အပိုင်း (၁၂) - အကျဥ်းချခြင်း (၂)
ညနေစောင်းသောအခါ ဘုရားကျောင်းစောင့်များက ရှန်ဇယ်ချွမ်းအတွက် အစားအသောက်များယူပေးလာ၏။ သို့သော် သူက အစားအသာက်များကို ထိတောင်မထိခဲ့ပေ။ လက်ထဲမှာ ရေနံဆီမီးခွက်တစ်ခုကိုင်လျက် ပင်မခန်းဘေးရှိ စင်္ကြံလမ်းကျဥ်းလေးအတိုင်း လျှောက်သွားခဲ့၏။
နေရာတိုင်းမှာ ဖှုန်များဖုံးလွှမ်းနေပြီး ဘေးဘက်ရှိ ပူးတွဲအဆောင်တချို့မှာ ပျက်စီးယိုယွင်းနေသည်။ တံခါးများ၊ ပြတင်းပါက်များလည်း ဆွေးမြေ့နေ၏။ ရှန်ဇယ်ချွမ်း လေတိုက်လျှင် ပြိုကျသွားနိုင်သည့် များစွာသောအရိုးစုများကို တွေ့ခဲ့ရပြီးနောက် သက်ရှိသတ္တဝါတစ်ခုခုကို ရှာမတွေ့သည့်အဆုံး ပင်မခန်းမထဲ ပြန်လာခဲ့သည်။
ခန်းမအလယ်ရှိ ဗုဒ္ဓရုပ်ပွားတော်က ပြိုကျနေသော်လည်း အမွှေးတိုင်အိုးကတော့ သက်တမ်းကြာနေတာတောင် ပျက်စီးမသွားသေးပေ။ ထိုအောက်မှနေရာလွတ်က သူ့အတွက်သင့်တော်တာကြောင့် ရှန်ဇယ်ချွမ်း စုတ်ပြဲနေသောကန့်လန့်ကာကို ချလိုက်ပြီး ပူဇော်ခံစားပွဲအောက်မှာ လဲလျောင်းလိုက်သည်။ ကြမ်းပြင်မှအအေးဓါတ်က သူ၏ခြေထောက်များကို ကိုက်ခဲနာကျင်သွားစေ၏။ ရှန်ဇယ်ချွမ်း နာကျင်မှုကို အံကြိတ်သည်းခံကာ မျက်လုံးများမှိတ်၍ အချိန်ကိုရေတွက်နေခဲ့သည်။
ည၏ပထမတစ်ဝက်လုံး နှင်းများကျနေခဲ့၏။ ရှန်ဇယ်ချွမ်း ညဇီးကွက်အော်သံနှစ်ချက်ကို ကြားလိုက်မိပြီး ထထိုင်လိုက်သည်။ ထို့နောက် ကန့်လန့်ကာကိုမလိုက်ချိန်မှာ တံခါးကနေဝင်လာသော ကျိကန်းကို အချိန်ကိုက်တွေ့လိုက်ရ၏။
"အရင်ဆုံး စားလိုက်ဦး။" ကျိကန်းက သူယူလာသောအဝတ်ထုပ်ကို ဖြည်လိုက်၏။ "ပြီးရင် လေ့ကျင့်ကြမယ်။ ဒီနေရာက လေကြောင်းသင့်ပြီး တော်တော်အေးတယ်။ မင်း အိပ်ပျော်သွားရင် အအေးမိမှာစိုးလို့။"
ရှန်ဇယ်ချွမ်းက ဆီစိမ်စက္ကူနှင့်ထုပ်ပိုးထားသော ကြက်ကင်ကို ငုံ့ကြည့်လိုက်၏။ "ဒဏ်ရာတွေသက်သာခါစအချိန်မှာ အသားမစားသင့်ဘူး။ ရှစ်ဖူပဲစားလိုက်ပါ။"
"သောက်ကျိုးနည်း! အခုက မင်းရဲ့အစာအိမ်ကို ဖြည့်ရမဲ့အချိန်ပဲ။" ကျိကန်းက သူ့အတွက် ကြက်သားကိုဖဲ့ပေးရင်း ပြောလိုက်သည်။ "ရှစ်ဖူက ကြက်ဖင်ကိုကြိုက်တယ်။ အိမ်မှာတောင် ကြက်ဖင်ပဲစားတာ။ ငါ့အတွက် အဲ့ဒီအပိုင်းကိုပဲချန်ထားလိုက်။"
"ရှစ်ဖူဘယ်သွားသွား ကျွန်တော် ရှစ်ဖူနောက်ကလိုက်မှာပါ။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ပြီးတော့ ရှစ်ဖူဘာစားစား ကျွန်တော်လည်း အဲ့ဒါပဲစားမှာ။"
ကျိကန်းက သူ့ကိုတစ်ချက်ကြည့်ကာ ရယ်မောလိုက်သည်။ "ကောင်စုတ်လေး။"
အဆုံးသတ်တွင် ဆရာတပည့်နှစ်ယောက် ကြက်ကင်ကို အတူတူမျှဝေခဲ့ကြသည်။ ကျိကန်းက သံမဏိသွားများ ပေါက်လာသည်ထင်၏။ သူက အရိုးများကိုတောင် ဝါးစားနေခဲ့သည်။ ထို့နောက် သူ၏အရက်ဘူးအိုးကို ရှန်ဇယ်ချွမ်းဆီပေးကာ ပြောလိုက်သည်။ "အအေးဒဏ်ခံနိုင်အောင်လို့ အရက်နည်းနည်းသောက်လိုက်။ ဒါပေမဲ့ မင်းအစ်ကိုလို အများကြီးမသောက်လိုက်နဲ့၊ နည်းနည်းပဲငုံ။"
လွန်ခဲ့သောရက်ပိုင်းအတွင်း နှစ်ဦးသားက ကျုံးပေါ်၊ သွမ်းကျိုး သို့မဟုတ် ချာရှီမြေတွင်းကြီးကိုတောင် တစ်ခါမှထုတ်မပြောခဲ့ကြပေ။ ဟွားဖင်းထင်နှင့် ကျိမုတို့က ဆရာတပည့်နှစ်ယောက်အတွက် ပြောမထွက်နိုင်သည့်ဒဏ်ရာများဖြစ်သည်။ တစ်ယောက်စီက ၎င်းတို့၏ဝမ်းနည်းကြေကွဲမှုများကို ကွယ်ဝှက်ထားနိုင်သည်ဟု ထင်နေကြပြီး ၎င်းတို့၏ဒဏ်ရာများမှာ သွေးစိမ်းရှင်ရှင်ထွက်နေကာ နာကျင်မှုက အပြန်အလှန်ဖြစ်သည့်အချက်ကိုတော့ သတိမပြုမိခဲ့ကြပေ။
ရှန်ဇယ်ချွမ်းက တစ်ငုံသောက်ကာ ပြန်ပေးလိုက်သည်။
ကျိကန်းက ပြန်မယူခဲ့ပေ။ "ငါ အရက်ဖြတ်လိုက်ပြီ။ ရှစ်ဖူက အရက်မသောက်တော့ဘူး။"
ခန်းမထဲ တိတ်ဆိတ်သွား၏။ မြင်ကွင်းကိုပိတ်ဆို့ထားမည့် တံခါးမရှိသောကြောင့် အဆုံးမဲ့ည၏ တစ်ခုတည်းသောရှုမျှော်ခင်းဖြစ်သည့် နှင်းမှုန်များကျဆင်းနေသည်မြင်ကွင်းကို မြင်တွေ့နေရသည်။
"မင်း အခုလိုမျိုး ဆုံချက်မဲ့နေပြီး ဘာတွေတွေးနေတာလဲ။" ကျိကန်းက မေးလိုက်သည်။
"ရှစ်ဖူ။" ရှန်ဇယ်ချွမ်းက စကားစခဲ့သည်။
"ပြောစရာရှိတာကိုပြောလေ။"
"ကျွန်တော်တောင်းပန်ပါတယ်။"
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျိကန်းက ပြောလာသည်။ "ဒါ မင်းရဲ့အမှားမဟုတ်ပါဘူး။"
ရှန်ဇယ်ချွမ်း လက်သီးဆုပ်လိုက်မိ၏။ သူက မျက်တောင်ခတ်လိုက်လျှင် မျက်ရည်များကျလာတော့မည်အလား နှင်းများကိုသာ မမှိတ်သုန်စိုက်ကြည့်နေခဲ့သည်။ "ချာရှီမှာ ကျွန်တော်တို့ကို သွားရှာခဲ့သေးလား။" သူက တောင့်တင်းနေသောအသံဖြင့် မေးလိုက်၏။
ကျိကန်းက ပူဇော်ခံစားပွဲကို ဖြည်းဖြည်းချင်းမှီလိုက်ပြီး သူ၏ခန္ဓာကိုယ်က အမှောင်ရိပ်ထဲ ကျရောက်သွားသည်။ သူ့ကိုကြည့်ရတာ သူ့ကိုယ်ပိုင်အသံကို ရှာဖွေနေသည့်ပုံပင်။ အခိုက်အတန့်တစ်ခုကြာပြီးနောက် သူက ပြန်ဖြေခဲ့သည်။ "ရှာခဲ့တယ်။ ငါ သူ့ကိုတွေ့ခဲ့တယ်။"
သူ သူ့ကိုတွေ့ခဲ့တယ်။
နှင်းများပြည့်နှက်နေသည့် နက်ရှိုင်းသည့်တွင်းကြီးထဲမှာ ကျိကန်း မြားများစိုက်ဝင်နေသည့် သူ့သားကိုတွေ့ခဲ့၏။ သူ မြေတွင်းထဲခုန်ချကာ အလောင်းပုံကြီးကိုနင်းဖြတ်၍ ကျိမု၏ခန္ဓာကိုယ်ကို တူးထုတ်ခဲ့သည်။
ကျိမုက အသက်နှစ်ဆယ့်သုံးနှစ်သာရှိသေးပြီး သွမ်းကျိုးမြို့စောင့်တပ်၏ အဖွဲ့ခွဲခေါင်းဆောင်အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရ၏။ သူ၏ချပ်ဝတ်တန်ဆာက အသစ်စက်စက်သာရှိသေးသည်။ သူ ချပ်ဝတ်တန်ဆာဝတ်ဆင်သည့်နေ့မှာ ဟွားဖင်းထင်က အကာအကွယ်အဆောင်လက်ဖွဲ့ကို ချည်နှောင်ပေးခဲ့၏။ ကျိကန်း သူ့ကိုတွေ့လိုက်ရချိန်မှာ သူက အေးခဲကာခရမ်းပုပ်ရောင်ပြောင်းနေပြီး သူ၏ရဲဘော်ရဲဘက်စစ်သည်တော်များနှင့်အတူ မြေတွင်းထဲ မြှုပ်နှံခံခဲ့ရသည်။
ရှန်ဇယ်ချွမ်းက အနည်းငယ်ခေါင်းမော့လိုက်၏။ "ကျွန်တော်တောင်းပန်ပါတယ် ရှစ်ဖူ။"
ကျိကန်းက အသက်ကြီးနေပြီဖြစ်၏။ သူက ဆံပင်အဖြူဖြူဦးခေါင်းကိိုကုတ်ကာ ပြောလိုက်သည်။ "သူက အစ်ကိုကြီးတစ်ယောက်ပဲလေ၊ မဟုတ်ဘူးလား။ အဲ့ဒါက သူလုပ်သင့်တဲ့အရာပါ။ မင်းရဲ့အမှားမဟုတ်ပါဘူး။"
ခန်းမအပြင်ဘက်မှာ နှင်းများ စုပုံနေလေပြီ။
ကျိကန်းက ခြေလက်များကိုကွေး၍ သူ့ကိုယ်သူ ပွေ့ဖက်လိုက်၏။ "ပျန်းရှားလူယုတ်မာတွေ ဝင်လာမယ်ဆိုတာကို ဘယ်သူမှမသိခဲ့ဘူး။ သူက စစ်သည်တော်တစ်ယောက်မို့ ရှေ့တန်းကိုချီတက်ရတာက သူ့အလုပ်ပဲ။ ငါ သူ့ကို တိုက်ခိုက်ဖို့သင်ပေးခဲ့တာ၊ သူ့ရဲ့စိတ်နေသဘောထားကို ကောင်းကောင်းသိတယ်။ သူက ထွက်ပြေးရမှာထက် အသေခံလိုက်မဲ့လူမျိုး။ သူက တခြားသူတွေဒုက္ခရောက်နေတာကို ဘယ်တော့မှ ငြိမ်ငြိမ်လေးထိုင်ကြည့်နေမဲ့သူမဟုတ်ဘူး။ အဲ့ဒါကြောင့်... အဲ့ဒါကြောင့် သူက ဘယ်လိုလုပ်ပြီး ထွက်ပြေးနိုင်မှာလဲ။"
"ချွမ်းအာ၊ ဒါ မင်းရဲ့အမှားမဟုတ်သလို သူ့ရဲ့အမှားလည်းမဟုတ်ပါဘူး။ ငါ့ရဲ့အပြစ်တွေပါ။ ရှစ်ဖူက အရက်သမားတစ်ယောက်။ မင်းရဲ့ရှစ်နျန်က အမြဲတမ်းဆူပူကြိမ်းမောင်းခဲ့ပေမဲ့ ငါ ဘယ်တုန်းကမှ အရက်ကိုမစွန့်လွှတ်ခဲ့ဘူး။ ပျန်းရှားမြင်းတပ်ဝင်လာတော့ ငါ တိုက်တောင်မတိုက်ခိုက်နိုင်ခဲ့ဘူး။ ငါက အသက်ကြီးပြီး ပျက်စီးနေပါပြီ။ ငါက အသုံးမကျတာ ကြာနေပါပြီ။"
မျက်ရည်စက်များက အရက်ဘူးအိုးပေါ် ကျဆင်းသွား၏။ ရှန်ဇယ်ချွမ်း ဘာမှမပြောဘဲ အရက်ဘူးအိုးကိုသာ တင်းကျပ်စွာဆုပ်ကိုင်ထားခဲ့သည်။
"အသက်ကြီးပြီး ပျက်စီနေပြီ။" ဗုဒ္ဓရုပ်ပွားတော်အနောက်မှ ပြုံးနေသောဦးခေါင်းတစ်လုံးက ရုတ်တရက်ပေါ်ထွက်လာ၏။ "အသက်ကြီးပြီး ပျက်စီးနေပြီ!"
"ဘယ်သူလဲ!" ကျိကန်းက ကျားသစ်တစ်ကောင်လို ခုန်တက်လိုက်ပြီး မေးမြန်းလိုက်သည်။
ရှုပ်ပွနေသောဦးခေါင်းနှင့်လူတစ်ယောက်က အကွယ်နေရာကနေ ဖြည်းဖြည်းချင်းပေါ်ထွက်လာပြီး ကျိကန်းကို တုပလိုက်၏။ "ဘယ်သူလဲ၊ ဘယ်သူလဲ!"
ထိုအသံက ရှင်းလင်းနေ၏။ ကျိကန်းက ရှန်ဇယ်ချွမ်းကို အနောက်သို့တွန်းပို့လိုက်ပြီး အံ့သြမှင်တက်စွာအော်ခေါ်လိုက်သည်။ "ချီထိုက်ဖူ!"
[TN/ ထိုက်ဖူ - တော်ဝင်မင်းသားတွေ၊ ဧကရာဇ်အငယ်လေးတွေကို သင်ကြားပြသပေးရတဲ့ဆရာပါ။ သူ့မှာ အာဏာတစ်ခုနဲ့ အခွင့်ထူးတွေရှိပါတယ်။]
ထိုလူက ချက်ချင်းဆိုသလို အနောက်ကိုပြန်ဆုတ်သွားပြီး ရုပ်ပွားတော်ကိုကန်ကျောက်၍ အော်လိုက်သည်။ "မဟုတ်ဘူး! ငါက ထိုက်ဖူမဟုတ်ဘူး!"
ကျိကန်းက ရုပ်ပွားတော်အနောက်သို့ ပြေးသွားလိုက်ပြီး ရှန်ဇယ်ချွမ်းကလည်း သူ့နောက်လိုက်သွားခဲ့၏။ ထိုလူက နံရံအပေါက်ကိုဖြတ်၍ တွားသွားဝင်ရောက်တော့မည်ကို မြင်လိုက်ရသောအခါ ကျိကန်း သူ၏ခြေချင်းဝတ်ကို ဖမ်းဆုပ်လိုက်သည်။ ထိုအခါ လူအိုကြီးက အသတ်ခံရတော့မည့် ဝက်တစ်ကောင်နှယ် အော်ဟစ်လိုက်၏။ "အရှင့်သား! ပြေးတော့၊ အရှင်သား!"
ရှန်ဇယ်ချွမ်းက သူ့ပါးစပ်ကိုပိတ်ပေးလျက် သူ့ကိုပြန်သယ်လာဖို့ ကျိကန်းကို ကူညီပေးလိုက်၏။ "ရှစ်ဖူ၊ သူက ဘယ်သူလဲ။"
"မင်းက အရမ်းငယ်သေးတာကြောင့် သူ့ကိုမသိလောက်ဘူး။" ထိုလူ့ကို ထိန်းထားရသည့်အတွက် ကျိကန်း၏အသံက ပုံမှန်ဟုတ်မနေခဲ့ပေ။ "ဒါက အံ့အားသင့်စရာကောင်းတဲ့ ချီထိုက်ဖူပဲ! ထိုက်ဖူ အသက်ရှင်နေသေးတယ်! ဒါဆို ကျိုးသာ့ရန်ရော? ကျိုးသာ့ရန်လည်း ဒီမှာပဲလား။"
ချီထိုက်ဖူက အရပ်အမောင်းမထွားသလို ပိန်လည်းပိန်၏။ သူက တစ်ချက်လောက်ကန်ဖို့တောင် အလွန်အားနည်းနေသဖြင့် ၎င်းတို့ကို မျက်လုံးပြူးလျက်သာ ကြည့်နေခဲ့သည်။ "သေပြီ၊ သူသေသွားပြီ! ငါလည်းသေပြီ။ အရှင့်သားလည်းသေပြီ။ အားလုံးသေပြီ!"
"ထိုက်ဖူ၊ ကျွန်တော်ပါ၊ ကျိကန်းလေ။" ကျိကန်း၏အသံက လေလံနေ၏။ "တော်ဝင်အစောင့်တပ်ရဲ့ လက်ထောက်တပ်မှူးချုပ် ကျိကန်းပါ!"
သို့သော် ရုန်းကန်နေဆဲဖြစ်သော ချီထိုက်ဖူက လည်တိုင်ကိုစောင်းကာ ကျိကန်းကို စစ်ဆေးခဲ့သည်။ "မင်းက ကျိကန်းမဟုတ်ဘူး။ မင်းက မကောင်းတဲ့ဝိညာဥ်!"
"ထိုက်ဖူ!" ကျိကန်းက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ "ယုံယိနန်းစံတဲ့ နှစ်ဆယ့်သုံးနှစ်မြောက်မှာ ကျွန်တော် ထိုက်ဖူကို နန်းမြို့တော်ဆီပို့ဆောင်ပေးခဲ့တာပါ။ ဒီဘုရားကျောင်းက အိမ်ရှေ့စံအရှင့်သားနဲ့တွေ့ဆုံပြီး ထိုက်ဖူကို ကြိုဆိုခဲ့တဲ့နေရာလေ။ အဲ့ဒါတွေကိုလည်း မေ့သွားပြီလား။"
ချီထိုက်ဖူ၏မျက်လုံးများက တောက်ပသွား၏။ "သူတို့တွေ အိမ်ရှေ့စံကို သတ်လိုက်ကြပြီ... အရှင့်သား!" သူက ငိုကြွေးနေ၏။ "ကျိကန်း၊ ကျိသာ့ရန်! အရှင့်သားကို အဝေးခေါ်သွား! အရှေ့နန်းဆောင်က အားလုံးရဲ့ပစ်မှတ်ဖြစ်လာပြီ။ အရှင့်သားက ဘာအပြစ်ကိုများ ကျူးလွန်ထားလို့လဲ!"
ကျိကန်းတစ်ယောက် လက်သီးဆုပ်များ ပြေလျော့သွား၏။ "ထိုက်ဖူ... နှစ်ဆယ့်ကိုးနှစ်မြောက်မှာ ကျိလေက သူ့ရဲ့ဝိညာဥ်ကို ရန်သူတွေဆီရောင်းစားခဲ့ပြီး ကျွန်တော်လည်း ချွိတူးကနေ ထွက်သွားခဲ့တယ်။ ဒီနှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ကျွန်တော် လောကအနှံ့လှည့်လည်ခဲ့တယ်။ နောက်တော့ ကျုံးပေါ်ရဲ့သွမ်းကျိုးမှာ ဇနီးတစ်ယောက်ယူခဲ့ပြီး ကလေးအဖေဖြစ်လာခဲ့တယ်။"
"အရှင့်သားမရှိတော့ရင်တောင် တော်ဝင်မြို့စောင့်တပ်က ရှိနေတုန်းပဲ။" ချီထိုက်ဖူက သူ့ကို ဗလာကျင်းစွာစိုက်ကြည့်နေ၏။ "သူ့ကို ခေါ်သွား။ မင်း သူ့ကို အဝေးကိုခေါ်ထုတ်သွား!"
ကျိကန်းက မျက်လုံးများမှိတ်လိုက်၏။ "ယုံယိနန်းစံတဲ့ သုံးဆယ်မြောက်နှစ်မှာ အရှင့်သားက ဒီခန်းမဆောင်ထဲမှာ သူ့ကိုယ်သူလည်လှီးပြီး အဆုံးစီရင်ခဲ့တယ်။ အရှေ့နန်းဆောင်မှာ တစ်ယောက်မှမလွတ်မြောက်ခဲ့ဘူး။"
ထိုက်ဖူက အနောက်ဆုတ်ကာ ရေရွတ်လိုက်သည်။ "ဟုတ်တယ်၊ အဲ့ဒါအမှန်ပဲ..." ထို့နောက် သူက ကလေးတစ်ယောက်လို စတင်ငိုကြွေးတော့သည်။ "ဘယ်လိုလုပ်ပြီး ဒီလိုတွေဖြစ်ခဲ့ရတာလဲ။"
"ခွဲခွာခြင်းက တိမ်စိုင်တွေလိုပါပဲ၊ ဆယ်နှစ်တာက ရေအလျင်လို စီးဆင်းသွားမှာပါ။ ဒီဘဝ၊ ဒီလိုအခြေအနေတွေအောက်မှာ ကျွန်တော်တို့ အခုလိုထပ်တွေ့ရမယ်လို့ ဘယ်သူခန့်မှန်းမိမှာလဲ။" ကျိကန်းက ပြောလိုက်၏။ယနေ့ညအဖြစ်အပျက်များက သူ့ကို ပင်ပန်းနွမ်းနယ်စေခဲ့သည်။
ချီထိုက်ဖူက သူ့မျက်နှာကိုအုပ်၍ လှည့်လိုက်၏။ "သူတို့က မင်းကိုလည်း ပိတ်လှောင်ခဲ့ကြတာလား။ အားလုံး ပိတ်လှောင်ခံလိုက်ကြတာပေါ့! သူတို့တွေ ပညာရှင်အားလုံးကို သတ်ကြပါစေ!"
"ကျွန်တော့်တပည့်က သူ့အဖေကိုယ်စား အပြစ်ပေးခံခဲ့ရတာပါ။" ကျိကန်းက ပြောလိုက်သည်။
"သူ့အဖေကိုယ်စား... ကောင်းတယ်၊ ကောင်းတယ်။" ချီထိုက်ဖူက မေးလိုက်၏။ "သူ့အဖေက ဘယ်သူလဲ။ သူကလည်း ဧကရာဇ်ကို အမျက်ထွက်နေတာလား။"
"မနှစ်တုန်းက ရှန်ဝေ့ရဲ့စစ်တပ် တိုက်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်။" ကျိကန်းက သက်ပြင်းချလိုက်သည်။
မမျှော်လင့်စွာဖြင့် ထိုက်ဖူက ရှန်ဝေ့၏အမည်ကို ကြားလိုက်ရသောအခါ လှည့်ကြည့်လာခဲ့သည်။ ထို့နောက် ရှန်ဇယ်ချွမ်းရှိရာဆီ သားရဲတစ်ကောင်ကဲ့သို့ တွားသွားခဲ့လေ၏။ "ဒါက... ရှန်ဝေ့ရဲ့သားလား။"
တစ်စုံတစ်ခုလွဲမှားနေကြောင်း ကျိကန်း အာရုံခံလိုက်မိလိုက်၏။ သို့သော် သူ မလှုပ်ရှားနိုင်ခင် ချီထိုက်ဖူက ရှန်ဇယ်ချွမ်းဆီ တစ်ဟုန်ထိုးသွားကာ လက်သည်းများဖြင့်ကုတ်ခြစ်ဖို့ရွယ်ရင်း အော်ဟစ်ခဲ့သည်။ "ရှန်ဝေ့! ရှန်ဝေ့က အရှင့်သားကိုသတ်ခဲ့တာ!"
နာမကျန်းဖြစ်နေတာတောင် အမြင်စူးရှပြီး သွက်လက်နေဆဲဖြစ်သော ရှန်ဇယ်ချွမ်းက ချီထိုက်ဖူ သူ့ကိုမထိခိုက်နိုင်ခင် သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ ကျိကန်းက ထိုလူအိုကြီးကို နောက်တစ်ဖန်ထိန်းချုပ်ထားခဲ့၏။ "ထိုက်ဖူ! ခင်ဗျားကလည်း တော်ဝင်အစောင့်တပ်လိုရည်ရွယ်ချက်နဲ့ ကျွန်တော့်တပည့်ကို သေစေချင်နေတာလား။ ရှန်ဝေ့ ဘာပြစ်မှုကိုပဲကျူးလွန်ခဲ့ပါစေ၊ အဲ့ဒါက ကျွန်တော့်တပည့်နဲ့ ဘာသက်ဆိုင်လို့လဲ!"
"သူက ရှန်ဝေ့ရဲ့သားဖြစ်နေလို့..." ချီထိုက်ဖူ၏လေသံထဲမှာ ဒေါသများပါဝင်နေ၏။ "ရှန်ဝေ့..."
ချီထိုက်ဖူကို လွှတ်မပေးဘဲ ကျိကန်းက ဒူးထောက်လိုက်သည်။ "သူ့ကို ရှန်ဝေ့က မွေးခဲ့တာဆိုပေမဲ့ သူက ကျွန်တော် ကျိကန်းရဲ့သားပါ။ ကျွန်တော် လိမ်ညာပြောဆိုခဲ့သည်ရှိသော် အသေဆိုးနဲ့သေရပါစေ! ထိုက်ဖူ၊ ခင်ဗျား ကျွန်တော့်သားကို သတ်တော့မလို့လား။"
***
Aurora Novel Translation Team