no

Font
Theme

အပိုင်း (၇)

လူငယ်လေး?

ကလေးလေး?

သူတို့က ဘယ်သူတွေလဲ။

ရှောက်ယွိနှင့် မင်ဟယ်တို့နှစ်ယောက်စလုံး အရှေ့မှလူအုပ်ကြီးက မည်သူ့ကိုလှမ်းခေါ်နေမှန်း မသိကြပေ။ နှစ်ဦးသား အလိုလို အနောက်လှည့်ကြည့်လိုက်ကြသော်လည်း ၎င်းတို့နောက်တွင် မည်သူမှမရှိရာ အရှေ့မှလူအုပ်ကြီးဆီသို့ ပြန်ကြည့်လိုက်ကြသည်။

ထိုစဉ် လူအုပ်ကြီးထဲမှ ဝဝဖိုင့်ဖိုင့်သခင်ကြီးက တိုးထွက်လာခဲ့ပြီး ရှောက်ယွိကိုကြည့်ကာ ဝမ်းသာအားရလှမ်းခေါ်လာခဲ့၏။

"လူငယ်လေး၊ ကလေးလေး၊ နောက်ဆုံးတော့ မင်းတို့ ရောက်လာကြပြီပဲ။"

ထိုအခါမှသာ ထိုလူအုပ်ကြီးက သူနှင့် မင်ဟယ်ကို စောင့်နေခြင်းဖြစ်ကြောင်း ရှောက်ယွိ သဘောပေါက်သွားခဲ့သည်။

မင်ဟယ်က ပါးဖောင်းဖောင်းမျက်နှာလေးဖြင့် မော့ကြည့်ကာ မေးလာခဲ့သည်။

"ဦးငယ်၊ သားက ကလေးလေးလား။"

[T/N: ဒီနားမှာသုံးထားတာက xiao wa wa - ရှောင်ဝါးဝါဆိုတဲ့စကားလုံးမို့ ကလေးလို့ အဓိပ္ပါယ်ရသလို အရုပ်လေးလို့လည်း သုံးလို့ရပါတယ်။]

"ဒါပေါ့၊ မင်းက အရမ်းကြည့်ကောင်းတဲ့ ကလေးလေး။"

မင်ဟယ်က ရုပ်ရည်ချောမောသည်မှာ အမှန်တရားဖြစ်ပြီး ရှောက်ယွိက ၎င်းကို ရိုးရိုးသားသား အတည်ပြုပေးလိုက်ခြင်းပင်။

ထိုသို့ကြားလိုက်ရသောအခါ မင်ဟယ်၏မျက်နှာလေးက ဝင်းပသွားပြီး ပိုချစ်စရာကောင်းလာခဲ့သည်။

ရှောက်ယွိက ပြောလိုက်၏။

"သူတို့တွေ ဦးငယ်တို့ကို ခေါ်နေပြီ။ လာ၊ မြန်မြန်သွားရအောင်။"

"ဟုတ်။"

မင်ဟယ်က တရစပ် ခေါင်းညိတ်ပြလိုက်လေသည်။

တူဝရီးနှစ်ယောက် ထိုနေရာသို့လျှောက်သွားစဉ်မှာပင် ဝဝဖိုင့်ဖိုင့်သခင်ကြီးတို့အဖွဲ့က ၎င်းတို့ဆီသို့ အပြေးအလွှားလာခဲ့ကြ၏။ ဝဝဖိုင့်ဖိုင့်သခင်ကြီးက အမောတကောဖြင့် ဆိုလာခဲ့သည်။

"မင်းတို့ကို စောင့်နေတာ တော်တော်တောင်ကြာနေပြီ။"

ရှောက်ယွိက မေးလိုက်လေ၏။

"ဘာလို့ စောင့်—"

အစေခံငယ်က ကြားဖြတ်ပြောလာခဲ့သည်။

"ပေါက်စီ ဝယ်ဖို့ပဲပေါ့!"

အစေခံမိန်းကလေးကလည်း ထပ်ဖြည့်ပြောလာသေး၏။

"ကျွန်မတို့သခင်ကြီး စောင့်နေတာ ၁၅ မိနစ်တောင်ရှိနေပြီ။"

ထိုအခါ အခြားလူများကလည်း ဝိုင်းပြောလာခဲ့ကြလေသည်။

"ကျွန်တော်တို့လည်း စောင့်နေတာကြာပြီဗျ။"

ထို့ကြောင့် ရှောက်ယွိက အလွန်ယဉ်ကျေးစွာ တောင်းပန်လိုက်တော့သည်။

"အားနာလိုက်တာဗျာ၊ ကျွန်တော် နောက်ကျသွားတာပါ။"

ဝဝဖိုင့်ဖိုင့်သခင်ကြီးက အလျင်အမြန်ပြောလာလေ၏။

"ကိစ္စမရှိပါဘူး။ မင်းရောက်လာရင် ပြီးတာပါပဲ။ ကဲ၊ ငါ့ကို ပေါက်စီဆယ်လုံး မြန်မြန်ထုပ်ပေးတော့။"

ရှောက်ယွိက သေချာအောင် ထပ်မေးလိုက်သည်။

"ဆယ်လုံး?"

"ဟုတ်တယ်၊ ငါ့သမီးနဲ့ သမက်အတွက် မြည်းစမ်းကြည့်လို့ရအောင် ဝယ်သွားမလို့။"

ထိုသခင်ကြီးက သူ့အစေခံဘက်လှည့်ကာ ပြောလိုက်သည်။

"ရှောင်ဖန်း၊ ပိုက်ဆံပေးလိုက်ဦး။"

အစေခံအမျိုးသမီးက ချက်ချင်းငွေထုတ်ကာ ရှောက်ယွိကို ပေးလိုက်သည်။

"ဒီမှာ ပြား ၃၀ ပါ။"

မည်သို့ပင်ဆိုစေ အများကြီးရောင်းရသည်မှာ ကောင်းသည့်ကိစ္စဖြစ်ရာ ရှောက်ယွိလည်း တွေဝေမနေတော့ဘဲ ဆီစိမ်စက္ကူဖြင့် ပေါက်စီဆယ်လုံးကို ထုပ်ပိုးကာ ကမ်းပေးလိုက်သည်။

"ရပါပြီ။"

အစေခံအမျိုးသမီးက ၎င်းတို့ကိုလှမ်းယူကာ ဝါးခြင်းတောင်းလေးထဲ ထည့်လိုက်သည်။

ဝဝဖိုင့်ဖိုင့်သခင်ကြီးက ပေါက်စီတစ်လုံးကို ချက်ချင်းယူကာ မစောင့်နိုင်တော့ဘဲ တစ်ကိုက်ကိုက်လိုက်လေ၏။ ထို့နောက် သူ၏မျက်လုံးများက အံ့သြတကြီးပြူးကျယ်သွားခဲ့ပြီး ပေါက်စီက မနေ့ကထက်တောင် ပိုပြီးရသာရှိနေသည်ကို ခံစားမိလိုက်သည်။

"သခင်ကြီး အရသာက ကောင်းရဲ့လား။"

ပုံမှန်အားဖြင့် ပေါက်စီဆိုင်များ သို့မဟုတ် ဆီမုန့်ကြော်ဆိုင်များမှာ လက်ရာမတည်ငြိမ်ပေ။ မနေ့က အရသာရှိသော်လည်း ယနေ့ ကောင်းချင်မှ ကောင်းတတ်သည်။ ဝဝဖိုင့်ဖိုင့်သခင်ကြီး၏ အံ့သြသွားသောအမူအရာကို မြင်လိုက်ရသောကြောင့် အစေခံအမျိုးသမီးက လှမ်းမေးလိုက်ခြင်းဖြစ်ပေသည်။

သခင်ကြီးက ပြန်ဖြေပေးလိုက်၏။

"မနေ့ကထက်တောင် ပိုကောင်းနေသေးတယ်။"

ထိုအခါ မင်ဟယ်က ကြားဖြတ်ဝင်ပြောလိုက်သည်။

"အဲ့ဒါက ပူပူနွေးနွေးလေးပဲ ရှိနေသေးလို့လေ။"

ဝဝဖိုင့်ဖိုင့်သခင်ကြီးက စားကောင်းသောက်ဖွယ်များကို စားဖူးသော်လည်း မချက်တတ်ပေ။ သို့သော် အရသာနှင့်ပတ်သက်လာလျှင် အတော်လေးနားလည်သူဖြစ်ရာ မင်ဟယ်၏စကားကို ချက်ချင်းထောက်ခံလိုက်သည်။

"ဟုတ်တာပေါ့၊ မင်းပြောတာ မှန်တယ်။ ပေါက်စီဆိုတာ ပူနေတုန်းစားမှ ပိုအရသာရှိတာ။"

ထိုအခါ မင်ဟယ်က စိတ်အားထက်သန်စွာ ပြန်ပြောလိုက်၏။

"ဒါဆိုရင် ပူတုန်းလေး မြန်မြန်စားလိုက်နော်။"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ ငါလည်း အိမ်မြန်မြန်ပြန်ပြီး ငါ့သမီးကို သွားကျွေးရမယ်။ ကလေးလေး၊ နောက်မှ တွေ့ကြမယ်နော်။"

ဝဝဖိုင့်ဖိုင့်သခင်ကြီးက ပြောရင်းဆိုရင်း ချင်းရှီမြို့ထဲသို့ လျှောက်သွားလိုက်လေသည်။

"သခင်ကြီး၊ နေပါဦး။ ကျွန်မတို့အတွက် ပေါက်စီမဝယ်ရသေးပါဘူး။"

အစေခံအမျိုးသမီးက အော်ပြောလိုက်၏။

"ဒါဆိုလည်း မြန်မြန်ဝယ်ခဲ့ကြ!"

အစေခံအမျိုးသမီးက သူ(မ)၏လက်ထဲမှ ဝါးခြင်းတောင်းလေးကို အစေခံငယ်ဆီထိုးပေးခဲ့ပြီး လူအုပ်ကြားထဲတိုးဝင်ကာ အော်ပြောလိုက်သည်။

"ကျွန်မကို ပေါက်စီ လေးလုံးပေးပါ။"

ခဏကြာတော့ သူ(မ) ပေါက်စီလေးလုံးရခဲ့ပြီး အစေခံငယ်ကို နှစ်လုံးပေးကာ ပျော်ရွှင်စွာပြောလိုက်သည်။

"နောက်ဆုံးတော့ ဝယ်လို့ရခဲ့ပြီ။ ငါတို့လည်း မြန်မြန်ပြန်ရအောင်။"

အစေခံငယ်က ချက်ချင်းဆိုသလို တစ်ကိုက်ကိုက်စားလိုက်၏။

"တကယ်ကို မနေ့ကထက် ပိုကောင်းတာပဲ။"

"ဟုတ်တယ်မလား။"

စေခံအမျိုးသမီးကလည်း တစ်ကိုက်မြည်းကြည့်ပြီး ခေါင်းတညိတ်ညိတ်နှ့် ထောက်ခံနေတော့သည်။

ထိုစဉ် ဝဝဖိုင့်ဖိုင့်သခင်ကြီးက လှမ်းပြောလာခဲ့သည်။

"စားနေတာကို ရပ်လိုက်ကြတော့။ ငါတို့ မြန်မြန်ပြန်ကြရအောင်။"

အစေခံအမျိုးသမီးနှင့် အစေခံငယ်တို့ကလည်း ဝဝဖိုင့်ဖိုင့်သခင်ကြီးနောက်သို့ အမြန်လိုက်သွားခဲ့ကြသည်။

ရှောက်ယွိနှင့် မင်ဟယ်တို့မှာ လူအုပ်ကြီးဆီကနေ ဝိုင်းအုံခံလိုက်ရပြီး ခဏချင်းအတွင်း ပေါက်စီ ၅၃ လုံးစလုံး ရောင်းကုန်သွားလေ၏။

ဝယ်လို့ရလိုက်သူများက စိတ်ကျေနပ်စွာဖြင့် ထွက်ခွာသွားခဲ့ကြပြီး မရလိုက်သူများကမူ နှမြောတသဖြစ်ကာ မနက်ဖြန်ပြန်လာခဲ့မည်ဟု ပြောသွားခဲ့ကြသည်။

မင်ဟယ်က ခြေဖျားလေးထောက်ကာ ဝါးခြင်းတောင်းထဲကို ငုံ့ကြည့်လိုက်ပြီး ဟစ်ကြွေးလိုက်၏။

"ဝိုး၊ ပေါက်စီတွေအားလုံး ရောင်းလို့ကုန်သွားပြီ!"

"အင်း၊ အကုန်ကုန်သွားပြီ။"

ဝဝဖိုင့်ဖိုင့်သခင်ကြီးတို့က သူ၏ပေါက်စီများကို ကြိုက်နှစ်သက်ကြောင်း ရှောက်ယွိ သိထားသော်လည်း ဤမျှအတိုင်းအတာအထိ ကြိုက်ကြလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ ၎င်းတို့က ကိုယ်တိုင်လာဝယ်ရုံသာမကဘဲ ဆွေမျိုးများနှင့် အိမ်နီးနားချင်းများကိုပါ ခေါ်လာခဲ့သဖြင့် ပေါက်စီ ၅၃ လုံးတောင် ရောင်းမလောက်ဖြစ်သွားခဲ့ရသည်။ နောက်တစ်ကြိမ်၌ သူ ပိုလုပ်ရတော့မည့်ပုံပင်။

မင်ဟယ်က မတ်မတ်ရပ်ကာ ရှောက်ယွိ၏အိတ်ကပ်ကို ပုတ်ကြည့်လိုက်ပြီး အကြွေစေ့သံများ တချွင်ချွင်ထွက်ပေါ်လာသောအခါ သူက ဝမ်းသာအားရပြောလိုက်သည်။

"ဦးငယ်၊ အကြွေစေ့လေးတွေက အကျယ်ကြီးမြည်နေပြီ။ သူတို့ကလေ သီချင်းဆိုနေကြသလိုပဲ။"

နေ့တိုင်း ဝဝလင်လင်စားသောက်ခဲ့ရပြီး သူ့ဦးငယ်ဆီကနေ ချီးကျူးမှုများကို ရလာသောအခါ ကလေးငယ်က တဖြည်းဖြည်း တက်ကြွလာခဲ့သည်။ ရှောက်ယွိက ဝမ်းမြောက်ဝမ်းသာ သဘောတူလိုက်၏။

"ဟုတ်တာပေါ့၊ သူတို့က သီချင်းဆိုနေကြတာ။ အခု သီချင်းဆိုလို့ ပြီးပြီဆိုတော့ ဦးငယ်တို့ ပစ္စည်းတွေသွားဝယ်ကြရအောင်။"

မင်ဟယ်က မေးလိုက်သည်။

"ဒီနေ့လည်း ပစ္စည်းတွေဝယ်ဦးမှာလား။"

"အင်း၊ အိမ်မှာ ဆားတွေ၊ ဆီစိမ်စက္ကူတွေ၊ မုန်လာဥနီတွေ မရှိတော့ဘူးလေ။"

"အကုန်ကုန်သွားပြီပေါ့?"

"ဟုတ်တယ်၊ အဲ့ဒါကြောင့် နည်းနည်းလောက် ဝယ်မှဖြစ်မယ်။"

"ဒါဆိုလည်း သွားကြမယ်လေ၊ ဦးငယ်။"

ယနေ့ရောင်းရငွေက စုစုပေါင်း ၁၅၉ ပြား ရှိပေ၏။ ဆားအပြင် ရှောက်ယွိက လျှော်ထည်ကိုပါဝယ်ရန် စိတ်ကူးထားသည်။ ထိုလျှော်ထည်များကို ပေါက်စီများကြား ခံထည့်မည်ဆိုပါက ပေါက်စီများ တစ်လုံးနှင့်တစ်လုံး ကပ်မသွားသလို ပေါက်စီ၏အနွေးဓါတ်ကိုလည်း ထိန်းထားနိုင်လိမ့်မည်။

တွေးထားသည့်အတိုင်း လုပ်ဆောင်ပြီးနောက် သူနှင့် မင်ဟယ်တို့ အိမ်သို့ ပြန်လာခဲ့ကြသည်။ အိမ်ပြန်ရောက်ပြီးနောက် ခြံတံခါးနှင့် အိမ်တံခါးများကို သေချာပိတ်ကာ ကျန်ရှိနေသောအကြွေစေ့များကို စားပွဲပေါ်သို့ ပုံချလိုက်၏။

ထိုစဉ် မင်ဟယ်က အံ့သြတကြီးပြောလာခဲ့၏။

"ဝိုး၊ သားတို့ဆီမှာ အကြွေစေ့တွေ အများကြီးရှိနေသေးတယ်!"

ရှောက်ယွိက အကြံပြုလိုက်၏။

"ရေကြည့်လိုက်ဦး။"

မင်ဟယ်က သူ၏လက်သေးသေးဖြင့် အကြွေစေ့များကို တစ်ပြားချင်းရေတွက်နေရင်း ၉ အထိရောက်သောအခါ သူ ရပ်တန့်သွားခဲ့သည်။

ရှောက်ယွိက မေးလိုက်၏။

"ဘာဖြစ်လို့လဲ။"

မင်ဟယ်က မေးလာခဲ့သည်။

"ဦးငယ်၊ ၉ ပြီးရင် ဘာလာလဲဟင်။"

"၁၀ လေ။"

"၁၀။"

မင်ဟယ်က နောက်ထပ်အကြွေစေ့တစ်ပြားကို ရေတွက်လိုက်ပြီးနောက် ထပ်မေးလာပြန်၏။

"ဦးငယ်၊ ၁၀ ပြီးရင်ရော?"

"၁၁ ပေါ့။"

ထိုအခါမှ ရှောက်ယွိ သတိပြုမိသွားလေ၏။

"မင်ဟယ်၊ မင်း ကိန်းဂဏန်းတွေကို မရေတွက်တတ်ဘူးလား။"

"သား... သား..."

မင်ဟယ်က ဘာပြန်ပြောရမှန်းမသိဘဲ ခေါင်းလေးငုံ့ကာ သူ၏လက်ချောင်းလေးများဖြင့် စားပွဲပေါ်ကို ကုတ်ခြစ်ရင်း ရှောက်ယွိကို တစ်ချက်တစ်ချက် ခိုးကြည့်နေခဲ့သည်။ သူက သူ၏ဦးငယ်က သူ့ကိုမချစ်တော့မည်အား စိုးရိမ်နေပုံပင်။

"အဲ့ဒါက အဆင်ပြေပါတယ်။"

ရှောက်ယွိက အမြန်နှစ်သိမ့်ပေးလိုက်၏။

ထိုသို့ကြားလိုက်ရသောအခါ မင်ဟယ်၏မျက်နှာလေးက ချက်ချင်းမော့လာခဲ့သည်။

"တကယ် အဆင်ပြေတယ်ပေါ့?"

ရှောက်ယွိက နူးညံ့စွာ ပြောလိုက်၏။

"ဒါပေါ့၊ အဆင်ပြေတယ်။ မင်းက အခုမှ သုံးနှစ်ပဲရှိသေးတယ်၊ ပြီးတော့ ဘယ်သူကမှလည်း သင်ပေးမထားဘူးလေ။ အဲ့ဒါကြောင့် မရေတွက်တတ်တာ သဘာဝပဲ။ အခု ဦးငယ်က မင်းကိုသင်ပေးမယ်၊ ဟုတ်ပြီလား။"

မင်ဟယ်၏ရင်ထဲမှ စိုးရိမ်မှုများက တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားတော့သည်။

"ဦးငယ် သင်ပေးမယ်ဆိုရင် သား သေသေချာချာသင်ယူပါ့မယ်။ ပြီးရင် သားက အရမ်းတော်တဲ့သူဖြစ်လာမှာ။"

"ဦးငယ်လည်း မင်းကို အရမ်းတော်တဲ့သူဖြစ်လာမယ်လို့ ယုံကြည်တယ်!"

ထိုအခါ မင်ဟယ်၏ယုံကြည်ချက်များက ကောင်းကင်အထိ ထိုးတက်သွားတော့သည်။

မင်ဟယ်က သုံးနှစ်သားအရွယ်သာရှိသေးသဖြင့် ရှောက်ယွိက အများကြီးသင်မပေးဘဲ ၂၀ အထိသာ သင်ပေးလိိုက်၏။ သို့သော် အံ့အားသင့်စရာကောင်းသည်မှာ မင်ဟယ်က သူသင်ပေးထားသည်ထက် ပို၍နားလည်နေခဲ့သည်။

"ဦးငယ်၊ ၂၀ ပြီးရင် ၂၁၊ ၂၂၊ ၂၃၊ ၂၄ မဟုတ်လား။"

ဒါက!

ဗီလိန်ကြီးကတော့ ဗီလိန်ကြီးပါပဲ!

သူ့ရဲ့ဦးနှောက်က ရှယ်ကောင်းချက်!

ရှောက်ယွိတစ်ယောက် အံ့သြဝမ်းသာဖြစ်သွား၏။

"အကောင်ပေါက်လေး၊ မင်းက တကယ်ကိုတော်တာပဲ!"

"၂၄ ပြီးရင် ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁ ..."

မင်ဟယ်တစ်ယောက် ၆၁ အထိ တစ်ဆက်တည်းရေတွက်ခဲ့လေ၏။ သူက ဆက်ပြီးရေတွက်တတ်သော်လည်း ရေရတာမောသွားသဖြင့် သူ၏ရေခွက်ကို အမြန်ယူကာ ရေသောက်လိုက်ရသည်။

အံ့သြစရာမရှိတော့ပါဘူး!

စာသင်ကျောင်းကို တစ်ရက်မှမသွားဖူးသည့် မင်ဟယ်က 'ဧကရာဇ်၏အိပ်မက်' စာအုပ်ထဲတွင် သြဇာအာဏာကြီးမားသော အမတ်ချုပ်ဖြစ်လာနိုင်ခဲ့သည်မှာ မထူးဆန်းတော့ပေ။

သူ၏ဉာဏ်ရည်ဉာဏ်သွေးက တကယ်ကို နောက်စရာမဟုတ်!

ရှောက်ယွိတစ်ယောက် ပိုက်ဆံများများရှာပြီး နောင်မှာ မင်ဟယ်ကို ကျောင်းထားပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ မင်ဟယ်ကို စာအုပ်များများဖတ်စေပြီး ကောင်းသောအတတ်ပညာများကို သင်ယူစေကာ ဤကလေး၏ရင်ထဲ တောက်ပမှုများသာမက ယဉ်ကျေးသိမ်မွေ့မှုများပါ ကိန်းဝပ်နေစေရန်နှင့် နောင်တွင် ဗီလိန်ကြီး ဖြစ်မလာစေရန် သူ ကြိုးစားရမည်။ ထို့ကြောင့် သူက မင်ဟယ်ကို နောက်တစ်ကြိမ် ထပ်မံချီးကျူးလိုက်လေ၏။

ရှောက်ယွိက မင်ဟယ်နှင့်အတူ အကြွေစေ့များကို ဆက်လက်ရေတွက်ခဲ့သည်။ ပြီးခဲ့သည့်ရက်များအတွင်းက ပိတ်စ၊ အပ်ချည်၊ ဂျုံမှုန့်နှင့် ဆား စသည်တို့ ဝယ်ယူထားသည့် အသုံးစရိတ်များကို နှုတ်လိုက်လျှင်တောင် ၎င်းတို့လက်ထဲမှာ တစ်ကျပ်၊ တစ်ပြားနှင့် ဆယ့်ငါးမူးကျန်နေသေး၏။

၎င်းက အများကြီးမဟုတ်သော်လည်း ယခု ၎င်းတို့မှာ ကိုယ်ပိုင်စီးပွားရေးလေး ရှိနေလေပြီ။ နောက်ထပ် ၁၀ ရက်ခန့် ဆက်ရောင်းမည်ဆိုပါက ငွေ ၂ ကျပ်ခန့် ရရှိနိုင်သဖြင့် စုစုပေါင်း ၃ ကျပ်ကျော်ကို စုနိုင်လိမ့်မည်ဖြစ်သည်။

ထိုပိုက်ဆံနှင့်ဆို စျေးပေါသောပိတ်စများနှင့် ဝါဂွမ်းများကို ဝယ်ယူနိုင်မည်ဖြစ်ရာ ကျင်းရှို့ရွာ၏ ပထမဆုံးသော ဆောင်း၏အအေးဒဏ်ကို အံတုနိုင်ပေလိမ့်မည်။ အချိန်တစ်ခုလောက်ထိ ဆက်လက်ရောင်းချမည်ဆိုလျှင် ယခုနှစ်၏ဆောင်းတွင်းကို အေးအေးလူလူ ကျော်ဖြတ်နိုင်ရန် ဂွမ်းအင်္ကျီများကိုပါ ထပ်ပြီးဝယ်ယူနိုင်မည်ပင်။

ထိုသို့တွေးလိုက်မိသောအခါ ရှောက်ယွိတစ်ယောက် တက်ကြွလာခဲ့လေ၏။

နောက်တစ်နေ့မနက်တွင် တူဝရီးနှစ်ယောက် ပေါက်စီ အလုံး ၇၀ ကို ပေါင်းလာခဲ့ကြပြီး ဆိပ်ကမ်းလေးဆီသို့ ရောက်သည်နှင့် အကုန်ကုန်သွားခဲ့ပြန်သည်။ နောက်ရက်များတွင် အလုံး ၈၀၊ ၉၀၊ ၁၀၀ အထိ တိုးမြှင့်၍ပေါင်းခဲ့ကြသည်။ နေ့တိုင်းပေါင်းခဲ့သမျှ ပေါက််စီများအားလုံး ရောင်းကုန်သွားခဲ့သဖြင့် ၎င်းတို့တူဝရီးနှစ်ယောက်က ဆိပ်ကမ်းလေး၌ စျေးရောင်းအကောင်းဆုံးစျေးသည်များဖြစ်လာကာ အခြားစျေးသည်များကတောင် အားကျလာခဲ့ကြသည်။

ကြက်ဥရောင်းသည့် အဖွားအိုကြီးဖြစ်သူ အဖွားလျိုကလည်း ရှောက်ယွိရော မင်ဟယ်နှင့်ပါ သိနေပြီဖြစ်၏။ ရှောက်ယွိတို့ ဆိုင်သိမ်းရန်ပြင်နေစဉ် သူ(မ)က လှမ်းခေါ်ခဲ့၏။

"ရှောက်ယွိရေ။"

"ဗျာ၊ အဖွားလျို။"

ရှောက်ယွိက အဖွားလျိုနားသို့ လျှောက်သွားလိုက်သည်။

"ရှောက်ယွိ၊ အဖွား မင်းကို ကျေးဇူးတင်ချင်လို့ပါကွယ်။"

ရှောက်ယွိက နားမလည်ခဲ့ပေ။

"ကျွန်တော့်ကို ကျေးဇူးတင်တယ်? ဘာဖြစ်လို့လဲ အဖွားလျို။"

"မင်းရဲ့ပေါက်စီကြောင့် ဒီကို ဖြတ်သွားဖြတ်လာတွေ အများကြီးလာကြတာလေ၊ အဲ့ဒီတော့ အဖွားရဲ့ကြက်ဥတွေလည်း ပိုရောင်းရတာပေါ့။"

အဖွားလျိုက ရှင်းပြခဲ့၏။ ပုံမှန်အားဖြင့် ကြက်ဥများကို တစ်နေ့ ၄၊ ၅ လုံးရောင်းရလျှင်တောင် သူ(မ)အတွက် အတော်လေးဟုတ်နေလေပြီ။ သို့သော် ရှောက်ယွိရောက်လာပြီးနောက်ပိုင်း တစ်နေ့လျှင် အနည်းဆုံး ၁၀ လုံး၊ တစ်ခါတစ်ရံ အလုံး ၂၀ အထိတောင် ရောင်းခဲ့ရလေ၏။

ရှောက်ယွိက ပြောလိုက်သည်။

"အဲ့ဒါ အဖွားရဲ့ကြက်ဥတွေက ကြီးလည်းကြီး၊ လတ်လည်းလတ်ဆတ်လို့ပါ။"

အဖွားလျိုက ရယ််မောလိုက်သည်။

"မင်းကတော့ စကားပြောတတ်လိုက်တာ။"

ရှောက်ယွိလည်း ပြုံးပြလိုက်၏။

"ရှောက်ယွိ။"

အဖွားလျိုက အသံကိုနှိမ့်ကာ ထပ်ခေါ်လာခဲ့သည်။

အဖွားလျိုမှာ ပြောစရာတစ်ခုခုရှိနေသည်ကို ရှောက်ယွိ ရိပ်စားမိလိုက်သဖြင့် အနားသို့ တိုးသွားလိုက်၏။

ထိုအခါ အဖွားလျိုက သတိပေးလာခဲ့သည်။

"မင်းရဲ့ပေါက်စီတွေက အမြဲတမ်း ရောင်းကုန်နေပြီး တခြားလူတွေက ရောင်းမထွက်ကြဘူး။ ဒီတော့ တစ်ယောက်ယောက်က မနာလိုဖြစ်ပြီး မကောင်းကြံမှာကို သတိထားဦးနော်။"

"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် အဖွားလျို။"

"ရပါတယ်ကွယ်။ ဒါနဲ့ စကားမစပ်၊ ပြီးခဲ့တဲ့ရက်က မင်းပြောတော့ အိမ်မှာစိုက်ထားတဲ့ဟင်းရွက်တွေ အကုန်ကုန်ပြီဆို။ ဒီတော့ အခု ပေါက်စီအစာသွတ်ဖို့ ဘယ်လိုလုပ်မှာလဲ။"

ရှောက်ယွိနှင့် မင်ဟယ်တို့က ရုပ်ရည်လေးများသန့်ပြီး ယဉ်ကျေးကြသဖြင့် အဖွားလျိုက ၎င်းတို့ကို ဂရုစိုက်မိနေခြင်းဖြစ်သည်။

ရှောက်ယွိက ဘာကိုမှ မဖုံးကွယ်ခဲ့ပေ။

"ကျွန်တော် ဒီနေ့ မြို့ထဲမှာ သွားဝယ်မလို့ပါ။ ကျွန်တော် နောက်ဆို မုန်လာဥဖြူတစ်မျိုး၊ ဟင်းရွက်တွေတစ်မျိုးနဲ့ အစာသွတ်နှစ်မျိုးလုပ်ဖို့ စဉ်းစားထားပါတယ်။"

"မုန်လာဥဖြူနဲ့လည်း ပေါက်စီလုပ်လို့ရတာပဲလား။"

"ဟုတ်၊ ရပါတယ်။ မနက်ဖြန်ကျ အဖွားမြည်းကြည့်လို့ရအောင် တစ်လုံးယူလာခဲ့ပါ့မယ်။"

အဖွားလျိုတောင် မတုံ့ပြန်ရသေးခင် ကလေးအသံလေးတစ်သံ ထွက်ပေါ်လာခဲ့သည်။

"သုံးပြားနော်!"

ထိုအခါ အဖွားလျိုမှာ သဘောတကျရယ်မောတော့သည်။

"ဒီကလေးလေးက ကပ်စေးနည်းလေးပဲ!"

အဖွားလျိုက စနောက်နေမှန်း မင်ဟယ် သိသွားပြီး ရှက်ရွံ့စွာဖြင့် ရှောက်ယွိ၏ခြေထောက်ကိုဖက်ကာ သူ၏မျက်နှာလေးကို ရှောက်ယွိ၏အဝတ်ထဲ ဝှက်ထားလိုက်လေသည်။

ရှောက်ယွိက ပြုံးလိုက်ပြီး အဖွားလျိုနှင့် စကားအနည်းငယ်ထပ်ပြောပြီးနောက် မင်ဟယ်ကိုခေါ်ကာ ချင်းရှီမြို့ထဲ ဝင်ခဲ့၏။ ကနဦးတုန်းက ဆယ်ရက်အတွင်း ၃ ကျပ်ကျော်ကျော်သာ စုမိလိမ့်မည်ဟု တွက်ထားခဲ့သော်လည်း မထင်မှတ်ဘဲ ၅ ကျပ်အထိ စုမိခဲ့သည်။ ထို့ကြောင့် စောင်ချုပ်ရန် ပိတ်စနှင့် ဂွမ်းများကို ဝယ်ယူနိုင်သည့်အပြင် ဟင်းရွက်များ၊ မုန်လာဥနီနှင့် မုန်လာဥဖြူများကိုလည်း ဝါးခြင်းတောင်းအပြည့် ဝယ်ယူခဲ့လိုက်သည်။

မင်ဟယ်က သူ့ဦးငယ်ကို မပင်ပန်းစေလိုသောကြောင့် ပြောလိုက်သည်။

"ဦးငယ်၊ သားလည်း ကူသယ်ပေးချင်တယ်။ သား ဝါးခြင်းတောင်းကို သယ်ပေးမယ်လေ။"

ဤရက်ပိုင်းတွင် အစားကောင်းကောင်းစားထားရသဖြင့် ရှောက်ယွိမှာ အားရှိလာပြီဖြစ်ရာ ခြင်းတောင်းလေး တစ်လုံးတည်းကို အခက်အခဲမရှိ သယ်နိင်ပေ၏။ သို့သော်လည်း မင်ဟယ်ကို ကြိုးစားအားထုတ်ခြင်း၏ ရလဒ်ကို နားလည်စေလိုသောကြောင့် သူ့အား ကြီးမားလတ်ဆတ်သော မုန်လာဥဖြူကြီးတစ်လုံးကို ထုတ်ပေးလိုက်သည်။

မင်ဟယ်က ၎င်းကို ဝမ်းသာအားရဖြင့် ပွေ့ပိုက်၍သယ်လာခဲ့သည်။

ဤသို့ဖြင့် တူဝရီးနှစ်ယောက် ချင်းရှီမြို့ထဲကနေ ထွက်လာခဲ့ကြလေ၏။

ထိုစဉ် မင်ဟယ်က ကဗျာစရွတ်ခဲ့သည်။

"နေပူရှိန်ပြင်း လယ်ကွင်းပြင်မှာ၊ ပေါက်ပြားကိုင်ဆွဲ မြေကိုခုတ်ထွင်၊ နဖူးကချွေး ခြေမ'ကျလို့၊ ပန်းကန်ပေါ်က စားစရာတိုင်း၊ ပင်ပန်းမှုတွေ ပါဝင်သတည်း။"

"တော်လိုက်တာ။"

ရှောက်ယွိက ချီးကျူးလိုက်၏။ မင်ဟယ်၏ဉာဏ်ရည်ဉာဏ်သွေးကို သတိပြုမိပြီးနောက် ရှောက်ယွိက မင်ဟယ်ကို လူကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာစေရန်မျှော်လင့်လျက် ဂဏန်းသင်္ချာတင်မကဘဲ ကဗျာများကိုပါ သင်ကြားပေးခဲ့သည်။

မင်ဟယ်က ကဗျာ၏အဓိပ္ပာယ်ကိုတောင် နားလည်နေ၏။

"ကဗျာရဲ့အဓိပ္ပာယ်က အစားအသောက်တွေကို တန်ဖိုးထားရမယ်၊ အလဟဿမဖြုန်းတီးရဘူးတဲ့။"

"ဟုတ်တာပေါ့။ မင်ဟယ်က တကယ်ကိုဉာဏ်ကောင်းတာပဲ။"

မင်ဟယ်က မုန်လာဥဖြူကြီးကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်ရင်း ပျော်ရွှင်စွာဖြင့် ကဗျာများကို ဆက်ပြီးရွတ်ပြခဲ့လေ၏။

"ဟာ၊ ပစ္စည်းတွေအများကြီး ဝယ်လာကြတာပါလား။"

ရုတ်တရက် အရှေ့မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ရှောက်ယွိနှင့် မင်ဟယ်တို့ မော့ကြည့်လိုက်သောအခါ ဆိပ်ကမ်းလေး၌ အလားတူ ပေါက်စီရောင်းကြသည့် ယန်ဇနီးမောင်နှံကို တွေ့လိုက်ရလေသည်။ ၎င်းတို့က ရှောက်ယွိတို့ကို စိုက်ကြည့်နေပြီး မျက်လုံးများထဲတွင် မကောင်းသောရည်ရွယ်ချက်များ ပြည့်နှက်လို့နေ၏။

ကလေးများက လူကြီးများ၏စိတ်ခံစားချက်ကို အကဲခတ်ရာ၌ အတော်ဆုံးဖြစ်သည်။ မင်ဟယ်က ရှောက်ယွိ၏အရှေ့သို့ လှစ်ခနဲပြေးထွက်ကာ မုန်လာဥဖြူကြီးကို နဂါးနိုင်ဓါးအလားဆုပ်ကိုင်၍ ယန်ဇနီးမောင်နှံကို ချိန်ရွယ်လိုက်ပြီး တင်းမာစွာသတိပေးလိုက်သည်။

"ကျွန်တော့်ဦးငယ်ကို အနိုင်မကျင့်ကြနဲ့!"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment