no

Font
Theme

အပိုင်း (၁)

မနက်စောစောအချိန်၌။

ကျင်းရှို့ရွာလေးက မနက်ခင်းရောင်ခြည်နှင့်အတူ တဖြည်းဖြည်း နိုးထလာခဲ့သည်။

ယိုယွင်းနေသော သစ်ကယ်အမိုးအိမ်လေး၏ သစ်သားတံခါးက ကျွိခနဲပွင့်သွားခဲ့ပြီး ကလေးတစ်ယောက် ပြေးထွက်လာကာ ရေတွင်းဘေးမှ စဉ့်အိုးနားသို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့သည်။ ကျွမ်းကျင်မှုနှင့်အတူ ကလေးငယ်က အိုး၏နှုတ်ခမ်းဝကို အမှီပြုလျက် ခြေဖျားထောက်ကာ အထဲကိုချောင်းကြည့်၍ တစ်စုံတစ်ခုကို ရှာဖွေနေခဲ့သည်။

တွေ့ပြီ!

သူ၏လက်ကလေးကို အထဲသို့ဆန့်ထုတ်ကာ တော်တော်လေးအားထုတ်ပြီးနောက်မှာတော့ ကလေးငယ်က ပဲ့နေသောရေခွက်ကို လှမ်းမီသွား၏။ သူက စိတ်အားထက်သန်စွာဖြင့် ရေခွက်ကို သူ၏ရင်ဘတ်ဆီလှမ်းယူလိုက်ရာ ရေခွက်ထဲမှာ ကြည်လင်သောရေအနည်းငယ်လည်း ပါလာခဲ့သည်။

အေးလိုက်တာ။

ကလေးငယ်က အလိုလိုတုန်ယင်သွားပြီး တောက်ပနေသောမျက်လုံးလေးများဖြင့် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ခွက်ထဲကိုငုံ့ကြည့်ရင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"ရပါတယ်၊ ရေတွေရှိသေးတာပဲ။ ငါ... ငါ၊ ဖြည်းဖြည်းချင်းသွားရမယ်၊ နည်းနည်း ဖြည်းဖြည်းလေးပဲ သွားလိုက်မယ်။"

တစ်လှမ်း။

နှစ်လှမ်း။

နောက်ထပ်တစ်လှမ်း...

ခရုလေးတစ်ကောင်နှယ် ဖြည်းဖြည်းချင်းလှမ်းရွေ့လျားနေသည့် ကလေးငယ်က အလင်းမှိန်ဖျဖျရှိသော သစ်ကယ်မိုးထားသည့်အိမ်ထဲ အလွန်နှေးကွေးစွာ ပြန်လာကာ ခုတင်အနိမ့်တစ်လုံးနား ချဥ်းကပ်၍ ထိုနေရာမှာလဲလျောင်းနေသော သွယ်လျသည့်လူငယ်တစ်ယောက်ကို သိမ်မွေ့စွာခေါ်လိုက်သည်။

"ဦးငယ်၊ ရေသောက်လိုက်ဦး။ ဦးငယ်၊ ဦးငယ်..."

ဦးငယ်?

ဘယ်ကဦးငယ်လဲ။

ကလေးတစ်ယောက်ရဲ့အသံလိုပဲ။

စိတ်ရှုပ်လိုက်တာ!

ဆူညံနေတာပဲ!

လဝက်လောက် အချိန်ပိုဆင်းခဲ့ရသော ရှောက်ယွိတစ်ယောက် ကောင်းကောင်းအိပ်စက်ရန်စီစဥ်၍ ခုတင်ပေါ် လှဲရုံသာရှိသေးသော်လည်း ထိုခေါ်သံများကြောင့် နိုးလာခဲ့ရသည်။ သူ စိတ်တိုတိုဖြင့် ခုတင်ပေါ်မှာ တစ်ပတ်လှိမ့်လိုက်ရာ တစ်စုံတစ်ခု လွဲမှားနေကြောင်း သတိပြုမိလိုက်သည်။

သူ ဖြည်းဖြည်းချင်း မျက်လုံးများဖွင့်ကြည့်လိုက်ချိန် စိမ်းသက်ပြီး ညစ်ပတ်ပေရေနေသော မျက်နှာလေးကို မြင်လိုက်ရသည်။

ဒါ ဘယ်သူလဲ။

သူ ချက်ချင်း ထထိုင်လိုက်လေသည်။

ကလေးငယ်က ပျော်ရွှင်စွာပြောလိုက်သည်။

"ဦးငယ်၊ နိုးလာပြီ!"

ရှောက်ယွိက အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

"မင်းက ဘယ်သူလဲ။"

ကလေးက ပဟေဠိဖြစ််သွားသော်လည်း ပြန်ဖြေခဲ့ရှာသည်။

"ဦးငယ်၊ သားက မင်ဟယ်လေ။"

မင်ဟယ်?

