းချီရယ်က မီးပုံးကို လွှဲယမ်းလိုက်ရာ မီးအိမ်က မီးငြိမ်းသွား၏။ သူက အမှောင်ထဲမှာရပ်နေပြီး သူ၏မျက်လုံးများထဲမှာ ရက်စက်ကြမ်းကြုတ်မှုတို့နှင့် ပြည့်နှက်နေခဲ့လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment