no

Font
Theme

အပိုင်း (၁၉) - အရက်မူးခြင်း (၁)

ရှောင်းကျိမင်က သူ၏ခြုံထည်ကို လွှမ်းခြုံလျက် ချိတ်ဆွဲထားသောမီးပုံးများအောက်မှာ စောင့်ဆိုင်းနေစဥ် ကျောင်းဟွေးက သူ့အနောက်ကနေ စောင့်ကြပ်ကာ ပြောလာခဲ့သည်။ "သူ အခုချိန်ဆိုပြန်လာသင့်ပါပြီ။ သူ့ကိုသွားခေါ်တဲ့သူက ကုန်းကျစ် သူ့မြင်းကိုသူ စီးသွားပြီလို့ပြောခဲ့တာကို ဘာလို့များ ပြန်မရောက်သေးတာပါလိမ့်။"

ရှောင်းကျိမင်က လေအေးထဲကို အသက်ရှူထုတ်လိုက်ပြီး ကောင်းကင်ကြီးကို မျက်နှာမူလိုက်သည်။ "သူ အိမ်မှာမပျော်တဲ့အချိန်တိုင်း အမြဲတမ်းလိုပဲ ဟုန်ယန်တောင်ခြေကိုသွားပြီး မြင်းစီးတတ်တယ်။" သူက ပြောလာ၏။ "အကျင့်ဟောင်းတွေက ဖျောက်ဖျက်ဖို့ခက်တယ်။"

"အနည်းဆုံးတော့ တော်ဝင်စစ်တပ်က တကယ့်ရာထူးတစ်ခုပါပဲ။" ကျောင်းဟွေးက ပြောလာ၏။

ရှောင်းကျိမင်က သူ့ကို လှည့်ကြည့်လိုက်သည်။ "ငါ့အဖေရဲ့ အကြီးမားဆုံးနောင်တက ဘာလဲသိသလား။"

ကျောင်းဟွေးက ခေါင်းယမ်းပြလိုက်၏။

"အားရယ်မွေးဖွားလာတာ သိပ်နောက်ကျလွန်းတာကိုပဲ။" ရှောင်းကျိမင်က ပြောလာခဲ့သည်။ "လွန်ခဲ့တဲ့သုံးနှစ်တုန်းက ငါတို့ ဟုန်ယန်တောင်ခြေမှာ ချောင်းမြောင်းတိုက်ခိုက်ခံခဲ့ရတယ်။ အဖေ့ရဲ့တပ်ကူတွေရောက်မလာခင် အားရယ်က သူ့ကိုယ်ပိုင်သက်တော်စောင့်တွေဖြစ်တဲ့ မြင်းစီးသူရဲအယောက်နှစ်ဆယ်ကို ဦးဆောင်ခေါ်လာပြီး အမှောင်ထုထဲမှာ ဟုန်ကျန်းမြစ်ကို ကျော်ဖြတ်ခဲ့တယ်။ သူက ပျန်းရှားရဲ့ရိက္ခာတွေကို မီးတင်ရှို့ပြီး ညတစ်ဝက်လောက် ဗွက်တောထဲမှာရုန်းနေခဲ့တာ။ ငါ သူ့ကိုတွေ့လိုက်ရတဲ့အချိန်မှာ သူ့တစ်ကိုယ်လုံးညစ်ပတ်နေပြီး သူ့ခြေထောက်ပေါ်ကဒဏ်ရာတွေဆို ပြည်တွေတောင်တည်နေပြီ။ အဲ့ဒီအချိန်တုန်းက သူ့အသက်မှ ဆယ့်လေးနှစ်ပဲရှိသေးတယ်။ ငါ သူ့ကို မကြောက်ဘူးလားလို့မေးတော့ သူက သိပ်ကိုပျော်တာပဲတဲ့။"

"လုမျိုးနွယ်က သဲကန္တာရရဲ့ သိမ်းငှက်တွေဖြစ်ပြီး ရှောင်းမိသားစုက လီပေရဲ့ခွေးတွေလို့ ငါတို့အဖေ မကြာခဏပြောတတ်တယ်။ ငါ အဲ့လိုပြောတာကို သဘောမကျဘူး။ ဒါပေမဲ့ သိပ်မကြာသေးခင်နှစ်တွေအတွင်းမှာ ရှောင်းမိသားစုက သံကြိုးခတ်ထားတဲ့ခွေးတွေလို တိုက်ပွဲဝင်ခဲ့ကြရတယ်။ အရင်နေ့ရက်ဟောင်းတွေလောက် ကျေနပ်စရာမရှိတော့ဘူး။ ဒီနှစ်ရှည်လများတိုက်ပွဲတွေက ငါ့ရဲ့စိတ်ဝိညာဥ်တွေကို ခန်းခြောက်သွားစေခဲ့တယ်။ ရှောင်းမိသားစုက ခွေးတွေမဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့ထဲမှာ အားရယ်တစ်ယောက်တည်းကသာ ဝံပုလွေတစ်ကောင်ရဲ့နှလုံးသားကို ပိုင်ဆိုင်ထားတုန်းပဲ။ သူက လီပေရဲ့တောင်တန်းတွေကို အိပ်မက်မက်နေပေမဲ့ ချွိတူးမှာနေပြီး လွင်ပြင်တစ်လျှောက် ဒုန်းစိုင်းနှင်ရတဲ့လွတ်လပ်မှုကို မေ့လျော့ထားခဲ့ရတယ်။ အဖေနဲ့ ငါ၊ နှစ်ယောက်လုံး သူ့အတွက် တရားမျှတမှုမပေးနိုင်ခဲ့ဘူး။"

အခိုက်အတန့်တစ်ခုလောက် နှုတ်ဆိတ်နေပြီးနောက် ကျောင်းဟွေးက ရှောင်းကျိမင်ကို ကြည့်လိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် ဖိအားမပေးပါနဲ့ ရှစ်ကျိ*။ ကုန်းကျစ်က စိတ်မြန်လက်မြန်ရှိတယ်။ သူက ရှစ်ကျိအဖေရဲ့အမွေကို ဆက်ခံဖို့ အကောင်းဆုံးရွေးချယ်မှုမဟုတ်ပါဘူး။ သူ စောမွေးလာသည်ဖြစ်စေ၊ နောက်ကျမှမွေးလာသည်ဖြစ်စေ၊ အရေးမကြီးသလို လီပေရဲ့ဇတ်ကြိုးက သူ့လက်ထဲကို ဘယ်တော့မှရောက်နိုင်မှာမဟုတ်ဘူး။ စစ်သေနာပတိချုပ်က အတွေ့အကြုံနဲ့ထုဆစ်ထားတဲ့ သံမဏိတူလို ဇွဲနပဲကြီးရမယ်၊ သံတောင်လို မယိမ်းမယိုင်တဲ့ စိတ်ဓါတ်ရှိရမယ်။ ကုန်းကျစ်က ဒီတာဝန်တွေကို မထမ်းဆောင်နိုင်ပါဘူး။"

[TN/ *ရှစ်ကျိဆိုတာ မိသားစု/မျိုးနွယ်ရဲ့ဆက်ခံသူကိုဆိုလိုတာပါ။]

ရှောင်းကျိမင်က တိတ်ဆိတ်နေခဲ့သည်။

ညလေက မီးပုံးများကို လှုပ်ယမ်းနေစေ၏။ သခင်ဖြစ်သူနှင့် သူ၏လက်အောက်ငယ်သားတို့က အမှောင်ထဲမှာ နောက်ထပ်တစ်နာရီလောက် စောင့်ဆိုင်းနေခဲ့ကြပြီးနောက် မလှမ်းမကမ်းကနေ ၎င်းတို့ဆီသို့ တစ်စုံတစ်ဦးက မြင်းစီးလာကြောင်း တွေ့လိုက်ကြရသည်။

"ရှစ်ကျိ!" ထိုလူက မြင်းပေါ်ကနေ အမြန်ဆင်းကာ ကမန်းကတန်းလျှောက်တင်လာခဲ့လေ၏။ "သခင်လေး တစ်ခုခုဖြစ်ခဲ့ပါတယ်!"

ကျောင်းဟွေး၏လက်က ချက်ချင်းဆိုသလို သူ့ဓါးပေါ်ရောက်သွားခဲ့သည်။ "ဘယ်မှာလဲ။"

...

လွန်ခဲ့သောတစ်နာရီက။

တပ်ခွဲခေါင်းဆောင်က လက်ထိပ်ခတ်ထားသော ရှန်ဇယ်ချွမ်းကို လှေကားကနေ တွန်းချလိုက်သည်။ "သီချင်းဆိုစမ်း။" တပ်ခွဲခေါင်းဆောင်က သူ့ကို အနောက်ကနေ တိုက်တွန်းလိုက်၏။ "မြန်မြန်လုပ်။ တပ်မှူးချုပ်အတွက် သီချင်းဆိုပြလိုက်!"

ရှန်ဇယ်ချွမ်းက တစ်ခွန်းမှမဟဘဲ နံရံအရိပ်ထဲမှာ ဆောင့်ကြောင့်ထိုင်နေအမျိုးသားကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သိမ်းငှက်ကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ရင်ဘတ်က တင်းကျပ်သွားလေ၏။ သူက ဘာမှတွေးမနေဘဲ သူ၏နှုတ်ခမ်းတို့ကို မျဥ်းဖြောင့်အတိုင်းစေ့ပိတ်ကာ မလှုပ်မယှက်ရပ်နေခဲ့သည်။

"ဒီကိုလာခဲ့။" ရှောင်းချီရယ်က အမိန့်ပေးလိုက်၏။

ရှန်ဇယ်ချွမ်းက အသက်ရှူထုတ်လိုက်ရာ သူ၏အသက်ရှူသံက အဖြူရောင်အငွေ့လေးများနှင့်အတူ ထွက်ပေါ်လာခဲ့၏။ သူက ဖြည်းဖြည်းချင်းလျှောက်သွားလိုက်ပြီး ရှောင်းချီရယ်၏အရှေ့ အကွာအဝေးတစ်ခု၌ ရပ်တန့်လိုက်သည်။

ရှောင်းချီရယ်က ထရပ်လာ၏။ "မင်းအမေက ဘယ်သူလဲ။"

"သွမ်ကျိုးက အကမယ်တစ်ယောက်ပါ။" ရှန်ဇယ်ချွမ်းက ပြန်ဖြေလိုက်၏။

"ဒါဆို သီချင်းဘယ်လိုဆိုရမယ်ဆိုတာကို သိမှာပဲ၊ ဟုတ်တယ်မလား။" ရှောင်းချီရယ်၏အကြည့်များက သူ့အရိုးများကိုတောင် အေးခဲသွားစေနိုင်သည်။ "အဲ့ဒီရှန်ခွေးအိုကြီးက မင်းကို မသင်ပေးနိုင်လောက်ပေမဲ့ အဲ့လိုအမေမျိုးရှိတော့ မင်း တစ်ခုခုကိုတော့ သင်ယူခဲ့လောက်မှာပဲ။"

"...ကျွန်တော် မသိပါဘူး။" ရှန်ဇယ်ချွမ်းက ထိတ်လန့်ကြောက်ရွံ့သကဲ့သို့ သူ့အကြည့်ကိုရှောင်ကာ မြေကြီးကိုသာ စိုက်ကြည့်နေခဲ့သည်။

"ခေါင်းမော့။" ရှောင်းချီရယ်က မီးအိမ်ကို ခြေထောက်ဖြင့်ဖယ်ရှားလိုက်သည်။ "မင်း ငါ့ကိုကြောက်နေတာလား။"

ရှန်ဇယ်ချွမ်းမှာ ရွေးချယ်စရာမရှိဘဲ ခေါင်းမော့လိုက်ရ၏။ သူ အရက်နံ့ကိုရလိုက်သည်။

"ကောင်းပြီလေ။" ရှောင်းချီရယ်က ပြောလာ၏။ "မင်း သီချင်းမဆိုချင်လည်း ငါ့အတွက် ပစ္စည်းရှာပေး။"

ရှန်ဇယ်ချွမ်းက သံကြိုးခတ်ခံထားရသော သူ့လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

ရှောင်းချီရယ်က မျက်မှောင်ကြုတ်လိုက်၏။ "အဲ့ဒီအတိုင်းပဲရှာ။"

ထို့ကြောင့် ရှန်ဇယ်ချွမ်းက ဆောင့်ကြောင့်ထိုင်ချကာ စိတ်မပါတပါဖြင့် နှင်းများကို ဆုပ်ကိုင်လိုက်တော့သည်။

"ပြန်ထစမ်း။" ရှောင်းချီရယ်က သူ့ဦးခေါင်းထိပ်ကို စိုက်ကြည့်နေရင်း အမိန့်ပေးလိုက်လေ၏။

ရှန်ဇယ်ချွမ်းက လက်နှစ်ဖက်ကို ဒူးပေါ်ထောက်၍အားပြုကာ ချက်ချင်းထရပ်လိုက်သည်။

"မင်းက အလွယ်တကူထိုင်နိုင်၊ ထနိုင်နေတော့ မင်းရဲ့ခြေထောက်တွေက အကောင်းအတိုင်းဖြစ်မဲ့ပုံပဲ။" ရှောင်းချီရယ်က လေ့လာလိုက်သည်။ "တော်ဝင်အစောင့်တပ်က ကြိမ်ဒဏ်အပြစ်ပေးတာကို လျှော့လျှော့ပေါ့ပေါ့လုပ်ခဲ့ကြတာလား၊ ဒါမှမဟုတ် တန်ဖိုးမရှိတဲ့ဘဝတွေက ရှင်သန်ဖို့ ပိုပြီးလွယ်ကူတာများလား။"

"သေချာပေါက် တန်ဖိုးမရှိတဲ့ဘဝတွေက ရှင်သန်ဖို့ ပိုပြီးလွယ်ကူတာပါ။" ရှန်ဇယ်ချွမ်းက ပြန်ဖြေပေးလိုက်သည်။ "ကျွန်တော်က ကံကောင်းသွားလို့ပါ။"

"အဓိပ္ပါယ်ရှိသားပဲ။" ရှောင်းချီရယ်က သူ၏မြင်းနှင်တံထိပ်ဖျားကို ရှန်ဇယ်ချွမ်း၏ရင်ဘတ်ပေါ် ဖိလိုက်သည်။ "အဲ့ဒီကန်ချက်က မင်းရဲ့ဘဝကို အဆုံးသတ်ပေးဖို့ရည်ရွယ်ခဲ့တာ။ ကြည့်ရတာ မင်းရဲ့ကိုယ်ခံပညာက တော်တော်ကောင်းတဲ့ပုံပဲ။"

မြင်းနှင်တံ၏အထိအတွေ့ကြောင့် ရှန်ဇယ်ချွမ်းက တုန်ယင်သွားခဲ့သည်။ သူက ပြောလိုက်သည်။ "ကျွန်တော်က... နောက်ဆုံးထွက်သက်ကို ဆွဲထားနိုင်ရုံတင်ပါ။ အာ့ကုန်းကျစ်က ဖြောင့်မတ်တဲ့လူတစ်ယောက်ပဲကို ဘာဖြစ်လို့ ကျွန်တော့်လို ဘာမဟုတ်သူရဲ့ဘဝကို ခက်ခဲအောင်လုပ်မှာပါလဲ။ ကျွန်တော်က ကျွန်တော်နဲ့ထိုက်တန်တဲ့အပြစ်ကို ခံယူပြီးပါပြီ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သက်ညှာပေးပါ။"

"မင်း အဲ့ဒါကို အတည်ပြောနေတာလား။"

ရှန်ဇယ်ချွမ်းမှာ ဖိအားပေးခံရသည့်အတွက် ပျော့ပျောင်းသောရှိုက်သံလေးနှင့်အတူ နှာရှုပ်လိုက်သည်။ သူက အားတက်သရော ခေါင်းညိတ်ပြလိုက်လေ၏။

ရှောင်းချီရယ်က မြင်းနှင်တံကို ပြန်ရုပ်လိုက်သည်။ "အပြောကတော့လွယ်တယ်။ အဲ့ဒါက တကယ်ဟုတ်မဟုတ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ဒီလိုဆိုရင်ရော - ငါ့အတွက် ခွေးလိုဟောင်ပြလေ၊ ငါ စိတ်ကျေနပ်ပြီဆိုတာနဲ့ မင်းကိုလွှတ်ပေးမယ်။"

ရှန်ဇယ်ချွမ်းက အသံတိတ်နေခဲ့လေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment