no

Font
Theme

အပိုင်း (၃)

ကျန်းဝူက မူလကိုယ်၏လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။ တစ်ယောက်က အရှေ့ခန်းမထဲမှာ စားပွဲထိုး၊ နောက်တစ်ယောက်က မီးမိုချောင်ထဲမှာ အကူအဖြစ် ဝမ်ယွဲ့မှာ အတူတူအလုပ်လုပ်ခဲ့ကြသည်။ ၎င်းတို့က ဆင်းရဲသောနောက်ခံကနေ ဆင်းသက်လာသူများဖြစ်ကြပြီး နေ့စဉ်အလုပ်လုပ်ရင်း သဘာဝအတိုင်း ရင်းနှီးလာခဲ့ကြသည်။

ရှောက်ယွိက နူးညံ့စွာ ပြန်ဖြေခဲ့သည်။

"ငါ ထမင်းလာစားတာ။"

ကျန်းဝူက အလွန်အံ့သြသွားခဲ့သည်။

"ဆိုင်ရှင်ယောင်က မင်းကို လစာပေးလိုက်ပြီလား။"

ရှောက်ယွိက ခေါင်းခါပြလိုက်သည်။

"မပေးသေးဘူး။"

"ဒါဆို မင်း ဘယ်ကနေ ငွေရတာလဲ။"

ကျန်းဝူက ရှောက်ယွိဆင်းရဲကြောင်းကို သိထားသည်။

ရှောက်ယွိက ပြန်မဖြေခဲ့ပေ။

ကျန်းဝူက ထပ်ပြီးဖိအားမပေးတော့ဘဲ အကြံပေးလိုက်သည်။

"မင်းမှာ ငွေရှိရင်တောင် ဒီမှာလာမစားနဲ့။ တစ်နပ်စာကို အနည်းဆုံး ဆယ်ဂဏန််းလောက်ရှိပြီး အများဆုံးဆို ရာချီတယ်။ ငါးတွေ၊ အသားတွေဝယ်ပြီး ကိုယ့်အိမ်မှာကိုယ် ချက်စားတာက ပိုပြီးသက်သာတယ်။"

ရှောက်ယွိက ကျန်းဝူ၏စေတနာကို နားလည်ပေ၏။

"ငါ ဒီနေ့တစ်နပ်ကို မဖြစ်မနေစားရမှာ။"

ကျန်းဝူက ခန့်မှန်းလိုက်သည်။

"မင်းက ဒီတစ်နပ်ကိုအကြောင်းပြုပြီး မင်းရဲ့လုပ်အားခကို ပြန်တောင်းဖို့စီစဥ်နေတာလား။"

ရှောက်ယွိက မငြင်းခဲ့ပေ။

ကျန်းဝူက လေးလေးနက်နက်ပြောလိုက်သည်။

"ရှောက်ယွိ၊ ဆိုင်ရှင်ယောင်က ချင်းရှီမြို့သားနော်။"

ရှောက်ယွိက မေးလိုက်သည်။

"ဒီတော့?"

ကျန်းဝူက ပိန်လှီနေသောရှောက်ယွိကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"မင်းမှာ ဆွေမျိုးတစ်ယောက်တောင် မရှိဘူး။"

"ရှိပါတယ်။ ကျွန်တော်က ဦးငယ်ရဲ့ဆွေမျိုးပါ။"

မင်ဟယ်က စကားဖြတ်ပြောခဲ့ပြီး သူ၏မျက်နှာလေးက အလွန်လေးနက်နေသည်။

"ကျွန်တော်က ဦးငယ်ရဲ့ အရင်းနှီးဆုံးဆွေမျိုးပါ။"

ရှောက်ယွိက ရယ်မောလိုက်ပြီး ကလေးငယ်၏ပါးပြင်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။

"မင်းပြောတာမှန်တယ်!"

ဦးငယ်၏အဖြေကို ရလိုက်သောအခါ မင်ဟယ်က အလွန်ပျော်ရွှင်သွားပုံပင်။

ထိုအခါမှ ကျန်းဝူက မင်ဟယ့်ကို သတိပြုမိလိုက်သည်။

"မင်းရဲ့တူလေးလား။ မင်ဟယ်တဲ့လား။"

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သည်။

"မင်ဟယ်၊ နှုတ်ဆက်လိုက်ပါဦး။"

မင်ဟယ်က ချက်ချင်းဆိုသလို ယဥ်ကျေးစွာနှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ဦးလေး။"

ကျန်းဝူက ပြောလိုက်သည်။

"လိမ္မာတဲ့ကောင်လေးပဲ။ ကလေးက မင်းအတိုင်း လူချောလေးပဲကွ။"

ရှောက်ယွိက ပြုံးလိုက်၏။

"ကျေးဇူးပဲ။"

ကျန်းဝူက အရေးကြီးကိစ္စကို ပြန်ပြောလိုက်သည်။

"ရှောက်ယွိ၊ ငါဆိုလိုတာက ငါတို့ ဆိုင်ရှင်ယောင်ကို မယှဥ်နိုင်ဘူး။ မင်းလည်း သိသားပဲ။ သူ့မှာ အရမ်းတော်တဲ့ ဇနီးတစ်ယောက်နဲ့ ပုံမှန်ဆို မြို့ထဲမှာ လှည့်ပတ်ပြီးအနိုင်ကျင့်နေကြတဲ့ သန်မာတဲ့ဦလေးရှစ်ယောက်တောင် ရှိတယ်။ သူ့မိန်းမက အရမ်းတင်းကျပ်လွန်းလို့ သူက အလုပ်သမားတွေရဲ့လစာကိုဖြတ်ပြီး သူ့အတွက်သူသုံးနေတယ်ဆိုတာ လူတိုင်းသိပေမဲ့ ဘယ်သူကမှ ဘာမှမပြောရဲကြဘူး။ ငါတို့ အဲ့ဒါကို လက်ခံဖို့ပဲရှိတယ်။"

ထိုအချက်ကို ရှောက်ယွိ အမှန်တကယ်သိထားပြီး သိထားသောကြောင့်လည်း ဤနေရာသို့ လာရဲခြင်းဖြစ်သည်။

"ကျန်းဝူ၊ မင်းရဲ့စေတနာကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ ငါ့မှာ အကြံရှိတယ်။"

"ရှောက်ယွိ—"

"ကျန်းဝူ၊ ငါ့ကို ယုံထားလိုက်။"

ကျန်းဝူက မယုံကြည်သေးပေ။

ရှောက်ယွိတစ်ယောက် ရွေးချယ်စရာမရှိတော့ဘဲ မင်ဟယ်ကိုလက်ဆွဲခေါ်၍ ဝမ်ယွဲ့စားသောက်ဆိုင်ထဲ ဝင်သွားခဲ့သည်။

ကျန်းဝူက အနောက်ကနေလိုက်ကာ သူ့ကိုဖျောင်းဖျရန် ကြိုးစားနေခဲ့သည်။

ဝမ်ယွဲ့စားသောက်ဆိုင်က အပေါ်ထပ်၊ အောက်ထပ်တွင် ဧည့်သည်များနှင့် စည်ကားနေခဲ့သည်။ ရှောက်ယွိက မင်ဟယ်ကိုဆွဲခေါ်ပြီး ပတ်ပတ်လည်လိုက်ကြည့်ကာ ခန်းမထဲရှိ စားပွဲအလွတ်တွင် ဝင်ထိုင်လိုက်ပြီး စကားပြောလို့မပြီးသေးသော ကျန်းဝူကို ဖြတ်ပြောလိုက်၏။

"သစ်အယ်သီးနဲ့ ကြက်သားဟင်းတစ်ပွဲ၊ ဆန်မုန့်တစ်ပွဲ၊ ကြက်ဥခေါက်ဆွဲတစ်ပွဲ၊ သိုးပေါင်ကြော်တစ်ချောင်း၊ ပေါက်စီနှစ်လုံးနဲ့ အစုံဟင်းချိုတစ်ပွဲ။"

မင်ဟယ်က ပြောလိုက်လေ၏။

"အဲဒီလောက် အများကြီးလား။"

ရှောက်ယွိက ခေါင်းညိတ်ပြလိုက်သည်။

မင်ဟယ်က တီးတိုးပြောလိုက်၏။

"ဦးငယ်၊ သားတို့မှာ ငွေလုံလုံလောက်လောက် ပါလို့လား။"

ရှောက်ယွိကလည်း တိုးတိုးလေး ပြန်ပြောလိုက်သည်။

"မပါဘူး။ ဒါပေမဲ့ မင်းဦးငယ် ဉာဏ်ကောင်းတာကိုယုံပြီး စိတ်ချလက်ချသာစားပါ။"

မင်ဟယ်က သူ့ဦးငယ်ကို ယုံကြည်ပေ၏။

"ဟုတ်။"

ကျန်းဝူက အံ့အားသင့်သွား၏။

"မင်း မင်းရဲ့လုပ်အားခအတွက် ဒီဟင်းပွဲတွေနဲ့ အစားထိုးချင်တာလား။"

စကားလုံးအနည်းငယ်တည်းဖြင့် ရှင်းပြလို့မရသဖြင့် ရှောက်ယွိက တုံ့ပြန်လိုက်သည်။

"စားပွဲထိုး၊ ငါက စားသုံးသူဧည့်သည်တစ်ယောက်ပါ။ မင်း ငါ့ကို ဟင်းပွဲတွေမြန်မြန်ယူလာမပေးရင် ငါ ဒေါသထွက်မိမှာပဲ။"

ကျန်းဝူက ဒွိဟဖြစ်သွား၏။

"ရှောက်ယွိ၊ အခုလိုလုပ်တာက..."

"စိတ််မပူပါနဲ့။ အဆင်ပြေပါတယ်။"

စိုးရိမ်နေဆဲဖြစ်သော ကျန်းဝူမှာ အခြားရွေးချယ်စရာမရှိဘဲ ရှောက်ယွိကိုသာယုံကြည်ပြီး မီးဖိုချောင်ထဲသို့သွား၍ အမှာစာများကို အမြန်လုပ်ခိုင်းလိုက်တော့သည်။

"မင်ဟယ်။"

ရှောက်ယွိက ခေါ်လိုက်၏။

မူလကိုယ် ဤနေရာမှာအလုပ်လုပ်စဥ်က မင်ဟယ်ကိုခေါ်လာဖို့ နည်းလမ်းမရှိခဲ့သောကြောင့် မင်ဟယ်က အိမ်မှာ တစ်ယောက်တည်းစောင့်နေခဲ့ရသည်။ ထို့ကြောင့် သူက စားသောက်ဆိုင်ထဲ ဝင်ဖူးခြင်းမရှိသလို လူများများစားစားကိုလည်း မတွေ့ဖူးခဲ့ပေ။ သူက စိတ်မသက်မသာဖြစ်နေပြီး ဆိုင်ရှင်ယောင်၏တစ်မိသားစုလုံးကို သတ်ပစ်မည့်တစ်စုံတစ်ယောက်နှင့် လုံးဝမတူချေ။

ရှောက်ယွိက သူ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

"မကြောက်ပါနဲ့၊ ခဏနေရင် ထမင်းစားရုံပဲ။"

မင်ဟယ်၏ကိုယ်လေးက ချက်ချင်းမတ်သွားပြီး အလွန် အလေးအနက်ထားကာ ပြောလာ၏။

"ဦးငယ်၊ သား မကြောက်ပါဘူး၊ သားက ဦးငယ်ကို ကာကွယ်ပေးမှာပါ။"

ရှောက်ယွိက ပြုံးပြကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ။"

သိပ်မကြာခင် ကျန်းဝူက ဟင်းပွဲများကိုယူလာပြီး ဘယ်ကမှန်းမသိသော မြေပဲသကြားလုံးအနည်းငယ်ကို ယူလာကာ မင်ဟယ်၏ရင်ခွင်ထဲ ထည့်ပေးခဲ့သည်။

"ငါ အခုမှ မင်းရဲ့တူလေးကို ပထမဆုံးတွေ့ဖူးတာ။ ငါ့မှာ ပေးစရာလက်ဆောင်ကောင်းကောင်းမရှိလို့ ကလေးအတွက် ဒီသကြားလုံးလေးတွေပဲ ပေးနိုင်တယ်။ စိတ်တော့မရှိနဲ့ကွာ။"

"ကျေးဇူးတင်ပါတယ်။"

ရှောက်ယွိက ပြောလိုက်သည်။

မင်ဟယ်က ယဥ်ကျေးစွာ ပြောလိုက်လေ၏။

"ကျေးဇူးတင်ပါတယ်၊ ဦးလေး။"

"လိမ္မာလိုက်တဲ့ကလေး။"

ကျန်းဝူက မင်ဟယ်ကိုပြုံးပြလိုက်ပြီးနောက် ရှောက်ယွိဘက်သို့လှည့်ကာ တစ်စုံတစ်ခုပြောရန်ပြင်လိုက်သည်။

ရှောက်ယွိက ဖြတ်ပြောလိုက်လေ၏။

"ကျန်းဝူ၊ မင်းလုပ်စရာရှိတာကိုသာ သွားလုပ်ပါ။ ငါတို့အတွက် စိတ်မပူနဲ့။"

ထိုစဥ် တစ်စုံတစ်ယောက်က စားပွဲထိုးကို ခေါ်နေရာ ကျန်းဝူက သွားခဲ့ရ၏။ သူက စိိတ်မချဖြစ်နေပြီး ရှောက်ယွိနှင့် မင်ဟယ်တို့ကို ခဏခဏ လှမ်းကြည့်နေခဲ့သည်။ ရှောက်ယွိနှင့် ကလေးက မည်မျှသနားစရာကောင်းကြောင်း သူက တွေးနေခဲ့လေသည်။ ခဏနေ ဆိုင်ရှင်ယောင်နှင့် ပြဿနာတက်ခဲ့ပါ သူ အလုပ်ပြုတ်ချင်ပြုတ်ပါစေ၊ ရှောက်ယွိဘက်ကနေ သတ္တိရှိရှိနှင့် လိုက်ပြောပေးမည်ပင်။

ရှောက်ယွိက ကျန်းဝူ၏အတွေးများကို သတိမပြုမိပေ။ သူ့အရှေ့မှ စားတော်ပွဲကြီးကိုကြည့်ကာ အလွန်အမင်း ကျေနပ်နေခဲ့သည်။ သို့သော်လည်း ရေရှည်အစာငတ်ခံခဲ့ရသည့်အတွက် သူနှင့် မင်ဟယ်တို့၏ အစာအိမ်အူလမ်းကြောင်းများက အားနည်းနေပြီး အဆီများသောအစားအစာများကို ချက်ချင်းစားသုံးရန် မသင့်ပေ။ ထို့ကြောင့် သူက အကြံပြုလိုက်၏။

"မင်ဟော်၊ အရင်ဆုံး ခေါက်ဆွဲကိုစားကြည့်။"

"ဦးငယ်၊ သားတို့ အတူတူစားကြမယ်လေ။"

"ဟုတ်ပါပြီ။"

ရှောက်ယွိတစ်ယောက် ခေါက်ဆွဲအနည်းငယ် စားလိုက်ပြီးနောက် ကိုယ်ရောစိတ်ပါ လန်းဆန်းသွားခဲ့သည်။

မင်ဟယ်၏မျက်လုံးများက ကြယ်များပမာ တောက်ပလာ၏။

"ဦးငယ်၊ ဒီခေါက်ဆွဲက အရမ်းအရသာရှိတာပဲ၊ တစ်လောကလုံးမှာ အကောင်းဆုံးပဲ။"

ရှောက်ယွိက နွေးထွေးစွာပြောလိုက်သည်။

"ထပ်စားဦးလေ။"

"ဟုတ်၊ ဦးငယ်လည်းစားနော်။"

အနည်းငယ်ထပ်စားပြီးနောက် ရှောက်ယွိတစ်ယောက် ဆိုင်ရှင်ယောင်က ဆိုင်ထဲမှာသွားလာနေပြီး ဧည့်သည်များနှင့်စကားပြောနေကြောင်း တွေ့လိုက်ရသည်။ သူက တည်ငြိမ်စွာခေါ်လိုက်သည်။

"ဆိုင်ရှင်ယောင်။"

ထိုအသံကို ကြားလိုက်ရသောအခါ ဆိုင်ရှင်ယောင်က အပြုံးဖြင့်လှည့်လာခဲ့သော်လည်း ရှောက်ယွိကို မြင်လိုက်ရသောအခါ သူ၏မျက်နှာက မည်းမှောင်သွားခဲ့ပြီး မနှစ်မြို့စွာမေးလိုက်သည်။

"မင်းက ဘာလို့ ဒီမှာရှိနေတာလဲ။"

"စားဖို့ပေါ့။"

ရှောက်ယွိက ပေါ့ပေါ့ပါးပါးပြန်ဖြေကာ ဟင်းချိုကို အေးအေးဆေးဆေးသောက်လိုက်၏။ ယင်းက ချိုမြိန်လန်းဆန်းကာ အရသာရှိသော်လည်း သူချက်တာလောက်တော့ မကောင်းပေ။ သူက ဆိုင်ရှင်ယောက်ဘက်သို့လှည့်ကာ ပြောလိုက်သည်။

"ကျွန်တော်က ထမင်းလာစားလို့ မရဘူးလား။"

"ဒီတော့ အခု မင်းမှာ ငွေရှိလာပြီလား။"

ဆိုင်ရှင်ယောင်က လျှောက်လာပြီး လှောင်ပြောင်ခဲ့သည်။

"မရှိဘူး။"

ရှောက်ယွိက ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။

"ဒါကို မင်းက ထမင်းလာစားရဲတယ်! မင်းက လိမ်ညာလှည့်စားဖို့ ကြိုးစားနေတာလား။"

"ဒါဆို ကျွန်တော်က တခြားဘယ်မှာသွားစားရမှာလဲ။"

ရှောက်ယွိက နှုတ်ခမ်းထောင့်များကွေးညွတ်သွားပြီး နူးညံ့တည်ငြိမ်သောပုံစံဖြင့် ပြောလိုက်သည်။

"ဒါမှမဟုတ် ဆိုင်ရှင်ယောင်လို ဝမ်ဟွားမျှော်စင်ကို သွားစားရမှာလား။"

ဆိုင်ရှင်ယောင်၏မျက်နှာက ပြောင်းလဲသွား၏။ ဝမ်ဟွားမျှော်စင်က တူးမြောင်းနံဘေးမှ စားသောက်ဆိုင်ဟုပြောသော်လည်း တကယ်တမ်းတော့ ဆောင်ကြာမြိုင်တစ်ခုဖြစ်ပြီး သူ တစ်ကြိမ်ထက်မက တိတ်တိတ်လေးသွားခဲ့ဖူးသည်။ ရှောက်ယွိသိနေသောကြောင့် သူက အကျင့်အတိုင်း အော်ဟစ်လိုက်သည်။

"ရှောက်ယွိ၊ မင်း အဓိပ္ပါယ်မရှိ လျှောက်ပြောနေတာ—"

"ဆိုင်ရှင်ယောင်၊ ဒီနေရာက ဝမ်ယွဲ့စားသောက်ဆိုင်နော်၊ ဒီမှာ စားသုံးသူတွေ အများကြီးရှိနေတယ်။"

မူလကိုယ်က သူ၏လုပ်အားခများကို တောင်းဆိုရန် ဆိုင်ရှင်ယောင်ထံ နှစ်ကြိမ်မျှချဉ်းကပ်ဖူးပြီး အချည်းနှီးမဟုတ်ခဲ့ပေ။ ယခု ရှောက်ယွိက သူ့ကို လူကြားသူကြားထဲ ထိပ်တိုက်တွေ့ကာ ဆိုင်ရှင်ယောင်၏လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် အသင့်ဖြစ်နေ၏။

မျှော်လင့်ထားသည့်အတိုင်း ဆိုင်ရှင်ယောင်၏ဒေါသများက အနည်းငယ်လျော့ကျသွားပြီး အံကြိတ်ကာ ဆိုခဲ့သည်။

"မင်း ဘာတွေလျှောက်ပြောနေတာလဲ။"

ရှောက်ယွိက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်လေ၏။

"ဒါဆို ကျွန်တော် လျှောက်ပြောတယ်လို့ပဲ မှတ်လိုက်ပါ။"

ဆိုင်ရှင်ယောင်က ပို၍ဒေါသထွက်လာပြီး စားပွဲကိုဖိချကာ အံကြိတ်ရင်းဆိုခဲ့သည်။

"မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ။"

မင်ဟယ်က အခြေအနေကိုနားမလည်သော်လည်း လေထုက မမှန်ကန်ကြောင်း ခံစားမိသောကြောင့် ချက်ချင်းဆိုသလို ရှောက်ယွိနားသို့တိုးကပ်သွားပြီး သူ့ဦးငယ်ကို ကာကွယ်ပေးမည့်အသွင်ဖြင့် ရှိနေခဲ့သည်။

ရှောက်ယွိက ပြုံးလိုက်ပြီး မင်ဟယ်၏ပါးလေးကို ပွတ်သပ်ရင်း ပြောလိုက်၏။

"ဘာမှမဖြစ်ပါဘူး၊ ဆက်စားနေဦးနော်။"

မင်ဟယ်က နာခံမှုရှိစွာ ခေါက်ဆွဲဆက်စားနေခဲ့သော်လည်း သူ့မျက်လုံးများက ရံဖန်ရံခါ ဆိုင်ရှင်ယောင်ဆီသို့ ရောက်သွားတတ်ပြီး ထိုလူဝကြီးက သူ့ဦးငယ်ကို အနိုင်ကျင့်လျှင် ထိုလူဝကြီးကို ပြန်တိုက်ခိုက်မည်ဟု တွေးနေခဲ့သည်။

ရှောက်ယွိက ဆိုင်ရှင်ယောင်ကို အပြုံးလေးဖြင့်မေးလိုက်သည်။

"ဆိုင်ရှင်၊ ကျွန်တော် ဘာလိုချင်လဲဆိုတာကို မသိဘူးလား။"

ဆိုင်ရှင်ယောင်က မနှစ်မြို့စွာပြောလိုက်သည်။

"အဲဒီလစာနည်းနည်းလေးအတွက်လား။"

ရှောက်ယွိက ရိုးရိုးသားသားပြောလိုက်လေ၏။

"ဟုတ်တယ်။ တစ်ကျပ်နဲ့ ငါးပြား။ ကျွန်တော့်ကို အခုချက်ချင်း ပေးလိုက်ပါ။"

ဆိုင်ရှင်ယောင်က လှောင်ရယ်လိုက်သည်။

"ငါ မင်းကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသား၊ မင်းက အလုပ်ကိုဂရုမစိုက်ဘူး—"

အလုပ်ကိုဂရုမစိုက်ခြင်း၊ စားသုံးသူများ၏တိုင်ကြားချက်များ... ထိုအရာအားလုံး အကြောင်းပြချက်သက်သက်သာ။ ရှောက်ယွိက ဆိုင်ရှင်ယောင်နှင့် ထိုပြဿနာကို ဆက်ပြီး ဆွေးနွေးချင်စိတ်မရှိတော့ပေ။ သူက ဆိုင်ရှင်ယောင်၏စကားကို ကြားဖြတ်ပြောလိုက်သည်။

"ဆိုင်ရှင်ယောင်၊ ကျွန်တော် အခု ခင်ဗျားကို လုပ်အားခထုတ်ပေးဖို့ တောင်းဆိုနေတာမဟုတ်ဘူး၊ ခင်ဗျားကို အသိပေးနေတာ။"

"မင်းက ဘာလုပ်နိုင်မှာလဲ။"

ဆိုင်ရှင်ယောင်က မတ်မတ်ရပ်လိုက်ပြီး ရှောက်ယွိကို အထက်စီးကနေ ငုံ့ကြည့်လာခဲ့သည်။

ရှောက်ယွိက ချက်ချင်းပြန်မဖြေခဲ့ပေ။ သူက ဇွန်းကိုချလိုက်ပြီး ဖြည်းဖြည်းချင်း မတ်တတ်ရပ်ကာ အသံကို မြှင့်လိုက်လေ၏။

"ဂုဏ်သရေရှိ လူကြီးမင်းတို့၊ ဝမ်ယွဲ့စားသောက်ဆိုင်ကို ဦးစီးနေတဲ့ ဒီဆိုင်ရှင်ယောင်က—"

စားသုံးသူဧည့်သည်များက ထိုအရာကို ကြားလိုက်ရသောအခါ အတင်းအဖျင်းများကိုမျှော်လင့်လျက် အားလုံးလှည့်ကြည့်လာခဲ့ကြသည်။ ဆိုင်ရှင်ယောင်က ချက်ချင်းစိုးထိတ်သွား၏။ အကယ်၍ သူ့ဇနီးသာ သိသွားပါက သူ အရှက်ကွဲပြီးသေရမည်ပင်။ သူက အားလုံးကို ချက်ချင်းနှစ်သိမ့်လိုက်သည်။

"အားလုံးပဲ ဖြည်းဖြည်းချင် သုံးဆောင်ကြပါခင်ဗျာ။"

ဧည့်သည်များက ၎င်းတို့၏အစားအသောက်များကို ဆက်လက်စားသုံးခဲ့ကြသည်။

ဒေါသထွက်နေသော ဆိုင်ရှင်ယောင်က ရှောက်ယွိကိုကြည့်ကာ တီးတိုးပြောလိုက်၏။

"မင်း ငါ့ကိုခြိမ်းခြောက်နေတာလား။"

ရှောက်ယွိက မကြောက်ပေ။

"ဟုတ်တယ်။"

ဆိုင်ရှင်ယောင်၏မျက်လုံးများက ခက်ထန်လာ၏။

"မင်း နောက်ဆက်တွဲပြဿနာတွေကို မစဉ်းစားထားဘူးလား။"

"စဉ်းစားထားပါတယ်။"

ရှောက်ယွိက ပြန်ထိုင်လိုက်ပြီး ပေါက်စီတစ်လုံးကိုယူကာ အရသာခံ၍စားနေခဲ့၏။

"ဆိုင်ရှင်ယောင်၊ ကျွန်တော်နဲ့ ကျွန်တော့်တူလေးမှာ အသက်နှစ်ချောင်းပဲရှိတယ်၊ တခြားဘာမှမရှိတော့ဘူး။ ခင်ဗျားကတော့ မတူဘူး၊ ခင်ဗျားက ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး ဘဝကို ကောင်းကောင်းဖြတ်သန်းနေရတာ။ ပြီးတော့ ဆုံံးရှုံးစရာတွေ အရမ်းများတယ်—ဇိမ်ကျတဲ့ဘဝ၊ မိဘတွေ၊ ကလေးတွေ၊ ဇနီးသည်၊ ဦးလေးရှစ်ယောက်နဲ့ ဝမ်ဟွားမျှော်စင်က ခင်ဗျားရဲ့အချစ်တော်လေးတွေ..."

သူ ဆိုလိုသည်မှာ ရှင်းလင်းပေ၏။ ၎င်းတို့နှစ်ဦး အသေအကျေတိုက်ခိုက်ရမည်ဆိုပါက ရှောက်ယွိမှာ ဘာမှဆုံးရှုံးစရာမရှိဘဲ ရလာမည့်အရာအားလုံးက အကျိုးအမြတ်များသာဖြစ်သည်။

ဆိုင်ရှင်ယောင်က အမြဲတမ်းလိုလို အာဏာကိုအသုံးပြုပြီး လူများကိုဖိနှိပ်တတ်သလို အမြဲတမ်း အနိုင်ရခဲ့လေသည်။ ယခု ပထမဆုံးအကြိမ်အဖြစ် ခြိမ်းခြောက်ခံရသည့်အတွက် သူ အတော်လေးဒေါသထွက်နေခဲ့၏။ သို့သော် ပတ်ဝန်းကျင်တွင် မျက်လုံးများစွာ ရှိနေသောကြောင့် ပေါ်တင်မတုံ့ပြန်နိုင်ခဲ့ပေ။ သူက ယခု ရှောက်ယွိနှင့် ပြေလည်အောင်ညှိပြီး နောက်တော့မှ သင်ခန်းစာပေးမည်ဟု ဆုံးဖြတ်ထားလေ၏။

ရှောက်ယွိက သူ့စိတ်ကိုဖတ်လိုက်သလို ပြောလိုက်သည်။

"နောက်တော့မှ လက်စားချေဖို့ စဉ်းစားနေတာလား။"

ဆိုင်ရှင်ယောင်က ထိတ်လန့်သွားလေ၏။

ရှောက်ယွိက သူ၏လက်ဖက်ရည်ကို တစ်ငုံသောက်ကာ တည်ငြိမ်စွာဆက်ပြောလိုက်သည်။

"ဆိုင်ရှင်ယောင်၊ မှန်ကန်တဲ့အရာတွေကိုပဲလုပ်ဖို့ ကျွန်တော် ခင်ဗျားကိုအကြံပေးချင်တယ်။ ခင်ဗျား ကျွန်တော့်ကိုအကြွေးတင်နေတဲ့ တစ်ကျပ်နဲ့ ငါးပြားကို ရိုးရိုးသားသားပြန်ပေးပါ။ အဲ့ဒါပြီးရင် ကျွန်တော်တို့ ကိုယ့်လမ်းကိုယ် လျှောက်တာပေါ့။ တကယ်လို့ ကျွန်တော်သာ တစ်ခုခုဖြစ်သွားရင် ရွှမ်းယွင်ရွာနဲ့ ကျင်းရှို့ရွာက ကျွန်တော့်မိတ်ဆွေဟောင်းတွေအားလုံး ခင်ဗျားလုပ်တယ်ဆိုတာ သိသွားလိမ့်မယ်။ ပြီးတော့ ခင်ဗျား တိတ်တိတ်လေးလုပ်ခဲ့တဲ့ အဲဒီစက်ဆုပ်စရာကိစ္စတွေ အားလုံး ပေါ်သွားစေရမယ်။ ရှေ့ဆက်ပြီးတော့ ခင်ဗျား ကောင်းမွန်တဲ့ဘဝကို ရနိုင်ဦးမယ်လို့ထင်လား။"

"မင်း—"

ရှောက်ယွိက လက်ဆန့်လိုက်၏။

"တစ်ကျပ်နဲ့ ငါးပြား။"

အမှန်တကယ်တော့ ဆိုင်ရှင်ယောင်က မပေးချင်ခဲ့ပေ။ သို့သော် ရှောက်ယွိက အရင်ကလို ကြောက်ရွံ့တတ်သည့်ရှောက်ယွိမဟုတ်တော့ကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။ သူ့တစ်ကိုယ်လုံးမှာ ယုံကြည်မှုနှင့် တည်ငြိမ်သည့်အရှိန်အဝါများ ထွက်ပေါ်နေပြီး သူ့ကိုကြည့်ရသည်မှာ မည်သည့်အတိုင်းအတာအထိ လုပ်နိုင်ကြောင်း ခန့်မှန်းလို့တောင်မရပေ။

ရွေးချယ်စရာမရှိတော့ဘူးပဲ။

သူက ကောင်းမွန်သောဘဝကို ရရှိခါစသာဖြစ်ရာ ဤလူငယ်တစ်ယောက်ဆီမှာ ဖျက်ဆီးမခံနိုင်ချေ။ တစ်ကျပ်နှင့် ငါးပြားပေးရုံဖြင့် ထိုကိစ္စကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ သူက တွန့်ဆုတ်စွာဖြင့် ငွေကိုထုတ်ယူကာ စားပွဲပေါ်ပစ်တင်လိုက်သည်။

"ဒီမှာ ရော့။ ကျေနပ်ပြီလား။"

ရှောက်ယွိက ချက်ချင်းဆိုသလို ငွေများကိုအိတ်ထဲထည့်သိမ်းလိုက်သည်။

"လက်စနဲ့ နောက်တစ်ခုကိုပါ စာရင်းရှင်းရအောင်။"

ဆိုင်ရှင်ယောင်က နားမလည်ပေ။

"ဘာကို စာရင်းရှင်းမှာလဲ။"

"ဒီတစ်နပ်ဖိုး။"

ရှောက်ယွိက ပြန်ဖြေလိုက်သည်။

"ဒါကို ခင်ဗျား ကျွန်တော့်ကိုအနိုင်ကျင့်ခဲ့တာတွေအတွက် လျော်ကြေးအဖြစ် သတ်မှတ်လိုက််။"

သူက လက်ညှိုးနှင့် လက်ခလယ်ဖြင့် စားပွဲကိုတောက်ကာ ခေါ်လိုက်သည်။

"စားပွဲထိုး!"

၎င်းတို့၏စကားများကို မကြားရသော်လည်း မလှမ်းမကမ်းကနေ စောင့်ကြည့်နေခဲ့သော ကျန်းဝူက ရှောက်ယွိ၏ခေါ်သံကြောင့် အလျင်စလိုပြေးလာပြီး သတိထား၍မေးလိုက်သည်။

"ဘာများအလိုရှိပါသလဲ၊ လူကြီးမင်း။"

"ဒါတွေအားလုံးကို ထုပ်ပိုးပေးပါ။ ပြီးတော့ ကျသင့်ငွေကို သူ့စာရင်းထဲမှတ်လိုက်နော်။"

ရှောက်ယွိက ဆိုင်ရှင်ယောင်ကို လက်ညှိုးထိုးပြလိုက်သည်။

ကျန်းဝူက အံ့အားသင့်စွာဖြင့် ဆိုင်ရှင်ယောင်ကို လှည့်ကြည့်လိုက်လေသည်။

"ဆိုင်ရှင်လား။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment