အပိုင်း (၂)
မင်ဟယ်က သူ့လက်မောင်းသူ ငုံ့ကြည့်ကာ အခိုက်အတန့်တစ်ခုလောက် စဥ်းစားလိုက်ပြီးမှ အမှတ်ရသွားပုံပင်။
"အမ်၊ သား ချော်လဲခဲ့တာပါ။"
ရှောက်ယွိက သူ၏ဒဏ်ရာကို အနီးကပ်ကြည့်လိုက်ရာ ယင်းက ပွန်းပဲ့ရာတစ်ခုနှင့်တူပေ၏။
"ဘယ်လိုချော်လဲခဲ့တာလဲ။"
မင်းဟယ်က ရှင်းပြလိုက်သည်။
"တောင်ပေါ်က အရမ်းချောတော့ သား ထင်းတွေကောက်ရင်း ချော်လဲပြီး ဒဏ်ရာရသွားတာပါ။"
အမှန်တကယ်ပင် ၎င်းက ပွန်းပဲ့ဒဏ်ရာတစ်ခုဖြစ်ပြီး ရှောက်ယွိက နောက်ထပ် ထပ်မေးလိုက်သည်။
"တခြားဘယ်နေရာတွေ ထိခိုက်မိသွားသေးလဲ။"
"တခြားနေရာတွေ?"
မင်ဟယ်၏အဖြေကို စောင့်မနေဘဲ ရှောက်ယွိတစ်ယောက် ကလေးငယ်၏ စုတ်စုတ်ပြတ်ပြတ်အဝတ်များကို လှန်တင်ကာ ဒဏ်ရာအနာတရများကို စစ်ဆေးရန်ရည်ရွယ်ခဲ့သော်လည်း သူမြင်လိုက်ရသည်မှာ သနားချင့်စဖွယ်ပိန်လှီနေသည့် ကလေးငယ်၏ခန္ဓာကိုယ်ပင်။
အမှန်တကယ်ကို အရိုးပေါ် အရေတင်ဖြစ်နေ၏!
ကလေးတစ်ယောက် ဤမျှလောက် ပိန်ချုံးနေသည်ကို သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ဤမျှပိန်ချုံးနေသောကလေးငယ်က ထင်းကောက်ကာ ပေါက်စီနှင့်လဲခဲ့ပြီး ကိုယ်တိုင်မစားဘဲ သူ့ဦးငယ်အတွက် သိမ်းထားခဲ့သည်။
ထိုသတိပြုမိချက်ကြောင့် သူ့နှလုံးသားက ကြီးကြီးမားမား တုန်လှုပ်သွားခဲ့သည်။ ဤမျှအသက်ငယ်ငယ်နှင့် သိတတ်၊ နားလည်တတ်ကာ အမှီအခိုကင်းပြီး တာဝန်ကျေသောကလေးငယ်သည် သူ့အဖေ၏သေဆုံးမှု၊ သူ့အမေ၏ထွက်ခွာသွားမှုနှင့် သူ့ဦးငယ်၏ဆုံးပါးမှုတို့ကို ခံစားခဲ့ရပြီးနောက် လမ်းဘေးမှာလှည့်လည်သွားကာ တောင်းရမ်းစားသောက်ခဲ့ရသလို လူသားမဆန်သည့် နှိပ်စက်မှုများကို ခံစားခဲ့ရပြီး နောက်ဆုံးမှာ ရူးသွပ်မှုဖြင့် ဆုံးပါးသွားခဲ့ရသည်... ယင်းက သိပ်ကိုရက်စက်လွန်းသည်။
ဥပဒေအရဖြစ်စေ၊ ကိုယ်ကျင့်တရားအရဖြစ်စေ ဤသုံးနှစ်သားလေး ထိုကဲ့သို့ကံကြမ္မာလမ်းဆီ လျှောက်လှမ်းသွားမည်အား သူ ရပ်ကြည့်မနေနိုင်ပေ။
ပြင်းပြသောဆန္ဒတစ်ခုက သူ့နှလုံးသားထဲကနေ ထိုးထွက်လာ၏။ သူက ဗီလိန်၏ဦးငယ်အဖြစ် 'ဧကရာဇ်၏အိပ်မက်' ထဲ ကူးပြောင်းလာခဲ့ပြီဖြစ်ရာ ၎င်းကို လုံးဝ ပြောင်းလဲပစ်ရမည်!
ဟုတ်တယ်!
အဆုံးထိ ပြောင်းလဲပစ်ရမယ်!
လွန်ခဲ့သောအခိုက်အတန့်က သူ ဘာလုပ်ရမှန်း မသေချာဖြစ်နေခဲ့သော်လည်း ယခု သူ့မှာ ရှင်းလင်းသောပန်းတိုင်တစ်ခု ရှိလာလေပြီ။ သူ အသက်ရှင်သန်ပြီး မင်ဟယ်ကို ကောင်းကောင်းဂရုစိုက်ပေးကာ ချစ်ခင်ပေး၍ ပညာသင်ကြားပေးရမည်ဖြစ်ပြီး သူ့ကို ဝမ်းနည်းဖွယ်ကောင်းသော ထိုလမ်းကြောင်းအပေါ်သို့ ဘယ်သောအခါမှ ပေးလျှောက်မည်မဟုတ်။
သူ၏အကြည့်များက မင်ဟယ်၏မျက်နှာလေးပေါ် ပြန်လည်ပြီး အာရုံစူးစိုက်သွားခဲ့သည်။
မင်ဟယ်က သူ၏အရိုးပေါ်အရေတင်ခန္ဓာကိုယ်လေးကိို ငုံ့ကြည့်လိုက်သော်လည်း ဂရုစိုက်ပုံမရဘဲ ထိုအစား ရှောက်ယွိကို ကြည့်လိုက်သည်။
"ဦးငယ်၊ သား တခြားနေရာတွေ ဒဏ်ရာမရပါဘူး။ လက်မောင်းလေးပဲ ခြစ်မိသွားတာပါ။ ဒါပေမဲ့ အဲ့ဒါက အမာရွတ်တောင်ဖြစ်နေပြီမို့ မနာတော့ပါဘူး။ ဦးငယ်၊ ပေါက်စီကို စားလိုက်ပါနော်။ နောက်ကျရင် သား ထင်းတွေထပ်ကောက်ဖို့ တောင်ပေါ်သွားပြီး ဖွားဖွားဟောက်ဆီ ပေါက်စီနဲ့သွားလဲလိုက်ပါ့မယ်။"
ရှောက်ယွိက အသံကို မြှင့်လိုက်မိသည်။
"မသွားရဘူး!"
မင်ဟယ်၏မျက်နှာက အံ့အားသင့်မှုကြောင့် အေးခဲသွားခဲ့သည်။
ရှောက်ယွိတစ်ယောက် ဝတ္ထုထဲကို ကူးပြောင်းလာစဖြစ်ရာ သူ၏စိတ်ခံစားချက်များက ရှုပ်ထွေးနေဆဲဖြစ်ပြီး စကားပြောရာ၌ အနည်းငယ်စိတ်လှုပ်ရှားသွားခဲ့သည်။
သူက သူ့ကိုယ်သူ အမြန်တည်ငြိမ်အောင်ထိန်းကာ တောင်းပန်လိုက်လေ၏။
"တောင်းပန်ပါတယ်၊ အသံနည်းနည်းကျယ်သွားတယ်။ ငါပြောချင်တာက ဖွားဖွားဟောက်တို့မိသားစုကလည်း ချမ်းသာတာမဟုတ်လို့ ငါတို့အတွက် ပေါက်စီအပိုတွေ ပေးနိုင်တော့မှာမဟုတ်ဘူး။"
မင်ဟယ်က သူ့ဦးငယ်အပေါ် အငြိုးအတေးမထားတတ်သူဖြစ်၏။ ထို့အပြင် သူ့ဦးငယ်၏တောင်းပန်မှုအပြီးမှာ ၎င်းတို့၏စားရေးသောက်ရေးအတွက် စိုးရိမ်သွားပြီး မျက်ခုံးတန်းလေးများစုကျုံ့ကာ စိုးရိမ်တကြီးမေးလိုက်သည်။
"ဒါဆို သားတို့ ဘယ်လိုလုပ်ကြမလဲဟင်။"
ရှောက်ယွိက မင်ဟယ်၏အဝတ်ကို ပြန်ဆွဲချပေးလိုက်ပြီး သူ၏စိတ်ခံစားချက်များကို တည်ငြိမ်အောင်ချုပ်တည်းပြီးနောက် ပုံမှန်အသံဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ မင်ဟယ်၊ မင်းရဲ့ဦးငယ်က စဥ်းစားပေးမှာပေါ့။"
မင်ဟယ်က မျက်နှာလေးကိုမော့၍ လေးလေးနက်နက် ပြောလိုက်သည်။
"ဒါပေမဲ့ ဦးငယ်က ဖျားနေတာလေ။ ဦးငယ် စဥ်းစားလို့မရပါဘူး။"
ရှောက်ယွိက နှစ်သိမ့်ပေးလိုက်၏။
"ငါ့မှာ အကြံရှိပြီးသားပါ။"
ရှောက်ယွိက အသက်ငယ်သော်လည်း အလွန်စိတ်ပူတတ်သည်။
"ဘာအကြံလဲ။"
ရှောက်ယွိက သူ၏အကြံအစည်များကို ဖုံးကွယ်မထားခဲ့ပေ။
"အကြွေးတောင်းဖို့။ ငါတို့မှာ ပိုက်ဆံရှိတာနဲ့ အဆင်ပြေသွားလိမ့်မယ်။"
မင်ဟယ်က မေးမြန်းလိုက်၏။
"ဦးငယ်က ဘယ်မှာ အကြွေးသွားတောင်းမှာလဲ။"
"ဝမ်ယွဲ့စားသောက်ဆိုင်ကို။"
ထိုနေရာက မူလကိုယ် အလုပ်လုပ်ခဲ့သောနေရာဖြစ်၏။ 'ဧကရာဇ်၏အိပ်မက်' ဝတ္ထုထဲမှာ မင်ဟယ် အရွယ်ရောက်လာပြီးနောက် ဝမ်ယွဲ့စားသောက်ဆိုင်၏ဆိုင်ရှင်ဖြစ်သူ ယောင်မျိုးနွယ်သည် သူ့ဦးငယ်ကို အနိုင်ကျင့်ခဲ့ပြီး သူ၏လုပ်အားခများကို ခေါင်းပုံဖြတ်ခဲ့ကြောင်း သိသွားခဲ့သည်။ သူက ဆိုင်ရှင်ယောင်၏အိမ်သို့ ပေါ်တင်ဝင်ရောက်ကာ ဆိုင်ရှင်ယောင်၏မိသားစုဝင်များအားလုံးကို သတ်ပစ်ရန် သူ၏လက်အောက်ငယ်သားများအား အမိန့်ပေးခဲ့သည်။ သူကိုယ်တိုင်ကမူ ဆိုင်ရှင်ယောင်ကို ဖြည်းဖြည်းချင်း အသားများကိုမွှန်း၍ သတ်ဖြတ်ခဲ့သည်။ ယင်းက အလွန်ရက်စက်ပြီး ကြောက်မက်ဖွယ်ကောင်းလှ၏။
ရှောက်ယွိ မင်ဟယ်ကို ထိုကဲ့သို့အရာမျိုး ထပ်ပြီးလုပ်ခွင့်ပြုမည်မဟုတ်။ ထို့ကြောင့် သူကိုယ်တိုင် အကြွေးသွားတောင်းပြီး အနှီအဖြစ်ဆိုးကို အမြစ်ကနေကာကွယ်ရမည်။
"မရဘူး၊ မရဘူး။ ဦးငယ် နေမကောင်းဖြစ်သွားလိမ့်မယ်!"
မင်ဟယ်က အသေးစိတ်ကိုမသိသော်လည်း သူ့ဦးငယ် ထိုစားသောက်ဆိုင်ကနေ ဖြူဖျော့နေသောမျက်နှာဖြင့် ပြန်လာခဲ့ပုံကို မှတ်မိနေခဲ့သည်။ နောက်ဆုံးတစ်ခေါက်က သူ့ဦးငယ်သည် ဆိုးဆိုးဝါးဝါးနာမကျန်းဖြစ်ကာ သေလုမျောပါးဖြစ်ခဲ့ရသည်။ သူ သူ့ဦးငယ်ကို ထိုစားသောက်ဆိုင်သို့ ပြန်မသွားစေချင်ပေ။
ရှောက်ယွိက ပြုံးလိုက်သည်။
"ဒီတစ်ခါတော့ မဖြစ်ပါဘူး။"
မင်ဟယ်က မျက်မှောင်ကြုတ်လိုက်ပြန်၏။
"ဖြစ်မှာ။"
ရှောက်ယွိက အခိုင်အမာပြောလိုက်သည်။
"မဖြစ်ပါဘူး။"
မင်ဟယ်ကလည်း အလားတူခေါင်းမာမှုမျိုးဖြင့် ပြောလိုက်သည်။
"ဖြစ်မှာပါဆို။"
ရှောက်ယွိက ခြေတစ်လှမ်းဆုတ်ကာ ကမ်လှမ်းလိုက်သည်။
"ဒါဆို ဒီတစ်ခေါက် ငါနဲ့အတူလိုက်ခဲ့မလား။"
မင်ဟယ်က မေးလိုက်သည်။
"ဦးငယ်ကို ကာကွယ်ပေးဖို့လား။"
ရှောက်ယွိတစ်ယောက် ဤကလေးငယ်၏ ရဲတင်းမှုကြောင့် မပြုံးဘဲမနေနိုင်ခဲ့ပေ။ သုံးနှစ်အရွယ်သာရှိသေးသော်လည်း သူက အခြားလူများကို ကာကွယ်ချင်နေလေပြီ။
"ကောင်းပြီ၊ မင်းက ဦးငယ်ကို ကာကွယ်ပေး။"
အမှန်တကယ်စွမ်းနိုင်သည်ဟု ယုံကြည်နေသော ကလေးငယ်က ရှောက်ယွိအကြွေးသွားတောင်းမည်ကို အဖော်လိုက်ပေးရန် ချက်ချင်းသဘောတူလိုက်သည်။
ရှောက်ယွိက မင်ဟယ့်လက်ထဲမှပေါက်စီကို ယူလိုက်သည်။
"အရင်ဆုံး ပေါက်စီစားကြရအောင်။ အကြွေးတောင်းဖို့ဆို ငါတို့ ဗိုက်ပြည့်ပြီး အားရှိနေမှဖြစ်မှာ။"
မင်ဟယ်က ငြင်းဆိုလိုက်၏။
"သား မစားတော့ဘူး။"
အံ့အားသင့်သွားသော ရှောက်ယွိက မေးလိုက်၏။
"ဘာလို့မစားတာလဲ။"
မင်ဟယ်က ပေါက်စီကိုငေးကြည့်နေပြီး အတင်းအကျပ် တံတွေးမျိုချကာ အခိုင်အမာပြောလိုက်သည်။
"သားစားလိုက်ရင် ဦးငယ်အတွက် မလောက်တော့ဘူး။"
"လောက်ပါတယ်။"
မင်ဟယ်က ခေါင်းယမ်းပြလိုက်သည်။
"မလောက်ပါဘူး၊ ပေါက်စီက တစ်လုံးတည်းရှိတာလေ။"
ရှောက်ယွိက ပြောလိုက်သည်။
"ဒါကို ရေစိမ်လိုက်မယ်ဆိုရင် ငါတို့နှစ်ယောက်လုံးအတွက် လောက်သွားလိမ့်မယ်။"
မင်ဟယ်က ရှုပ်ထွေးသွားပုံပင်။
ရှောက်ယွိက ထထိုင်လိုက်ပြီး သူ၏မူးဝေမှုကို ဖြေဖျောက်ရန် ရွံ့စေးနံရံကို မှီလိုက်သည်။ သူက မင်ဟယ်ဆီကနေ အေးစက်မာတောင့်နေသော ပေါက်စီကိုယူလိုက်ပြီး အပိုင်းသေးသေးလေးများဖဲ့ကာ ရေထဲကိုနှစ်လိုက်သည်။
ရေစိုသွားသော မုန့်သားများက အမြန်ပွသွားပြီး ချက်ချင်းဆိုသလို ဖောင်းတက်လာ၏။
"ဝိုး!"
မင်ဟယ်က စိတ်လှုပ်ရှားစွာဖြင့် အာမေဋိတ်သံပြုလိုက်သည်။
ရှောက်ယွိက မေးလိုက်လေ၏။
"များလာတယ်မဟုတ်လား။"
မင်ဟယ်က ခေါင်းညိတ်ပြလိုက်သည်။
"အွန်း၊ အများကြီးပဲ ပိုများလာပြီ!"
ထို့နောက် ရှောက်ယွိက မေးလိုက်၏။
"အခု ငါတို့နှစ်ယောက်လုံးအတွက် စားဖို့လောက်သွားပြီဟုတ်?"
"ဟုတ်။"
"ဒါဆို အတူတူစားကြမယ်။"
ယခုတစ်ခေါက်၌ မင်ဟယ်က သဘောတူလိုက်ပြီး မီးဖိုခန်းဆီပြေးသွားကာ သစ်သားဇွန်းတစ်ချောင်းကို ယူလာခဲ့သည်။
ဆားမပါ၊ သကြားမပါ၊ လုံးဝအေးစက်နေသည့် ရေထဲမှာစိမ်ထားသော မုန့်သားက အရသာမရှိပေ။
သို့သော် ဆာလောင်နေသော မင်ဟယ်အတွက် ၎င်းက အတော်လေးအရသာရှိလှ၏။ သူက ရေခွက်ဘေးမှာကပ်နေသော အဖက်များကိုတောင် ပြောင်စင်အောင်စားခဲ့သည်။ ရှောက်ယွိကလည်း ရေစိမ်ပေါက်စီကနေ အင်အားတချို့ ရရှိခဲ့သည်။ ခန္ဓာအသစ်နှင့် တဖြည်းဖြည်း အသားကျအောင်လုပ်ရင်း သူ သက်ကယ်အမိုးအိမ်လေးကို စတင်၍စူးစမ်းလိုက်၏။ ၎င်းက သိပ်မကြီးဘဲ အလယ်တွင် ဝါးခြမ်းပြားဖြင့် အပြင်ခန်းနှင့် အတွင်းခန်းဟူ၍ အခန်းသေးလေးနှစ်ခန်းအဖြစ် အကြမ်းဖျင်းပိုင်းခြားထားပြီး အပြင်ခန်းကို ဧည့်ခန်းအဖြစ်သတ်မှတ်ထားသည်။
အတွင်းခန်းကမူ သူ ယခုရှိနေသော အိပ်ခန်းဖြစ်ပြီး အရှေ့တွင် ပြတင်းပေါက်ငယ်တစ်ခုရှိသည်။ ပြတင်းပေါက်ဘောင် အက်ကွဲကြောင်းများမှတစ်ဆင့် သေးငယ်သော ခြံစည်းရိုးကိုမြင်နေရပြီး တံခါးဝတွင် ဟင်းသီးဟင်းရွက်စိုက်ထားသော စိုက်ခင်းလေးတစ်ခုရှိသည်။
ဘာစိုက်ထားကြောင်း သူ သေချာမသိသလို အခြားကြည့်စရာနေရာလည်း များများစားစားမရှိခဲ့ပေ။ ယခု သူ၏ခွန်အားများ တဖြည်းဖြည်း ပြန်လည်ရရှိလာသဖြင့် အိပ်ရာမှထကာ မင်ဟယ်နှင့်အတူ ခြံဝင်းလေးထဲသို့ သွား၍ မျက်နှာသစ်၊ ဆံပင်ဖြီးကာ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ခဲ့သည်။ ထိုအချိန်တွင်မှ 'ဧကရာဇ်၏အိပ်မက်' ဝတ္ထုက အပိုပြောနေခြင်းမဟုတ်ကြောင်း သူ သတိပြုမိသွားခဲ့၏။ မင်ဟယ်က သူနှင့်အလွန်တူပြီး နှစ်ယောက်စလုံး အတော်လေးချောမောကြပေသည်။
မင်ဟယ်မှာ တောက်ပနေသော မျက်ဝန်းနက်လေးများ၊ ဖြောင့်စင်းနေသော နှာတံ၊ ခပ်ဖူးဖူးဖြစ်နေသော နှုတ်ခမ်းလေးများနှင့်အတူ ကလေးသဘာဝ ချစ်စရာကောင်းနေခဲ့သည်။ အနာဂတ်တွင် သူက သာ့ကျင့်တည်ထောင်ချိန်မှစ၍ အခံ့ညားဆုံးအမတ်တစ်ယောက််ဖြစ်လာလိမ့်မည်ပင်။
သူကိုယ်တိုင်ကလည်း သူစိတ်ကူးကြည့်ဖူးသည်ထက် ပို၍ချောမောသည်။ ဖြူဖွေးသောအသားအရည်၊ နူးညံ့သော မျက်နှာအစိတ်အပိုင်းများ၊ အထူးသဖြင့် ကြည်လင်တောက်ပနေသော ဇာမဏီမျက်ဝန်းတစ်စုံနှင့် ပိန်လှီနေသော်လည်း လူငယ်ဆန်သည့်ဆွဲဆောင်မှုကို ထုတ်လွှတ်နေခဲ့သည်။
မင်ဟယ်က မော့ကြည့်ကာ ပြောလိုက်သည်။
"ဦးငယ်၊ ဦးငယ်က အရမ်းချောတာပဲ!"
"စုတ်ပြတ်နေတဲ့ အဝတ်အစားတွေနဲ့တောင် ချောတုန်းပဲပေါ့?"
မင်ဟယ်၏အဝတ်များသာမက ရှောက်ယွိ၏အဝတ်များကပါ ဟောင်းနွမ်းနေခဲ့သည်။ သူ့ကိုစိတ်ပူစေသည်မှာ ထိုအချက်ပင်။ ဤနေရာ၌ ဆောင်းဦးရောက်နေပြီဖြစ်ရာ ၎င်းတို့တွေ အအေးဒဏ်ကိုကာကွယ်ရန် ရာသီအလိုက်အဝတ်အစားများနှင့် အိပ်ရာခင်းများကို ပြင်ဆင်ဖို့လိုအပ်သည်။
မင်ဟယ်က ခေါင်းညိတ်ကာ အတည်ပြုလိုက်၏။
"ဟုတ် ချောတယ်! ဦးငယ်က အချောဆုံးပဲ!"
ရှောက်ယွိကလည်း လိုက်ပြောလိုက်သည်။
"တူဝရီးနှစ်ယောက်စလုံး အချောဆုံးပဲ!"
မင်ဟယ်က ကျေနပ်ပီတိဖြစ်စွာ ပြုံးလိုက်သည်။
အဆင်သင့်ဖြစ်ပြီးနောက် ရှောက်ယွိက ပြောလိုက်၏။
"လာ၊ ငါတို့ ချင်းရှီမြို့က ဝမ်ယွဲ့စားသောက်ဆိုင်ဆီ သွားကြစို့။"
သာ့ကျင့်ပြည်၏ ကျစ်ထန်တူးမြောင်းကြီးဘေးတွင် တည်ရှိသော ချင်းရှီမြို့က မြောက်မှတောင်၊ တောင်မှမြောက်သို့ ကူးသန်းနေသော ခရီးသည်များကို လက်ခံကာ ပတ်ပတ်လည်ရွာများအတွက် နေ့စဥ်လိုအပ်သည့်ပစ္စည်းများကို ထုတ်လုပ်ပေးသည့်နေရာလည်းဖြစ်သည်။
တူဝရီးနှစ်ယောက် ကျင်းရှို့ရွာထဲ ဖြတ်သွားချိန်၌ ရှောက်ယွိက ရွာသားများကို နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့သည်။
"ဒေါ်လေးဝူ၊ ဦးလေးယန်၊ မင်္ဂလာနံနက်ခင်းပါ။"
ရှောက်ယွိက ကျင်းရှို့ရွာခံမဟုတ်ဘဲ ပုံမှန်အားဖြင့် ခေါင်းငုံ့၍ တိတ်တဆိတ်လျှောက်သွားတတ်သည်။ ရွာသားများက သူ့ကို သိပ်မရင်းနှီးကြဘဲ သူဘက်ကနေ အစပြု၍ နှုတ်ဆက်မည်ဟုလည်း မထင်ထားခဲ့ကြပေ။ ဒေါ်လေးဝူနှင့် ဦးလေးယန်တို့က သူ့ရုပ်ရည်ကို ပထမဆုံးအကြိမ် ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ကြရပြီး အံ့ဩမှုနှင့်အတူ အပြင်လူများအပေါ် ခွဲခြားဆက်ဆံတတ်သော ကနဦးတွန့်ဆုတ်မှုက ပျောက်ကွယ်သွားခဲ့ပြီး ပြုံးပြုံးရယ်ရယ်ဖြင့် ရှောက်ယွိကို ပြန်လည်နှုတ်ဆက်ခဲ့ကြသည်။
နောင်တွင် ပိုမိုကောင်းမွန်သောဘဝအတွက် အိမ်နီးချင်းကောင်းဖြစ်ခြင်းက အရေးပါသည်ဟု ရှောက်ယွိက ယုံကြည်ပေ၏။ ရှောက်ယွိတစ်ယောက် လမ်းတစ်လျှောက်လုံး နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့ပြီး မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် သူနှင့် မင်ဟယ်တို့ နောက်ဆုံးတော့ ချင်းရှီမြို့၏လမ်းမကြီးပေါ်သို့ ရောက်ရှိလာခဲ့သည်။
မနက်စာကို မင်ဟယ်နှင့်အတူ ရေစိမ်ပေါက်စီစားခဲ့သည်ကို ရှောက်ယွိ ကျေးဇူးတင်နေမိသည်။ ထိုသို့မဟုတ်လျှင် ဤနေရာအထိလမ်းလျှောက်လာရန် ခွန်အား လုံးဝရှိမည်မဟုတ်ပေ။
"ဦးငယ်၊ လူတွေ အများကြီးပဲ။"
ချင်းရှီမြို့ကို တစ်ကြိမ်၊ နှစ်ကြိမ်မျှသာရောက်ဖူးသော မင်ဟယ်က ၎င်းကို မမှတ်မိပေ။ ရွာသားများဆီကနေ အမြဲကြားနေရသော အလွန်စည်ကားသက်ဝက်နေသည့်မြင်ကွင်းကို မြင်လိုက်ရသောအခါ သူ စိတ်လှုပ်ရှားလာခဲ့သည်။
မင်ဟယ်၏ကျန်းမာရေးကို စိတ်ပူသော ရှောက်ယွိက မေးမြန်းလိုက်၏။
"မင်း ပင်ပန်းနေပြီလား။ အနားယူချင်သေးလား။"
"သား မပင်ပန်းပါဘူး။"
မင်ဟယ်က မြို့ထဲကိုဝင်ပြီး သက်ဝင်လှုပ်ရှားနေသောလေထုကို ပျော်ရွှင်ခံစားရန် စိတ်အားထက်သန်နေသည်။
ရှောက်ယွိက ခေါင်းညိိတ်လိုက်သည်။
"ဒါဆို ဆက်သွားကြမယ်။"
"အွန်း။"
'ဧကရာဇ်၏အိပ်မက်' ထဲ၌ သာ့ကျင့်ပြည်ကို စိတ်ကူးယဥ်ဆန်ပြီး ကြွယ်ဝချမ်းသာကာ ပွင့်လင်းမြင်သာသောနိုင်ငံအဖြစ် အကြိမ်ကြိမ် ရေးသားဖော်ပြထား၏။ မူလကိုယ်၏မှတ်ဉာဏ်ထဲတွင် ချင်းရှီမြို့နှင့်ပတ်သက်သည့် မျက်ဝါးထင်ထင်ပုံရိပ်အချို့လည်း ရှိပေသည်။
ရှေးခေတ်က ထုတ်လုပ်မှုစွမ်းအားမကောင်းဟု ရှောက်ယွိတစ်ယောက် အလိုလိုတွေးထားပြီး ချင်းရှီမြို့က မြို့တော်မဟုတ်ဘဲ တစ်နည်းနည်းဖြင့် ဆင်းရဲလိမ့်မည်ဟု သူမျှော်လင့်ပြီးသားပင်။
သို့သော် အံ့အားသင့်စရာမှာ ချင်းရှီမြို့ထဲ ဝင်ရောက်လိုက်သည်နှင့် လမ်းမများထက် စည်ကားနေသောလူများ၊ တောက်ပသော ပိုးထည်စများ၊ တဖျပ်ဖျပ်လွင့်နေသော စားသောက််ဆိုင်အလံများကို မြင်တွေ့လိုက်ရပြီး ချင်းမင်ပွဲတော်အတွင်း မြစ်ကမ်းတစ်လျှောက် စည်ကားသက်ဝင်နေသောလေထုကို ခံစားလိုက်ရသည်။
တကယ်ကို စည်ကားတာပဲ!
"တကယ်တော့၊ ဆင်းရဲနေတာက ငါတစ်ယောက်ပဲကိုး။"
ရှောက်ယွိတစ်ယောက် မနေနိုင်ဘဲ ညည်းညူလိုက်မိသည်။
မင်ဟယ်က မျက်နှာလေးမော့၍ မေးလာခဲ့၏။
"ဦးငယ် ဘာပြောလိုက်တာလဲ။"
"ဘာမှမဟုတ်ပါဘူး။"
ရှောက်ယွိက ပြန်ဖြေလိုက်ပြီး မင်ဟယ်၏လက်ကလေးကို ဆုပ်ကိုင်လိုက်သည်။
မင််ဟယ်က ပဟေဠိဖြစ်ကာ မေးလိုက်၏။
"ဦးငယ်၊ ဘာလို့ သားလက်ကိုကိုင်ထားတာလဲ။"
"လူတွေအရမ်းများနေတော့ မင်း လူအုပ်ကြားထဲညှပ်ပါသွားမှာကို စိုးရိမ်လို့။"
မင်ဟယ်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"သား လူကြားထဲ ညှပ်ပါသွားရင်တောင် အိမ်ပြန်တဲ့လမ်းကို ရှာနိုင်ပါတယ်။"
"မင်ဟယ်က အရမ်းတော်တာပဲ။"
ရှောက်ယွိက ထိုသို့ပြောလိုက်သော်လည်း လက်ကိုတော့မလွှတ်ခဲ့ချေ။
နှစ်ဦးသား 'တောသားမြို့တက်' ဆိုသကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် နေရာတိုင်းကိုလိုက်ကြည့်နေခဲ့ကြပြီး စည်ကားနေသောမြင်ကွင်းများကို အဆက်မပြတ် ချီးကျူးနေခဲ့ကြသည်။
ရှောက်ယွိသည် မင်ဟယ်က သစ်အယ်သီးများ၊ ဆန်ကိတ်များ၊ သကြားရုပ်များနှင့် အသီးသကြားလုံးများ စသည်တို့ကိုကြည့်ကာ တံတွေးမျိုချနေကြောင်း မြင်တွေ့ခဲ့ရသော်လည်း ဗလာကျင်းနေသော သူ၏အိတ်ကပ်ကြောင့် မမြင်ချင်ယောင်သာ ဆောင်နေခဲ့ရသည်။
မကြာမီ နှစ်ဦးသား ဝမ်ယွဲ့စားသောက်ဆိုင်ရှေ့သို့ ရောက်ရှိလာခဲ့လေ၏။
ထမင်းစားချိန်ဖြစ်၍ ဝမ်ယွဲ့စားသောက်ဆိုင်မှ စားပွဲထိုးဖြစ်သူ ကျန်းဝူက ပခုံးပေါ်တွင် အဝတ်စအသန့်တစ်ထည်ကိုတင်ထားပြီး ဝင်လာသည့်စားသုံးသူတိုင်းကို အပြုံးဖြင့် ကြိုဆိုနေခဲ့သည်။
"ကြိုဆိုပါတယ်ခင်ဗျာ၊ အထဲကိုကြွပါ။"
ရှောက်ယွိက မင်ဟယ်ကိုလက်တွဲ၍ အထဲသို့ဝင်သွားလိုက်သည်။
"ကြိုဆိုပါတယ်၊ အထဲ—"
ရှောက်ယွိကိုမြင်လိုက််ရသောအခါ ကျန်းဝူက ရပ်တန့်သွားပြီး တစ်စုံတစ်ယောက်ကို သတိထားနေဟန်ဖြင့် ပတ်ဝန်းကျင်ကို အမြန်လှည့်ပတ်ကြည့်လိုက်၏။ ထို့နောက် ရှောက်ယွိ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ နံဘေးသို့ဆွဲခေါ်သွားပြီး တီးတိုးပြောလိုက်သည်။
"ရှောက်ယွိ၊ မင်း ဘာလို့ထပ်ရောက်လာတာလဲ။"
***
Aurora Novel Translation Team