no

Font
Theme

အပိုင်း (၂၁) - နှစ်သစ် (၁)

ဘုရားကျောင်းထဲရောက်သည်နှင့်တစ်ပြိုင်နက် ရှန်ဇယ်ချွမ်း၏သံကြိုးလက်ထိပ်များကို ဖယ်ရှားပေးလိုက်သည်။ သူက လက်ကောက်ဝတ်ကိုဆန့်တန်းလျက် တပ်ခွဲခေါင်းဆောင်၏ဆူပူမှုများကို စိတ်ရှည်ရှည်နားထောင်နေခဲ့၏။ သိပ်မကြာခင်မှာပင် ကျိကန်းက ဘီးလှည်းကိုတွန်းကာ ဝင်ရောက်လာခဲ့သည်။ သူက သူ့မျက်နှာကို အဝတ်ကြမ်းဖြင့်ရစ်ပတ်ထားပြီး တော်ဝင်စစ်တပ်အတွက် ဝိုင်ပုလင်းများကို လျင်မြန်စွာချပေးလိုက်ပြီး ရှန်ဇယ်ချွမ်းဆီသို့ ချဥ်းကပ်သွားလိုက်သည်။

နှစ်သစ်ကူးနေ့မတိုင်ခင် ခြံဝန်းကို သန့်ရှင်းရေးလုပ်ဖို့ ကျိကန်းက အမိန့်ပေးလိုက်ပြီးနောက် တပ်ခွဲခေါင်းဆောင်က တာဝန်ကျအစောင့်များအား ယနေ့ညအဖြစ်အပျက်များကို နှုတ်ပိတ်နေဖို့သတိပေးရန် အပြင်သို့ဦးတည်ခဲ့လေသည်။

ထိုအခါမှ ကျိကန်းက ရှန်ဇယ်ချွမ်း၏လက်မောင်းကိုကိုင်လျက် မေးလိုက်၏။ "မင်း ဒဏ်ရာရထားတာလား။"

"မဟုတ်ပါဘူး။" ရှန်ဇယ်ချွမ်းက ရှောင်းချီရယ်၏လက်ချောင်းရာများ ကြွင်းကျန်ရစ်သော သူ၏လည်ကုပ်ကိုပွတ်သပ်လိုက်သည်။ "ရှစ်ဖူ..." သူက ပြောလာ၏။

"ဘယ်နားမှာ ဒဏ်ရာရသွားတာလဲ။"

ရှန်ဇယ်ချွမ်းက ခေါင်းယမ်းပြလိုက်သည်။ သူက အခိုက်အတန့်တစ်ခုလောက် တွေးတောလိုက်ပြီးနောက် ပြောလိုက်၏။ "သူက သန်မာပြီး ကြမ်းတမ်းတယ်။ သူ့ရဲ့လက်သီးနဲ့ ကန်ချက်တွေက အားကောင်းတယ်။ အဲ့ဒီပုံစံကို ရင်းနှီးနေသလိုပဲ။"

စိုးရိမ်နေသော ကျိကန်း၏မျက်နှာထက် အံ့အားသင့်မှုများ ဖြတ်ပြေးသွားခဲ့သည်။ "ငါတို့ကျိမိသားစုရဲ့ လက်ဝှေ့ကျင့်စဥ်ကို အပြင်လူတွေနဲ့ မမျှဝေခဲ့ဖူးဘူး။"

"သူ စပြီးလှုပ်ရှားတော့ ကျွန်တော် ကိုယ့်တိုက်ကွက်တွေနဲ့ ပြန်ပြီးမတုံ့ပြန်ရဲခဲ့ဘူး။" ရှန်ဇယ်ချွမ်း၏ပါးစပ်ထဲမှာ သွေးအရသာကို ရနေဆဲပင်။ သူက သူ၏လျှာဖျားလေးဖြင့် သွားများကိုသပ်လိုက်ပြီး ဆက်ပြောလိုက်သည်။ "သူ တစ်စုံတစ်ခုသတိထားမိသွားမှာစိုးလို့ ကျွန်တော် ပြင်းပြင်းထန်ထန်မတိုက်ခိုက်ရဲခဲ့ဘူး။ ဒါပေမဲ့ အမြီးကုပ်ပြီး တုံးချင်ယောင်ဆောင်တာကလည်း သူ့ကို မလှည့်စားနိုင်ဘူး။ ရှစ်ဖူ သူက ဘာဖြစ်လို့ ကျွန်တော့်ကိုအရမ်းမုန်းနေရတာလဲ။ ရှန်းရှုန်းက လက်ရှိတိုင်းပြည်ရေးအခြေအနေကို ပြောခဲ့တယ်လေ။ ဒါပေမဲ့ ဟွားမျိုးနွယ်နဲ့ ဧကရီမယ်မယ်တို့ကမှ သူအမုန်းဆုံးသူတွေ ဖြစ်သင့်တာမဟုတ်ဘူးလား။"

"အဲ့ဒီခွေးကောင်က အာဏာယစ်မူးနေတာလေ!" ကျိကန်းက အမုန်းတရားများဖြင့် ပြောလိုက်သည်။ "အနိုင်ကျင့်တဲ့သူတွေက အားနည်းတဲ့သူတွေကိုပဲ ရွေးချယ်တတ်ကြတယ်၊ အဲ့ဒါကြောင့် သူက မင်းအပေါ်ကို အမုန်းတရားတွေပုံချနေတာ!"

ရှန်ဇယ်ချွမ်းက ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်၏။ "သူက ဒါကိုရှာနေခဲ့တာ။ ရှစ်ဖူ၊ ဒါကို မှတ်မိလား။"

သူ၏လက်ဖဝါးပေါ်မှာ အနည်းငယ်ဟောင်းနေပြီဖြစ်သော အရိုးနှင့်ပြုလုပ်ထားသည့် လက်စွပ်တစ်ကွင်းရှိနေ၏။

"သာလွန်တဲ့ ခန္ဓါကိုယ်အပေါ်ပိုင်းခွန်အားရှိတဲ့သူတွေက ကြီးမားတဲ့လေးတွေကို အသုံးပြုတတ်ကြတယ်။ သူတို့တွေ လေးကြိုးဆွဲတဲ့အခါ အထောက်အကူဖြစ်အောင်လို့ ဒီလိုမျိုး လက်မမှာဝတ်ရတဲ့လက်စွပ်ကို ဝတ်ဆင်တတ်ကြတယ်။" ကျိကန်းက ပြောပြခဲ့သည်။ "ဒီလိုလက်စွပ်မျိုးက လီပေသံချပ်ကာမြင်းတပ်ရဲ့ ဧရာမလေးကြီးကို ဆွဲတဲ့အခါမျိုးမှာ သေချာပေါက်ဝတ်တတ်တဲ့အရာပဲ။ ဒါပေမဲ့ စစ်ရေးကိစ္စတွေမှာ မပါဝင်တဲ့ အာ့ကုန်းကျစ်ရှောင်းက ဘာလို့ ဒါကို ဝတ်ထားရတာလဲ။"

...

ရှောင်းချီရယ် အိမ်ပြန်ရောက်ပြီးနောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်။ လုကွမ်းပိုင်က မနက်ခင်းနောက်ကျတော့မှ သူ့ကိုနှိုးလာ၏။

"မင်း မနေ့ညက တစ်ခုခုတော့တစ်ခုခုပဲ။" လုကွမ်းပိုင်က သူ့အိမ်သူ့ရာလိုသဘောထားကာ ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။ "မင်းက တရားဝင်ရာထူးလေးရထားတာမှမကြာသေးဘူး လူတွေကို အနိုင်ကျင့်နေပြီပေါ့။ ဒီမနက်က ကျိမင် နန်းတော်ကိုထွက်သွားတာ ငါတွေ့လိုက်တယ်။"

ရှောင်းချီရယ်၏လည်ချောင်းထဲမှာ ရှတတဖြစ်နေ၏။ သူက စောင်အောင်မှာနစ်မြုပ်နေရင်း ပြောလိုက်သည်။ "ကျွန်တော် အများကြီးသောက်မိသွားတာ။"

"ငါတို့က ရက်အနည်းငယ်နေရင် မြို့တော်ကနေ ပြန်ရတော့မှာ။" လုကွမ်းပိုင်က ပြောလိုက်သည်။ "ဒီလိုမျိုးဆက်သွားနေလို့မရတာကို မင်းသိပါတယ်။ အခုလိုအရက်သောက်နေတာတွေက မင်းရဲ့ကိုယ်ခံပညာကို ဖျက်ဆီးလိုက်ပြီး အားလုံးအချည်းနှီးဖြစ်သွားစေခဲ့ရင် ဘယ်လိုလုပ်မလဲ။"

ရှောင်းချီရယ်က တိတ်ဆိတ်နေခဲ့၏။

"မင်းအစ်ကိုနေရာကို ခဏလောက်ဝင်ကြည့်လိုက်ဦး။ မနေ့ညက ပွဲအခမ်းအနားမှာ သူတို့တွေ သူ့ရဲ့နှလုံးသားကို ဒဏ်ရာပေးခဲ့ကြတယ်။ သူက မင်းရဲ့မရီးနဲ့ ကလေးအတွက် စိုးရိမ်နေသလို လီပေရဲ့ စစ်ရေးကိစ္စတွေကိုကိုင်တွယ်ဖို့ ပြေးလွှားနေခဲ့တာ။ အခုကျပြန်တော့လည်း မင်းကို ဒီမှာထားခဲ့ရတော့မယ်။ သူ တော်တော်လေးကို စိတ်ညစ်နေရှာမှာပဲ။ လူတိုင်းက သူ့အရှေ့မှာ သူ့ကိုချီးကျူးနေကြပေမဲ့ သူ စစ်တိုက်ဖို့ထွက်ခွာတိုင်း အားလုံးက သူပြန်မလာဖို့ မျှော်လင့်နေခဲ့ကြတာ။ အဲ့ဒီလူတွေအတွက် သူက တစ်နှစ်ပြီးတစ်နှစ် တပ်ဖွဲ့ကိုဦးဆောင်ပြီး တိုက်ပွဲထဲဝင်ရောက်ခဲ့ရတယ်။ သူက ဘာမှမပြောပေမဲ့ သူကလည်း တခြားသူတွေလို အသွေးအသားနဲ့လူတစ်ယောက်ပဲ။ အဲ့ဒါကို ဘယ်လိုမှမခံစားရဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။"

ရှောင်းချီရယ်က စောင်ကိုလှန်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "ကျွန်တော် အဲ့ဒါတွေကို မသိဘူးလို့ထင်နေတာလား။"

"မင်းက ဘာသိလို့လဲ။" လုကွမ်းပိုင်က လက်ထဲကလိမ္မော်သီးနှင့် ရှောင်းချီရယ်ကိုပစ်လိုက်သည်။ "သိတယ်ဆို ထပြီးတော့ မင်းရဲ့အစ်ကိုကို တောင်းပန်လိုက်။"

ရှောင်းချီရယ်က လိမ္မော်သီးကိုဖမ်းကာ ထထိုင်လိုက်သည်။

လုကွမ်းပိုင် သူ့လက်ကပတ်တီးကို မြင်လိုက်သောအခါ မရယ်ဘဲမနေနိုင်ခဲ့ချေ။ သူက သူ့ကိုယ်ပိုင်လိမ္မော်သီးကို အခွံခွာရင်း ပြောလိုက်သည်။ "မင်း ဘာလို့ သူ့ကိုရန်သွားစရတာလဲ။ အခု အကိုက်ခံလိုက်ရတော့ ကျေနပ်သွားပြီလား။"

"ကျွန်တော် သူ့ကို ကျွန်တော်အတွက် သီချင်းတစ်ပုဒ်ပဲဆိုပြခိုင်းတာ။" ရှောင်းချီရယ်က ပြောလိုက်၏။ "ဒါပေမဲ့ ကျွန်တော်က သူ့အသက်ကိုလိုချင်နေပါတယ်ဆိုပြီး ပြောခဲ့တယ်။ အဲ့ဒီကောင်က တကယ်ကို တစ်ခုခုပဲ။"

"မင်းကမှ တစ်ခုခုပဲကွ၊ လမ်းလယ်ခေါင်မှာ အကျဥ်းချခံထားရတဲ့အကျဥ်းသားနဲ့ ရန်ဖြစ်ရတယ်လို့။ ကျိမင် အချိန်မီရောက်လာတာ မင်း ကံကောင်းတာပဲ။ မဟုတ်ရင် ဒီကနေ့ မြို့ထဲမှာ ရုတ်ရုတ်သဲသဲဖြစ်နေလောက်ပြီ။" လုကွမ်းပိုင်က ပြောလိုက်သည်။ "မင်းရဲ့ဒဏ်ရာက ပြင်းထန်လား။"

"အဲ့ဒီကောင်က ခွေးနှစ်မှာမွေးခဲ့တာဖြစ်နိုင်တယ်။" ရှောင်းချီရယ်က သူ့လက်ပေါ်မှ သွားရာအကွင်းလိုက်ကြီးကိုကြည့်ကာ ညည်းတွားလိုက်သည်။

ရှောင်းကျိမင်က နေ့လယ်ရောက်တော့မှ ကျောင်းဟွေးနှင့်အတူ ပြန်ရောက်လာခဲ့သည်။ ၎င်းတို့တွေ နီးကပ်လာသည်နှင့်အမျှ တံစက်မြိတ်အောက်မှာရပ်စောင့်နေသော ရှောင်းချီရယ်ကို တွေ့လိုက်ကြလေ၏။

"သာ့ကော။" ရှောင်းချီရယ်က ခေါ်လိုက်သည်။

ရှောင်းကျိမင်က သူ၏ခြုံထည်အား ကျောင်းဟွေးဆီကိုလှမ်းပေးလိုက်သည်။ အစေခံတစ်ယောက်က ၎င်းတို့အတွက် ကြေးနီအင်တုံတစ်ခုကို ယူလာပေးခဲ့ပြီး ရှောင်းကျိမင်က လက်ဆေးကာ သူ့ညီကို လျစ်လျူရှုခဲ့သည်။

ကျောင်းဟွေးက ရှောင်းချီရယ်ကိုကြည့်လိုက်သည်။ "ကုန်းကျစ်၊ ဒီနေ့ တော်ဝင်စစ်တပ်ကို စစ်ဆေးရမှာမဟုတ်ဘူးလား။ ကုန်းကျစ်ရဲ့ တပ်မှူးချုပ်တံဆိပ်ကိုသွားယူပြီး ညစာစားဖို့ ပြန်လာခဲ့လေ။"

"သာ့ကောက သွားလို့ပြောရင် ငါသွားမယ်။" ရှောင်းချီရယ်က ပြန်ပြောလိုက်သည်။

ရှောင်းကျိမင်က လက်သုတ်ကာ နောက်ဆုံးတော့ သူ့ကိုကြည့်လာလေ၏။ "မနေ့က မင်းကို မသွားခိုင်းပေမဲ့ မင်း သွားခဲ့တာပဲမဟုတ်ဘူးလား။"

"ကျွန်တော် လမ်းမှားသွားလို့ပါ။" ရှောင်းချီရယ်က ပြောလိုက်သည်။ "ကျွန်တော် အိမ်ပြန်ဖို့လုပ်ခဲ့တာ။"

ရှောင်းကျိမင်က လက်ကိုင်ပဝါကို လင်ပန်းပေါ်ပြန်တင်လိုက်သည်။ "ကောင်းပြီလေ။ မင်းရဲ့တံဆိပ်ပြားကို သွားယူပြီး ညစာစားဖို့ပြန်လာခဲ့။"

ထိုအခါမှသာ ရှောင်းချီရယ်က ထွက်ခွာသွားခဲ့သည်။

...

တော်ဝင်စစ်တပ်က မြို့တော်ကိုစောင့်ကြပ်ရသော ၎င်းတို့၏တာဝန်ကနေ ရပ်နားလိုက်ချိန်ကတည်းက ၎င်းတို့၏စစ်ဆင်ရေးရုံးတော်က ပျက်စီးသွားခဲ့သည်။ ရှောင်းချီရယ်က မြင်းနှင့်အတူရောက်ရှိသွားချိန်၌ ဘောင်းဘီတိုနှင့် ခါးစလွယ်များလွယ်ထားသော အမျိုးသားတော်တော်များများက နေပူဆာလှုံရင်း စကားစမြည်ပြောနေကြတာကို တွေ့လိုက်ရသည်။ ၎င်းတို့က စစ်ရေးစိတ်ဓါတ်မရှိဘဲ ပျင်းရိငြီးငွေ့နေပုံပင်။

ရှောင်းချီရယ်က မြင်းပေါ်ကနေဆင်းကာ မြင်းနှင်တံနှင့်အတူ ခြံဝန်းထဲ ဝင်သွားခဲ့သည်။ ခြံဝန်းအလယ်မှာ ထင်းရှူးပင်ကြီးတစ်ပင်ရှိပြီး ၎င်း၏ပတ်ပတ်လည်မှနှင်းထုကြီးကို ပေါ့ပေါ့တန်တန်ဖယ်၍ စက်ဝိုင်းသဏ္ဌာန်ပြုလုပ်ထား၏။ လျှောက်လမ်း၏တံစက်မြိတ်များမှ တွဲလောင်းကျနေသော ရေခဲများကို ဖယ်ရှားမည့်သူမရှိသလို ခေါင်းမိုးအုတ်ကြွပ်များကလည်း ပြင်ဆင်ဖို့လိုအပ်နေသည်။

ဤစစ်တပ်က အမှန်တကယ်ကိုပင် ချွတ်ခြုံကျနေလေ၏။

ရှောင်းချီရယ်က အထဲကိုဆက်သွားလိုက်သည်။ အဝင်လမ်းမှာ တွဲလောင်းကျနေသော ကမ္ပည်းပြားက ဆေးများကွာနေ၏။ သူ လှေကားထစ်များအတိုင်း ဆင်းသွားလိုက်ပြီးနောက် ပင်မခန်းမဆီ ရောက်ရှိသွားခဲ့သည်။ မြင့်နှင်တံနှင့် ကန်လန့်ကာကိုမလိုက်ပြီး ငုံကိုင်း၍ဝင်လိုက်သည်။

မီးဖိုဘေးမှာ ဝိုင်းထိုင်နေကြပြီး မြေပဲခွာနေကြသောလူများက သူ့ကို လှည့်ကြည့်လာကြသည်။ ရှောင်းချီရယ်က မြင်းနှင်တံကို စားပွဲပေါ်တင်လိုက်ပြီး ကုလားထိုင်တစ်လုံးကိုဆွဲယူကာ ထိုင်လိုက်သည်။

"ဒီတော့ အားလုံးက ဒီမှာရှိနေတာပဲ။" သူက ပြောလိုက်သည်။

ထိုလူများက တညီတညွတ်တည်း ထရပ်လိုက်ကြပြီး ကြမ်းပြင်ပေါ်မှ မြေပဲခွံများပေါ် တင်နင်းမိခဲ့ကြရာ ဆူဆူညံညံအသံများ ထွက်ပေါ်လာခဲ့၏။ အများစုက အသက်လေးဆယ်ကျော် တပ်သားဟောင်းများဖြစ်ကြသည်။ တော်ဝင်စစ်တပ်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပြီးနောက်မှာတောင် ၎င်းတို့က အရှက်မဲ့မှုနှင့် လိမ်လည်ပြီးငွေညှစ်တာအပြင် ဘာအရည်အချင်းမှ တိုးတက်မလာခဲ့ကြပေ။ ယခု ရှောင်းချီရယ်က ပေါ်ပေါက်လာသည့်အတွက် ၎င်းတို့က သူ့ကို အပေါ်အောက်စုန်ချည်ဆန်ချည်ကြည့်ကာ သံသယစိတ်များဖြင့် အချင်းချင်း အကြည့်ချင်းဖလှယ်နေခဲ့ကြ၏။

"အာ့ကုန်းကျစ်!" ၎င်းတို့ထဲမှတစ်ယောက်က အင်္ကျီဖြင့်လက်သုတ်ကာ ပြုံးပြလာ၏။ "ကျွန်တော်တို့က ဒီနေ့ ကုန်းကျစ် တံဆိပ်ပြားလာယူမှာကို စောင့်နေကြတာ!"

"ဒီတော့ အခု ကျုပ်ရောက်လာပြီ။" ရှောင်းချီရယ်က ပြောလိုက်၏။ "ဘယ်မလဲ တံဆိပ်ပြားက။"

ထိုလူက ရယ်မောလိုက်လေ၏။ "ကျွန်တော်တို့က ဒီမနက်ပိုင်းက သာ့ရန်ကိုစောင့်နေခဲ့ကြပေမဲ့ သာ့ရန်က ရောက်မလာခဲ့ဘူး။ အလုပ်ရေးရာဝန်ကြီးဌာနက အလုပ်သမားတွေကို ခေါ်ယူနေတာဆိုတော့ လက်ထောက်တပ်မှူးချောင်က အလုပ်သမားတွေခန့်အပ်ဖို့ တံဆိပ်ပြားကိုယူသွားပါတယ်။ သူ ပြန်လာပေးတဲ့အချိန်ကျ သာ့ရန်ရဲ့စံအိမ်ကို တစ်စုံတစ်ယောက်နဲ့ပေးခိုင်းလိုက်ပါ့မယ်။"

ရှောင်းချီရယ်က ပြုံးပြလိုက်၏။ "ခင်ဗျားနာမည်က...?"

"ကျွန်တော်?" ထိုလူက ပြန်ဖြေလာ၏။ "ကျွန်တော့်ကို လောင်ချန်လို့ခေါ်လို့ရပါတယ်! ကျွန်တော်က တိချန်မှာ လူတစ်ရာကျော်ကို ကြီးကြပ်ရတဲ့ တပ်ခွဲမှူးဖြစ်ခဲ့ဖူးပါတယ်။ ဟွားရှစ်စန်းသာ့ရန်က ကျွန်တော့်ကို ရာထူးတိုးပေးခဲ့တဲ့ကျေးဇူးကြောင့် အခု တော်ဝင်စစ်တပ်မှာ အတွေ့အကြုံရင့်တဲ့ အဖွဲ့သားတစ်ယောက်ဖြစ်နေတာပါ။"

"ထူးဆန်းတယ်။" ရှောင်းချီရယ်က ထိုင်ခုံလက်ရမ်းပေါ် လက်တစ်ဖက်ထောက်ကာ လောင်ချန်ကိုလှည့်ကြည့်လိုက်သည်။ "တော်ဝင်စစ်တပ်ရဲ့တပ်မှူးချုပ်ထက် ရာထူးတစ်ဆင့်နိမ့်တာက ဒုတိယတပ်မှူးချုပ်ဖြစ်ရမှာမဟုတ်လား။ ဘယ်လိုလုပ်ပြီး လက်ထောက်တပ်မှူးချုပ်လက်ထဲ တံဆိပ်ပြားရောက်သွားရတာလဲ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment