အပိုင်း (၈)
"အနိုင်ကျင့်တယ်? ဘယ်သူက အနိုင်ကျင့်နေလို့လဲ။"
ယန်ကျိုက မင်ဟယ်ကိုကြည့်ကာ ဂရုမစိုက်ဟန်ပြုံးပြလိုက်ပြီး ရှောက်ယွိဘက်သို့ လှည့်ပြောလိုက်သည်။
"ငါတို့က သူနဲ့ ကိစ္စတစ်ခု ဆွေးနွေးချင်ရုံပဲ။"
"ဘာကိစ္စလဲ။"
ရှောက်ယွိက မေးလိုက်သည်။
"ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့။ သခင်လေးရှောက်၊ နောက်ဆိုရင် မင်း အဲ့ဒီဆိပ်ကမ်းလေးမှာ ပေါက်စီလာမရောင်းနဲ့တော့။"
ယန်ကျိုက တဲ့တိုးပြောလာခဲ့သည်။
ယန်ကျို၏ဇနီးဖြစ်သူ ဝူရှစ်ကလည်း ဘေးကနေ ခေါင်းတညိတ်ညိတ်လုပ်နေခဲ့၏။
ဤအရာကို ဆွေးနွေးခြင်းဟုခေါ်သည်လော။
ဤသည်မှာ သိသိသာသာ အမိန့်ပေးနေခြင်းဖြစ်သည်။
အဖွားလျိုက သူ့ကို စီးပွားတူများအား သတိထားရန် သတိပေးလာကတည်းက အနှီသူမှာ ယန်ဇနီးမောင်နှံဖြစ်ကြောင်း ရှောက်ယွိ ရိပ်မိပြီးသားပင်။ ၎င်းတို့က ဆိပ်ကမ်းလေးနှင့် မြို့ထဲ၌ ပေါက်စီရောင်းချရင်း စီးပွားရေးကောင်းလာသူများဖြစ်ကြသည်။
သို့သော် သူရောက်လာပြီးကတည်းက ဆိပ်ကမ်းဘက်မှ ၎င်းတို့၏စီးပွားရေးက ကျဆင်းသွားခဲ့ပြီး ၎င်းတို့၏မကျေမနပ်အကြည့်များကို ရှောက်ယွိ အကြိမ်ကြိမ် သတိထားမိခဲ့၏။ ယခုလို ထိပ်တိုက်တွေ့ဆုံချိန်၌ ရှောက်ယွိမှာ အံ့သြတုန်လှုပ်သွားခြင်းမရှိခဲ့ပေ။ သူက အရှေ့သို့တစ်လှမ်းတိုးကာ မင်ဟယ်ကို သူ့အနောက်သို့ပို့လိုက်သည်။
မမျှော်လင့်စွာဖြင့် မင်ဟယ်က မုန်လာဥဖြူကြီးကို ပိုက်လျက် ရှောက်ယွိအရှေ့သို့ ပြန်ပြေးထွက်လာခဲ့သည်။
ရှောက်ယွိက အသံတိုးတိုးဖြင့် ပြောလိုက်၏။
"မင်ဟယ်၊ အနောက်မှာနေ။"
မင်ဟယ်က လက်မခံခဲ့ပေ။
"ဟင့်အင်း၊ သားက ဦးငယ်ကို ကာကွယ်ပေးမှာ။"
ရှောက်ယွိမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားခဲ့ပြီး မင်ဟယ်ကို ဆက်တားမနေတော့ဘဲ ယန်ကျိုကိုပြန်စိုက်ကြည့်၍ မေးလိုက်သည်။
"ကျွန်တော်က ဘာဖြစ်လို့ ဆိပ်ကမ်းလေးမှာ ပေါက်စီလာမရောင်းရမှာလဲ။"
"မင်းက ငါ့စီးပွားရေးကို ထိခိုက်စေလို့ပေါ့။"
ယန်ကျိုက ပြောလာခဲ့သည်။
"ကျွန်တော်က ခင်ဗျားတို့စီးပွားရေးကို ဘယ်လိုထိခိုက်စေလို့လဲ။"
ရှောက်ယွိက ဘာမှမသိသည့်ပုံစံဖြင့် ပြန်မေးလိုက်လေ၏။
"လမ်းသွားလမ်းလာတွေက မင်းဆီကပဲဝယ်ပြီး ငါ့ဆီက ဘယ်သူမှ လာမဝယ်ကြတော့ဘူး!"
ယန်ကျိုက အော်ပြောခဲဲ့သည်။
"ဟုတ်တယ်!"
ဝူရှစ်ကလည်း ထောက်ခံပြောလာခဲ့သည်။
"အဲ့ဒါ သူတို့စိတ်ကြိုက်ဝယ်ကြတာ၊ ကျွန်တော်နဲ့ဘာဆိုင်လို့လဲ။"
ရှောက်ယွိက တုံ့ပြန်လိုက်လေ၏။
ယန်ဇနီးမောင်နှံမှာ ရှောက်ယွိကို ရက်အတော်ကြာ စောင့်ကြည့်နေခဲ့ရုံသာမက သူ၏နောက်ကြောင်းကိုလည်း စုံစမ်းခဲ့ကြသည်။ သူ၏မိဘများ၊ အစ်မနှင့် ယောက်ဖဖြစ်သူတို့က ဆုံးပါးသွားပြီဖြစ်ပြီး သူက တူဖြစ်သူကိုစောင့်ရှောက်ရင်း တစ်ယောက်တည်း နေထိုင်ရသူဖြစ်ကြောင်း ၎င်းတို့တွေ သိထားကြ၏။ သူက ရုပ်ရည်ချောမောသော်လည်း ဘဝင်မမြင့်ဘဲ လူတိုင်းကို အမြဲပြုံးပြတတ်သူဖြစ်ရာ ၎င်းတို့က သူ့ကို သဘောကောင်းလိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း ယခုလို လျှာစောင်းထက်သူဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
ယန်ဇနီးမောင်နှံက စာပေမတတ်ဘဲ ရန်ဖြစ်ရာ၌သာ တော်ကြသဖြင့် အကျိုးသင့်အကြောင်းသင့် မပြောဆိုတတ်ကြပေ။
ယန်ကျိုက ချက်ချင်းဆိုသလို အသံမြှင့်လိုက်သည်။
"မင်းက လူလည်ကျချင်တာလား။"
ရှောက်ယွိက အပြုံးလးဖြင့် ပြန်ပက်လိုက်သည်။
"လူလည်ကျနေတာက ခင်ဗျားတို့မဟုတ်ဘူးလား။"
"စကားရှည်မနေနဲ့။ မင်း ထွက်သွားမှာလား၊ မသွားဘူးလား၊ ဒါပဲပြော။"
ယန်ကျိုက မေးမြန်းလိုက်လေ၏။
"မသွားဘူး။"
ရှောက်ယွိက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။
"ဒီလိုဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့!"
ယန်ကျိုက သူ၏အင်္ကျီလက်များကို ပင့်တင်ကာ ရှောက်ယွိဆီသို့ လျှောက်သွားလိုက်သည်။
ဝူရှစ်တစ်ယောက် ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ ဟန်ဆောင်ပန်ဆောင်ဖြင့် ဝင်ရောက်ဖျန်ဖြေခဲ့၏။
"လူငယ်လေးရယ်၊ ခေါင်းမမာစမ်းပါနဲ့။ သူက အရိုက်ကြမ်းတယ်။ မင်းရဲ့ပေါက်စီတွေက အရသာရှိတာပဲ။ အရိုက်မခံရအောင် တခြားတစ်နေရာရာမှာပဲ သွားရောင်းလိုက်ပါ။"
"ကျွန်တော် ခင်ဗျားတို့ကိုပြန်ရိုက်ပစ်မှာ!"
မင်ဟယ်က မုန်လာဥဖြူကြီးကိုမြှောက်ကာ ယန်ကျိုဆီသို့ ပြေးဝင်သွားခဲ့သည်။
"မင်ဟယ်!"
ရှောက်ယွိတစ်ယောက် မင်ဟယ်၏အင်္ကျီကော်လံအနောက်ကို လှမ်းဆွဲလိုက်လေသည်။
မင်ဟယ်က ရှေ့ဆက်မတိုးနိုင်သော်လည်း လက်ထဲမှ မုန်လာဥကြီးကိုတော့ ဓါးသိုင်းကျင့်နေသကဲ့သို့ ဝှေ့ယမ်းနေဆဲပင်။
ယန်ကျိုက အနားသို့ရောက်ပြီး ရှောက်ယွိကိုဖမ်းဆွဲရန် လက်လှမ်းလာခဲ့သည်။
"ယန်ကျို!"
ရှောက်ယွိ၏အသံက ရုတ်တရက် အေးစက်သွားခဲ့၏။
ထိုအသံကို ကြားလိုက်ရသောအခါ ယန်ကျိုတစ်ယောက် တုန်တက်သွားပြီး သူ၏လှုပ်ရှားမှုများကလည်း ရပ်တန့်သွားခဲ့သည်။
"ရှောက်ယွိ!"
ရုတ်တရက်ဆိုသလို ရင်းနှီးနေသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ကျန်းဝူက အမောတကောပြေးလာပြီး ရှောက်ယွိအရှေ့မှာ ပိတ်ရပ်လိုက်သည်။
"ရှောက်ယွိ၊ သူက မင်းကို အနိုင်ကျင့်နေတာလား။"
ကျန်းဝူက ပြောရင်းဆိုရင်း အင်္ကျီလက်ကိုပင့်တင်ကာ ပြန်ချရန်ပြင်တော့သည်။
ကျန်းဝူက အရပ်သိပ်မရှည်သော်လည်း အရပ်ပုသူမဟုတ်ပေ။ သူ့မှာ တုတ်ခိုင်သန်မာသော ခန္ဓာကိုယ်ဆောက်ပုံရှိပြီး အသားအရေက ညိုမှောင်နေသဖြင့် ကာယလုပ်သားတစ်ဦးဖြစ်ကြောင်း ထင်ရှားနေပေ၏။
ထိုအခါ ဝူရှစ်က ထိတ်လန့်တကြားဖြင့် ယန်ကျိုနားသို့တိုးကပ်သွားခဲ့ပြီး တီးတိုးပြောလိုက်သည်။
"ယောက်ျား၊ သူတို့က..."
"ငါက သူတို့ကို ကြောက်ရမှာလား!"
ယန်ကျိုက မိုက်ကန်းကန်းအသံဖြင့် အော်ပြောလိုက်သည်။
"ငါလုပ်လိုက်မယ်!"
ကျန်းဝူက အရှေ့သို့တိုးသွားလိုက်သည်။
ရှောက်ယွိက ကျန်းဝူအရှေ့မှာ လက်ဖြင့်လှမ်းတား၍ ပြောလိုက်လေ၏။
"မလုပ်နဲ့၊ ငါ့ဘာသာငါ ကိုင်တွယ်လိုက်မယ်။"
"မင်းက?"
ကျန်းဝူက သံသယဖြင့်ကြည့်လိုက်သည်။
ရှောက်ယွိက ခေါင်းညိတ်ပြလိုက်၏။
"အင်း၊ မင်းက မင်ဟယ်ကိုပဲ ကြည့်ထားပေး။ ငါ သူတို့ကို စကားနဲ့ အနိုင်ပိုင်းလိုက်မယ်!"
စကားနဲ့ အနိုင်ပိုင်းမယ်?
အဲ့ဒါက ဘယ်လိုမျိုးလဲ။
ရှောက်ယွိ၏နည်းလမ်းကို သိချင်နေသည့် ကျန်းဝူတစ်ယောက် မင်ဟယ်ကိုဘေးသို့ ဆွဲခေါ်သွားလိုက်သည်။ အကယ်၍ ရှောက်ယွိ မကိုင်တွယ်နိုင်လျှင်တောင် သူနှင့် ရှောက်ယွိ နှစ်ယောက်ပေါင်းချမည်ဆိုပါက အရှုံးမရှိနိုင်ဟုတွေးရင်း မင်ဟယ်၏လက်ကို ဆုပ်ကိုင်လျက် ဘေးမှာ ရပ်စောင့်နေခဲ့၏။
မင်ဟယ်ကတော့ အော်ဟစ်နေဆဲပင်။
"ကျွန်တော့်ဦးငယ်ကို အနိုင်မကျင့်နဲ့!"
ရှောက်ယွိက လှည့်ကြည့်ကာ နှစ်သိမ့်လိုက်လေသည်။
"အနိုင်မကျင့်ပါဘူး။ မင်ဟယ်၊ စိတ်ချနော်။"
ထိုသို့ပြောလိုက်မှ မင်ဟယ်က ငြိမ်ကျသွားခဲ့သည်။
ရှောက်ယွိက ယန်ကျိုကို ပြန်လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာထားကလည်း တဖြည်းဖြည်း လေးနက်လာခဲ့၏။
"ယန်ကျို၊ ခင်ဗျားက လက်ပါချင်တာလား။"
"ဟာသတွေလာပြောမနေနဲ။ ငါတို့ ဘာမှလက်မပါရသေးဘူး။"
ဝူရှစ်က ဝင်ပြောလာခဲ့၏။
"ခင်ဗျားတို့က အကြမ်းဖက်ရတာကို သဘောကျကြတယ် မဟုတ်ဘူးလား။"
ရှောက်ယွိက ယန်ကျိုကိုစိုက်ကြည့်ရင်း မေးလိုက်သည်။
"အဲ့တော့ဘာဖြစ်လဲ။"
ယန်ကျိုက ရဲတင်းစွာ ပြန်ပက်လိုက်သည်။
"ခင်ဗျားတို့ လက်စားချေခံရမှာကို မကြောက်ကြဘူးလား။"
"ဘယ်သူက လက်စားချေရဲမှာလဲ။"
"ကျွန်တော်ပေါ့။"
ရှောက်ယွိက အေးစက်သောအပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"ကျွန်တော်က အရမ်းအငြိုးကြီးတဲ့သူ။ တစ်စုံတစ်ယောက်က ကျွန်တော့်ကိုသတ်လိုက်လို့ ကျွန်တော် သရဲဖြစ်သွားရင်တောင် သူ့ကို လွှတ်ပေးမှာမဟုတ်ဘူး!"
ဤခေတ်ကာလ၌ လူတိုင်းက နတ်များ၊ တစ္ဆေသရဲများနှင့် သဘာဝလွန်အရာများကို ယုံကြည်ကြ၏။ ရှောက်ယွိတစ်ယောက် ထိုသို့ပြောလိုက်သောအခါ ယန်ဇနီးမောင်နှံမှာ အနည်းငယ်ထိတ်လန့်သွားခဲ့ကြသည်။ အထူးသဖြင့် ဝူရှစ်က ယန်ကျို၏အင်္ကျီစကို လှမ်းဆွဲလိုက်လေသည်။
ယန်ကျိုကတော့ ရှောက်ယွိ၏ရှေ့မှာ ဟန်ကိုယ့်ထားဆဲပင်။
ရှောက်ယွိက ယန်ကျိုကို စကားပြောခွင့်မပေးဘဲ ဆက်ပြောလိုက်၏။
"တကယ်လို့ ခင်ဗျား ကျွန်တော်ကို အသေမသတ်နိုင်ခဲ့သလို ကျွန်တော်ကလည်း ခင်ဗျားကို ပြန်မချနိုင်တဲ့အချိန်မျိုးမှာ ခင်ဗျားရဲ့အဖေ၊ ခင်ဗျားရဲ့အမေနဲ့ ခင်ဗျားရဲ့သားကို... ကျွန်တော့်ရဲ့ဒေါသတွေ ပြေတဲ့အထိ နောက်ကွယ်ကနေ ရှင်းပစ်လိုက်မှာ။"
"မင်း မလုပ်ရဲပါဘူး!"
ယန်ကျိုက အော်ပြောလိုက်လေ၏။
ထိုအခိုက်အတန့်၌ ကျန်းဝူက အရှေ့သို့ တစ်လှမ်းတိုးလာခဲ့သည်။
ရှောက်ယွိက ကျန်းဝူကိုတားကာ ဆက်ပြောလိုက်၏။
"ဒါက မကောင်းဘူးလား။ ဒါဆိုလည်း တခြားနည်းလမ်းပြောင်းလိုက်မယ်။"
ဝူရှစ်က ကြောက်လန့်တကြား မေးလိုက်၏။
"မင်းက တခြားဘာလုပ်ဦးမှာလဲ။"
ရှောက်ယွိက လေသံကိုပြောင်းကာ လေးလေးနက်နက်ပြောလိုက်သည်။
"သာ့ကျင့်ပြည်ရဲ့ ဥပဒေကျမ်း အတွဲ ၃၊ အပိုဒ် ၁၅ အရ၊ တစ်စုံတစ်ယောက်ကို မတရားသဖြင့် ကိုယ်ထိလက်ရောက်ကျူးလွန်ရင် ကြိမ်ဒဏ် အချက်၂၀ နဲ့ ငွေဒဏ် ၁ ကျပ်။ အပြင်းအထန်ဒဏ်ရာရအောင် ရိုက်နှက်ရင် ကြိမ်ဒဏ် အချက် ၃၀၊ ထောင်ဒဏ် လဝက်နဲ့ ငွေဒဏ် ၅ ကျပ်။ တကယ်လို့ လူသေတဲ့အထိဖြစ်သွာခဲ့ရင် အခြေအနေပေါ်မူတည်ပြီး သေဒဏ်၊ နယ်နှင်ဒဏ်၊ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခံရမယ်။ ယန်ကျို၊ ယန်ဖူးရန်၊ ခင်ဗျားတို့ ဘယ်တစ်ခုကို ရွေးချယ်ချင်လဲ။"
[T/N: ယန်ဖူးရန်က ဝူရှစ်ကိုပြောတာပါပဲ။ ယန်ကတော်ဆိုတဲ့ သဘောပါ။]
'ပညာတတ်မှ လူရာဝင်သည်' ဟူသော ဤခေတ်ကာလ၌ စာပေပညာမတတ်သူများသည် ပညာတတ်များကို ကြောက်ရွံ့တတ်ကြသည်။ အထူးသဖြင့် ရှောက်ယွိက သာ့ကျင့်ပြည်၏ဥပဒေကျမ်းကို လေးနက်သောအမူအရာဖြင့် ရွတ်ပြနေသဖြင့် ယန်ကျိုနှင့် ဝူရှစ်တို့မှာ မှင်တက်နေခဲ့ကြလေသည်။
ကျန်းဝူကလည်း ရှောက်ယွိကို စာပေတတ်မြောက်ကြောင်း သိသော်လည်း ဤမျှတော်လိမ့်မည်ဟု ထင်မထားခဲ့ရာ အံ့သြနေခဲ့မိ၏။
မုန်လာဥဖြူကြီးကို ပွေ့ပိုက်ထားသည့် မင်ဟယ်ကမူ သူ့ဦးငယ်ကိုမော့ကြည့်လျက် သူ့ဦးငယ်၏ကိုယ်မှ ကိုယ်ရောင်ကိုယ်ဝါများ တလက်လက်တောက်ပနေသည့်အလား မြင်နေခဲ့ပြီး သူ၏မျက်လုံးလေးများထဲမှာ အားကျမှုတစ်သိန်း ပြည့်နှက်နေခဲ့သည်။
ရှောက်ယွိက မရပ်သေးဘဲ ဆက်ပြောလိုက်၏။
"သြော် ဒါနဲ့၊ ခင်ဗျားတို့ရဲ့ ဝမ်းကွဲဦးလေးရဲ့ တူရဲ့ ဇနီးရဲ့ မောင်ရဲ့ ယောက္ခထီးက ရုံးတော်မှာ အရေးကြီးတဲ့ရာထူးကို တာဝန်ထမ်းဆောင်နေရတာမလား။"
ယန်ကျိုနှင့် ဝူရှစ်တို့နှစ်ယောက်လုံး ထိတ်လန့်သွားလေ၏။
"မင်း အဲ့ဒါကို ဘယ်လိုလုပ်သိတာလဲ။"
"ခင်ဗျားတို့ လူတွေကိုအနိုင်ကျင့်နေကြတာက သူ့အားကိုးကြောင့်လေ။"
ရှောက်ယွိက တစ်စုံတစ်ခုကို သတိရသွားသည့်ဟန်ဖြင့် ပြောလိုက်သည်။
"သြော် ဟုတ်သားပဲ။ သာ့ကျင့်ဥပဒေကျမ်းရဲ့ အတွဲ ၅၊ အပိုဒ် ၄၅ အရ အရာရှိတစ်ဦးက ဆင်းရဲသားတွေကို မှားယွင်းစွပ်စွဲခဲ့ရင် အားပေးကူညီသူအဖြစ် အပြစ်ဒဏ်သတ်မှတ်ခံရမယ်။"
ယန်ကျိုနှင့် ဝူရှစ်တို့၏မျက်နှာများမှာ အတော်လေးကို ပျက်ယွင်းသွားခဲ့ကြသည်။
ရှောက်ယွိက ထပ်ပြီးမေးလိုက်လေ၏။
"ယန်ကျို၊ ယန်ဖူးရန်၊ ခင်ဗျားတို့ ဆက်လုပ်ဖို့ဆန္ဒရှိသေးလား။"
ရှောက်ယွိကို ခြောက်လှန့်ရန်ကြိုးစားရာကနေ ကိစ္စများက ဤမျှရှုပ်ထွေးသွားလိမ့်မည်ဟု ယန်ကျို မျှော်လင့်မထားခဲ့မိပေ။
ဝူရှစ်က ယန်ကျို၏အင်္ကျီလက်ကိုဆွဲကာ ပြောလိုက်သည်။
"ယောက်ျား၊ သူက ဉာဏ်ကောင်းတဲ့ ပညာတတ်တစ်ယောက်ပဲ။ ကျွန်မတို့ သူ့ကို မယှဉ်နိုင်လောက်ဘူး။"
"ဒါဆိုရင် ဒီတိုင်းပဲ လွှတ်ပေးလိုက်ရမှာလား။"
ယန်ကျိုက လက်လျှော့ဖို့ တွေဝေနေခဲ့သည်။
"သေချာပေါက် ဒီတိုင်းလွှတ်ပေးရမှာပေါ့။ အဲ့ဒါတင်မကသေးဘူး၊ မနက်ဖြန်ကနေစပြီး ခင်ဗျားတို့ ဆိပ်ကမ်းက တခြားစျေးသည်တွေကိုလည်း အနိုင်ကျင့်လို့မရဘူး။ လူတိုင်း ကိုယ့်စီးပွားရေးကိုယ်ပဲ လုပ်သင့်တယ်။ မဟုတ်ရင်တော့ ကျွန်တော် အသက်ရှင်နေသရွေ့ ခင်ဗျားတို့နဲ့ ခင်ဗျားတို့ ဝမ်းကွဲဦးလေးရဲ့ တူရဲ့ မိန်းမရဲ့ မောင်ရဲ့ ယောက္ခထီးကိုပါ ရုံးတော်မှာ တိုင်ချက်သွားဖွင့်လိုက်မှာ။ ကျွန်တော် သေသွားရင်တောင် ခင်ဗျားတို့မိသားစုကို ဘယ်တော့မှ အေးအေးချမ်းချမ်းနေခွင့်ပေးဘူး! ခင်ဗျားတို့မိသားစုကို မျိုးပြတ်သွားအောင်လုပ်ပစ်မယ်!"
ရှောက်ယွိ၏အသံက မကျယ်သော်လည်း ပြောလိုက်သည့်စကားလုံးများကတော့ ကြောက်စရာကောင်းနေခဲ့သည်။
ယန်ကျို၏လက်များက တုန်ယင်လာခဲ့၏။
ကြောက်လန့်နေပြီးသားဖြစ်သော ဝူရှစ်ကမူ တီးတိုးပြောလိုက်သည်။
"ကျွန်မ ပြောသားပဲ၊ သူက သူ့ပေါက်စီသူရောင်း၊ ကျွန်မတို့က ကျွန်မတို့ဟာကျွန်မတို့ရောင်းလို့ရတာကို။ ရှင်ကိုက ပြဿနာရှာချင်နေတာ။ သူပြောတာတွေက ဘယ်လောက်ကြောက်စရာကောင်းလဲ ကြည့်လိုက်ဦး။ သူ့ကို ဘာမှလုပ်နဲ့တော့၊ မဟုတ်ရင် ကျွန်မတို့ ခက်ခက်ခဲခဲရထားတဲ့ သားလေး ဘာဖြစ်သွားမယ်ထင်လဲ။"
"ငါတို့ ဝင်ငွေနည်းသွားပြီဆိုပြီး မင်းပဲ ညည်းနေခဲ့တာမဟုတ်ဘူးလား!"
ယန်ကျိုက ဝူရှစ်ကို အော်ငေါက်လိုက်လေ၏။
"ဒါဆိုလည်း ရှင်က အော်ပြီးရောင်းပါ့လား!"
"ငါက အော်မရောင်းလို့လား။ မင်းရဲ့ပေါက်စီကိုက စားမကောင်းလို့ ဖြစ်မှာပေါ့။"
"ယန်ကျို၊ ရှင် နှလုံးသားမမဲ့စမ်းနဲ့။ ပေါက်စီကို ရှင်လည်းလုပ်တာပဲ မဟုတ်ဘူးလား။"
"ငါ လုပ်တယ်လေ။ ဒါပေမဲ့ စားမကောင်းဘူးလို့ ငါ ဘယ်တုန်းကမှ ညည်းမနေဘူး။"
"..."
လင်မယားနှစ်ယောက်က ထိုနေရာတင် အကြီးအကျယ် ရန်ဖြစ်ကြတော့သည်။
ယန်ကျိုက ဒေါသထွက်ထွက်ဖြင့် လှည့်ထွက်သွားပြီး ဝူရှစ်ကလည်း ငိုကာယိုကာဖြင့် သူ့အနောက်ကနေ လိုက်သွားခဲ့လေ၏။
"သူတို့သွားကြပြီ!"
မင်ဟယ်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
ဆိုတော့ ဒါက စကားနဲ့အနိုင်ပိုင်းတယ်ဆိုတာလား။
ရှောက်ယွိတစ်ယောက် အားမစိုက်လိုက်ရဘဲ ယန်ဇနီးမောင်နှံကို နှုတ်ဖြင့်ပင် မောင်းထုတ်နိုင်ခဲ့သည်။
ဆိုင်ရှင်ယောင်က ရှောက်ယွိကို လုပ်အားခများ လိုလိုလားလားပေးခဲ့သည့်အကြောင်းအရင်းကို ကျန်းဝူ ယခုမှပဲ နားလည်သွားတော့သည်။
ရှောက်ယွိက အမှန်တကယ့်ကို လိမ္မာပါးနပ်ပြီး စကားပြောအလွန်ကောင်းပေ၏။
ကျန်းဝူ၏အကြည့်များက ထွက်ခွာသွားသော ယန်ကျိုတို့ဆီမှ ရှောက်ယွိဆီသို့ ကျရောက်လာခဲ့သည်။ ရှောက်ယွိက ကြည့်ကောင်းမှန်း သူ အမြဲတမ်းသိထားသော်လည်း ယနေ့မှာမူ ရှောက်ယွိက ပိုလို့တောင်ထူးကဲနေကြောင်း သူ ခံစားလိုက်ရသည်။ ရိုးရှင်းသောဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် မျက်ခုံး၊ မျက်လုံးလေးများက လှပကာ နှုတ်ခမ်းလေးက ရဲနေပြီး သူ မြင်ဖူးသမျှထဲ အချောဆုံးဖြစ်နေခဲ့၏။ ကျန်းဝူတစ်ယောက် အကြည့်မလွှဲနိုင်ဘဲ ငေးကြည့်နေမိခဲ့လေသည်။
"ကျန်းဝူ။"
ရှောက်ယွိက လှမ်းခေါ်လိုက်၏။
ကျန်းဝူ သတိပြန်ကပ်လာချိန်၌ ရှောက်ယွိ၏နူးညံ့သောမျက်ဝန်းများနှင့် အကြည့်ချင်းဆုံသွားခဲ့ပြီး သူ၏ရင်ခုန်သံများ မြန်ဆန်လာခဲ့သည်။ သူ ရှောက်ယွိ၏မျက်ဝန်းများကို တည့်တည့်မကြည့်ရဲတော့ဘဲ မျက်နှာလွှဲလိုက်ရပြီး သူ့မျက်နှာတစ်ခုလုံး ပူထူလာသလို ခံစားလိုက်ရသည်။
"လာကူပေးလို့ ကျေးဇူးတင်ပါတယ်။"
ရှောက်ယွိက ပြောလိုက်သည်။
"ငါ ဘာမှ လုပ်မပေးလိုက်ရပါဘူး။"
ကျန်းဝူက ပြန်ပြောခဲ့၏။
"မင်း ဒီကိုရောက်လာတာနဲ့တင် အကူအညီဖြစ်နေပါပြီ။"
ယန်ကျိုတို့ ပြဿနာရှာသည့်အကြောင်းကို စဉ်းစားရင်း ကျန်းဝူ၏ ယောက်ယက်ခတ်နေသောအတွေးများက ပြန်ငြိမ်သွားပြီး စိတ်အားထက်သန်စွာ မေးမြန်းလိုက်သည်။
"အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ။"
ရှောက်ယွိက ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။
"သူတို့ပေါက်စီ ရောင်းမထွက်တာနဲ့ သူများကို အပြစ်လာတင်နေတာလား။"
"အင်း။"
"နောက်ဆိုရင် သူတို့ မင်းကိုပြဿနာရှာကြဦးမလား မသိဘူး။"
"မရှာလောက်တော့ပါဘူး။ သူတို့က ဆိုးဆိုးဝါးဝါး ယုတ်မာတဲ့လူတွေ မဟုတ်သလို ကောက်ကျစ်တာမျိုးလည်း မရှိဘူး။ ငါ့ကို အနိုင်ကျင့်လို့မရမှန်း သိသွားကြပြီဆိုတော့ နောက်ဆို မကျေနပ်ရင်တောင် ဘာမှထပ်လုပ်မှာမဟုတ်လောက်တော့ဘူး။"
လက်တွေ့ဘဝ၌ ဤကဲ့သို့ခလုတ်ကန်သင်းများနှင့် တစ်ခါတိုက်မိပြီးလျှင် သူ့လမ်းသူသွား၊ ကိုယ့်လမ်းကိုယ်သွား ဖြစ်သွားကြစမြဲပင်။
"ဟုတ်ပါပြီ။ နောက်ဆို တစ်ခုခုလိုတာရှိရင် ငါ့ကို လာရှာလိုက်။ ငါ့မှာ အတိုက်အခိုက်တော်တဲ့ သူငယ်ချင်းတွေရှိတယ်။"
ကျန်းဝူက ပြောလာခဲ့၏၊။
"အေးပါ။"
ရှောက်ယွိက ပြုံးပြလိုက်ပြီးနောက် သူ့ကိုမေးလိုက်၏။
"ဒါနဲ့ စကားမစပ်၊ မင်းက ဘာလို့ ဒီဘက်ကိုရောက်နေတာလဲ။"
"သြော်၊ စောစောက ရွာသားတစ်ယောက် ဝမ်ယွဲ့စားသောက်ဆိုင်နားက ဖြတ်သွားရင်း ငါ့အမေ နေမကောင်းဘူးလို့ ဝင်ပြောသွားလို့။ အဲ့ဒါ ဆိုင်ရှင်ဆီမှာ ခွင့်တောင်းပြီး သူ(မ)ကို သွားကြည့်မလို့ ပြန်လာခဲ့တာ။"
"သူ(မ) ဘာဖြစ်လို့လဲ။"
"ရောဂါဟောင်းပြန်ထတာပါ။"
"ဒါဆို မင်း မြန်မြန်ပြန်တော့လေ။"
"အေးပါ။"
ကျန်းဝူက သဘောတူလိုက်ပြီး ရှောက်ယွိကို နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ပြီးနောက် မင်ဟယ်ကို ကြည့်ကာ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်လုံး ပြည့်လာကြတာပဲ။ အထူးသဖြင့် မင်ဟယ်ပဲ၊ အရင်ကထက် ဖောင်းဖောင်းလေးဖြစ်လာတယ်။"
"ကျွန်တော်က နေ့တိုင်း အများကြီးစားတာလေ! ဝက်ကလေးလိုမျိုးပဲ!"
မင်ဟယ်က ကြွေးကြော်လိုက်လေ၏။
မည်သူက ကိုယ့်ကိုယ်ကိုယ် ဝက်ကလေးနှင့် နှိုင်းတတ်သနည်း။
ရှောက်ယွိက သဘောကျကာ ပြုံးလိုက်လေ၏။
ထိုအပြုံးက အလွန်ဆွဲဆောင်မှုရှိလွန်းသဖြင့် ကျန်းဝူမှာ ဆက်မကြည့်ရဲတော့ပေ။ ကျန်းဝူတစ်ယောက် သူနှင့် မင်ဟယ်တို့ ပေါက်စီရောင်းသည့်ကိစ္စကိုတောင် မမေးနိုင်တော့ဘဲ အမြန်နှုတ်ဆက်ကာ ပျာပျာသလဲ ထွက်ခွာသွားတော့သည်။
ရှောက်ယွိက မင်ဟယ်ကိုကြည့်ကာ ခေါ်လိုက်၏။
"မင်ဟယ်။"
"ဟုတ်။"
မင်ဟယ်က လက်တစ်ဖက်ဖြင့် မုန်လာဥဖြူကြီးကို ပိုက်ထားပြီး ကျန်လက်တစ်ဖက်က ရှောက်ယွိ၏ခြေထောက်ကို ဖက်ထားခဲ့၏။
"ကြောက်နေခဲ့တာလား။"
ရှောက်ယွိက ငုံ့ကြည့်ကာ မေးလိုက်သည်။
"နည်းနည်းတော့ ကြောက်တယ်။"
မင်ဟယ်က ခေါင်းလေးမော့ကာ ဝန်ခံခဲ့၏။
"ဒါဆိုရင် ခုနက ဘာဖြစ်လို့ ဝင်ချမလို့လုပ်ခဲ့တာလဲ။"
"ဘာလို့ဆိုတော့ သား ဦးငယ်ကို ကာကွယ်ပေးချင်လို့ပေါ့။"
"ဦးငယ် တကယ်ကို ပျော်တယ်။ မင်ဟယ်က အရမ်းတော်တာပဲ။ ဒါပေမဲ့ မင်ဟယ်မှတ်ထားနော်၊ ဦးငယ်ကလည်း အရမ်းတော်တဲ့သူဆိုတော့ ဦးငယ်တို့ ကြောက်ဖို့မလိုတော့ဘူး၊ ဟုတ်ပြီလား?"
ရှောက်ယွိ၏အသံက အလွန်တရာ နူးညံ့နေခဲ့သည်။
"ဟုတ်! ဦးငယ်၊ ဦးငယ်က နေမင်းကြီးလိုပဲ အရမ်းသန်မာတယ်။"
"နေမင်းကြီးက သန်မာတယ်ပေါ့?"
"ဟုတ်၊ သူက မျက်စိကျိန်းအောင် လုပ်နိုင်တယ်လေ။"
"အဲ့လိုကိုး။"
"ဒါပေမဲ့ သားရဲ့မျက်စိကိုတော့ ကျိန်းအေင်မလုပ်နိုင်ပါဘူး။"
"ဘာဖြစ်လို့လဲ။"
"ဘာလို့လဲဆိုတော့ သားက ဦးငယ်ရဲ့အချစ်ဆုံးမို့!"
မင်ဟယ့်စိတ်ထဲမှာ အရိပ်မည်းများ ကျန်မနေစေရန် ရှောက်ယွိက လမ်းတစ်လျှောက်လုံး စကားတပြောပြောဖြင့် မင်ဟယ်ကို ပြုံးရွှင်လာအောင် လုပ်ပေးခဲ့သည်။ အိမ်ပြန်ရောက်သောအခါ နှစ်ဦးသား ခဏအနားယူကြခဲ့ကြ၏။ ထို့နောက် နေ့လယ်စာစားချိန်နှင့် နီးကပ်လာသောအခါ သူက မေးလိုက်သည်။
"မင်ဟယ်၊ နေ့လယ်စာ ဘာစားချင်လဲ။"
"ဦးငယ်စားတာ စားမယ်။"
မင်ဟယ်က ခေါင်းလေးစောင်းကာ ပြန်ဖြေခဲ့သည်။
မင်ဟယ်မှာ မကောင်းသောစိတ်ခံစားချက်များ မရှိတော့ကြောင်း သေချာသွားတော့မှ ရှောက်ယွိ စိတ်အေးသွားခဲ့သည်။ ထို့နောက် သူက အကြံပြုလိုက်၏။
"ဒါဆို ဦးငယ်က မုန်လာဥမျှင်မုန့်လုပ်ပေးမယ်၊ အဆင်ပြေလား။"
"ကောင်းတယ်၊ ကောင်းတယ်! ဒါဆို သား မီးမွှေးပေးမယ်နော်။"
"ဟင့်အင်း၊ မင်ဟယ်က ကြက်သွန်မြိတ်လေးတွေ သွားနှုတ်ပေး။"
"ဟုတ်!"
"အများကြီးနှုတ်ခဲ့နော်။"
"ဟုတ်!"
ရှောက်ယွိက အင်္ကျီလက်ကိုပင့်တင်ကာ မုန်လာဥဖြူကို အခွံခွာလိုက်သည်။ မုန်လာဥများကို အမျှင်အဖြစ်ရအောင် လက်နှင့်လှီးရမည်ဟု ထင်ထားခဲ့သော်လည်း ၎င်းတို့၏ ချွတ်ခြုံကျနေသောအိမ်ထဲမှာ မုန်လာဥခြစ်သည့်ခြစ်ရှိနေကြောင်း တွေ့လိုက်ရသဖြင့် ရှောက်ယွိအတွက် အချိန်ကုန်သက်သာသွားပြီး လူအားလည်း သိပ်မစိုက်လိုက်ရတော့ပေ။
မုန်လာဥမျှင်များကို လုံလုံလောက်လောက်ခြစ်ပြီးချိန်အထိ မင်ဟယ်က ပြန်ရောက်မလာခဲ့ပေ။ ထို့ကြောင့် ရှောက်ယွိတစ်ယောက် ခြံဝင်းဘက်သို့ လှမ်းခေါ်လိုက်သည်။
"မင်ဟယ်ရေ!"
တုံ့ပြန်သံ မကြားရပေ။
"မင်ဟယ်!"
ထပ်ခေါ်လိုက်သော်လည်း ပြန်မထူးခဲ့ချေ။
ပုံမှန်အားဖြင့် မင်ဟယ်က သူ့ကိုခေါ်လျှင် ချက်ချင်းပြန်ထူးတတ်သူဖြစ်သည်။ ရှောက်ယွိ စိုးရိမ်သွားပြီး လက်ထဲကပန်းကန်ကို အောက်ချကာ ခြံဝင်းထဲသို့ အပြေးထွက်ကြည့်လိုက်သည်။ ရှောက်ယွိ မလှမ်းမကမ်းကနေ ဟင်းသီးဟင်းရွက်ခင်းထဲမှာ ဖင်ဘူးတောင်းလေးထောင်လျက် ငြိမ်သက်နေသည့် မင်ဟယ်ကို တွေ့လိုက်ရလေသည်။
***
Aurora Novel Translation Team