အပိုင်း (၁၆) - သံသယ (၂)
ကျောင်းဟွေ့တစ်ယောက် ခုံတန်းပေါ်လဲလျောင်းကာ ခြေထောက်တစ်ဖက်ထောင်လျက် စာဖတ်နေသောရှောင်းချီရယ်ကို သတင်းတင်ပြခဲ့သည်။
"အဲ့ဒါကြောင့် သူက လိမ်ညာခဲ့တာ မဟုတ်လောက်ပါဘူး။" ကျောင်းဟွေးက ပြောလိုက်သည်။ "သူက ဒီမနက်နန်းတော်ထဲမဝင်ခင် ကျိလေကိုသွားခေါ်ခဲ့ရတာပါ။"
"အင်း။" ရှောင်းချီရယ်က စိတ်မပါစွာဖြင့် တုံ့ပြန်ခဲ့သည်။ "ချင်းကျွင်းအဆောက်အအုံက တော်တော်နီးတော့ သူ အချိန်မီရောက်နိုင်တယ်။"
"တစ်ခုခုကတော့ ထူးဆန်းနေတုန်းပဲ။" ကျောင်းဟွေးက ဓါးနှောင့်ကို လက်မဖြင့်ပွတ်သပ်ရင်း ပြောလာ၏။
"အဖြေရှာလို့မရဘူးလား။" ရှောင်းချီရယ်က စာရွက်ကို နောက်တစ်မျက်နှာလှန်လိုက်သည်။
"မစဥ်းစားတတ်တော့ဘူး။"
"ဒါဆို ငါပြောပြမယ်။" ရှောင်းချီရယ်က ထလိုက်ပြီး ခြေထောက်ချိတ်ထိုင်ကာ လက်တစ်ဖက်ထောက်လိုက်၏။ "မင်းက ဧကရာဇ်ကိုယ်တိုင်ဖိတ်ကြားမှုကြောင့် ငါ့သာ့ကောရဲ့ဘေးကနေ နန်းမြို့တော်ကိုဝင်လာခဲ့တာ။ ကြိုဆိုပွဲတုန်းက တော်ဝင်အစောင့်တပ်ရဲ့ ဌာနဆယ့်နှစ်ခုလုံး အနောက်ကနေ အနီးကပ်လိုက်ပါလာခဲ့ကြတယ်။ သူ မင်းကိုမမှတ်မိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ပြောရခက်တယ်။" ကျောင်းဟွေးက ပြောလိုက်သည်။ "သူ ကျွန်တော့်ကို တကယ်မမှတ်မိတာလည်း ဖြစ်နိုင်တာပဲလေ။"
"မင်းဝတ်ထားတာ မနေ့ကဝတ်စုံ၊ ပြီးတော့ မနေ့ကလိုပဲ မင်းရဲ့ဓါးလည်းပါတယ်။ သူ မင်းကိုမမှတ်မိရင်တောင် ဦးနှောက်သုံးမယ်ဆို မင်းရဲ့အရေးပါမှုကိုခန့်မှန်းမိပြီး လမ်းမအလယ်မှာ အဲ့လိုမောက်မာတဲ့ပုံစံမျိုးနဲ့ အော်ငေါက်ရဲမှာမဟုတ်ဘူး။" ရှောင်းချီရယ်က ပြောလိုက်သည်။ "ပြီးတော့ သူ့ကိုကြည့်ရတာ မှတ်ဉာဏ်မကောင်းတဲ့သူမဖြစ်နိုင်ဘူး။ သူ ငါ့ကိုတော့ ချက်ချင်းမှတ်မိတယ်။"
"အဲ့ဒီအချိန်မှာ သူနဲ့တွေ့ခဲ့ရတာက တော်တော်တိုက်ဆိုင်တယ်လို့ ထင်နေခဲ့မိတာ။" ကျောင်းဟွေးက ပြောလာ၏။
"အင်း၊ ကောင်းကောင်းစီစဥ်ထားတဲ့ တိုက်ဆိုင်မှုပေါ့။" ရှောင်းချီရယ်က ဖတ်နေသည့်စာအုပ်ကို ဘေးချလိုက်သည်။ "အဲ့ဒီရှန်..."
"ရှန်ဇယ်ချွမ်းပါ။" ကျောင်းဟွေးက စကားထောက်လိုက်သည်။
ရှောင်းချီရယ်၏အကြည့်များက တွေးတွေးဆဆဖြစ်သွား၏။ "သူ့ကို ကျောင်းကျွေ့ဘုရားကျောင်းထဲ ဝင်ခွင့်ပေးလိုက်တာက အခု ရှုံးနိမ့်သွားတဲ့ကစားကွက်တစ်ခုလို ခံစားနေရတယ်။"
...
ကောချင်းချင်းက သားမွေးကော်လံကိုဖယ်ကာ သူ့လည်ပင်းမှချွေးများကို သုတ်လိုက်သည်။ ဝူချိုင်ချွမ်က အထဲသို့ အပြေးရောက်လာ၏။ "ကျေးဇူးပါ၊ ကျေးဇူးတင်ပါတယ်! ချင်းကော၊ တကယ်ကျေးဇူးတင်ပါတယ်ဗျာ!"
"ကိစ္စမရှိပါဘူး။" ကောချင်းချင်းက ပြန်ပြောလိုက်သည်။ "ငါတို့အားလုံး ညီအစ်ကိုတွေပဲလေ။"
ဝူချိုင်ချွမ်က ပြုံးလိုက်ပြီး မှတ်တမ်းခန်းထဲမှလူကို အော်ပြောလိုက်၏။ "လောင်ရွှီ! ချင်းကောရဲ့နာမည်ကို မှတ်တမ်းထဲထည့်ထားလိုက်ဦး။ ချင်းကောက ဒီနေ့မနက် ငါ့အစား ဝေါယာဥ်သယ်ခဲ့ပေးတာ။ မနေ့ညက ငါ အအေးမိသွားလို့ မနက်နိုးလာတော့ ခေါင်းမူးနေခဲ့တာ၊ ကံကောင်းလို့ ချင်းကောက ကူညီပေးဖို့ရာက်လာလို့သာပဲ။"
"မင်း အအေးမိထားတာဆိုတော့ ခဏနေရင် ရွှီမိသားစုဆိုင်ကို ဆိတ်စွပ်ပြုတ်သွားသောက်ကြရအောင်။" ကောချင်းချင်းက ပြောလိုက်သည်။
ဝူချိုင်ချွမ်က အလျင်အမြန်သဘောတူလိုက်၏။ "ဒါပေါ! ဒါ ချင်းကောဒကာခံတာပဲ! လောင်ရွှီ မင်းရောကြားလိုက်လား။ ခဏနေရင် အားလုံးအတူတူသွားကြမယ်!"
"အလျင်မလိုပါနဲ့။" ကောချင်းချင်းက ဝူချိုင်ချွမ်၏နောက်ကျောကို တစ်ချက်ပုတ်လိုက်သည်။ "ခဏလောက်အနားယူလိုက်ဦး။ နောက်တစ်ခါ နေမကောင်းဖြစ်နေရင် ဒီတစ်ခေါက်လို ဖုံးကွယ်မထားနဲ့။ ငါ့ကိုအသိလာပေးလိုက်။"
ဝူချိုင်ချွမ်က ခွေးပေါက်လေးတစ်ကောင်လို ခေါင်းညိတ်ပြလာ၏။ သူ ဆိတ်စွပ်ပြုတ်ကို တောင့်တနေခဲ့ပြီး စားရဖို့အတွက် မည်သည့်အရာကိုမဆို သဘောတူနိုင်ပေသည်။
...
ထိုနေ့ညက ချီထိုက်ဖူတစ်ယောက် အိုနေပြီဖြစ်သော သူ၏အရိုးများကို နွေးထွေးသွားစေရန် စောင်ထူထူတစ်ထည်ရခဲ့သည်။ သူက ရှန်ဇယ်ချွမ်းကိုမျက်နှာချင်းဆိုင်ပြီး ထိုင်နေခဲ့၏။ "လဝက်အတွင်း နွေဦးပွဲတော်ရောက်လာတော့မယ်။ ချွိတူးက ရုံးတော်အမတ်တွေအတွက် စားတော်ပွဲကြီးကျင်းပပေးမှာ။ အဲ့ဒီအချိန်ဆို ခရိုင်အားလုံး၊ မြို့နယ်အားလုံးကအမတ်တွေအကုန် နှစ်သစ်ကူးဆုတောင်းပြုဖို့ နန်းမြို့တော်ဆီရောက်လာကြလိမ့်မယ်။ ငါ လက်ရှိတိုင်းပြည်ရေးရာအခြေအနေနဲ့ပတ်သက်ပြီး မရှင်းမလင်းဖြစ်နေတုန်းပဲ၊ ဒီတော့ မင်း ငါ့ကို ထပ်ပြောပြဦး။"
ရှန်ဇယ်ချွမ်းက အဝတ်ပါးတစ်လွှာကိုသာ ဝတ်ဆင်ထားပြီး ကျိမိသားစုလက်ဝှေ့၏ စတင်သည့်အကွက်အတိုင်းဟန်ရေးပြလျက် နှင်းတောထဲမှာ မတ်တတ်ရပ်နေသည်။ အေးခဲနေသော်လည်း သူ၏မျက်ခုံးများထက် ချွေးများစို့နေလေသည်။
"လီပေဘုရင် ကျန်းမာရေးဆိုးဝါးလာတာ နှစ်ပေါင်းတော်တော်ကြာပါပြီ။" သူက စပြောလိုက်၏။ "ပြီးတော့ လီပေရဲ့ဆက်ခံသူ ရှောင်းကျိမင်က သူတို့ရဲ့စစ်ရေးကိစ္စတွေအားလုံးကို တာဝန်လွှဲပြောင်းယူခဲ့ပါတယ်။ ဒီနှစ် ဘုရင်ကိုယ်တိုင် တက်ရောက်မယ်မထင်ပါဘူး။ ချီသုန်းရဲ့ခရိုင်ငါးခုကလည်း ဒီတစ်ခေါက် ချွိတူးကိုကယ်တင်ထားတဲ့အတွက် အကျိုးကျေးဇူးရဖို့ရှိပါတယ်။ သူတို့ထဲမှာ အပ်နှင်းထားတဲ့ဘွဲ့ကို လက်ခံဖို့ ပထမဆုံးရောက်ရှိလာတဲ့သူက စစ်သူကြီးလေးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ လုကွမ်းပိုင်ပါ။ ရက်အနည်းငယ်နေရင် စစ်သေနာပတိချုပ်ချီလည်း ရောက်လာပါလိမ့်မယ်။ အဲ့ဒါကြောင့် လက်ရှိမှာ သာ့ကျိုးရဲ့အဓိကစစ်အင်အားနှစ်ရပ် ရှိနေပါတယ်-"
"ခဏ။" ချီထိုက်ဖူက သူ့စောင်ထဲကနေ ပေတံကိုထုတ်လိုက်သည်။ "အဲ့ဒီ 'စစ်သူကြီးလေးယောက်' ဆိုတာ ဘယ်သူတွေလဲ။"
ရှန်ဇယ်ချွမ်းက နာခံမှုရှိစွာဖြင့် တည်ငြိမ်အေးဆေးစွာဆိုလိုက်၏။
"ရေခဲမြစ်ပေါ်က သံမဏိမြင်း ရှောင်းကျိမင်၊ အချက်ပြမီးခိုးငွေ့နဲ့ သဲမုန်တိုင်း လုကွမ်းပိုင်၊ တောက်လောင်နေတဲ့လွင်ပြင်တွေကို ဖြတ်ကျော်လာတဲ့လေမုန်တိုင်း ချီးကျူးယင်း၊ ကျောက်စိမ်းမြေပေါ်က မိုးကြိုးမုန်တိုင်း ကျော်ချန်းချိုး တို့ပါ။"
[TN/ ထျယ်မာပင်းဟယ်ရှောင်းကျိမင်၊ ဖုန်းဟော်ချွေးရှားလုကွမ်းပိုင်၊ ဖုန်းယင်လျဲ့ယယ်ချီးကျူးယင်း၊ လေချန်းယွီထိုင်ကျော်ချန်းချိုး။ မြန်မာလိုပြန်တာထက် ဒီလိုက ခေါ်လို့ပိုကောင်းသလိုပဲနော်။]
ချီိထိုက်ဖူက အခိုက်အတန့်တစ်ခုလောက် တွေးတောလိုက်သည်။ "ငါ ကျော်ချန်းချိုးတစ်ယောက်တည်းကိုပဲ ကြားဖူးတယ်။ ဒါပေမဲ့ ဒီလုကွမ်းပိုင်ဆိုတဲ့တစ်ယောက်က ပျန်းရှားမြို့စား၊ လုဖျင်ယန်းရဲ့သားဖြစ်ရမယ်။ နောက်ပိုင်း လုဖျင်ယန်းက ပျန်းကျွင့်နယ်စပ်ဒေသကိုသွားပြီး စောင့်ကြပ်ခဲ့ရပေမဲ့ လီပေကိုရောက်လာပြီး လီပေဘုရင် ရှောင်းဖန်းရွှိနဲ့ သွေးသောက်ညီအစ်ကိုတွေဖြစ်လာကြတယ်။ လုကွမ်းပိုင်မှာ အစ်မ ဒါမှမဟုတ် ညီမတစ်ယောက်ယောက်ရှိမယ်ဆို ရှောင်းမိသားစုနဲ့ သေချာပေါက်လက်ထပ်ပေးမှာပဲ၊ ငါပြောတာဟုတ်ရဲ့လား။"
"ဟုတ်ပါတယ်။" ရှန်းဇယ်ချွမ်း ချွေးများစိုရွှဲနေလေပြီ။ "လုကွမ်းပိုင်ရဲ့ညီမက ရှောင်းကျိမင်ရဲ့ဇနီးပါ။"
"အဲ့လိုဆို သူတို့ကို အဓိကစစ်အင်အားနှစ်ရပ်လို့ ဘာလို့ခေါ်ရတာလဲ။" ချီထိုက်ဖူက မေးလာ၏။ "လုမိသားစုက ချီသုန်းမှာ လီပေစိုက်ပျိုးထားတဲ့ မျိုးစေ့တစ်ခုဖြစ်နိုင်တယ်။ အဲ့ဒီမျိုးနွယ်တွေက မြင်နေရတာထက် ပိုပြီးရှုပ်ထွေးတယ်။ ပြီးတော့ ချွိတူးမှာ မဟာတပ်ရင်းရှစ်ခုနဲ့ သူတို့အောက်မှာ တော်ဝင်စစ်တပ်ရှိနေတုန်းပဲ။ မဟာတပ်ရင်းရှစ်ခုက လီပေနဲ့ ချီသုန်းတို့လို စစ်တပ်အင်အားမရှိသလို ရဲစွမ်းသတ္တိလည်းမရှိပေမဲ့ ချွိတူးက သာ့ကျိုးရဲ့နှလုံးသည်းပွတ်ဆိုတာကို မေ့ထားလို့မရဘူး။ အဲ့ဒီအင်အားစုတွေက အင်ပါယာရဲ့အသက်ကို ဆုပ်ကိုင်ထားကြတာ။"
ချီထိုက်ဖူက သူ့ကိုယ်သူ နွေးထွေးသွားစေဖို့ ဘူးအိုးကိုကောက်ယူကာ အရက်အနည်းငယ်သောက်လိုက်သည်။ "ပြီးတော့ ဒါကိုလည်းမှတ်ထားရမယ်။ စည်းစနစ်အရပြောရမယ်ဆိုရင် တော်ဝင်အစောင့်တပ်ကို 'စစ်သည်တော်တွေ' လို့ ခေါ်လို့မရပေမဲ့ သူတို့က ပုံမှန်စစ်သည်တော်တွေထက် ပိုပြီးအသုံးဝင်တယ်။ ဧကရာဇ်က သူ့ရဲ့စစ်တပ်ကို အမိန့်ပေးလိုက်တဲ့အခါ အရည်အချင်းရှိတဲ့စစ်သူကြီးတွေဆီကနေ ကူညီထောက်ပံ့မှုယူရမယ်။ ပြီးတော့ စစ်သူကြီးတစ်ယောက်က ကြံရည်ဖန်ရည်ရှိဖို့လိုတယ်။ တစ်ခါတလေ အထက်ကအမိန့်တွေကို ဆန့်ကျင်လုပ်ဆောင်နိုင်ရမယ်။ ဇတ်ကြိုးကို တင်းတင်းဆွဲထားရင် ရှေ့ရောက်ဖို့က ကြန့်ကြာနိုင်တယ်၊ လျော့လွန်းသွားရင်လည်း သားရဲတစ်ကောင်ကို ပျိုးထောင်သလို စွန့်စားရာရောက်သွားနိုင်တယ်။ ဟန်ချက်ညီအောင်ထိန်းဖို့က ခက်ခဲပြီး ပြောင်းလဲမှုတွေအရ အခြေအနေကို လိုက်လျောညီထွေရှိအောင် ဆောင်ရွက်တတ်ဖို့လိုတယ်။ ဒါပေမဲ့ တော်ဝင်အစောင့်တပ်က မတူဘူး။ သူတို့က ပလ္လင်ခြေရင်းက ကြမ်းကြုတ်တဲ့အမဲလိုက်ခွေးတွေ၊ သူတို့ရဲ့သံကြိုးတွေကို ဧကရာဇ်တစ်ပါးတည်းကပဲ ချုပ်ကိုင်ထားတာ။ သူဆုပ်ကိုင်ထားတာကို တင်းမလား၊ လျော့မလား၊ သူတို့ကို အလိုလိုက်မလား၊ ဖယ်ရှားမလားဆိုတာ ဧကရာဇ်ရဲ့စိတ်အခြေအနေပေါ် မူတည်တယ်။ အဲ့လိုဓါးသွား၊ အဲ့လိုခွေးတစ်အုပ် - မင်းသာဆိုရင် သူတို့ကို မျက်နှာသာမပေးဘဲနေမှာလား။"
ရှန်ဇယ်ချွမ်းက သူ၏အနေအထားကိုထိန်းထားဖို့ အခိုက်အတန့်တစ်ခုလောက် ရုန်းကန်ပြီးနောက် ပြန်ဖြေလိုက်သည်။ "ကျွန်တော် သူတို့ကို မျက်နှာသာပေးထားမှာ! ဒါပေမဲ့ လွန်ကျွံတဲ့မျက်နှာသာပေးမှုနဲ့ ယုံကြည်မှုတွေက ပြဿနာတွေကို သေချာပေါက်ဖြစ်လာစေနိုင်တယ်။"
"မင်းရဲ့အစ်ကိုက မင်းကို ကောင်းကောင်းသင်ပြပေးခဲ့တာပဲ။" ချီထိုက်ဖူက ပြောလိုက်သည်။ "မှန်တယ်။ ဒါကိုမှတ်ထား၊ အဲ့ဒါကို နှလုံးထဲထိထည့်မှတ်ထား! အလွန်အကျွံမျက်နှာသာပေးမှုနဲ့ ယုံကြည်မှုလွန်ကဲတာတွေက ပြဿနာတွေပေါက်ဖွားလာနိုင်တယ်။ သီလကိုမြဲအောင်ထား၊ မြှောက်ပင့်တာတွေကို နားမယောင်နဲ့။ ဒါပေမဲ့ အလင်းနဲ့ အမှောင် ရောယှက်နေတဲ့အခါ ကောက်ကျစ်တဲ့ဖော်လံဖားတွေနဲ့ သီလရှိတဲ့ပညာရှင်တွေကို မင်း ခွဲခြားနိုင်မလား။ ပြီးတော့ သီလရှိတဲ့သူတွေမလုပ်နိုင်ဘဲ ကောက်ကျစ်ဉာဏ်များတဲ့သူတွေပဲ လုပ်နိုင်တဲ့အရာတွေရှိတယ်။ ဧကရာဇ်က တော်ဝင်နန်းတော်ရဲ့အနက်ကို ချဲ့ထွင်ထားတာ။ အမတ်တွေ၊ အရာရှိတွေရဲ့ အမျိုးမျိုးသောအသံတွေကို အာရုံစိုက်ဖို့ ဟန်ချက်ညီတဲ့ချိန်ခွင်လျှာသဘောတရားကို နားလည်ရမယ်။ ဘယ်အရာကိုမှ ပုံသေခွဲခြားလို့မရဘူး - လီပေက ချီသုန်းကိုလာခဲ့သလို၊ တော်ဝင်အစောင့်တပ်က အရှေ့ဆောင်နဲ့ ပတ်သက်နေသလိုပဲ။
ချီထိုက်ဖူက ရပ်တန့်လိုက်သည်။ "ရေပြည့်တဲ့အခါ လျှံကျမယ်၊ လပြည့်တိုင်းက လဆုတ်ဖြစ်လာမယ်။ ရှောင်းမျိုးနွယ်က ရှန်ဝေ့ကို ဘာဖြစ်လို့ ဒီလောက်မုန်းတီးနေရတာလဲဆိုတာ မင်း သိသလား - ကျုံးပေါ်ကျသွားတော့ သူတို့အတွက် ဘယ်လိုဂုဏ်သရေမှ ချီးမြှောက်နိုင်မှာမဟုတ်တော့ဘူး။ ရှောင်းမျိုးနွယ်က နောက်ထပ်စစ်ပွဲတွေကို တိုက်ခိုက်ခဲ့ရင်တောင် ရှုံးနိမ့်မှုတိုင်းက အရှုံးဖြစ်လာပြီး အောင်နိုင်မှုတွေတိုင်းကလည်း အရှုံးဖြစ်လာလိမ့်မယ်။ သူတို့တွေ လမ်းဆုံးသွားပြီ။"
"အောင်နိုင်ခြင်းကလည်း အရှုံး?"
"သူတို့ရဲ့အောင်နိုင်မှုက အရှုံးတစ်ခုပဲ! တိုက်ပွဲပြီးတာနဲ့ ရှောင်းကျိမင် သူ့ညီငယ်ကို ချွိတူးမှာ မဆုံးရှုံးလိုက်ရဘူးလား။ အနာဂတ်မှာ သူ တိုက်ပွဲတွေအောင်နိုင်တာနဲ့အမျှ အန္တရာယ်က ပိုကြီးထွားလာလိမ့်မယ်။ ဒီတစ်ခေါက် သူ့ညီနဲ့ အလဲအလှယ်လုပ်ခဲ့ရတယ်။ နောက်တစ်ကြိမ်မှာ သူ့ဇနီး၊ သူ့အဖေ နောက်ဆုံး သူကိုယ်တိုင်တောင် ဖြစ်လာနိုင်တယ်။"
***
Aurora Novel Translation Team