no

Font
Theme

အပိုင်း (၆.၂)

အရေးကြီးဆုံးမှာ ဤလုပ်ငန်းလေးက အလားအလာရှိပြီး မင်ဟယ်ကိုလည်း ဂရုစိုက်ပေးနိုင်သည်။ သူက အပြုံးလေးဖြင့် ပြောလိုက်၏။

"ဦးငယ်တို့ ဆက်ကြိုးစားရင် တစ်နေ့နေ့မှာ ချမ်းသာလာမှာပါ။"

"ဒါဆို အိမ်မြန်မြန်ပြန်ပြီး ပေါက်စီတွေ ထပ်လုပ်ရအောင်လေ။"

ရှောက်ယွိက ပြောလိုက်သည်။

"အရင်ဆုံး ပစ္စည်းတချို့ဝယ်ရဦးမယ်။"

"ဘာတွေဝယ်မှာလဲဟင်။"

"ဦးငယ်တို့မှာ ဂျုံမှုန့်တွေ မလောက်တော့ဘူး။ ဂျုံမှုန့်၊ မှိုခြောက်နဲ့ မုန်လာဥနီတွေ ထပ်ဝယ်ရဦးမှာ။"

မင်ဟယ်က ပြတ်သားစွာ ပြောလိုက်သည်။

"ဒါဆို သွားဝယ်ကြမယ်!"

တူဝရီးနှစ်ယောက်က ဝင်ငွေရထားသဖြင့် တက်ကြွနေကြပြီး ချင်းရှီမြို့ထဲသို့ဝင်ကာ ပါဝင်ပစ္စည်းများကို ဝယ်ခဲ့ကြသည်။ ရှောက်ယွိ၏အိတ်ထဲတွင် အကြွေစေ့ အနည်းငယ်ကျန်သေးသဖြင့် သူက မင်ဟယ်အတွက် အသီးသကြားလုံးဝယ်ပေးရန် တွေးလိုက်သည်။

"အကြွေစေ့သံတွေက တိုးသွားပြီ၊ သားတို့ ထပ်မဝယ်ကြစို့လေ။"

မင်ဟယ်က ၈၉ ပြားကို အများကြီးဟု ထင်ထားခဲ့သော်လည်း ပစ္စည်းများဝယ်ပြီးနောက် တော်တော်များများ ကုန်သွားလေ၏။ ရှောက်ယွိ၏အိတ်ကပ်ထဲမှာ တချွင်ချွင်ဟု အသံမမြည်တော့ပေ။

ရှောက်ယွိတစ်ယောက် မင်ဟယ်၏စကားကို သဘောကျသွားပြီး ရယ်ရယ်မောမော ပြောလိုက်သည်။

"ဟုတ်ပါပြီ၊ ဒါဆို အိတ်ကပ်ထဲကအသံ ပြန်ကျယ်လာတော့မှ အသီးသကြားလုံး ဝယ်ကြတာပေါ့။"

"ဟုတ်!"

မင်ဟယ်က ခေါင်းညိတ်ကြလိုက်၏။

နှစ်ဦးသား ပျော်ရွှင်စွာဖြင့် ကျင်းရှို့ရွာသို့ ပြန်လာခဲ့ကြသည်။ လွန်ခဲ့သည့်နှစ်ရက်လုံး ဗိုက်ဝအောင် စားခဲ့ရသဖြင့် အပြန်လမ်းတွင် သုံးကြိမ်သာနားခဲ့ပြီး အိမ်သို့ ရောက်လာခဲ့ကြ၏။

တူဝရီးနှစ်ယောက် နေ့လယ်စာအဖြစ် ကျန်နေသေးသည့် သစ်အယ်သီးကြက်သားနှင့် ဆန်မုန့်များကို စားလိုက်ကြသည်။ ညစာအတွက် ဘာမှမကျန်တော့ရာ ရှောက်ယွိက သူကိုယ်တိုင်နှင့် မင်ဟယ်ကို ကိုယ်အလေးချိန်တက်စေရန်ရည်ရွယ်၍ ဂျုံမှုန့်အချို့ကိုအသုံးပြုကာ ဟင်းရွက်နှင့် ဝက်ဆီဖတ်များဖြင့် ခေါက်ဆွဲ ပြုလုပ်ခဲ့သည်။

ဟင်းရွက်၊ အသား၊ ခေါက်ဆွဲသားနှင့်၊ ရှောက်ယွိ၏လက်ရာတို့ ပေါင်းစပ်ထားသဖြင့် မင်ဟယ်တစ်ယောက် တစ်ပန်းကန်လုံး ကုန်အောင်စားပြီးတာတောင် ထပ်လိုချင်နေခဲ့သည်။

"ညဘက်မှာ အများကြီးစားရင် အစာမကျေဘဲ ဖျားတတ်တယ်။"

ဤခေတ်မှာ ဆေးကုသမှုက မကောင်းသဖြင့် အသေးစားရောဂါလေးဆိုလျှင်တောင် အသက်အန္တရာယ်ရှိနိုင်သည်။

မင်ဟယ်က ချက်ချင်းဆိုသလို ဆက်မစားတော့ချေ။

အစာမကျေမည်စိုး၍ ရှောက်ယွိက မင်ဟယ်နှင့်အတူ ခြံဝင်းထဲမှာ လမ်းလျှောက်ခဲ့သည်။ လမ်းလျှောက်နေရင်း လေအေးလေးများ တိုက်ခတ်လာသောကြောင့် မကြာမီ အပူချိန်ကျဆင်းလာတော့မည်ကို သူ သတိပြုမိလိုက်၏။ ဆောင်းရာသီအတွင်း မရှိမဖြစ်လိုအပ်သည့် အနွေးထည်နှင့် စောင်များဝယ်ယူရန် ပိုက်ဆံအမြန်ရှာဖို့လိုအပ်သည်။ ထို့ကြောင့် ရှောက်ယွိတစ်ယောက် မနက်ဖြန်အတွက် ပေါက်စီ အလုံး ၅၀ လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။

သူက ဂျုံမှုန့်များကိုနယ်ကာ အိုးထဲထည့်၍ နှပ်ထားလိုက်သည်။

နောက်တစ်နေ့တွင် သူက စောစောထခဲ့ပြီး မင်ဟယ်ကပါ လိုက်ထလာကာ မျက်လုံးလေးများကို ပွတ်သပ်ရင်း အိပ်ချင်မူးတူး ပြောလာခဲ့၏။

"ဦးငယ်၊ သားလည်း ပေါက်စီကူလုပ်ချင်တယ်။"

ရှောက်ယွိမှာ ထိရှသွားပြီး မင်ဟယ်၏မျက်နှာလေးကို ပွတ်သပ်လိုက်လေသည်။

"အိပ်ချင်ရင် ထပ်အိပ်ဦးလေ။"

"ဟင့်အင်း၊ သား ပေါက်စီကူလုပ်ပေးချင်တယ်။"

"ဟုတ်ပါပြီ၊ ဒါဆို ခဏနေ ဟင်းရွက်တွေသွားခူးပေး။"

"ဟုတ်။"

တူဝရီးနှစ်ယောက် မိုးသောက်ချိန်ကတည်းက စတင်လုပ်ကိုင်ခဲ့ကြရာ နေထွက်လာသောအခါ ပေါက်စီ ၅၄ လုံး ထွက်လာခဲ့သည်။ ထိုအထဲမှ လေးလုံးကို ၎င်းတို့ဘာသာစားရန် ဖယ်ထားလိုက်လေ၏။

သို့သော် မင်ဟယ်က စိတ်အားထက်သန်စွာ ပြောလာခဲ့သည်။

"ဦးငယ်၊ ပေါက်စီတစ်လုံးကို သုံးပြားတောင်ရတာနော်!"

"အဆင်ပြေပါတယ်၊ ဦးငယ်တို့က လေးလုံးတည်းစားမှာလေ။"

"ဘေးလုံးဆိုရင်... လေးလုံးဆိုရင်..."

မင်ဟယ်တစ်ယောက် မတွက်တတ်သေးကြောင်း ရုတ်တရက်အမှတ်ရသွားပြီး ချက်ချင်းပြောလိုက်သည်။

"လေးလုံးဆိုရင် ပိုက်ဆံတွေအများကြီးပဲရမှာ! သားတို့ မစားတော့ဘဲ ရောင်းလိုက်ကြမယ်လေ!"

ရှောက်ယွိက ရယ်မောလိုက်သည်။

"တကယ်အဆင်ပြေပါတယ်ဆို။"

သို့သော် မင်ဟယ်ကတော့ ငြင်းဆန်နေဆဲပင်။

"မင်းကတော့လေ တကယ်ကို ကပ်စေးနည်းလေးပဲ။"

ရှောက်ယွိက တိုးတိုးလေး ရေရွတ်လိုက်၏။

မင်ဟယ်က သေချာမကြားလိုက်ရသဖြင့် ခေါင်းလေးစောင်းကာ မေးမြန်းလိုက်သည်။

"ဦးငယ် ဘာပြောလိုက်တာလဲဟင်။"

"ဦးငယ်ပြောတာက နှစ်ယောက်ပေါင်းပြီး ပေါက်စီတစ်လုံးကို အရသာမြည်းကြည့်ကြမယ်။ ပြီးရင် ဟင်းရွက်မုန့်ဖတ်စွပ်ပြုတ်သောက်မယ်ကြလေ။ အဲ့လိုဆို ဂျုံမှုန့်သိပ်မကုန်တော့သလို ဟင်းရွက်တွေကလည်း ခြံထဲကပဲဆိုတော့ ပိုက်ဆံမကုန်တော့ဘူးပေါ့၊ ဟုတ်ပြီလား။"

မင်ဟယ်က ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်။"

မုန့်ဖတ်စွပ်ပြုတ်က လုပ်ရလွယ်ပေ၏။ ဟင်းရွက်များကို ဝက်ဆီဖြင့်ကြော်ကြော်လှော်ကာ ရေထည့်ပြီး ပွက်ပွက်ဆူလာလျှင် ဂျုံမှုန့်များကို မုန့်ဖတ်အစလေးများဖြစ်အောင်လုပ်၍ ထည့်လိုက်ရုံပင်။

နှစ်ဦးသား ပေါက်စီတစ်ဝက်နှင့် စွပ်ပြုတ်တစ်ပန်းကန်စီစားပြီးနောက် ချင်းရှီမြို့သို့ ထွက်လာခဲ့ကြသည်။

တူဝရီးနှစ်ယောက် ဆိပ်ကမ်းသို့ ဝင်ခါစသာရှိသေးစဥ် လူတစ်စုက ၎င်းတို့ဘက်သို့ လက်ဝှေ့ယမ်းပြကာ ကျယ်လောင်စွာ အော်ခေါ်လာခဲ့ကြသည်။

"လူငယ်လေး! ကလေးလေး!"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment