no

Font
Theme

အပိုင်း (၄)

အခြေအနေက ဤအဆင့်ထိရောက်နေပြီဖြစ်ရာ ဆိုင်ရှင်ယောင်မှာ ရွေးချယ်စရာမရှိဘဲ လိုက်လျောလိုက်ရတော့သည်။ သူက လက်သီးဆုပ်ကာ ဒေါသကိုမျိုသိပ်၍ အော်ငေါက်လိုက်လေ၏။

"အဲ့ဒါကို ငါ့စာရင်းထဲထည့်လိုက်။"

ဘာတွေဖြစ်သွားတာလဲ။

ပုံမှန်အားဖြင့် ရှောက်ယွိကိုအနိုင်ကျင့်ရသည်အား သဘောကျသော ဆိုင်ရှင်ယောင်က ရှောက်ယွိ၏လုပ်အားခကို ပြန်ပေးရုံသာမက သူ၏ထမင်းဖိုးကိုပါ ရှင်းပေးခဲ့သည်။ ဤသည်မှာ အမှန်တကယ်ကို မယုံကြည်နိုင်စရာပင်။

ကျန်းဝူတစ်ယောက် လုံးဝမှင်တက်နေခဲ့၏။

ဆိုင်ရှင်ယောင်က ကျန်းဝူကို အနိုင်ကျင့်မည်အား စိုးရိမ်သောကြောင့် ရှောက်ယွိက ကျန်းဝူကိုမသိသလိုဟန်ဆောင်ကာ ပြောလိုက်သည်။

"စားပွဲထိုး! ကြောင်တောင်တောင်နဲ့ ရပ်မနေနဲ့၊ ဒါတွေကို သွားထုပ်ပေး။"

ကျန်းဝူက ဆိုင်ရှင်ယောင်ကို ပြန်ကြည့်လိုက်လေသည်။

"ဆိုင်ရှင်။"

ဆိုင်ရှင်ယောင်က ဒေါသထွက်ကာ အငွေ့ပျံလုမတတ်ဖြစ်နေသော်လည်း တောင့်တင်းစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

ကျန်းဝူက ဖယောင်းစက္ကူကို အမြန်ဆွဲယူလာ၏။ စွပ်ပြုတ်နှင့် ဟင်းချိုများအားလုံး ကုန်သွားပြီဖြစ်ပြီး ထုပ်ပိုးရလွယ်ကူသော သစ်အယ်သီးနှင့်ကြက်သား၊ ဆန်မုန့်၊ သိုးပေါင်ကြော်နှင့် ပေါက်စီတို့ကို တွေ့လိုက်ရသောအခါ ယင်းက ရှောက်ယွိ တမင်သက်သက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သူ သဘောပေါက်သွား၏။

ထမင်းစားချိန်မှာ ဝမ်ယွဲ့စားသောက်ဆိုင်ကို ရည်ရွယ်ချက်ရှိရှိ ရောက်လာပြီး ရည်ရွယ်ချက်ရှိရှိ မှာယူကာ ဆိုင်ရှင်ယောင်အား ရည်ရွယ်ချက်ရှိရှိရှာဖွေ၍ လုပ်အားခအကြွေးများနှင့် လျော်ကြေးတို့ကို ရည်ရွယ်ချက်ရှိရှိတောင်းခဲ့သည်... ဤမျှရည်ရွယ်ချက်ရှိရှိလှုပ်ရှားခဲ့တာတောင် အရာအားလုံး အောင်မြင်ခဲ့လေသည်။

ရှောက်ယွိက ဉာဏ်ကောင်းကြောင်း သူသိသော်လည်း ကပ်စေးနည်းပြီး အရှက်တရားမရှိသော ဆိုင်ရှင်ယောင်ဆီကနေ သူလိုချင်တာရအောင် စီမံနိုင်ခဲ့သည်အထိ ပါးနပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။

ဤသည်မှာ ဝမ်ယွဲ့စားသောက်ဆိုင်၌ အသစ်အဆန်းဖြစ်နေခဲ့သည်!

မိုက်လိုက်တာ!

သူ၏နှလုံးသားက စိတ်လှုပ်ရှားမှုများဖြင့် ခုန်ပေါက်နေပြီး ထုပ်ပိုးပေးနေသော သူ၏လက်များက တုန်ယင်နေခဲ့သည်။

ရှောက်ယွိက သတိပေးလိုက်သည်။

"လုံအောင်ချည်ပေးနော်။"

ကျန်းဝုက တုံ့ပြန်လိုက်လေ၏။

"ဟုတ်၊ ဟုတ်၊ ဟုတ်ကဲ့ပါ။"

သိပ်မကြာခင် စားပွဲပေါ်မှဟင်းလျာများအားလုံးကို ထုပ်ပိုးပြီးသွား၏။ ရှောက်ယွိက ထရပ်ကာ လက်တစ်ဖက်က ဖယောင်းစက္ကူထုပ်ကိုဆွဲ၍ ကျန်လက်တစ်ဖက်က မင်ဟယ်ကိုတွဲကာ ဆိုင်ရှင်ယောင်ကို ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆိုင်ရှင်။"

သောက်ကျိုးနည်းကိုပဲ ကျေးဇူးတင်!

ဆိုင်ရှင်ယောင်တစ်ယောက် ဒေါသထွက်လွန်းသဖြင့် သွေးတိုးနေလေပြီ။

ရှောက်ယွိက ပြောလိုက်သည်။

"မင်ဟယ်၊ အိမ်ပြန်ကြစို့။"

မင်ဟယ်က သံယောင်လိုက်ပြောခဲ့သည်။

"အိမ်ပြန်ကြမယ်။"

"ဂရုစိုက်ပြီးပြန်ပါ ဧည့်သည်တို့။"

ဆိုင်၏စည်းကမ်းအရ စားပွဲထိုးက ဧည့်သည်များကို ဆိုင်တံခါးအထိ လိုက်ပို့ရသည်။ အရင်က တစ်ခါမှစိတ်အားမထက်သန်ဖူးသော ကျန်းဝူတစ်ယောက် ရှောက်ယွိနှင့် မင်ဟယ်တို့နောက်လိုက်ကာ အဖြစ်အပျက်ကို မမေးဘဲမနေနိုင်ခဲ့ချေ။

ရှောက်ယွိက အမှန်တရားကို ဖုံးကွယ်မထားပေ။

"ငါ့လုပ်အားခတွေမပေးရင် ဒီကဧည့်သည်တွေ အားလုံးသိသွားအောင် ပြောပြလိုက်မယ်လို့ သူ့ကိုပြောခဲ့တာ။"

ကျန်းဝူက အံ့အားသင့်စွာ မေးလိုက်၏။

"အဲ့လောက်ရိုးရှင်းတယ်လား။ သူ မင်းကို လက်စားချေမှာ မကြောက်ဘူးလား။"

"ငါ့မှာ ဝှက်ဖဲရှိတယ််လေ။"

"ဘာဝှက်ဖဲလဲ။"

"နောက်မှပြောပြမယ်။"

ကျန်းဝူက ဝမ်ယွဲ့စားသောက်ဆိုင်မှာ အလုပ်လုပ်နေဆဲဖြစ်ရာ အများကြီးသိထားလျှင် ပြဿနာတက်နိုင်သည်။ ရှောက်ယွိ မူလကိုယ်ဆီကနေ အမှတ်တမဲ့ရှာတွေ့ခဲ့သော ပေါက်ကွဲလောက်စရာသတင်းအချက်အလက်ကို မဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။

ကျန်းဝူက ရှောက်ယွိ၏ဝှက်ဖဲကို သိချင်စိတ်မပြင်းပြပေ။ သူက ရှောက်ယွိကို စိတ်ပူရုံသာ။ ရှောက်ယွိမှာ ဝှက်ဖဲရှိကြောင်း ကြားလိုက်ရသောအခါ သူက စိတ်သက်သာရာရကာ ပြောလိုက်သည်။

"ကောင်းပါပြီ။ ဒါပေမဲ့ မင်း ဒီမှာ အလုပ်ဆက်မလုပ်တော့ဘူးဆိုတော့ ဘယ်ကိုသွားမှာလဲ။"

ရှောက်ယွိက ပြောလိုက်၏။

"ငါမသိသေးဘူး။"

ကျန်းဝူက ရှောက်ယွိကို ကူညီမပေးနိုင်သောကြောင့် အားနာနေ၏။

"ငါ့မှာ အသိအကျွမ်းနည်းတော့ မင်းအတွက် အလုပ်ကောင်းကောင်းကို မညွှန်ပေးနိုင်ဘူး။"

"ငါသိပါတယ်၊ ငါ့အတွက် လမ်းစရှိမှာပါ၊ ငါ့ကိုမစိုးရိမ်နဲ့။"

"ဒါဆိုလည်း ဟုတ်ပါပြီ။"

"မင်းလည်း အလုပ်သွားလုပ်တော့လေ၊ မဟုတ်ရင် ဆိုင်ရှင်က အကြောင်းပြချက်ရှာပြီး မင်းရဲ့လုပ်အားခကိုဖြတ်နေဦးမယ်။"

ကျန်းဝူက အချိန်ဆွဲမနေတော့ဘဲ ဧည့်သည်များကိုဧည့်ခံရန် ပြန်လှည့်ထွက်သွားခဲ့သည်။

ရှောက်ယွိနှင့် မင်ဟယ်က ချင်းရှီမြို့ကနေ ထွက်လာခဲ့ကြသည်။

မင်ဟယ်က ရှောက်ယွိ၏လက်ထဲကအထုပ်ကို ခဏခဏ လှည့်ကြည့်နေခဲ့လေ၏။ ရှောက်ယွိက မေးလိုက်သည်။

"ဘာတွေကြည့်နေတာလဲ။"

"ဦးငယ်၊ သားတို့မှာ ဘာလို့ ဒီလောက်အများကြီးရှိနေရတာလဲဟင်။"

မင်ဟယ်တစ်ယောက် သူ့ဦးငယ်နှင့် ဆိုင်ရှင်တို့ကြားစကားဝိုင်းက အနည်းငယ်ထူးဆန်းနေကြောင်း အာရုံခံမိသော်လည်း အလွန်ငယ်သေးသဖြင့် လူကြီးများကြားမှ စကားစစ်ထိုးပွဲကို နားမလည်သေးချေ။ ယခု သူ့ဦးငယ်နှင့် နှစ်ယောက်တည်းရှိချိန်မှာမှ ရဲရဲဝံ့ဝံ့မေးလိုက်သည်။

ရှောက်ယွိက ပြန်ဖြေခဲ့သည်။

"ဒါ ဆိုင်ရှင် ငါတို့အပေါ် အကြွေးတင်နေတဲ့အရာတွေလေ။"

"သားတို့အပေါ် အကြွေတင်တယ်?"

ရှောက်ယွိက ရှင်းပြလိုက်၏။

"အင်း၊ မင်းရဲ့ဦးငယ်က ဒီမှာ အလုပ်လုပ်ခဲ့ပေမဲ့ သူတို့က လုပ်အားခကိို မပေးခဲ့ကြဘူး။ အခုမှ ပြန်ပေးခဲ့တာ။"

မင်ဟယ်က သဘောပေါက်သွားသည်။

"ဒါဆို အခု ဒါတွေအားလုံးက သားတို့ဟာတွေပေါ့?"

"ဒါတင်ဘယ်ကမလဲ။"

ရှောက်ယွိက ရပ်လိုက်ပြီး မင်ဟယ့်လက်ကိုလွှတ်ကာ ငွေဒင်္ဂါးများကို ထုတ်ယူလိုက်သည်။

"ကြည့်လိုက်၊ ငါတို့မှာ ငွေတွေလည်းရှိတယ်။"

မင်ဟယ်က ရင်ဖိုသွားလေ၏။

"ဝိုး၊ သားတို့မှာ ငွေတွေလည်းရှိတယ်!"

"ဟုတ်တယ်၊ ဒီအစားအသောက်တွေနဲ့ ငွေတွေက ငါတို့ဟာပဲ။"

"အများကြီးပဲ! သားတို့ အခု ချမ်းသာသွားပြီပေါ့!"

မင်ဟယ်၏မျက်လုံးလေးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေလေ၏။

ရှောက်ယွိက ရယ်မောလိုက်သည်။

"ဟင့်အင်း၊ တစ်ကျပ်နဲ့ ငါးပြားက အဲ့လောက်ထိအများကြီးမဟုတ်ဘူး။"

မင်ဟယ်၏အသံလေးက ကလေးဆန်ကာ ချိုမြိန်နေခဲ့သည်။

"ရပါတယ်၊ သားတို့ ထပ်ပြီးရှာလို့ရတာပဲ။"

"ဟုတ်တာပေါ့၊ ဘာပဲဖြစ်ဖြစ် ဦးငယ် မင်းကို နောက်ထပ်ဘယ်တော့မှ ဗိုက်ဆာအောင်မထားတော့ဘူး!"

ရှောက်ယွိက ကတိပေးလိုက်လေ၏။

ရုတ်တရက်ဆိုသလို မင်ဟယ်က တိတ်ဆိတ်သွားခဲ့သည်။ ရှောက်ယွိက ငွေများကို သူ့အိတ်ကပ်ထဲ ပြန်ထိုးထည့်ရင်း မေးလိုက်သည်။

"ဘာဖြစ်လို့လဲ။"

မင်ဟယ်၏နှုတ်ခမ်းလေးက အနည်းငယ်ဆူနေ၏။

"ဦးငယ်၊ ဦးငယ်က သားအပေါ် အရမ်းကောင်းတာပဲ!"

စသိကတည်းက မင်ဟယ်သည် တက်ကြွပြီး အကောင်းမြင်တတ်ကာ ပျော်ရွှင်တတ်သောကလေးတစ်ယောက်ဟု ထင်ရသော်လည်း ယခုအချိန်မှာတော့ ကလေး၏စိတ်ထဲမှာ စိုးရိမ်စိတ်နှင့် စိတ်မလုံခြုံမှုများရှိနေကြောင်း ရှောက်ယွိ ခံစားလိုက်ရသည်။ ရှောက်ယွိ သူငယ်ငယ်က သူ့အဖွားနှင့် အတူနေခဲ့ရသောအချိန်များကို ပြန်တွေးမိလိုက်၏။ သူ့အတွက် စကားပြောဖို့ အမြဲတမ်းအချိန်ပေးခဲ့သည့်အဖွားက သူ့ကို အပြည့်အဝ လုံခြုံမှုပေးခဲ့သည်။

သူလည်း မင်ဟယ်ကို ထိုကဲ့သို့ဖြစ်စေချင်၏။ ထို့ကြောင့် မင်ဟယ်၏ဦးခေါင်းလေးကို ပွတ်ပေးရင်း ပြောလိုက်သည်။

"အရူးလေး၊ ငါက မင်းရဲ့ဦးငယ်ပဲလေ။ တစ်သက်လုံး မင်းအပေါ် ကောင်းပေးမှာပေါ့။"

မင်ဟယ်က ချက်ချင်းဆိုသလို စိတ်လှုပ်ရှားလာလေ၏။

"ကျွန်တော်လည်း ဦးငယ်အပေါ် တစ်သက်လုံး ကောင်းပေးပါ့မယ်။"

"လက်သန်းချင်းချိတ်ကြမယ်။"

"ဟုတ်။"

လက်သန်းရှည်ရှည်လေးတစ်ချောင်းနှင့် လက်သန်းတိုတိုလေးတစ်ချောင်တို့ ချိတ်လိုက်ကြပြီး ကတိပြုလိုက်ကြသည်။

"ကတိ၊ ဘယ်တော့မှမပြောင်းလဲဘဲ နှစ်ပေါင်းတစ်ရာတည်စေသော်။"

ထို့နောက် ရှောက်ယွိက ပြောလိုက်သည်။

"ရပြီ၊ သွားကြစို့။"

"ဟုတ်ကဲ့။"

တူဝရီးနှစ်ယောက်သည် မနက်စာအဖြစ် ပေါက်စီကို ရေစိမ်ပြီးစားခဲ့ကြသော်လည်း နေ့လယ်စာအတွက် ကြက်ဥခေါက်ဆွဲ၊ ဟင်းချိုနှင့် ပေါက်စီများကို ဗိုက်ပြည့်အောင်စားခဲ့ကြသည်။ သို့သော် နှစ်ယောက်လုံး၏ခန္ဓာကိုယ်များက အားနည်းလွန်းသဖြင့် အိမ်ကိုတောင်မရောက်သေးခင် ပင်ပန်းနွမ်းနယ်သွားလေသည်။ အထူးသဖြင့် ရှောက်ယွိပင်။

မင်ဟယ်က စိတ်အားထက်သန်စွာ ကမ်းလှမ်းလိုက်သည်။

"ဦးငယ်၊ သား ဦးငယ်ကို ကျောပိုးပေးမယ်လေ။"

ရှောက်ယွိက သေးသေးသွယ်သွယ်မင်ဟယ်လေးကို တစ်ချက်ကြည့်လိုက်သည်။

"ကျောပိုးပေးစရာမလိုပါဦး၊ ဦးငယ်တို့ ခဏနားကြရအောင်။"

နှစ်ဦးသား လမ်းလျှောက်လိုက်၊ နားလိုက်ဖြင့် နာရီဝက်ကျော်တော့မှ ကျင်းရှို့ရွာသို့ ပြန်ရောက်ခဲ့ကြပြီး အိမ်ရှေ့တံခါးခုံမှာထိုင်ရင်း အမောဖြေခဲ့ကြသည်။ ညနေခင်းတွင် ရှောက်ယွိက ထုပ်ပိုးလာသောအစားအသောက်များကိုယူ၍ သိုးပေါင်ဖြင့် စွပ်ပြုတ်အရည်ပျစ်ပျစ်ကို နှစ်ပန်းကန်စာချက်ကာ ပေါက်စီများကို ပြန်နွှေးခဲ့သည်။

တူဝရီးနှစ်ယောက် အားပါးတရ စားသောက်ခဲ့ကြသည်။

ရှောက်ယွိတစ်ယောက် ဤခေတ်၏အလေ့အထအတိုင်း သစ်အယ်သီးနှင့်ကြက်သား၊ ဆန်မုန့်၊ ပေါက်စီတို့ကို ဝါးခြင်းတောင်းလေးထဲထည့်ကာ ထုတ်တန်းမှာ ချိတ်ဆွဲလိုက်လေ၏။

မင်ဟယ်က ခေါင်းလေးမော့ကာ ကြည့်နေခဲ့သည်။

"ဒါဆို ကြွက်တွေ မစားနိုင်တော့ဘူးပေါ့!"

ရှောက်ယွိက ခေါင်းညိတ်ပြ၏။

ယနေ့ နှစ်ယောက်စလုံး အများကြီးစားထားပြီး အားများလည်း အများကြီးသုံးထားသောကြောင့် မှောင်ရိပ်ပျိုးသည်နှင့် ရေချိုးပြီး စကားအနည်းငယ်ပြောကာ ခုတင်ပေါ်လှဲလှဲချင်း အိပ်ပျော်သွားခဲ့ကြသည်။ နောက်တစ်နေ့မနက် နိုးလာသောအခါ ရှောက်ယွိတစ်ယောက် တစ်ကိုယ်လုံး အင်အားပြည့်ဝနေသလို ခံစားခဲ့ရပြီး မင်ဟယ်ကလည်း ပို၍လန်းဆန်းနေခဲ့သည်။

နှစ်ယောက်သား တဲအပြင်သို့ထွက်လိုက်သောအခါ ခြံဝင်းလေးထဲမှာ သစ်ရွက်ခြောက်များနှင့် သစ်ကိုင်းခြောက်များ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရလေ၏။

ရှောက်ယွိက မေးလိုက်သည်။

"ဘာဖြစ်သွားတာလဲ။"

မင်ဟယ်က ပြောလိုက်လေ၏။

"မနေ့ညက လေပြင်းတိုက်သွားတာလားမသိဘူး။"

ရှောက်ယွိက ထပ်မေးလိုက်လေ၏။

"ဘယ်လိုလုပ်သိတာလဲ။"

"သား မနေ့ညက ဝူးဝူးဝူးဆိုတဲ့အသံကြားလိုက်လို့ စွန်းဝူခုန်းလာတယ်လို့ ထင်လိုက်တာ။ သူက လူကောင်းတစ်ယောက်ပါ။ အဲ့ဒါပြီးတော့... သား ပြန်အိပ်ပျော်သွားတယ်။"

မင်ဟယ်က စကားလက်စသတ်ကာ ရှောက်ယွိကို စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်လိုက်၏။

"ဦးငယ်၊ သားတို့ သစ်ကိုင်းခြောက်တွေကောက်ပြီး မီးမွှေးဖို့ ထင်းအနေနဲ့သုံးလို့ရတယ်!"

တကယ်ကို အိမ်မှုကိစ္စကျွမ်းကျင်တဲ့ ကလေးပဲ!

ရှောက်ယွိက သဘောတူလိုက်သည်။

"ဟုတ်တာပေါ့၊ မီးဖိုချောင်မှာ ထင်းသိပ်မရှိတော့ဘူး။"

"ဟုတ်၊ သား သွားကောက်လိုက်မယ်။"

မင်ဟယ်က မီးဖိုချောင်ထဲ ဒရောသောပါးပြေးသွားခဲ့ပြီး ခြင်းတောင်းလေးကိုဆွဲကာ ခြံဝင်းအပြင်မှ ထင်းခြောက်များကို သွားကောက်လိုက်သည်။

"မင်ဟယ်၊ ခြံဝင်းထဲကထင်းခြောက်တွေကို ဘာလို့အရင်မကောက်တာလဲ။"

"သား အပြင်ကဟာတွေကို အရင်ကောက်လိုက်ပါ့မယ်၊ မဟုတ်ရင် သူများတွေ လာကောက်သွားကြမှာလေ!"

မင်ဟယ်တစ်ယောက် သူ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားလေပြီ။

ရှောက်ယွိက သုံးနှစ်သားကလေးကိုပဲ အလုပ်များအားလုံးမလုပ်စေချင်ရာ ခြံဝင်းအပြင်သို့ လိုက်ထွက်လာခဲ့ချိန်၌ ရွာသားတော်တော်များများလည်း ထင်းခြောက်များကောက်နေသည်ကို တွေ့လိုက်ရလေသည်။ သေးသေးကွေးကွေးမင်ဟယ်လေးက ၎င်းတို့ကြားထဲမှာ ခြေတံတိုတိုလေးများနှင့် ခပ်သွက်သွက်လှုပ်ရှားနေပြီး သစ်ကိုင်းများကို တစ်ကိုင်းပြီးတစ်ကိုင်း ကောက်နေပုံမှာ ချစ်စရာကောင်းသလို သနားစရာလည်းကောင်းနေ၏။

ရှောက်ယွိတစ်ယောက် အရှေ့တက်ကာ ထင်းခြောက်များကို ကူကောက်ပေးလိုက်သည်။

မကြာခင်မှာပင် ခြင်းတောင်းတစ်တောင်း ပြည့်သွားခဲ့လေ၏။

မင်ဟယ်က တိုက်တွန်းခဲ့သည်။

"ဦးငယ်၊ ဒါတွေကို အိမ်မှာသွားပုံပြီး ခြင်းတောင်းကို ပြန်ယူလာခဲ့လိုက်နော်။

သူက အတော်လေးကို စီစဉ်တတ်ပေ၏။

ရှောက်ယွိက ထိုအစီအစဥ်အတိုင်း ထင်းခြောက်များကို အိမ်မှာသွားပုံ၍ ခြင်းတောင်းကိုယူကာ တောအုပ်ထဲမှာ မင်ဟယ်ကို လိုက်ရှာခဲ့သည်။

မင်ဟယ်က ထင်းခြောက်ပုံကြီးရှေ့မှာ ရပ်နေပြီး တစ်စုံတစ်ခုကို ငုံ့ကြည့်နေ၏။

ရှောက်ယွိက ချဉ်းကပ်လာခဲ့သည်။

"မင်ဟယ်။"

မင်ဟယ်က မော့ကြည့်လာပြီး သူ၏မျက်လုံးများထဲမှာ မျက်ရည်များဖြင့်ပြည့်နှက်နေခဲ့သည်။

ထိတ်လန့်တကြားဖြစ်သွားသော ရှောက်ယွိက ရပ်တန့်ကာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ။"

မင်ဟယ်၏နှုတ်ခမ်းလေးများက တုန်ယင်နေပြီး မျက်ရည်များကလည်း တစ်စက်ပြီးတစ်စက် ကျဆင်းနေခဲ့သည်။

ရှောက်ယွိက စိုးရိမ်ပူပန်စွာ ထပ်မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ။ ဘာဖြစ်တာလဲ။"

မင်ဟယ်က ငိုရှိုက်ရင်း ပြောလာ၏။

"ဦးငယ်၊ သားရဲ့ဘောင်းဘီ ပြဲသွားပြီ၊ ဝူး ဝူး။"

"ဘယ်နားလေးလဲ။"

မင်ဟယ်က လက်လွှတ်လိုက်ရာ ခွကြားမှအဝတ်စလေးက အောက်သို့ပြုတ်ကျလာပြီး သူ၏ငှက်ကလေးကို မြင်လိုက်ရသည်။ ရှောက်ယွိတစ်ယောက် ပြောစရာစကားများပျောက်ရှသွားလေ၏။

"ဒါက..."

"သား သစ်ကိုင်းခြောက်ဆွဲယူနေတာကို အဲ့ဒါက ပါမလာလို့ အားနဲ့ဆွဲလိုက်တော့ ဘောင်းဘီကပြဲသွားတာပါ။"

မင်ဟယ်က ဝမ်းနည်းပက်လက်ငိုကြွေးနေခဲ့သည်။

"ထိခိုက်မိသွားသေးလား။"

မင်ဟယ်က ပိုပိုပြီး ဝမ်းနည်းလာ၏။

"ဟင့်အင်း၊ သားဘောင်းဘီပဲ ပြဲသွားတာပါ။"

မထိခိုက်မိရင်ရပြီ။

စိတ်သက်သာရာရသွားသော ရှောက်ယွိက ပြောလိုက်သည်။

"မင်း လက်မောင်းကိုထိခိုက်ခဲ့တုန်းကတောင် မငိုဘဲနဲ့ ဘာလို့ ဘောင်းဘီပြဲတာလေးနဲ့ ဘာလို့ငိုနေရတာလဲ။"

"လက်မောင်းက သူ့ဘာသာသူ ပြန်ကောင်းလာမှာပါ၊ ဒါပေမဲ့ ဘောင်းဘီက သူ့ဘာသာသူ ပြန်ကောင်းမလာဘူးလေ၊ ဝူး ဝူး။"

...အဲ့ဒါလည်း ဟုတ်သလိုလိုပဲ။

ရှောက်ယွိ စိတ်မကောင်းဖြစ်သွားပြီး မင်ဟယ်၏မျက်ရည်များကိုသုတ်ပေးကာ ပြောလိုက်လေ၏။

"ဘောင်းဘီတွေက ပြန်ကောင်းမလာနိုင်ပေမဲ့ ဦးငယ်တို့ အဲ့ဒါတွေကို ဖာလို့ရတယ်လေ။"

"ဒါကို ဖာလို့မရတော့ဘူးလေ။"

မင်ဟယ့်အဝတ်အစားများက တော်တော်လေးဟောင်းနွမ်းနေပြီး တော်တော်လေးပါးလွှာနေသည်ကို မြင်လိုက်ရသောအခါ ရှောက်ယွိက အကြံပြုလိုက်သည်။

"ဖာလို့မရရင် အသစ်ထပ်ချုပ်မှာပေါ့။"

မင်ဟယ်က မျက်ရည်များပြည့်နှက်နေသော မျက်ဝန်းများဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း မေးလိုက်သည်။

"သားတို့ တကယ် အသစ်ချုပ်လို့ရတာလား။

"ဒါပေါ့၊ မင်းရဲ့ဦးငယ်က ဘောင်းဘီသစ်တစ်စုံချုပ်ပေးမယ်၊ မငိုနဲ့တော့နော်။"

"ဟုတ်။"

"ထင်းခြောက်တွေလည်း လုံလုံလောက်လောက်စုမိပြီဆိုတော့ အိမ်ပြန်ကြစို့။"

ရှောက်ယွိက ဝါးခြင်းတောင်းထဲ ထင်းခြောက်များကိုအပြည့်ထည့်ကာ သယ်လိုက်သည်။

မင်ဟယ်က လက်နှစ်ဖက်ဖြင့် သူ၏အိတ်ကပ်များကိုဖုံးကာ ခြေထောက်လေးများစု၍လမ်းလျှောက်ရင်း အနောက်ကနေ လိုက်ပါလာခဲ့သည်။

ရှောက်ယွိက သူ့ကို တစ်ချက်လှည့်ကြည့်လိုက်လေသည်။

မင်ဟယ်က ရှင်းပြလိုက်၏။

"သားရဲ့ငှက်ကလေးပေါ်နေမှာစိုးလို့ပါ၊ အဲ့ဒါက ရှက်စရာကောင်းတယ်လေ။"

ရှောက်ယွိတစ်ယောက် မပြုံးဘဲမနေနိုင်တော့ချေ။ သူက မင်ဟယ်ကို ကောက်ချီလိုက်သည်။

"ဒီလိုဆို မမြင်ရတော့ဘူး။"

ဖခင်ဖြစ်သူ တိုက်ပွဲမှာကျဆုံးပြီးနောက် မိခင်ဖြစ်သူက နာမကျန်းစဖြစ်ခဲ့သောကြောင့် လမ်းလျှောက်တတ်ခါစ မင်ဟယ်လေးအတွက် ယခုလိုမျိုး ပွေ့ချီမခံခဲ့ရသည်မှာ ကြာပြီဖြစ်၏။ ရုတ်တရက်ဆိုသလို သူ၏ဦးငယ်ဆီကနေ ပွေ့ချီခံလိုက်ရသောအခါ သူ ကြောင်အမ်းသွားပြီး မျက်တောင်နှစ်ကြိမ်မျှခတ်လိုက်သည်။ ရှောက်ယွိဆီမှ နွေးထွေးမှုကို ခံစားမိလိုက်ပြီး မင်ဟယ်က သူ၏ဦးခေါင်းလေးကို ရှောက်ယွိ၏ပခုံးပေါ် တိုးဝှေ့ကာ သူ၏မျက်နှာလေးက ပျော်ရွှင်မှုများဖြင့် ဝင်းပလာခဲ့သည်။

"ဟုတ်ကဲ့။"

ရှောက်ယွိတစ်ယောက် ကလေး၏စိတ်လှုပ်ရှားမှုများကို သတိမထားမိဘဲ မင်ဟယ်က ပိန်လွန်းပြီး ပေါ့လွန်းသည်ဟုသာ တွေးနေခဲ့သည်။ အိမ်ပြန်ရောက်သောအခါ မင်ဟယ်အတွက် ဘောင်းဘီအစား ယာယီဝတ်ထားရန် အဝတ်စတစ်ခုခုကို ရှာကြည့်ခဲ့သော်လည်း ဘာမှရှာမတွေ့ခဲ့ရာ သူ မင်ဟယ်ကို လှည့်ကြည့်လိုက်မိသည်။

မင်ဟယ်က မျှော်လင့်ချက်အပြည့်နှင့် သူ့ကို ပြန်ကြည့်နေလေ၏။

ရှောက်ယွိက ပြုံးပြလိုက်သည်။

"မနက်စာ အရင်စားရအောင်။ ပြီးရင် ဦးငယ် မြို့ထဲကိုသွားပြီး မင်းအတွက် အဝတ်စသွားဝယ်ပေးမယ်။"

မင်ဟယ်က စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလိုက်သည်။

ရှောက်ယွိက ခြံဝင်းထောင့်မှ ဟင်းရွက်တချို့ကိုခူးကာ ကြက်သားများကို အမျှင်လေးများအဖြစ်နွှင်ပြီး ပေါက်စီတချို့နှင့် ရောလိုက်သည်။ ထို့နောက် သူက 'အိမ်လုပ်ကြက်သားဟင်းရွက်ပြုတ်' ကို ဖန်တီးလိုက်လေ၏။ ယင်းမှာ အသားများ၊ ဟင်းရွက်များပါသည့် အားရှိစေသော စွပ်ပြုတ်တစ်ခွက်ဖြစ်သည်။

မင်ဟယ်က မြိန်ရေရှက်ရေ စားခဲ့သော်လည်း သူ့ဘောင်းဘီကပြဲနေသောကြောင့် သူ့ဦးငယ်နှင့်အတူ မြို့ထဲသို့မလိုက်နိုင်သည်အား စိတ်မကောင်းဖြစ်နေခဲ့သည်။

ရှောက်ယွိက ပြောလိုက်သည်။

"ဦးငယ် အဝတ်စဝယ်ပြီးတာနဲ့ ချက်ချင်းပြန်လာခဲ့မယ်နော်။ ခဏပဲကြာမှာ။"

မင်ဟယ်က ပြန်ပြောလိုက်၏။

"ဒါဆို မြန်မြန်ပြန်လာပြီး နေမကောင်းမဖြစ်စေနဲ့နော်။"

"ဟုတ်ပါပြီ။"

ရှောက်ယွိက ခြံတံခါးကိုပိတ်ကာ ချင်းရှီမြို့ထဲ ထွက်လာခဲ့လိုက်သည်။ မနေ့က ကောင်းကောင်းစားပြီး ကောင်းကောင်းအနားယူထားသောကြောင့် သူ မြို့ထဲသို့ ချောချောမွေ့မွေ့ရောက်လာခဲ့သည်။ သူက ချုပ်ပြီးသားကလေးဝတ်များကို ချိတ်ဆွဲထားသောအဝတ်စဆိုင်သို့ မြင်လိုက်ရပြီး ထိုဆိုင်သို့ တန်းတန်းမတ်မတ်သွားခဲ့၏။ မင်ဟယ်ဝတ်လိုက်လျှင် ကြည့်ကောင်းမည်ဟုတွေးလျက် သူက စျေးမေးလိုက်လေသည်။

"ဆိုင်ရှင်၊ အဲ့ဒါလေးက ဘယ်လောက်လဲ။"

"သုံးကျပ်။"

ရှောက်ယွိတစ်ယောက် အံ့အားသင့်စွာဖြင့် ထပ်မေးလိုက်မိသည်။

"ဘယ်လောက်?"

"သုံးကျပ်လေ။"

ဆိုင်ရှင်က ရှောက်ယွိကိုမော့ကြည့်၍ နှာခေါင်းရှုံ့ကာ အညံ့စားဝတ်စုံကို လက်ညှိုးထိုးပြလိုက်သည်။

"ဒီတစ်ခုက စျေးပေါတယ်။ နှစ်ကျပ်ပဲ။"

ဘာလို့ အကုန်လုံးက စျေးကြီးနေရတာလဲ!

ဆိုင်ရှင်က အကြံပြုလိုက်လေ၏။

"ချုပ်ပြီးသားဝယ်မဲ့အစား အဝတ်စကိုပဲ ဝယ်လိုက်ပါလား။"

"အဝတ်စက ဘယ်လောက်လဲ။"

ဆိုင်ရှင်က လက်ညှိုးထိုးပြခဲ့သည်။

"ဒီဆိုင်မှာ စျေးအပေါဆုံးက တစ်ထွာကို ငါးဆယ်ဝမ်ရှိတယ်။"

ရှောက်ယွိက အဝတ်စကို ကိုင်ကြည့်လိုက်ရာ အတော်လေးကြမ်းသောကြောင့် စိတ်တိုင်းမကျခဲ့ပေ။ သူက အခြားအမျိုးအစားများကို စစ်ဆေးကြည့်ပြီးနောက် စူးစမ်းကြည့်လိုက်သည်။

"ဆိုင်ရှင်၊ သုံးလေးနှစ်သားအတွက်ဆို အဝတ်စဘယ်လောက်လောက်လိုလဲ။"

"ငါးထွာ၊ ခြောက်ထွာလောက်ပေါ့။"

ရှောက်ယွိက အဝတ်စများအကြောင်းနားမလည်ရာ နောက်ထပ်မေးမြန်းလိုက်သည်။

"ဒါဆို ဘောင်းဘီအတွက်ကရော?"

"သုံးလေးထွာလောက်ပဲထင်တယ်။"

'ဧကရာဇ်၏အိပ်မက်' ဆိုသည့် စိတ်ကူးယဥ်ကမ္ဘာ၌ ငွေကြေးစနစ်ကို စာရေးသူက ဖန်တီးထားခြင်းဖြစ်သည်။ တစ်ကျပ်မှာ ဆယ်ပြားရှိပြီး တစ်ပြား၌ ဝမ်တစ်ရာရှိပေ၏။ ဆိုလိုသည်မှာ ကလေးအတွက် စျေးအပေါ်ဆုံးဝတ်စုံချုပ်ရန် သုံးပြားလိုအပ်ပြီး ဘောင်းဘီက နှစ်ပြားဝန်းကျင်လောက် ကုန်ကျလိမ့်မည်။

သူ့၏စုစုပေါင်းဝင်ငွေက တစ်ကျပ်နှင့် ငါးပြားဖြစ်ပြီး ၁၅ ပြားသာရှိသည်!

သို့သော် မင်ဟယ်က ငှက်ကလေးတန်းလန်းနှင့် အပြင်ထွက်လို့မရချေ။

အခိုက်အတန့်တစ်ခုလောက် တွန့်ဆုတ်နေပြီးနောက် မင်ဟယ်က စျေးပေါသောအဝတ်စအတွက် နောက််ထပ်ဆိုင်များကိုသွားကြည့်ရန် ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံးတော့ သူ စျေးသက်သာသည့်ဆိုင်ကို တွေ့ခဲ့ပြီး အပ်နှင့် အပ်ချည်များပါ ဝယ်ယူ၍ မင်ဟယ်အတွက် ကိုယ်တိုင်ချုပ်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။

ငွေသုံးပုံတစ်ပုံကို သုံးလိုက်မိသည့်ရှောက်ယွိတစ်ယောက် မြို့ထဲမှာလှည့်လည်သွားကာ အလုပ်ရှာဖွေကြည့်ခဲ့သည်။ ဝင်ငွေမရှိလျှင် သူနှင့် မင်ဟယ် ငတ်ပြတ်ပြီး သေဖို့သာရှိပေ၏။

အချိန်အကြာကြီး ရှာဖွေနေခဲ့သော်လည်း အလုပ်ခေါ်စာတစ်ခုတလေမှ မတွေ့ခဲ့ရဘဲ လူတော်တော်များများက မုန့်များ၊ သကြားလုံးများကိုင်ကာ ကျစ်ထန်တူးမြောင်းကြီးဆီ သွားနေကြသည်ကို တွေ့လိုက်ရသည်။

သူလည်း စပ်စပ်စုစုနှင့် လူအုပ်ကြီးနောက်သို့လိုက်သွားခဲ့ရာ မြင်လိုက်ရသောမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့တော့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment