no

Font
Theme

အပိုင်း (၅၂) - ခါးသီးသောဆီးနှင်း (၂)

ရှန်သျယ်ဧကရာဇ် ကွယ်လွန်သွားခြင်းနှင့်အတူ ရှောင်းချီရယ်၏ နန်းမြို့တော်သို့အပြန်ခရီးက အလွန်အလုပ်များပြီး အသက်ကိုတောင် မနည်းရှူနေရ၏။ ရက်ပေါင်းများစွာတိုင် သူက အခြားသောအမတ်မင်းများနှင့်အတူ ဒူးထောက်ခဲ့ရပြီး နောက်ဆုံး သူကျောခင်းနိုင်ချိန်၌ အလွန်ပင်ပန်းနေပြီဖြစ်၏။

ပင်ပန်းနေစေကာမူ သူ ရေချိုးဖို့လိုအပ်နေဆဲပင်။ ရှောင်းချီရယ်တစ်ယောက် သူ၏ခန္ဓာကိုယ်ကို သုတ်နေရင်း သူ့ပခုံးနှင့် လက်မောင်းများပေါ်မှ ဒဏ်ရာများက အနာဖေးတက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူက သန့်ရှင်းသောအဝတ်တစ်ထည်ကိုဆွဲ၍ အပြင်ထွက်ကာ ချန်းယန်ကိုမေးခဲ့သည်။

"သူ ဘယ်မှာလဲ။"

ယခုတစ်ကြိမ်၌ ချန်းယန်တစ်ယောက် သူ့အထာကိုနပ်သွားလေပြီ။

"တော်ဝင်အစောင့်တပ်က ပြန်လည်ဖွဲ့စည်းမှုကြောင့် မကြာသေးမီရက်တွေကတည်းက ပြန်လည်စာရင်းသွင်းဖို့ ဆောင်ရွက်နေကြတာပါ။ သူ အိမ်တောင် ပြန်နိုင်ဦးမယ်မထင်ပါဘူး။"

"ငါမေးနေတာက။" ရှောင်းချီရယ်က ပြောလိုက်သည်။ "ကျိလေကို။ မင်းက ဘယ်သူ့အကြောင်းပြောနေတာလဲ။"

ချန်းယန်ခမျာ ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်သည်။

"အာ ကျိလေကိုလား။ သူ့ကို အကျဥ်းချထားတယ်လေ။ ဧကရာဇ်အသစ် နန်းတက်တဲ့အချိန်ကျ သူ ခေါင်းဖြတ်ကွက်မျက်ခံရမယ်ထင်တယ်။ ဒါပေမဲ့ တပ်မှူးချုပ်၊ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက သူ့ကို ချုပ်နှောင်ခဲ့တာ တပ်မှူးချုပ်ကိုယ်တိုင်ပဲမဟုတ်ဘူးလား။"

ရှောင်းချီရယ်က ပခုံးတွန့်ပြကာ လေးလေးနက်နက်ပြောလိုက်သည်။ "ငါမေ့သွားလို့။"

ထိုစဥ် ရှန်ဇယ်ချွမ်း၊ ကောချင်းချင်းနှင့် ရှောင်ဝူတို့က လမ်းဘေးဆိုင်တစ်ဆိုင်မှာ ခေါက်ဆွဲစားနေကြသည်။ ၎င်းတို့ စားနေရင်းတစ်ဝက်မှာ ရှောင်ဝူက ရုတ်တရက်ခေါင်းမော့ကာ သူ၏အကြည့်များက တစ်စုံတစ်ခုပေါ် အမြစ်တွယ်နေခဲ့သည်။

ရှန်ဇယ်ချွမ်း လှည့်ကြည့်လိုက်သောအခါ ရှောင်းချီရယ်က ဆိုင်ရှင်ထံ အသပြာတချို့ပစ်ပေးလိုက်ကြောင်း တွေ့လိုက်ရ၏။ သူက ဝတ်ရုံကိုအနောက်ပစ်ကာ ရှန်ဇယ်ချွမ်းဘေးမှာ ဝင်ထိုင်၍ ပြောလိုက်သည်။

"ခေါက်ဆွဲနှစ်ပွဲ။"

ရှောင်ဝူတစ်ယောက် သူ၏ခေါက်ဆွဲကို အလျင်စလိုလက်စသတ်ကာ သူ၏ပန်းကန်ကိုဆုပ်ကိုင်လျက် အမဲလိုက်ခံရသောငုံးတစ်ကောင်ကဲ့သို့ တင်ပါးကိုကြွကာ အခြားစားပွဲဆီ ရွှေ့သွားခဲ့သည်။ ရှောင်းချီရယ်၏အကြည့်အောက်မှာ ကောချင်းချင်းကလည်း သူ့ပန်းကန်လေးကိုကိုင်လျက် ရှောင်ဝူနှင့် ပူးပေါင်းလိုက်၏။

ရှန်ဇယ်ချွမ်းက သူ၏ခေါက်ဆွဲပန်းကန်ကိုချကာ ပြောလိုက်သည်။ "ကျွန်တော် ဗိုက်ပြည့်သွားပြီ။"

"ကုန်အောင်စားလေ။" ရှောင်းချီရယ်က တူတစ်စုံဆွဲထုတ်ကာ ရှန်ဇယ်ချွမ်းဆီကနေ အစားအသောက်များကို ညှပ်ယူလိုက်သည်။ "ငါနဲ့တွေ့ရမှာကို ကြောက်နေတာလား။ ထွက်ပြေးဖို့အတွက် သိပ်ကိုစိတ်လှုပ်ရှားနေသလိုပဲ။"

"ဒါပေါ့။" ရှန်ဇယ်ချွမ်းက နောက်ဆုံးတစ်လုတ်ကို ဖြည်းဖြည်းချင်းစားလိုက်၏။ "တစ်ကြိမ် အဖိခံရဖူးတဲ့သူတိုင်း ကြောက်ကြမှာပဲ။"

"အရင်နေ့က ငါတို့ ဧကရာဇ်အသစ်ကိုကာကွယ်ပေးနေတုန်း မင်းပြေးသွားတာ အရမ်းမြန်တာပဲ။" ရှောင်းချီရယ်၏ခေါက်ဆွဲ ရောက်လာသောအခါ သူက ရှာလကာရည်အနည်းငယ်ကို ပန်းကန်ထဲလောင်းထည့်လိုက်၏။ "ရာထူးတိုးဖို့ အခွင့်အရေးကောင်းကို ဘာလို့ ထွက်ပြေးသွားရတာလဲ။"

"ကျွန်တော်က ဘာမှမလုပ်ခဲ့ပါဘူး။" ရှန်ဇယ်ချွမ်းက စွပ်ပြုတ်ရည်ကိုမှုတ်ကာ သောက်လိုက်သည်။ "ဒီတော့ နေစရာအကြောင်းမှမရှိတာ။"

ရှောင်းချီရယ်က သူ၏ခေါက််ဆွဲကို အသံတိတ်စားနေပြီး တစ်ပန်းကန်လုံး ကုန်ခါနီးမှ ပြောလာ၏။

"စဥ်းစားကြည့်တော့မှ အဲ့ဒီနေ့ညက မင်း ငါ့အနောက်မှာ အချိန်အကြာကြီး ချောင်းနေခဲ့တာပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား။ ဘယ်သူ့ကိုရွေးချယ်ရမလဲဆုံးဖြတ်ဖို့ အခြေအနေအရ ကစားလိုက်ရုံပဲပေါ့? တကယ်လို့ ရှီးကုအန်းက ချွိတူးကိုသိမ်းပိုင်နိုင်ရင် မင်းက ငါ့ကိုဓါးနဲ့ထိုးမယ်။ သူကျရှုံးသွားရင် ငါ့ကိုလက်ကမ်းပေးမယ်။ ပြီးပြည့်စုံတဲ့အခွင့်အရေးအတွက် မင်းက မင်းရဲ့လှုပ်ရှားမှုမတိုင်ခင် ငါကျရှုံးမှာကို စောင့်နေတာပဲ။"

"ဒါဆို ခင်ဗျား ကံကောင်းတယ်လို့ပြောရမယ်။" ရှန်ဇယ်ချွမ်းက အပြုံးလေးဖြင့် ပြောလိုက်သည်။ "ခင်ဗျား အသက်ရှင်နေသေးတယ်လေ။"

"ငါ့ကို မြားနဲ့ပစ်လိုက်တဲ့တစ်ယောက်က မင်းတော့မဟုတ်ဘူးမလား။" ရှောင်းချီရယ်က ကျယ်လောင်စွာတွေးလိုက်၏။ "ငါသာ အန္တရာယ်များတဲ့အခြေအနေမှာ ရှိမနေခဲ့ရင် မင်းအကူအညီက ဘယ်လောက်အရေးပါလဲဆိုတာ ဘယ်လိုအလေးထားပြီးပြောလို့ရမလဲ။"

"ကျွန်တော်ကဖြင့် ဘာမှတောင် မတောင်းဆိုရသေးဘူး။ ကျွန်တော့်ကို ဘာလို့ အကွက်ချတယ်လို့ ယူဆနေရတာလဲ။"

"ဘာမှမတောင်းဆိုရသေးတာက ပြဿနာပဲ။"

ရှောင်းချီရယ်က ဗိုက်ဆာနေသေးသည့်ပုံပင်။ သူက တူကိုချကာ ပြောလိုက်သည်။

"အဲ့ဒီနေ့က မင်း ချူးဘုရင်ရှေ့ပေါ်လာဖို့ မစွန့်စားနိုင်ခဲ့ဘူး။ အဲ့ဒါ မင်း ကျိလေကိုကြောက်လို့လား၊ ဒါမှမဟုတ် ဟွားစစ်ချန်းက တစ်စုံတစ်ခု ဖော်ထုတ်လိုက်မှာကို ကြောက်လို့လား။"

ရှန်ဇယ်ချွမ်းက သူ၏ကြေးဒင်္ဂါးကို စားပွဲပေါ် သေသေချာချာတင်ပေးလိုက်ပြီးနောက် ရှောင်းချီရယ်နားတိုးကပ်ကာ တီးတိုးပြောလိုက်သည်။ "မှားတယ်။ ကျွန်တော်က ခင်ဗျားကိုကြောက်လို့။"

"ငါ့ကိုကြောက်တယ်?" ရှောင်းချီရယ်က သံယောင်လိုက်ပြောလိုက်၏။

"အဲ့ဒီခပ်မာမာအရာကို။"

ရှောင်းချီရယ်၏ပတ်ပတ်လည်မှ အသံများအားလုံး မှေးမှိန်သွား၏။ သူ့နားထဲမှာ ကြားနေရသည့်အရာက ထိုခပ်မာမာဆိုသည့်စကားလုံးပင်။ ယနေ့ ရှန်ဇယ်ချွမ်းက ကော်လံထောင်အင်္ကျီကိုဝတ်ဆင်ထားပြီး သူ့အား အနှီလည်ကုပ်လေးပေါ် မျက်လုံးဝင့်ကြည့်ဖို့ အခွင့်အရေးမပေးကြောင်း သူ သတိပြုမိလိုက်သည်။ သူ၏မျက်နှာထက် အမူအရာပေါင်းစုံ ဖြစ်ပေါ်လာပြီး နောက်ဆုံး၌ ရှန်ဇယ်ချွမ်းကိုကြည့်ကာ အံကြိတ်ထားသည့်ကြားကနေ ဖျစ်ညစ်ပြီးပြောလိုက်သည်။

"အဲ့ဒါကို မင်းစိတ်ပူစရာမလိုပါဘူး။"

"အာ့ကုန်းကျစ်က အခုဆို အရွယ်ရောက်နေပါပြီ။" ရှန်ဇယ်ချွမ်းက ကိုယ်ကိုမတ်လိုက်သည်။ "အခု ဇနီးတစ်ယောက်ရှာဖို့ အချိန်ကျပြီလေ။"

"မင်း ဘာသိလို့လဲ။ မင်းရဲ့အာ့ကုန်းကျစ်က မင်းထင်ထားတာထက် ပိုပြီးကျိုးကြောင်းဆင်ခြင်တတ်တယ်။"

ရှန်ဇယ်ချွမ်းက ထွက်ခွာရန်ပြင်နေကြောင်း တွေ့လိုက်ရသောအခါ ရှောင်းချီရယ်က သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ သူ့အား ထိုင်ခုံမှာပြန်ထိုင်စေလိုက်၏။

"မင်းက အမြဲတမ်း ငါစကားပြောလို့မပြီးခင် သွားဖို့ကြိုးစားနေတာပဲ။ အဲ့ဒါက ကျင့်ဝတ်နဲ့မညီဘူးနော်။"

"ပြီးတော့ ခင်ဗျား ကျွန်တော့်အပေါ် အမြဲတမ်းလက်တင်နေတာကျတော့ရော။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "ကျွန်တော့်ကို ပြောပြပါဦး၊ အဲ့ဒီကျင့်ဝတ်တွေအကြောင်း။"

ရှောင်းချီရယ်က သူ၏လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်သည်။ "ငါ မင်းရဲ့အကူအညီအတွက် ကျေးဇူးပြန်ဆပ်မလို့။"

"ကျွန်တော့်ကို ဆရာလို့ခေါ်လိုက်၊ အဲ့ဒါဆို ကျေပြီလို့သတ်မှတ်ပေးမယ်။"

"ဒါပေမဲ့ အရင်ဆုံး မင်း ငါ့အပေါ်အကြွေးတင်နေတဲ့အရာရှိတယ်။ အဲ့ဒီလက်စွပ်အတွက်နဲ့ မင်းနောက်ကို ဆက်မလိုက်စေချင်ဘူး မဟုတ်လား။"

နောက်ထပ်စကားတစ်ခွန်းမဆိုဘဲ ရှန်ဇယ်ချွမ်းက လက်စွပ်ကို သူ့ထံပစ်ပေးလိုက်သည်။

ရှောင်းချီရယ်က ၎င်းကိုဖမ်းလိုက်ပြီး သူ့ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ "ဒါ ဘယ်လိုလှည့်ကွက်မျိုးလဲ။ ငါတောင်းလိုက်တာနဲ့ ဒီတိုင်းပြန်ပေးတယ်?"

"ဒါက ရိုးသားတဲ့သူတွေ ကိစ္စတွေကို ကိုင်တွယ်တဲ့နည်းလမ်းပဲ။" ရှန်ဇယ်ချွမ်းက ပြောလိုက်သည်။ "မြန်မြန်ဆန်ဆန်နဲ့ တဲ့တိုးဆန်တယ်။"

ထို့နောက်တွင်မူ ပြောစရာမရှိတော့ပေ။

ရှောင်းချီရယ်တစ်ယောက် ရှန်ဇယ်ချွမ်း ထရပ်လိုက်သည်ကို ငေးကြည့်နေ၏။ သူက လက်စွပ်ကို လက်ချောင်းများဖြင့်လှည့်နေရင်း အလွန်လွယ်ကူသည်ဟု တွေးနေခဲ့သည်။

"အိမ်ပြန်တော့မလို့လား။" သူ့အနောက်ကနေ ရှောင်းချီရယ်က မေးလိုက်သည်။

"မနက်ဖြန်ကျ တာဝန်ချိန်ရှိတယ်။"

"တော်ဝင်အစောင့်တပ်မှာ အပြောင်းအလဲတွေလုပ်နေတာကို ဘာတာဝန်များလုပ်ရမှာလဲ။" ရှောင်းချီရယ်က မေးလိုက်၏။ "ချွိတူးရဲ့ဆောင်းက သိပ်ကိုခါးသီးတယ်။ ဂရုစိုက်ဦး။"

"ကျွန်တော့်လို ငါးသန်လေးတွေက ရေစီးနဲ့ပဲ မျောပါသွားမှာပါ။" ရှန်ဇယ်ချွမ်းက တစ်ဖက်လှည့်သွား၏။ "ဂရုစိုက်ဖို့လိုအပ်တာက ကျွန်တော်မဟုတ်ဘူး။"

ရှောင်းချီရယ်က သူ၏လက်ဆစ်များကို ပွတ်သပ်လိုက်သည်။ "စကားမစပ် ကျိကန်းရှစ်ဖူကို နှုတ်ဆက်တယ်လို့ ပြောပေးပါဦး။"

ရှန်ဇယ်ချွမ်းတစ်ယောက် ခြေလှမ်းများရပ်တန့်သွားပြီး ရှောင်းချီရယ်ကို လှည့်ကြည့်လိုက်သည်။

ရှောင်းချီရယ်က လက်စွပ်ကိုဝတ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြုံးလိုက်လေ၏။ "ဆိုတော့ လန်ကျိုး၊ ငါနဲ့အတူ ကစားချင်လား။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment