အပိုင်း (၅.၁)
မြက်ခြောက်လှေများ၊ သားရေလှေများ၊ သစ်သားလှေများနှင့် ဝါးလှေများ အစရှိသည့် လှေအမျိုးမျိုးကတူးမြောင်းတစ်လျှောက် တစ်စင်းနှင့်တစ်စင်း တိုးဝှေ့မျောပါလျက်ရှိသည်။ အချို့က အပန်းဖြေရန်၊ အချို့က ငါးဖမ်းရန်၊ အချို့ကမူ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရန်ဖြစ်သည်။ ကမ်းပါးတစ်လျှောက်တွင်လည်း မုန့်ကြိုးလိမ်ရောင်းသူ၊ အသီးသကြားလုံးရောင်းသူ၊ လက်ဖက်ကြက်ဥရောင်းသူများဖြင့် ဈေးသည်များက တကြော်ကြော်အော်ဟစ်ရောင်းချနေကြသည်။
ယင်းက မယုံကြည်နိုင််လောက်အောင် စည်ကားလျက်ရှိ၏။
ဒါ လမ်းဘေးအစားအသောက်တန်းများလား။
ရှောက်ယွိတစ်ယောက် သိပ်မသေချာသဖြင့် ကြက်ဥများရောင်းနေသော အဖွားအိုတစ်ယောက်နားသို့ ချဉ်းကပ်သွားခဲ့သည်။
အဖွားအိုက ပြောလာ၏။
"လူလေးက ဘယ်ကနေလာခဲ့တာလဲ။"
ရှောက်ယွိက ဤနေရာနှင့် မရင်းနှီးကြောင်းကို ပြောပြလိုက်သည်။
"ကျင်းရှို့ရွာကပါ။ ကျွန်တော်က မြို့ထဲကို ခဏခဏမလာဖြစ်လို့ပါ။"
အဖွားအိုက စိတ်ရှည်လက်ရှည် ရှင်းပြခဲ့၏။
"အဲ့ဒါကြောင့်ကိုး။ ဒါက ကျစ်ထန်တူးမြောင်းပေါ်က ဆိပ်ကမ်းလေးတစ်ခုလေ။ လှေငယ်လေးတွေ ဆိုက်ကပ်ဖို့အတွက် အဓိကလုပ်ထားတာ။ လှေအရေအတွက်က သိပ်တော့မများပေမဲ့ မြို့ထဲမှာ ဆိုင်ခန်းခမတတ်နိုင်တဲ့ အဖွားတို့လိုစျေးသည်တွေအတွက် ဒီမှာလာရောင်းရင် အိမ်သုံးစရိတ်အတွက် အကြွေစေ့လေးနည်းနည်းပါးပါး ရတာပေါ့ကွယ်။"
ရှောက်ယွိက မေးမြန်းလိုက်သည်။
"ဘယ်သူမဆို ဒီမှာ နေ့တိုင်းလာရောင်းလို့ရတယ်ပေါ့?"
"ရတာပေါ့၊ ဒါပေမဲ့ လှေအရေအတွက်က ပုံမှန်တော့မရှိဘူး။ တချို့ရက်တွေမှာများတယ်။ တချို့ရက်တွေကျတော့ နည်းတယ်။ အခုတလောက ဆောင်းဦးရာသီဖြစ််နေတော့ လှေတွေပိုများတယ်လေ။ လူလေး၊ မင်း ကြက်ဥတွေဝယ်ဦးမလား။"
ရှောက်ယွိက ရိုးရိုးသားသားပြောလိုက်သည်။
"ကျွန်တော် မဝယ်တော့ပါဘူး။"
အဖွားကြီးက အနည်းငယ်စိတ်ဆိုးသွားပြီး တုံ့ပြန်ပြောလိုက်သည်။
"မဝယ်ဘူးဆိုရင် ငါ့အချိန်တွေအကုန်ခံပြီး စကားဆက်မပြောနိုင်တော့ဘူး။ ငါ ကြက်ဥရောင်းရဦးမယ်။"
ထိုသို့ပြောပြီးနောက် ဖြတ်သွားဖြတ်လာများကို စတင်အော်ရောင်းတော့သည်။
"ကြက်ဥတွေရမယ်၊ ကြက်ဥတွေ။ လတ်လတ်ဆတ်ဆတ်ကြက်ဥတွေရမယ်နော်!"
အဖွားက တကယ်ကို စိတ်အားထက်သန်တဲ့သူပဲ!
ရှောက်ယွိက ပြုံးလိုက်ပြီး သွားလာနေသောလူအုပ်ကြီးကို ကြည့်ရင်း အလုပ်ရှာမတွေ့သေးသည့်အတူတူ ဤနေရာ၌ပင် တစ်ခုခုလာရောင်းလျှင်ကောင်းမလားဟု စဥ်းစားလိုက်မိသည်။ ယင်းက ဝင်ငွေလည်းရသလို မင်ဟယ်ကိုလည်း မျက်စိအောက်ထားကာ စောင့်ရှောက်နိုင်မည်ဖြစ်သည်။
ဒါပေမဲ့ ဘာရောင်းရင် ကောင်းမလဲ။
အစားအသောက်ပဲပေါ့!
အချိန်ခရီးသွားခြင်း သို့မဟုတ် ဝတ္ထုထဲကူးပြောင်းလာသည့် ဇာတ်လိုက်အများစုက အရသာရှိသောအစားအစာများရောင်းပြီး အောင်မြင်တတ်ကြသည် မဟုတ်လော။ သူကိုယ်တိုင်လည်း ဟင်းချက်ကျွမ်းကျင်သူဖြစ်သောကြောင့် စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်းအကောင်အထည်ဖော်တော့သည်။
သူက မြို့ထဲသို့ပြန်သွားပြီး ဂျုံမှုန့်၊ မှိုခြောက်၊ မုန်လာဥနီနှင့် ဝက်သားအချို့ ဝယ်ယူခဲ့သည်။ သူ ခြံတံခါးဝ ရောက်သည်နှင့် မင်ဟယ်၏အော်သံကို ကြားလိုက်ရသည်။
"ဦးငယ်! ဦးငယ် ပြန်လာပြီ!"
"အင်း၊ ငါပြန်လာပြီ။"
ရှောက်ယွိက တံခါးဖွင့်ဝင်လိုက်၏။
မင်ဟယ်က စာကလေးတစ်ကောင်ကဲ့သို့ ပျံဝဲ၍ ရောက်လာကာ မျက်လုံးလေးများကလည်း တောက်ပနေသည်။
"ဦးငယ် ပြန်လာပြီ! သားကူသယ်ပေးမယ်၊ သားကိုပေး!"
သူ့ဦးငယ် ပင်ပန်းမည်စိုး၍ မင်ဟယ်က အထုပ်များကိုလုယူနေခဲ့သည်။
ရှောက်ယွိက အဝတ်စများကို မင်ဟယ်လက်ထဲ ထည့်ပေးလိုက်ရာ မင်ဟယ်က ဝမ်းသာအားရ မေးလာခဲ့သည်။
"ဦးငယ်၊ ဒါက သားအတွက် ဘောင်းဘီချုပ်ပေးဖို့လား။"
ရှောက်ယွိက ခေါင်းညိတ်ပြရင်း ခြံခါးကိုပိတ်လိုက်သည်။
"ဒါပေါ့။"
မင်ဟယ်က အဝတ်စကို စိတ်လှုပ်ရှားစွာပွေ့ပိုက်ထားစဉ် ရှောက်ယွိ၏လက်ထဲမှ ဂျုံမှုန့်နှင့် ဝက်သားများပါလာသည်ကို မြင်လိုက်ရသောအခါ ဇဝေဇဝါဖြင့် မေးလိုက်လေ၏။
"ဦးငယ်၊ သားတို့မှာ စားစရာတွေရှိနေပြီးသားလေ။ ဘာလို့ အသားနဲ့ ဂျုံမှုန့်တွေ ထပ်ဝယ်တာလဲ။"
ရှောက်ယွိက ပြန်ပြောသည်။
"ပေါက်စီလုပ်မလို့။"
"ပေါက်စီ လုပ်မလို့? သားတို့မှာ ပေါက်စီတွေရှိပြီးသားမဟုတ်လား။"
မင်ဟယ်က အိမ်ထဲဝင်ရင်း ထုပ်တန်းတွင်ချိတ်ထားသော ခြင်းတောင်းကို လက်ညှိုးထိုးပြခဲ့သည်။ အထဲမှာ မနေ့ကစားမကုန်သေးသည့် သစ်အယ်သီးကြက်သား၊ ဆန်မုန့်နှင့် မစားရသေးသောပေါင်မုန့်အချို့ရှိနေသေးသည်။
ရှောက်ယွိက ရှင်းပြလိုက်၏။
"ပေါက်စီတွေလုပ်ပြီး ရောင်းမလို့။"
မင်ဟယ်က အခိုက်အတန့်တစ်ခုလောက် တွေးလိုက်ပြီး မေးလိုက်။
"ပေါက်စီတွေရောင်းရင် ငွေတွေရမှာလား။"
"ဒါပေါ့။"
မင်ဟယ်၏မျက်နှာထက်မှာ စိုးရိမ်စိတ်များပေါ်လာ၏။
"ဒါပေမဲ့ ဦးငယ်... သား ပေါက်စီမလုပ်တတ်ဘူး။"
ရှောက်ယွိက ရယ်လည်းရယ်ချင်၊ သနားလည်းသနားသွားသည်။
"မင်းလုပ်စရာမလိုပါဘူး။ ဦးငယ်လုပ်မှာပါ။"
"ဒါပေမဲ့ ဦးငယ်ပင်ပန်းမှာပေါ့။"
ရှောက်ယွိက လူကြီးလေးတစ်ယောက်ကဲ့သို့ ပူပန်ပေးတတ်သည့် သူ့တူလေးကိုကြည့်ကာ ပြုံးလိုက်မိသည်။
"ပေါက်စီသွားရောင်းတဲ့အခါ မင်းလည်းလိုက်ခဲ့လေ။ ဒါဆို ဦးငယ် မပင်ပန်းတော့ဘူးပေါ့။"
မင်ဟယ်က ချက်ချင်းသဘောတူလိုက်သည်။
"ဟုတ်!"
ရှောက်ယွိက ထိုင်လိုက်ပြီး ရေတစ်ငုံသောက်ကာ ပြောလိုက်၏။
"ဒါပေမဲ့ ငါတို့ အရင်ဆုံး လုပ်ရမဲ့အရာတစ်ခုရှိတယ်။"
"ဘာလဲဟင်။"
"တဆေးလုပ်ဖို့လိုတယ်။"
"တဆေး?"
မင်ဟယ်က ပဟေဠိဖြစ်သွား၏။
"အဲ့ဒါကို မုန့်နှပ်တယ်လို့လည်းခေါ်တယ်။"
ရှောက်ယွိက ရှင်းပြလိုက်၏။
သူလာခဲ့သည့် ၂၁ ရာစုမှာ စက်ရုံသုံးတဆေးအမျိုးမျိုးကို အစားအစာများ၊ သောက်စရာများ၊ ဆေးဝါးများ၊ အလှကုန်များနှင့် အခြားသောနယ်ပယ်များ၌ အသုံးပြုကြသည်။ သို့သော် ဤသာ့ကျင့်ပြည်မှာ ထိုကဲ့သို့အသုံးမတွင်သေးပေ။
ကံကောင်းစွာဖြင့် ဒေသခံများက သဘာဝတဆေးလုပ်နည်းကို ကျွမ်းကျင်ကြသည်။
ဆန်အရက်နှင့် ဂျုံမှုန့်ကိုရောပြီး နှစ်ရက်သုံးရက်ခန့် အလုံပိတ်ထားလျှင် အရက်နံ့နှင့် အချဉ်နံ့သင်းသည့် တဆေးရသည်။ ၎င်းကို ဂျုံမှုန့်ထဲထည့်နယ်လိုက်ပါက မုန့်သားသည် နူးညံ့သွားပြီး ပွလာကာ မုန့်ကိုပေါင်းလိုက်ပြီးနောက် အချိုဓါတ်လေးအနည်းငယ်လည်း ပါလာတတ်သည်။
မင်ဟယ်က ကြောင်တောင်တောင်ဖြစ်နေပြီး ပြောလိုက်သည်။
"ဦးငယ်ပြောတာကို သား နားမလည်ဘူး။"
ရှောက်ယွိက အပြုံးလေးဖြင့် ရှင်းပြလိုက်လေ၏။
သို့သော် မင်ဟယ်ကတော့ ရှုပ်ထွေးနေဆဲပင်။
ရှောက်ယွိက ပြောလိုက်သည်။
"မြင်တဲ့အခါ နားလည်သွားမှာပါ။"
"ဘာကိုမြင်မှာလဲဟင်?"
"ဖွားဖွားဟောက်အိမ်ကျရင် သိလိမ့်မယ်။"
အမှန်တော့ ရှောက်ယွိကိုယ်တိုင် တဆေးလုပ်လို့ရသော်လည်း ဆန်အရက်ဝယ်ရန် ငွေနှမြောသဖြင့် ချင်းရှီမြို့ထဲကနေ ဆန်အရက်ကို ဝယ်မလာခဲ့ပေ။
အဖွားဟောက်ပေးခဲ့သည့် မုန့်လုံးကို သူ သတိရသွားခဲ့သည်။ သူ(မ)ပေးခဲ့သည့်မုန့်က ရက်အနည်းငယ်ကြာနေပြီး ယခု မာခြောက်နေပြီဖြစ်သော်လည်း သူ(မ)က တဆေးကောင်းကောင်းသုံးထားမှန်း သူ သိလိုက်၏။ ထို့ကြောင့် သူ(မ)ဆီ တဆေးအနည်းငယ်သွားလဲရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
မင်ဟယ်က မေးလိုက်၏။
"ဖွားဖွားဟောက်နဲ့ သွားလဲမလို့လား။"
"ဟုတ်တယ်၊ ငါတို့ ဂျုံမှုန့်တစ်ပန်းကန်ယူသွားပြီး သူ(မ)ဆီ တဆေးနဲ့သွားလဲကြမယ်။"
ကျေးလက်ဒေသကအိမ်များ၌ မုန့်လုပ်ရာတွင်အသုံးပြုရန် တဆေးကို အမြဲဆောင်ထားတတ်ကြသည်။ ၎င်းက လွယ်ကူပြီး ငွေကုန်လည်းသက်သာ၏။
"ဟုတ်! ဖွားဖွားဟောက်က အရမ်းသဘောကောင်းတာ၊ သား သွားလဲပေးမယ်!"
"ဦးငယ်တို့ အတူတူသွားကြမယ်။"
ရှောက်ယွိက မင်ဟယ်၏ဘောင်းဘီလေးကို အထုံးထုံးကာ ယာယီဖုံးပေးထားလိုက်ပြီး နှစ်ဦးသား အဖွားဟောက်၏ခြံဝင်းဆီသို့ အတူတူ ထွက်လာခဲ့ကြသည်။
မင်ဟယ်၏နှုတ်ကလေးက ပျားရည်ကဲ့သို့ အလွန်ချိုပြီး 'ဖွားဖွားဟောက်' ဟု အော်ခေါ်လိုက်၏။
အဖွားဟောက်က မင်ဟယ်ကို မြင်လိုက်ရသောအခါ ပြုံးရွှင်သွားပြီး ဂျုံမှုန့်ပန်းကန်ထဲသို့ သစ်ကြားသီးခန့်ရှိသည့် ဂျုံလုံးလေး ထည့်ပေးလိုက်သည်။
"နည်းတယ်လို့တော့ မတွေးလိုက်နဲ့ကွယ်။ ဒါက လွန်ခဲ့တဲ့သုံးရက်ကမှ ဖောက်ထားတဲ့တဆေး။ အာနိသင်အရမ်းကောင်းတယ်။"
ရှောက်ယွိက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ ဒေါ်လေးဟောက်။ မင်ဟယ်၊ ဂျုံမှုန့်တွေကို ဖွားဖွားကိုပေးလိုက်ပါဦး။"
"အိုကွယ်၊ နေပါစေ၊ နေပါစေ။"
အဖွားဟောက်က ထပ်တလဲလဲ ငြင်းဆန်ခဲ့သည်။
"ဟိုတစ်ခေါက်က မင်ဟယ် ထင်းတွေကောက်ပေးထားတာကို ပေါက်စီတစ်လုံးပဲပေးလိုက်ရလို့ စိတ်မကောင်းနေတာ။ ဒီတဆေးကို အဲဒီအတွက် လျော်ကြေးလို့ပဲ သဘောထားလိုက်ပါကွယ်။"
လက်ရှိတွင် အလွန်ဆင်းရဲနေသော ရှောက်ယွိတစ်ယောက် ဂျုံမှုန့်လေးတစ်ပန်းကန်က သူနှင့် မင်ဟယ်အတွက် အသက်ကိုတောင်ကယ်တင်နိုင်ကြောင်း ကောင်းကောင်းနားလည်သဖြင့် အတင်းငြင်းမနေတော့ဘဲ ကျေးဇူးတင်စွာ လက်ခံလိုက်သည်။
"ဒါဆိုလည်း ကျေးဇူးတင်ပါတယ် ဒေါ်လေးဟောက်။"
"မင်းက ယဥ်ကျေးလွန်းနေပါပြီ။"
အဖွားဟောက်သည် ရှောက်ယွိနှင့် တစ်ခါမှစကားမပြောဖူးဘဲ ထိုကောင်လေးက ရိုးသားကြိုးစားသည်ဟုသာ ကြားဖူးထားသည်။ ယခု သူက ရိုးသားရုံသာမက ခံ့ညားချောမောကာ ယဥ်ကျေးမှုလည်းရှိသဖြင့် သူ့ဆီကနေ အကြည့်မခွာနိုင်တော့ပေ။ သူ(မ)က အကြံပေးလိုက်သည်။
"ဒီတဆေးကို ညဘက်မှာ ဂျုံနဲ့နယ်၊ အိုးထဲထည့်၊ အဖုံးလုံအောင်ပိတ်ပြီး ပစ်ထားလိုက်။ မိုးသောက်ချိန်ကျရင် အဲ့ဒါက အိုးနဲ့အပြည့်ဖြစ်ပြီး မုန့်သားမှာ အပေါက်အပေါက်လေးတွေနဲ့ဖြစ်နေမှာ။ အဲ့ဒါနဲ့ ပေါက်စီတွေလုပ်မယ်ဆိုရင် ပေါက်စီကအကြီးကြီးဖြစ်လာပြီး မုန့်သားနူးနူးညံ့ညံ့လေးနဲ့ အရမ်းအရသာရှိတယ်။"
ရှောက်ယွိက အာရုံစူးစိုက်စွာ နားထောင်နေခဲ့သည်။
"ဟုတ်ကဲ့ပါ၊ ကျွန်တော် ဒီနေ့ည မုန့်သားနှပ်ထားလိုက်ပါ့မယ်။"
အဖွားဟောက်က ထိုကဲ့သို့လိမ္မာသောကောင်လေးကို သဘောကျနေ၏။ မင်ဟယ် အလွန်ချစ်စရာကောင်းနေသည်မှာ အံ့အားသင့်စရာမရှိတော့ပေ။ သူ(မ)က နွေးထွေးစွာ ပြုံးပြလိုက်သည်။
"မသိတာတစ်ခုခုရှိရင် ငါ့ကိုလာမေးနော်။"
"ကျေးဇူးတင်ပါတယ်၊ ဒေါ်လေး။"
ရှောက်ယွိက အဖွားဟောက်၏ခြံထဲကနေ မင်ဟယ်ကိုခေါ်ကာ ပြန်ထွက်လာခဲ့လိုက်သည်။
ရုတ်တရက်ဆိုသလို မင်ဟယ်က ရပ်တန့်လိုက်၏။
"ဦးငယ်၊ ပန်းကန်လုံးကို ကိုင်ထားပေးပါဦး။"
ရှောက်ယွိက ယူလိုက်၏။
မင်ဟယ်က သူ့အိတ်ထဲမှ သကြားလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ ယင်းက ကျန်းဝူပေးလိုက်သော လက်ဆောင်ပင်။ သူနှင့် သူ၏ဦးငယ်က တစ်လုံးစီစားထားပြီး ယခု ခြောက်လုံးကျန်သေးသည်။ သူက ၎င်းတို့ကို နောက်ရက်စားဖို့အတွက် သိမ်းထားခြင်းဖြစ်၏။
"ဦးငယ်၊ ဖွားဖွားဟောက်က ဂျုံမှုန့်မယူဘူးဆိုတော့ သူ(မ)ကို သကြားလုံးပေးလို့ရလားဟင်။"
ရှောက်ယွိက ပြောလိုက်သည်။
"ဒါ မင်းရဲ့သကြားလုံးလေ။ မင်းပေးချင်တဲ့သူ ပေးလို့ရတာပေါ့။"
"ဒါဆို သူ(မ)ကို တစ်လုံးသွားပေးလိုက်မယ်။"
မင်ဟယ်က အဖွားဟောက်၏ခြံဝင်းထဲ ပြန်ပြေးဝင်သွားပြီးနောက် ပြုံးဖြီးလျက် ပြန်ထွက်လာခဲ့သည်။
"ဦးငယ်၊ ဖွားဖွားဟောက်က သားကို သိတတ်တယ်၊ ကြည့်ကောင်းတယ်၊ ချစ်ဖို့ကောင်းတယ်လို့ ချီးကျူးလိုက်တယ်!"
"အဲ့ဒါက ချီးကျူးတာသက်သက်ပဲမဟုတ်ဘူး၊ အမှန်တရားပဲ။ မင်းက တကယ်သိတတ်တယ်၊ ကြည့်ကောင်းတယ်၊ ချစ်ဖို့ကောင်းတယ်။"
မင််ဟယ်က ခေါင်းလေးကို စောင်းငဲ့လိုက်သည်။
"ဒါဆို ဦးငယ်က သားကိုသဘောကျလား။"
"အရမ်း အရမ်း သဘောကျတာပေါ့။"
မင်ဟယ်တစ်ယောက် အလွန်ပျော်ရွှင်သွားပြီး တစ်လမ်းလုံး ခုန်ဆွခုန်ဆွဖြင့် လျှောက်သွားခဲ့လေသည်။ ၎င်းတို့၏ခြံထဲသို့ ပြန်ရောက်လာသောအခါ မင်ဟယ်တစ်ယောက် အောက်ဘက်မှ အေးမြမှုကို ရုတ်တရက်ခံစားလိုက်ရသည်။ သူ ငုံ့ကြည့်လိုက်သောအခါ သူ့ဘောင်းဘီအပြဲက ပိုဆိုးလာကြောင်း တွေ့လိုက်ရပြီး သူ့ငှက်ကလေးကို လက်သေးသေးများဖြင့်အုပ်ကာ သနားစဖွယ်ကောင်းအောင် ခေါ်လိုက်သည်။
"ဦးငယ်။"
ရှောက်ယွိက ပြောလိုက်သည်။
"လာ၊ မင်းအတွက် ဘောင်းဘီချုပ်ပေးမယ်။"
ရှောက်ယွိသည် သူ့အတိတ်ဘဝတုန်းက ဘောင်းဘီများကို ပြင်ဖူးသော်လည်း တစ်ခါမှ မချုပ်ခဲ့ဖူးပေ။ သို့သော် ဤခေတ်၏ဘောင်းဘီများက အတော်လေးရိုးရှင်းကြောင်း သူ ရှာတွေ့ခဲ့၏။ ထို့ကြောင့် သူက မင်ဟယ်ကို ဘောင်းဘီချွတ်ခိုင်းကာ ဘောင်းဘီအဟောင်းကို ပုံတူကူးလိုက်သည်။
ဖင်ပြောင်လေးနှင့်မင်ဟယ်က ခုတင်ပေါ်မှာထိုင်နေပြီး သူ အဝတ်စညှပ်တာကိုကြည့်နေရင်း ရံဖန်ရံခါ ချီးကျူးခဲ့သည်။
"ဦးငယ်က အရမ်းတော်တာပဲ။ ဦးငယ်က အားလုံးကို လုပ်တတ်တယ်။"
"ဒါပေါ့၊ မင်ဟယ်ရဲ့ဦးငယ်ပဲဟာ။"
မင်ဟယ်က ရယ်လိုက်သည်။
သို့သော်လည်း ရှောက်ယွိထင်ထားတာထက် ဘောင်းဘီချုပ်ရသည်က ပို၍ခက်ခဲနေ၏။ ခြေထောက်များကို တစ်ဖက်နှင့်တစ်ဖက် ညီအောင်ညှပ်ဖို့လိုပြီး ခါးပတ်ကြိုးများ၊ အိတ်ကပ်များကိုပါ ထည့်ချုပ်ရသည်။ ခွကြားနေရာနှင့် အနားသတ်များက ထင်သလောက်ချုပ်ရမလွယ်ပေ။ သူက မနက်ကနေ နေ့လယ်အထိ ချုပ်ခဲ့ပြီး နေ့လယ်စာအမြန်စားကာ ဆက်ချုပ်ခဲ့သည်။ ညနေခင်းမှာ အဖွားဟောက်၏ညွှန်ကြားချက်များအရ ဂျုံနယ်ပြီး အိုးထဲထည့်ပိတ်ကာ ဘောင်းဘီကိုဆက်ချုပ်ခဲ့သည်။
မင်ဟယ်အိပ်ပျော်သွားသည့်တိုင် သူက ဘောင်းဘီချုပ်နေခဲ့ပြီး နောက်ဆုံးမှာတော့ ကလေးဝတ်ဘောင်းဘီလေးတစ်ထည် ရသွားခဲ့၏။ ထိုအချိန်ရောက်သော် ရှောက်ယွိမှာ မျက်လုံးတောင်မဖွင့်နိုင်တော့အောင် ပင်ပန်းနေပြီဖြစ်ရာ မင်ဟယ်ဘေးဝင်လှဲကာ အိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့တွင် တဝိုးဝိုးဖြင့် အပြစ်ကင်းစင်သော အံ့သြသံလေးများကြောင့် သူ နိုးလာခဲ့၏။ သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဖင်ပြောင်လေးနှင့် ဘောင်းဘီအသစ်လေးကိုကိုင်ထားသော မင်ဟယ်အား တွေ့လိုက်ရသည်။ မင်ဟယ်က အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။
"ဝိုး၊ အပေါက်တွေ မပါဘူး၊ ဖာထားတဲ့အရာတွေလည်း မရှိဘူး၊ ဒါက အသစ်ပဲ။"
တကယ်ကိုချစ်စရာကောင်းတဲ့ ကလေးလေးပဲ။
ရှောက်ယွိမှာ မနေ့က တစ်နေကုန် မျက်စိနာ၊ ဇက်ညောင်းပြီး လက်နာခဲ့ရသမျှ ယခုအချိန်မှာ ဘာမှမဟုတ်တော့သလို ခံစားလိုက်ရသည်။ သူက ပြောလိုက်၏။
"ဒါပေါ့၊ ဒါ အသစ်ပဲလေ။"
မင်ဟယ်က ချက်ချင်းလှည့်ကြည့်လာပြီး မျက်လုံးလေးများက တောက်ပနေ၏။
"ဦးငယ်၊ ဒါက သားအတွက်လားဟင်။"
"အင်း၊ ဝတ်ကြည့်ကြည့်ပါဦး။"
အကောင်ပေါက်လေးမှာ စိတ်လှုပ်ရှားစွာဖြင့် ဘောင်းဘီကို ဝတ်ဆင်တော့သည်။
ရှောက်ယွိက ခါးပတ်ကြိုးလေးကို ချည်ပေးရင်း မေးလိုက်၏။
"ဘယ်လိုနေလဲ။"
"အရမ်းကောင်းတယ်!"
မင်ဟယ်က ခုတင်ပေါ်မှာခုန်ပေါက်နေပြီး အားမရသေးဘဲ ခုတင်ပေါ်မှလျှောဆင်းကာ ဖိနပ်စီး၍ အပြင်သို့ပြေးထွက်သွားတော့သည်။
ရှောက်ယွိက ပြုံးလျက် အိပ်ရာထဲကထွက်ကာ မီးဖိုချောင်ထဲသို့ဝင်လာခဲ့သည်။ မနေ့ညက နှပ်ထားသောမုန့်သားက နှစ်ဆကျော်ကျော်လောက် ပွတက်နေသည်ကို တွေ့လိုက်သောအခါ တဆေး၏အရည်အသွေး ကောင်းမွန်မှုကို သူကျေနပ်သွားခဲ့သည်။ ရှောက်ယွိ မီးဖိုချောင်မှပြန်အထွက် ခြံတံခါးဝမှာ မင်ဟယ်ကို လှမ်းမြင်လိုက်ရ၏။
မင်ဟယ်က တစ်စုံတစ်ယောက်ကို နွေးထွေးစွာ နှုတ်ဆက်နေသည်။
"မင်္ဂလာနံနက်ခင်းပါ ဖိုးဖိုးဝူ။"
"မင်္ဂလာပါနံနက်ခင်းပါကွယ်။"
"ဖိုးဖိုးဝူ၊ သားရဲ့ဘောင်းဘီသစ်ကို ကြည့်လိုက်ပါဦး!"
မင်ဟယ်က ခြေထောက်လေးကို ဆန့်ထုတ်ပြပြီး သူ၏လက်သေးသေူလေးဖြင့် ညွှန်ပြကာ ဂုဏ်ယူစွာ ပြောလိုက်သည်။
"ဒါက ဦးငယ်က သားအတွက် ချုပ်ပေးထားတာ။ ဖာထားတဲ့အရာတွေမပါတဲ့ အသစ်ကလေးလေ။ လှတယ်မလား ဖိုးဖိုးဝူ။"
"လှတာပေါ့ကွယ်။"
***
Aurora Novel Translation Team