no

Font
Theme

အပိုင်း (၁၁) - အကျဥ်းချခြင်း (၁)

ချွိတူး၌ ရှားရှားပါးပါး နေသာသောနေ့ရက်တစ်ရက်မှာ ရှန်ဇယ်ချွမ်း ကျောင်းကျွေ့ဘုရားကျောင်းထဲသို့ ဝင်ရောက်ခဲ့ရသည်။

နန်းတော်၏အုတ်ကြွပ်မိုးများပေါ်မှာ နှင်းလွှာတစ်ထပ်ဖုံးလွှမ်းနေပြီး ဆောင်းနှောင်းကာလ၏ အစိမ်းရောင်ဆီးပန်းပွင့်များက အနီရောင်နံရံများနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။ နေရောင်ခြည်က အကျဥ်းထောင်အဆောက်အအုံ၏တံစက်မြိတ်ပေါ်မှာ ဖြာကျနေပြီး သူ့ခြေထောက်အောက်ရှိ အလင်းနှင့်အမှောင်ရိပ်ကြား ထောင့်ဖြတ်မျဥ်းတစ်ခုခြားထားသည်။

သူ အပြင်းဖျားရာကနေ နလန်ထူခါစဖြစ်ပြီး ယခု အရိုးပေါ်အရေတင်ဖြစ်နေ၏။ နေရောင်ခြည်ထဲမှာ သူ မျက်လုံးများဖွင့်ကြည့်လိုက်ချိန်၌ သူ့အသက်ဆယ့်ငါးနှစ်၏ အိပ်မက်မှန်သမျှတို့မှာ အေးခဲနေသောလေပြင်းထဲ လွင့်ပါသွားသော ပြာမှုန်များနှယ် ပြန့်ကျဲသွားခဲ့သည်။

ကောချင်းချင်းက အရှေ့ကနေ လှေကားဆင်းလိုက်ပြီး နောက်ပြန်လှည့်ကာ ပြောလိုက်သည်။ "နောက်ကျနေပြီ။"

ရှန်ဇယ်ချွမ်း တိုင်လုံးများကိုအားပြုရင်း လှေကားကနေ ဖြည်းဖြည်းချင်းဆင်းလိုက်သည်။ သူ နေရောင်နှင့်ထိတွေ့ရတာကို ကျင့်သားမရသေးသော်လည်း သက်တောင့်သက်သာမရှိမှုကိုလည်း မခံစားခဲ့ရပေ။ သူ၏ပုံပန်သွင်ပြင်ထဲမှ ကလေးဆန်မှုများအားလုံးက ဖြူဖပ်ဖြူရော်ဖြစ်ခြင်းအောက်မှာ ချေမွခံခဲ့ရပြီး သူ၏မျက်နှာထက်၌ ဟန်လုပ်ထားသောတင်းမာမှုသာ ရှိနေခဲ့သည်။

ဘုရားကျောင်း၌ ကျိလေက ရှောင်ဖုကျစ်နှင့်အတူ ဝင်ပေါက်မုခ်ဦးမှာစောင့်နေခဲ့သည်။ သူ ရှေးဟောင်းဗိသုကာလက်ရာများကို မော့ကြည့်လိုက်ချိန်၌ ရှောင်ဖုကျစ်က တီးတိုးရေရွတ်လာ၏။ "ထူးဆန်းတဲ့နေရာပဲ။ ဒါက အကျဥ်းထောင်နဲ့ လုံးဝမတူဘူး။"

"မင်း ဒီနေရာရဲ့သမိုင်းကြောင်းကို မသိဘူးပဲ။" ကျိလေက ပြောခဲ့သည်။ "ကျောင်းကျွေ့ဘုရားကျောင်းဆိုတာ မူလတုန်းက တော်ဝင်မိသားစုဝင်တွေ အမွှေးတိုင်ပူဇော်တဲ့နေရာတစ်ခုလေ။ တစ်ချိန်က ကွမ်းချန်ဧကရာဇ်ရဲ့ လက်ရေးအမိန့်စာတွေကို ဒီမှာထိန်းသိမ်းထားခဲ့တာ။ သူ့ခေတ်အခါတုန်းကဆို တိုင်းပြည်တစ်ခွင် ကျော်ကြားတဲ့ဘုန်းတော်ကြီးတွေအားလုံး ဒီမှာစုဝေးခဲ့ကြပြီး ကြီးကျယ်ခမ်းနားတဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြတယ်။"

"လတ်တလောနှစ်တွေမှာ အဲ့ဒီအကြောင်းပြောသံကို ဘာဖြစ်လို့ မကြားခဲ့ရတာပါလဲ။" ရှောင်ဖုကျစ်က ခမ်းနားထည်ဝါသော မုခ်ဦးကိုကြည့်လိုက်၏။ "ဒီနေရာကိုကြည့်ရတာ ပျက်စီးယိုယွင်းနေသလိုပဲ။ ကြည့်ရတာ နှစ်ပေါင်းများစွာကြာတဲ့အထိ မပြင်မဆင်ဘဲ ပစ်ထားတာထင်တယ်။"

ကျိလေက အခိုက်အတန့်တစ်ခုလောက် ရပ်တန့်သွားပြီးနောက် ဆက်ပြောခဲ့သည်။ "အနှစ်နှစ်ဆယ်ရှိပြီ။ အဲ့ဒီအချိန်တုန်းက အိမ်ရှေ့စံမင်းသားက ချွိတူးရဲ့ မဟာတပ်ရင်းရှစ်ခုကို ပုန်ကန်ဖို့ လှုံ့ဆော်ပေးခဲ့တယ်။ သူတို့ ရှုံးနိမ့်သွားတဲ့နောက်မှာ ဒီဘုရားကျောင်းဆီ တပ်ဆုတ်လာပြီး ဖုတ်ပူမီးတိုက် တိုက်ခိုက်ခဲ့ကြတယ်။ နောက်ဆုံးတော့ သူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပြီး ဗုဒ္ဓရုပ်ပွားတော်တွေပေါ် သွေးတွေစင်ခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်း ယခင်ကွယ်လွန်သူဧကရာဇ်က ဒီနေရာကို ဘယ်တော့မှခြေမချခဲ့ဘူး။ သူက ဘုရားကျောင်းရဲ့ မူလနာမည်ကိုဖယ်ရှားပြီး ကျောင်းကျွေ့ဘုရားကျောင်းဆိုပြီး အမည်ပြောင်းလဲခဲ့တာလေ။"

"အနှစ်နှစ်ဆယ်!" ရှောင်ဖုကျစ်က အံ့အားသင့်စွာဖြင့် အာခေါင်ခြစ်အော်လိုက်သည်။ "ကျွန်တော် မွေးတောင်မမွေးသေးဘူး! အဲ့ဒီအချိန်ဆို ကျိသာ့ရန်က တော်ဝင်အစောင့်တပ်ထဲ ဝင်လိုက်ပြီမဟုတ်လား။"

ကျိလေက ပြန်ဖြေရမည့်အစား လမ်းမကြီးကိုမျှော်ကြည့်ကာ စကားစဖြတ်လိုက်၏။ "သူ ဘာလို့ ရောက်မလာသေးတာလဲ။"

ဘုရားကျောင်းဝင်ပေါက်ရှိ ကျောက်ပြားကြီးထက်တွင် အပြစ်ကိုဖွင့်ဟဝန်ခံခြင်းဟု အဓိပ္ပါယ်ရသော 'ကျောင်းကျွေ့' ဆိုသည့်စာလုံးနှစ်လုံးကို ရေးထွင်းထား၏။ ရှောင်ဖုကျစ်က သိချင်နေဆဲဖြစ်ပြီး ၎င်းဆီချဥ်းကပ်သွားခဲ့သည်။ "ဒါပေမဲ့ ဒီထဲမှာ တစ်စုံတစ်ယောက်ကိုပိတ်လှောင်ထားတယ်လို့ ဘာဖြစ်လို့ တစ်ခါမှမကြားဖူးရတာလဲ။"

ကျိလေက စိတ်မရှည်တော့ပေ။ "အကျဥ်းချခံရတဲ့သူတွေအားလုံး အိမ်ရှေ့မင်းသားရဲ့ရာဇ၀တ်မှုမှာ ပါ၀င်ပတ်သက်ခဲ့တဲ့ အမတ်တွေချည်းပဲ။ အများစုက ခေါင်းဖြတ်မခံရခင် ကိုယ့်မျိုးနွယ်စုတစ်ခုလုံး ကွပ်မျက်ခံရတာကို မြင်တွေ့ခဲ့ကြရတယ်။ အဲ့ဒီအဖြစ်အပျက်မှာ အသက်ရှင်ကျန်ရစ်သူက နည်းနည်းပဲကျန်တာ။ ပြီးတာ့ အနှစ်နှစ်ဆယ်တောင်ရှိနေပြီ၊ ဘယ်သူက မှတ်မိဦးမှာလဲ!"

အကျဥ်းထောင်လှည်းက ဝင်ပေါက်ဆီရောက်လာ၏။

"သူရောက်လာပါပြီ၊ ကျိသာ့ရန်။" ကောချင်းချင်းက ကျိလေကို ဦးညွတ်လိုက်သည်။

"သူ့ကို အထဲပို့လိုက်။"

ရှန်ဇယ်ချွမ်းကို သူ့ကိုကျော်တက်သွားသောအခါ ကျိလေက ပြောလိုက်သည်။ "နှုတ်ဆက်ပြီးရင် ငါတို့ထပ်မတွေ့နိုင်လောက်တော့ဘူး။ ဧကရာဇ်ရဲ့ကျေးဇူးတရားက ကြီးမားတယ်။ မင်းရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံး ကျေးဇူးတရားကို အောက်မေ့ရင်းနဲ့သာ ကုန်ဆုံးပါ။"

ရှန်ဇယ်ချွမ်းက ဘာမှမကြားခဲ့သလို ပြုမူခဲ့သည်။ သူက ခြေနင်းခုံကိုကျော်ကာ အရှေ့ကိုဆက်သွားလိုက်၏။ အနီရောင်ဆေးများကွာကျနေသော တံခါးကြီးက ကျယ်လောင်သောအသံနှင့်အတူ ပွင့်သွားခဲ့သည်။ လူငယ်လေးက မှုန်မှိုင်းနေသော ဘုရားကျောင်းအတွင်းကိုကြည့်ကာ ကျိလေကို လည်ပြန်ကြည့်လိုက်၏။

ရှန်ဇယ်ချွမ်း၏မျက်နှာထက် ပျံ့နှံ့လာသော တည်ငြိမ်သည့်အပြုံးကို မြင်လိုက်ရသောအခါ ကျိလေတစ်ယောက် ဒေါသထွက်သွားခဲ့သည်။

သူ ရူးသွားပြီ။

ကျိလေ ထိုကဲ့သို့တွေးနေစဥ် ရှန်ဇယ်ချွမ်း၏အသံကို ကြားလိုက်ရသည်။ "ကျိသာ့ရန်။" သူ၏အသံ အလွန်တည်ငြိမ်နေ၏။ "ကျွန်တော်တို့ ပြန်တွေ့ကြမှာပါ။"

တံခါးက ကျယ်လောင်သောအသံနှင့်အတူ ပိတ်သွားပြီး ဖုန်များထသွားလေသည်။ ရှောင်ဖုကျစ်က အနောက်ဆုတ်ရင်း နှာခေါင်းအုပ်ကာ ချောင်းဆိုးနေ၏။ သို့သော် ကျိလေကတော့ ထိုနေရာမှာပဲ မှင်တက်စွာရပ်နေခဲ့သည်။

ရှောင်ဖုကျစ်က သူ့ကို အကြိမ်ပေါင်းမျာခေါ်လိုက်တော့မှ သူ အသိစိတ်ပြန်ဝင်လာခဲ့၏။ သူက သူ၏မြင်းပေါ်ကို လွှားခနဲတက်လိုက်ပြီး ပြန်လှည့်လိုက်သဖြင့် သူ၏ကျောပြင်က နေရောင်ဖြင့်နွေးထွေးသွားခဲ့သည်။

"မရှိတာပဲအေးမဲ့ကောင်!"

...

ရှောင်းချီရယ်က မြို့၏လမ်းများထက် မြင်းစီးနေပြီး ကျိလေနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့သည်။ မြင်းဇတ်ကြိုးကိုဆွဲ၍ ရပ်တန့်လိုက်ပြီးနောက် ရှန်ဇယ်ချွမ်းက ကျယ်လောင်စွာရယ်မောလိုက်၏။ "လောင်ကျိ၊ ခင်ဗျားနန်းတော်ထဲမှာ တာဝန်ထမ်းဆောင်နေတာမဟုတ်ဘူးလား။"

"ညစ်ပတ်တဲ့ကောင်စုတ်လေးတစ်ကောင်ကို ဘုရားကျောင်းမှာအကျဥ်းချဖို့ လိုက်ပို့တာပါ။ အဲ့ဒါကြောင့် အခု နန်းတော်ကို ပြန်သွားနေတာ။" ကျိလေက ရှောင်းချီရယ်၏စစ်မြင်းကြီးကို အားကျမှုတစ်သိန်းဖြင့် လှမ်းကြည့်လိုက်၏။ "မြင်းကောင်းပဲ၊ ဟမ် ဒုတိယသခင်လေး! ကျွန်တော်ကြားတာတော့ ဒုတိယသခင်လေးကိုယ်တိုင် လေ့ကျင့်ပေးထားတာဆို?"

"ကျွန်တော်က အားနေတာလေ။" ရှောင်းချီရယ်က ကြာပွတ်ကိုလွှဲယမ်းလိုက်ပြီး ကောင်းကင်ထက်ဝဲနေသော သူ၏သိမ်းငှက်က သူ့ပခုံးပေါ် နားခိုခဲ့သည်။ "သိမ်းငှက်ရယ် မြင်းတွေနဲ့ဆော့တာရယ်က ကျွန်တော့်မှာရှိတဲ့ အရည်အချင်းတွေပဲ။"

"နှစ်သစ်ကူးပြီးလို့ အလုပ်တွေစရင် ဒုတိယသခင်လေးအားတော့မှာမဟုတ်ဘူး။" ကျိလေက ပြောလိုက်သည်။ "ချွိတူးရဲ့ သူရဲကောင်းအသစ်လေး! ကျွန်တော် မနက်ဖြန် တာဝန်မရှိဘူး။ ကျွန်တော်တို့ အောင်ပွဲခံတဲ့အနေနဲ့ သွားသောက်ကြရင်ရော?"

"အရက်ကောင်းမဟုတ်ရင် မသောက်ဘူးနော်။" ရှောင်းချီရယ်က ပြောလိုက်၏။

ကျိလေက ကျယ်လောင်စွာရယ်မောတော့သည်။ "သေချာပေါက် အရက်ကောင်းပါ! အရက်ကောင်းမရှိဘဲ ဘယ်သူက ဒုတိယသခင်လေးကို ဖိတ်ကြားဝံ့မှာလဲ။ မနက်ဖြန် ဒုတိယသခင်လေးကို အိမ်တော်မှာလာခေါ်လိုက်ပါ့မယ်။ လီပေရဲ့ဆက်ခံသူကရော ပူးပေါင်းမယ်ထင်လား။"

"ကျွန်တော့်အစ်ကိုကြီးက အဲ့လိုပျော်ရတာတွေကို စိတ်မဝင်စားဘူး။" ရှောင်းချီရယ်က လက်မရှိ လက်စွပ်ကိုပွတ်သပ်ရင်း ပြောလိုက်သည်။ "ဘာလို့လဲ။ ကျွန်တော်အဖော်ပြုပေးတာက မလုံလောက်လို့လား။"

"ကျွန်တော်က အဲ့လိုပြောတာမဟုတ်ပါဘူး!" ကျိလေက အလျင်အမြန်ပြောလိုက်၏။ "ဒါဆို မနက်ဖြန်တွေ့ဖို့ အတည်ပြုပြီးပြီနော် ဒုတိယသခင်လေး။"

ရှောင်းချီရယ်က ခေါင်းညိတ်ပြကာ ထွက်ခွာရန်ပြင်လိုက်ချိန် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး မေးလိုက်သည်။ "ဟိုကောင်စုတ်လေးရော ဘယ်လိုလဲ။ သူ လမ်းလျှောက်နိုင်လား။"

"လျှောက်နိုင်တယ်။" ကျိလေက ပြန်ဖြေလိုက်သည်။ "ဒါပေမဲ့ အဲ့ဒီကောင်လေး သွက်သွက်လက်လက် ပြန်မဖြစ်နိုင်လောက်တော့ဘူး။ သူ မတ်တတ်ရပ်နိုင်တာတောင် ကံကောင်းနေပြီ။"

ရှောင်းချီရယ်က ထပ်မမေးတော့ဘဲ ထွက်ခွာသွားခဲ့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment