အပိုင်း (၄၄) - မိုးကြိုး (၂)
အခွန်ဘဏ္ဍာရေးအမတ် ကျန်းကော်ရှစ်က ကပျာကယာဒူးထောက်ကာ ပြောလာ၏။ "အရှင်မင်းမြတ်၊ ကျွန်တော်မျိုး ကြီးကြပ်ရေးမှူးချုပ်ရွှယ်ကို တစ်ခုလောက်မေးချင်ပါတယ်။ ရှန်သျယ်ရဲ့ စတုတ္ထနှစ်အတွက် မှတ်တမ်းတွေမှာ ပြဿနာရှိနေတာဆိုရင် တင်ပြဖိို့အတွက် ဘာဖြစ်လို့ ဒီနေ့ထိစောင့်နေရတာပါလဲ။ တကယ်ပြဿနာတစ်ခုခုရှိနေရင် သူက အရေးကြီးကိစ္စကို နှောင့်နှေးစေတာမဟုတ်ပါလား။"
ရွှယ်ရှိုးကျော်က အလျင်အမြန်ပြောလာ၏။
"ဒီနှစ်တွေမှာ ဒေသတွင်းအမတ်တွေ နန်းမြို့တော်ကိုဝင်လာပြီဆိုရင် သူတို့ရဲ့အထက်လူကြီးတွေကို သွားမတွေ့သလို အရှင်မင်းမြတ်ကိုလည်း ဂါရဝလာမပြုပါဘူး။ အဲ့ဒီအစား သူတို့က ဧည့်သည်ကတ်ကိုပေးပို့ပြီး ဟွားအိမ်တော်နဲ့ ဖန်းကုန်းကုန်းရဲ့ ဒုတိယအိမ်တော်ဆီကို အရင်ဦးတည်ခဲ့ကြပါတယ်။ ဟွားမျိုးနွယ်က သိပ်ကိုအာဏာကြီးပြီး လွှမ်းမိုးနိုင်ပါတယ်။ အတွင်းဝန်အမတ်ဟွားရဲ့ ဦးဆောင်မှုနောက်ကို ဘယ်သူကမလိုက်ဘဲနေဝံ့မှာပါလဲ!"
"နှစ်စဥ်နှစ်တိုင်း စိစစ်ရေးမှူးတွေကို ပြဿနာရှိရင် ပြောပါလို့ ပြောထားတယ်! သူတို့က ဘာကိုကြောက်နေကြတာလဲ! ငါ့ရဲ့ဟွားအိမ်တော်က အသုံးစရိတ်မှတ်တမ်းတွေအားလုံးကို အရှင်မင်းမြတ်ထဲ တင်ပြထားပြီးသား။ အားလုံးက သန့်ရှင်းပြီး အပြစ်ကင်းတယ်!"
ဟွားစစ်ချန်းက ရွှယ်ရှိုးကျော်ကို စိုက်ကြည့်လိုက်သည်။
"ရွှယ်ယန်ချင်း*၊ ယုံယိနှစ်တွေအတွင်း မင်း အမတ်တစ်ယောက်ဖြစ်ဖို့ ချွိတူးကိုရောက်လာတော့ မင်းကို ဘယ်သူကထောက်ခံပေးခဲ့တာလဲ မင်းမှတ်မိသေးလား။ ငါ့ကို မင်းရဲ့ဆရာအဖြစ် သတ်မှတ်လို့ရတာတောင် မင်းက ငါ့ကို အခုလိုစွပ်စွဲနေတယ်!"
(T/N - ရွှယ်ရှိုးကျော်ရဲ့ လောကသိနာမည်ပါ။)
ရွှယ်ရှိုးကျော်က ခေါင်းမော့ကာ ဟွားစစ်ချန်း၏မျက်လုံးများကို အခိုက်အတန့်တစ်ခုကြာအောင် စိုက်ကြည့်လိုက်သည်။
"ရုံးတော်မှာ အုပ်ချုပ်သူနဲ့ အမတ်တွေပဲရှိတယ်၊ ဆရာနဲ့ တပည့်ဆိုတာ မရှိဘူး။"
ဟွားစစ်ချန်းက ရှန်သျယ်ဧကရာဇ်ဘက်သို့လှည့်ကာ လျှောက်တင်လိုက်သည်။
"အရှင်မင်းမြတ် ဒါကို ယုံကြည်ပါရဲ့လား။"
ရှန်သျယ်ဧကရာဇ်က မျက်လွှာချကာ ပြောလိုက်သည်။
"ကျန်း မှတ်တမ်းတွေကို ယုံကြည်တယ်။"
ဟွားစစ်ချန်းက ခေါင်းမော့ကာ ရယ်မောလိုက်သည်။ သူက လက်နှစ်ဖက်ကိုယှက်လျက် ပြောလာ၏။
"ကောင်းပြီလေ! အရှင်မင်းမြတ်၊ ချွိတူးမှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အချိန် ယခင်ဧကရာဇ်က အရှင့်ကို အဆုံးစွန်ထိ တွန်းပို့ခဲ့တယ်။ အဲ့တုန်းက အရှင်မင်းမြတ်ကို ဘယ်သူကထောက်ပံ့ပေးခဲ့ပြီး ဘယ်သူက တစ်လမ်းလုံး လိုက်ပါစောင့်ကြပ်ပေးခဲ့တာလဲဆိုတာ မှတ်မိသေးရဲ့လား! ဒါပေမဲ့ ဒီနေ့ညမှာ အရှင်မင်းမြတ်က သစ္စာမရှိတဲ့ ငမိုက်သားတချို့ရဲ့စွပ်စွဲချက်ကို ယုံကြည်ခဲ့တယ်?!"
ရှန်သျယ်ဧကရာဇ်က လက်မြှောက်ကာ လက်ဖက်ရည်သောက်လိုက်၏။ ထို့နောက် အမုန်းတရားများ တောက်လောင်နေသောမျက်ဝန်းများဖြင့် ဟွားစစ်ချန်းကိုကြည့်ကာ ပြောလိုက်သည်။
"ကာကွယ်စောင့်ရှောက်ပေးတာလား၊ မင်းသားတစ်ပါးကို အတင်းအကျပ်စေခိုင်းတာလားဆိုတာကို ရှင်းရှင်းလင်းလင်းသိသင့်တယ်မဟုတ်ဘူးလား။"
ဟွားစစ်ချန်းက ရုတ်တရက်ဆိုသလို စားပွဲကိုတွန်းဖယ်ကာ ပြောလိုက်သည်။
"ကျိလေ!"
တော်ဝင်အစောင့်များက ၎င်းတို့၏ဓါးများကို ရွှက်ခနဲဆွဲထုတ်လိုက်ကြသည်။
ဟိုင်လျန်းယိက ပြောလိုက်၏။ "ပုန်ကန်ရအောင်ထိ ရဲတင်းလှချည်လား!"
"မရဲတင်းပါဘူး။" ဟွားစစ်ချန်းက ပြောလိုက်သည်။ "ဒါပေမဲ့ ခင်ဗျားက ကျုပ်ဘက်ကို ဓါးသွားတွေလှည့်ထားမှတော့ ကျုပ်ကို ငြိမ်ငြိမ်လေးထိုင်နေပြီး အသတ်ခံရဖို့စောင့်နေမယ်လို့ မမျှော်လင့်လိုက်နဲ့။"
"မင်းက ဘာလိုချင်တာလဲ။" ရှန်သျယ်ဧကရာဇ်က အေးစက်စွာပြောလိုက်သည်။ "ရှီးကုအန်း!"
မဟာတပ်ရင်းရှစ်ခု၏တပ်သားများက ချက်ချင်းဆိုသလို ရှေ့ကိုတက်လာပြီး ဧကရာဇ်အရှေ့မှာ ပိတ်ရပ်လိုက်ကြ၏။
"ဟွားစစ်ချန်းကို ဖမ်းဆီးလိုက်ကြစမ်း!" ရှန်သျယ်ဧကရာဇ်က အမိန့်ပေးလိုက်သည်။
"လုပ်ရဲရင် လုပ်လိုက်လေ!"
ဟွားစစ်ချန်းက ခြိမ်းခြောက်လိုက်၏။
"ရှီးကုအန်း၊ မင်းရဲ့ဇနီးနဲ့ ကလေးက အခု ဧကရီမယ်မယ်နဲ့ လက်ဖက်ရည်သောက်နေတယ်။ မင်း ရှေ့ကို နောက်တစ်လှမ်းတိုးလာတာနဲ့ မင်းရဲ့ရှီးမျိုးနွယ် ပျောက်ကွယ်သွားပြီပဲ! ဧကရီမယ်မယ်က မင်းအပေါ် ဒီလောက်နှစ်တွေအများကြီး ကောင်းပေးခဲ့ပေမဲ့ မင်းက တခြားသူတွေဆီကနေ အကြိမ်ကြိမ်လှုံ့ဆော်ခံခဲ့ရတယ်။ အခုချိန်မှာ ပြန်လှည့်ဖို့အတွက် နောက်မကျသေးဘူး။"
ရှီးကုအန်းမှာ အစကတည်းက ဖိအားပေးခံခဲ့ရပြီး ရွေးချယ်စရာမကျန်ခဲ့ပေ။ ယခု သူက စိုးရိမ်နေပြီး အနောက်ကို ခြေလှမ်းသေးသေးလေးဆုတ်လိုက်သည်။
ရှန်သျယ်ဧကရာဇ်က ရက်စက်သောလေသံဖြင့် ပြောလိုက်၏။
"နောက်မကျသေးဘူး? ရှီးကုအန်း၊ ယခင်အိမ်ရှေ့စံက အချိန်မီလိုက်သလား။ ရှန်ဝေ့ကရော အချိန်မီလိုက်သလား။ သူတို့ထဲကဘယ်သူက မင်းထက်ပိုပြီး သစ္စာမရှိလို့လဲ! သူတို့တွေ နောက်ပြန်ဆုတ်ခဲ့ကြပေမဲ့ ဧကရီမယ်မယ်က သူတို့ကို ခွင့်ပြုခဲ့လို့လား။ ကျန်း တော်ဝင်အမိန့်စာအကြမ်းကို ရေးခိုင်းပြီးသွားပြီ။ အနာဂတ်မှာ ချူးဘုရင်နန်းတက်သရွေ့ ရှီးမျိုးနွယ်ရဲ့သမီးက အင်ပါယာရဲ့ ဧကရီဖြစ်လာလိမ့်မယ်!"
"အရှင်မင်းမြတ်အတွက် အမိန့်တွေကို နေ့တိုင်းပြောင်းလဲနေတာက ထုံးစံဖြစ်နေပြီ။ ပြီးတော့ မင်းက အဲ့လိုမျိုးကြီးကျယ်တဲ့အိပ်မက်ကို မက်ရဲသေးတယ်ပေါ့!"
ဟွားစစ်ချန်းက သူ၏အင်္ကျီလက်ကို ခါလိုက်သည်။
"အရှင်မင်းမြတ်က သူ့ရဲ့နာမကျန်းမှုကြောင့် စိတ်ရှုပ်ထွေးနေတာ! တော်ဝင်ကိုယ်လုပ်တော်ဝေ့မှာ ကိုယ်ဝန်နှစ်ပတ်ရှိနေပြီ၊ ဒါကို ချူးဘုရင်က ဘယ်လိုလုပ်ပြီး နန်းတက်နိုင်မှာလဲ!"
ရှီးကုအန်းက သူ၏ဓါးနှောင့်ကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး သူ၏နဖူးမှာ ချွေးများစိုနေ၏။
ညကောင်းကင်ယံထက် မည်းမှောင်နေသော တိမ်စိုင်များက တစ်လွှာပြီးတစ်လွှာ ဖုံးလွှမ်းသွားခဲ့သည်။ မိုးသက်မုန်တိုင်း၏ရှေ့ပြေးအဖြစ် လေပြင်းများ တိုက်ခတ်လာ၏။ အမဲလိုက်ကွင်းရှိ အလံများကလည်း တဖျပ်ဖျပ်လွင့်နေကာ မည်သူကမှ မလှုပ်ရှားခဲ့ကြပေ။
ရှီးကုအန်းက အံတင်းတင်းကြိတ်ကာ သူ၏ဓါးသွားကို ရှန်သျယ်ဧကရာဇ်ဘက်သို့ လှည့်လိုက်လေ၏။ ထို့နောက် ခက်ခက်ခဲခဲ ထုတ်ပြောလိုက်သည်။
"အရှင်မင်းမြတ်ရဲ့ဝေဒနာက... ကုသလို့မရတော့ဘူး။"
"ကျန်း မင်းကို အခွင့်အရေးပေးခဲ့တယ်။"
ရှန်သျယ်ဧကရာဇ်က ရှီးကုအန်းကိုကြည့်ကာ ဖြည်းဖြည်းချင်းရယ်မောလိုက်သည်။ သူ ရယ်လေလေ၊ အသံက ပို၍ကျယ်လောင်လာလေလေဖြစ်ပြီး ချောင်းဆိုးလာလေပင်။ သူက စားပွဲကိုထောက်ကန်ကာ အေးစက်စွာပြောလိုက်၏။
"ဒီဆောင်းဦးရာသီအမဲလိုက်ပွဲကိုလာတုန်းကသာ ကျန်း ယုံကြည်မှုမရှိခဲ့ရင် မင်းတို့လို အကျင့်ပျက်ခြစားနေတဲ့ သစ္စာဖောက်အမတ်တွေကို ဘယ်လိုလုပ်ပြီး ဖမ်းဆီးသုတ်သင်နိုင်မှာလဲ! ချီကျူးယင်းက ကျန်းကိုကူညီဖို့ တပ်ဖွဲ့ကိုဦးဆောင်ပြီးလာနေပြီ။ သူ(မ)က လေးနာရီအတွင်း ရောက်လာတော့မယ်။ ဒီတော့ မင်းတို့ ဘယ်သူ့ကိုသတ်မှာလဲ။ ဟမ်? ဘယ်သူလုပ်ဝံ့သလဲ!"
ကျိလေက ရုတ်တရက်ဝင်ပြောလာ၏။
"စစ်သူကြီးချီက ချီသုန်းရဲ့ ချန်းကျွင့်နယ်မြေမှာပဲရှိသေးတယ်။ တော်ဝင်အစောင့်တပ်တွေက အသီးသီးရောက်လာနေကြပြီ။ အရှင်မင်းမြတ်၊ အိပ်မက်ကနေ နိုးထဖို့အချိန်ကျပါပြီ!"
ရှန်သျယ်ဧကရာဇ်က သူ့ကို ဒေါသတကြီးစိုက်ကြည့်ကာာပြောလိုက်သည်။ "ချီ..."
ဖန်းရူကွေ့က ရုတ်တရက်ဆိုသလို ရှန်သျယ်ဧကရာဇ်၏ပါးစပ်အား ဖုံးအုပ်လိုက်ပြီး သူ့ကို အတင်းအကျပ်ထိုင်စေလိုက်သည်။ သူက လူအုပ်ကြီးကိုကြည့်ကာ အပြုံးလေးဖြင့် ပြောလိုက်လေ၏။
"အရှင်မင်းမြတ်က ရောဂါဟောင်းပြန်ထနေတာပါ။"
အရပ်ဘက်အမတ်မင်းများအားလုံး ခြေထောက်များ တုန်ယင်နေကြ၏။ ဟွားစစ်ချန်းက လီကျန်းဟန်ကိုကြည့်ကာ ခပ်ညစ်ညစ်ပြုံးလိုက်သည်။
"ချူးဘုရင်က အမဲလိုက်ကွင်းမှာ ပုန်ကန်ဖို့ကြံရွယ်နေတာပဲ။ သူက လေးနဲ့မြားကိုတောင် ယူလာခဲ့သေးတယ်။ သူနဲ့ပတ်သက်တဲ့သက်သေတွေက အတိုင်းသားထင်ရှားနေတယ်! ဘာကိုစောင့်နေကြတာလဲ။ သူ့ကိုသတ်ကြ!"
သူ့နံဘေးမှ အစောင့်များမှလွဲ၍ အေးစက်သော အလင်းရောင်များနှင့်ဓါးသွားများက ရုတ်တရက် နေရာအနှံ့ကနေပေါ်ထွက်လာခဲ့သည်။ လီကျန်းဟန်တစ်ယောက် အံ့သြတုန်လှုပ်စွာဖြင့် သူ၏တူတောင် ပြုတ်ကျသွား၏။ သူက နောက်ပြန်ဆုတ်ရင်း သူ၏ခုံနှင့်အတူ မြေပြင်ပေါ်လဲကျသွားခဲ့သည်။ သူက ပြောလိုက်၏။
"အတွင်းဝန်အမတ်၊ အတွင်းဝန်အမတ်ကြီး! ကျွန်တော်က ဧကရာဇ်ဖြစ်လာဖို့ ဘာရည်ရွယ်ချက်မှမရှိပါဘူး!"
"အရှင့်သား။" ဟွားစစ်ချန်းက ပြောလာ၏။ "'ကိုယ်တိုင်ရဲ့ သဘောတူညီမှုမပါဘဲ' ဆိုတဲ့စကားလုံးကို ဘယ်လိုရေးရလဲဆိုတာ သိပါသလား။"
ထိုစဥ် ကောင်းကင်ကနေ မိုးခြိမ်းသံအကျယ်ကြီး ထွက်ပေါ်လာခဲ့သည်။
သူ့ဆီကိုချီတက်လာသော ခြေသံများကိုကြားလိုက်ရသောအခါ လီကျန်းဟန်က သူ၏အစောင့်များကြား ဝင်ပုန်းလိုက်သည်။ သူ့ခမျာ မတ်မတ်တောင်မရပ်နိုင်ဘဲ မျက်ရည်ဝဲနေသောအသံဖြင့် ပြောလိုက်သည်။
"ကျွန်တော်က ပျင်းရိတဲ့ဘုရင်တစ်ပါးပါ! ဘာဖြစ်လို့ အဲ့ဒီအတိုင်းအတာထိ သွားရမှာလဲ။"
ဓါးသွား၏အလင်းတန်းက သူ့အရှေ့ကိုကျရောက်လာသောအခါ လီကျန်းဟန်က သူ၏ဦးခေါင်းကိုဆုပ်ကိုင်ကာ အော်လိုက်သည်။ သို့သော်လည်း ထို့နောက်တွင် ကျယ်လောင်သောအသံကို ကြားလိုက်ရပြီး သူ့အရှေ့မှစားပွဲက 'ဘန်းခနဲ' အသံနှင့်အတူ တစ်ပတ်လည်သွားခဲ့သည်။ တစ်စုံတစ်ယောက်က သူ၏ကော်လံအနောက်ကနေဆွဲကာ သူ့ကိုမထူလိုက်၏။
"အရှင်မင်းမြတ်က ခင်ဗျားကို ကောင်းကင်လေး ချီးမြှင့်ထားတာကြောင့် ခင်ဗျားက သာ့ကျိုးရဲ့အိမ်ရှေ့စံမင်းသားပဲ!"
ရှောင်းချီရယ်က ရက်စက်သောအပြုံးတစ်ခုကို လစ်ဟပြခဲ့သည်။
"ချွိတူးက တော်ဝင်အစောင့်တပ်ရဲ့ တပ်မှူးချုပ်အနေနဲ့ ကျုပ်၊ ရှောင်းချဲ့အန်းက ကျုပ်ရဲ့ဓါးသွားအောက် ဘယ်သူတွေ သူတို့ရဲ့ကံကြမ္မာနဲ့ တွေ့ဆုံကြမလဲဆိုတာ ကြည့်ချင်သေးတယ်! ချန်းယန်၊ အိမ်ရှေ့စံမင်းသားကို မြင်းပေါ်တက်ဖို့ ကူညီပေးလိုက်၏"
"ရှောင်းအာ့ကုန်းကျစ်။" ကျိလေက သူ၏ဓါးကို ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်သည်။ "ငါတို့နှစ်ယောက်ကြားက မိတ်ဆွေဆက်ဆံရေးနဲ့ ဒီနေ့ည ဒီကိစ္စကို လုပ်မှဖြစ်မှာလား။"
"ကျုပ် လျှောက်သွားပြီးကစားနေတာ သိပ်ကိုကြာသွားပြီ။" ရှောင်းချီရယ်က လီကျန်းဟန်ကို လွှတ်ပေးလိုက်၏။ "အခု တိုက်ခိုက်ချင်လွန်းလို့ လက်ယားနေပြီ။"
"သူ့ကိုဖမ်းကြ။" ကျိလေက အမိန့်ပေးလိုက်၏။ "အာ့ကုန်းကျစ် အသက်အန္တရာယ်မရှိသရွေ့ သူ့ရဲ့ခြေလက်တွေ ကျိုးပဲ့သွားလည်း ကိစ္စမရှိဘူး။"
ရှောင်းချီရယ်က လေးလံသော သူ၏အပြင်ဝတ်ရုံကို ချွတ်လိုက်ပြီး ကိုယ်ကျပ်ဝတ်စုံဖြစ်သည့် ကျင့်ကျွမ်း*ကို ဖော်ပြလာ၏။ သူက လှည့်ပတ်ကြည့်ကာ ပြောလိုက်သည်။
"ငါ့ခြေလက်တွေကို ချိုးနိုင်တဲ့ဘယ်သူ့ကိုမဆို ရွှေစတစ်ထောင်ဆုချီးမြှင့်မယ်၊ အဲ့ဒါတင်မကဘဲ သူ့ကို ဆရာလို့လည်းခေါ်လိုက်မယ်။"
[TN/ ကျင့်ကျွမ်း - ခန္ဓာကိုယ်ပေါ်မှာ ပွပွကြီးဖြစ်မနေတဲ့ ကိုယ်ကျပ်ဝတ်ရုံပါပဲ။]
ချွိတူးကိုရောက်ပြီးကတည်းက တစ်ခါမှ ဓါးအိမ်ထဲကမထုတ်ခဲ့သော လန်လိဓါးကို ဖြည်းဖြည်းချင်းထုတ်လိုက်သည်။ ၎င်းက တစ်လက်မချင်းစီထွက်လာပြီး နှင်းဖြူရောင်အလင်းတန်းနှင့်အတူ သေစေနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အေးစက်သည့်ရောင်ဝါများက လင်းလက်လာခဲ့သည်။
"ဒါပေမဲ့ ကျုပ်ရဲ့ ခြေလက်တွေကိုမချိုးနိုင်ခဲ့ရင်၊ အဲ့ဒီလူရဲ့အသက်က ကျုပ်ဓါးသွားအောက်မှာ ဆုံးရှုံးသွားစေရမယ်။"
***
Aurora Novel Translation Team