မင်ဟယ်က ဘယ်သူလဲ။

ရှောက်ယွိ ထပ်ပြီးမစဥ်းစားနိုင်ခင် မှတ်ဉာဏ်များက သူ၏ဦးနှောက်ထဲ ရုတ်တရက် ပြင်းထန်စွာစီးဝင်လာခဲ့ပြီး သူ့ကို လွှမ်းမိုးသွားခဲ့သည်။ ၎င်းတို့ကို အချိန်အကြာကြီး စိစစ်ပြီးနောက်မှာတော့ သူ အလုပ်အလွန်အကျွံလုပ်ရင်း သေဆုံးသွားကာ လွန်ခဲ့သောလဝက်က သူဖတ်ဖူးသော 'ဧကရာဇ်၏အိပ်မက်' ဟုခေါ်သည့် အွန်လိုင်းစိတ်ကူးယဉ်ဝတ္ထုတစ်ပုဒ်ထဲ ကူးပြောင်းလာပြီး သူနှင့်နာမည်တူသော အရေးမပါသည့် ဇာတ်ကောင်လေးတစ်ကောင်ဖြစ်လာကြောင်း သိလိုက်ရလေသည်။

သူ့အစ်မနှင့်အတူနေထိုင်သော မိဘမဲ့ဖြစ်သည့် ဤဇာတ်ကောင်က သူ့အစ်မ၏မိသားစုကို ပိုမိုကောင်းမွန်သောဘဝတစ်ခု ထောက်ပံ့ပေးနိုင်ရန်အတွက် တစ်နေ့နေ့မှာ တော်ဝင်စာမေးပွဲကိုအောင်မြင်ရန် မျှော်လင့်နေသည်။

သို့သော် ဝမ်းနည်းကြေကွဲဖွယ်ကောင်းစွာဖြင့် သူ့အစ်မ လက်ထပ်ပြီးသုံးနှစ်အကြာ၊ သူ တော်ဝင်စာမေးပွဲကို ဖြေဆိုရန် အခွင့်အရေးတောင်မရသေးခင် သူ့ယောက်ဖဖြစ်သူက တိုက်ပွဲတစ်ခုမှာ သေဆုံးသွားခဲ့ပြီး သူ့အစ်မက ဝမ်းနည်းမှုဖြင့် နာမကျန်းဖြစ်ခဲ့သည်။

သူ၏ပိုင်ဆိုင်မှုအားလုံးကို ရောင်းချခဲ့သော်လည်း သူ့အစ်မ၏အသက်ကို မကယ်နိုင်ခဲ့ပေ။ သူကိုယ်တိုင် နာမကျန်းဖြစ်ခဲ့ချိန်မှာတော့ အိမ်၌ ငွေတစ်ပြားတောင် မကျန်တော့ချေ။

သူ့မှာ ရွေးချယ်စရာမရှိဘဲ ဖျားနာနေသောခန္ဓာဖြင့် စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ခဲ့သော်လည်း လူလိမ်ဆိုင်ရှင်နှင့် တွေ့ခဲ့ရသည်။ သူက ငွေမရသည့်အပြင် စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းဖြစ်ကာ သူ၏ရောဂါအခြေအနေက ပိုဆိုးလာခဲ့လေ၏။

နောက်ဆုံးမှာတော့ ပြင်းထန်သောအဖျားကြောင့် သူသည် ယိုယွင်းနေသော သစ်ကယ်အမိုးအိမ်လေးထဲမှာ သေဆုံးသွားကာ သူ၏သုံးနှစ်သားအရွယ်တူလေး မင်ဟယ်က တစ်ယောက်တည်း ကျန်နေရစ်ခဲ့သည်။

သို့သော် 'ဧကရာဇ်၏အိပ်မက်' ဇာတ်လမ်းက ဤနေရာမှာမှ အမှန်တကယ်စတင်လေ၏။ ကလေးငယ်မင်ဟယ်က အေးစက်တောင့်တင်းနေသာ သူ့ဦးငယ်၏အလောင်းကို မျက်မြင်တွေ့လိုက်ရပြီးနောက် စိတ်ပိုင်းဆိုင်ရာအရ တော်တော်လေးထိခိုက်သွားခဲ့သည်။ ထိုအချိန်မှစ၍ လောကကြီးအပေါ် မုန်းတီးမှုများက သူ့ရင်ထဲမှာ နက်ရှိုင်းစွာအမြစ်တွယ်ခဲ့တော့သည်။

မင်ဟယ်က တစ်ယောက်တည်း ကြီးပြင်းလာရသည့်အလျောက် ပြင်းထန်သော စက်ဆုပ်မှုများ၊ ဒုက္ခဝေဒနာများ၊ အနိုင်ကျင့်မှုများနှင့် ရင်ဆိုင်ခဲ့ရပြီး ယင်းတို့က သူ့နှလုံးသားထဲမှအမုန်းတရားကို လောင်စာထပ်ဖြည့်ပေးခဲ့သည်။ သူက ပို၍ကြမ်းကြုတ်လာပြီး အမတ်ချုပ်ဆိုသည့်ရာထူးကို တက်လှမ်းနိုင်ခဲ့သည်။ သူက 'ဧကရာဇ်၏အိပ်မက်' ထဲမှ အဓိကဗီလိန်တစ်ယောက်လည်း ဖြစ်လာခဲ့လေ၏။

သူက အဆင့်မြင့်တက်လာနေသော အမျိုးသားဇာတ်လိုက်နှင့် သူ၏အဖွဲ့ကို အဆက်မပြတ်ဒုက္ခပေးခဲ့ပြီး နန်းတော်၌ လူတိုင်းကကြောက်ရသော မဖြိုခွင်းနိုင်သည့် အင်အားတစ်ရပ်ဖြစ်ခဲ့သည်။

သူ၏ရူးသွပ်မှုဖြင့်သာ မသေဆုံးခဲ့ပါက ဇာတ်လိုက်အဖွဲ့သည် သူ့ကို လုံးဝကျော်နိုင်မည်မဟုတ်ပေ။

စာဖတ်သူများစွာက သူ၏သေဆုံးမှုကြောင့် ဝမ်းနည်းကာ ဤဒွိဟဖြစ်စရာဇာတ်ကောင်နှင့်ပတ်သက်၍ စာအရှည်ကြီးများရေးခဲ့ကြသည်။ အများစုက သူသည် မွေးရာပါလူဆိုးမဟုတ်သောကြောင့် ကြင်နာသောပုဂ္ဂိုလ်တစ်ယောက်က လမ်းမှန်ပေါ် ပြန်ဆွဲတင်ပေးနိုင်မည်ဟု ယုံကြည်ခဲ့ကြ၏။ သူ၏အရည်အချင်းများကိုအသုံးပြု၍ တိုင်းပြည်အား ကာကွယ်ပြီး တစ်စုတစ်စည်းတည်း စည်းရုံးနိုင်သလို လောကတစ်ခွင်လုံးမှာ ခွန်အားအကြီးဆုံးဖြစ်လာစေရန် ပြုလုပ်နိုင်ပေသည်။

နှမြောစရာကောင်းတယ်။

တကယ်ကို နှမြောစရာပဲ။

မင်ဟယ်၏ဦးငယ် သေဆုံးမှုက 'ဧကရာဇ်၏အိပ်မက်' ထဲက ဝမ်းနည်းကြေကွဲစရာများအားလုံး၏ အစဖြစ်ကြောင်း စာဖတ်သူများကြား သဘောတူညီခဲ့ကြသည်။ ယခု မင်ဟယ်၏ဦးငယ်က အမှန်တကယ် သေဆုံးသွားခဲ့သော်လည်း ရှောက်ယွိ၏ဝိညာဥ်က သူ့ခန္ဓာထဲရောက်လာခဲ့ပြီး 'ဦးငယ််' အား နောက်တစ်ကြိမ် ရှင်သန်လာစေခဲ့သည်။

ဝမ်းသာစရာကောင်းသည့်အချက်က ဤအချိန်တွင် မင်ဟယ်၏ရင်ထဲ၌ လောကကြီးအပေါ် အမုန်းတရားများ မပေါက်ဖွားသေးပေ။ သူက ဆင်းရဲဒုက္ခများ၊ အနိုင်ကျင့်မှုများကို မကြုံတွေ့ရသေးသလို သူကိုယ်တိုင်ကလည်း အပြစ်မဲ့သူများကို အနိုင်မကျင့်ရသေးပေ။ စာအုပ်ထဲမှ ဝမ်းနည်းကြေကွဲစရာများအားလုံး မဖြစ်သေးချေ။

ဟုတ်တယ်။

ဘာမှမဖြစ်သေးဘူး။

အားနည်းနေသော ဤခန္ဓာနှင့် ရှောက်ယွိတစ်ယောက် ဘာလုပ်နိုင်မှန်းမသိသေးသော်လည်း အခိုက်အတန့်တစ်ခုလောက် ထိုင်ကာ စဥ်းစားနေပြီးနောက် မူးဝေကာ ချွေးထွက်လာခဲ့သည်။ သူ သတိမထားမိလိုက်ဘဲ 'ဘုန်းခနဲ' အိပ်ရာပေါ် ပြန်လဲကျသွားခဲ့သည်။

"ဦးငယ်!"

မင်ဟယ်က သူ၏ရေခွက်ကို အမြန်ချလိုက်၏။

ရှောက်ယွိက ပြန်လဲလျောင်းနေပြီး သူ့ခန္ဓာကိုယ်မှ မသက်သာမှုအားလုံးကို ဖျောက်ဖျက်ရန် အသက်ပြင်းပြင်းရှူလိုက်သည်။

မင်ဟယ်က သူ၏လက်ကလေးဖြင့် ရှောက်ယွိ၏နဖူးပေါ် စမ်းကြည့်လာခဲ့၏။

"ဦးငယ်၊ ဦးငယ် အဖျားပြန်တက်လာတာလား။"

ကလေးငယ် ထိတ်လန့်နေပုံကို မြင်လိုက်ရသောအခါ ရှောက်ယွိက အားနည်းစွာပြောလိုက်၏။

"မဖျားပါဘူး။ အဆင်ပြေပါတယ်။ နည်းနည်းလေးပဲ ခေါင်းမူးနေတာ။ ခဏနားလိုက်ရင် သက်သာလာမှာ။"

တကယ်ပဲ၊ ဦးငယ်ရဲ့နဖူးက မပူတော့ဘူး။

မင်ဟယ်က သူ့လက်ကိုပြန်ရုပ်ကာ ရေခွက်ကို ပြန်ကောက်ယူလိုက်သည်။

"ဒါဆို ဦးငယ် ရေနည်းနည်းလောက် သောက်လိုက်ဦးနော်။"

သူ့မိခင် အဖျားတက်သည်ဖြစ်စေ၊ အဖျားကျသည်ဖြစ်စေ ဦးငယ်က သူ(မ)ကို ပိုပြီးသက်သာသွားစေမည်ဟုဆိုကာ ရေတိုက်တတ်သည်။ ထို့ကြောင့် သူ နိုးနိုးချင်း ပထမဆုံးလုပ်သည့်အရာက ဦးငယ်အတွက် ရေသွားခပ်ခြင်းဖြစ်ပေ၏။

ရှောက်ယွိ၏အစာအိမ်ထဲမှာ ဘာမှမရှိရာ သူ ရေမသောက်ချင်ခဲ့ပေ။

မင်ဟယ်က ရေခွက်ကိုပြန်ချကာ မေးလိုက်၏။

"ဦးငယ်၊ ဗိုက်ဆာနေတာလား။"

ရှောက်ယွိ အမှန်တကယ်ကို ဗိုက်ဆာနေ၏။

မင်ဟယ်က အမြန်ထပ်ပြောလိုက်လေသည်။

"သားမှာ ပေါက်စီတစ်လုံးရှိတယ်။ ပေါက်စီက အကြီးကြီးပဲ!"

ရှောက်မိသားစု၏ပိုင်ဆိုင်မှုများ၊ မင်မိသားစု၏လယ်ယာများနှင့် အဖိုးတန်ပစ္စည်းအားလုံးကို သူ့အစ်မ၏ဆေးဖိုးအတွက် အကုန်ရောင်းချပြီးလေပြီ။ မူလကိုယ်က သူ၏လုပ်အားခကိုလည်း မရရှိခဲ့ပေ။ ယိုယွင်းနေသော ဤခြံဝင်းလေးမှလွဲ၍ မူလကိုယ်နှင့် မင်ဟယ်တို့မှာ ဘာဆိုဘာမှမရှိတော့ချေ။ မင်ဟယ် ပေါက်စီကို မည်သည့်နေရာကရခဲ့ကြောင်း ရှောက်ယွိ မသိခဲ့။

မင်ဟယ်က အလျင်အမြန် ထပ်ပြောခဲ့သည်။

"သား အဲ့ဒါကို အလဲအလှယ်လုပ်ခဲ့တာပါ!"

"အလဲအလှယ်လုပ်ခဲ့တာ?"

ရှောက်ယွိ ပဟေဠိဖြစ်သွား၏။

"လွန်ခဲ့တဲ့နှစ်ရက်က မိုးအရမ်းသည်းနေခဲ့တာလေ။ တောင်ပေါ်က အရမ်းချောလို့ ဖွားဖွားဟောက်က ချော်လဲမှာကြောက်ပြီး တောင်ပေါ်ကို မတက်ရဲခဲ့ဘူး။ မနေ့က သား တောင်ပေါ်ကိုတက်ပြီး သူ(မ)အတွက် ထင်းတစ်ခြင်း ကောက်ပေးလာခဲ့တာ။ အဲ့ဒါကြောင့် ဖွားဖွားဟောက်က သားကို ပေါက်စီကြီးကြီးတစ်လုံး ပေးခဲ့တာ။ တကယ်ကိုကြီးတာ၊ ဦးငယ် ကြည့်ကြည့်လိုက်။"

မင်းဟယ်က ဝိုင်းစက်နေသော အဖြူရောင်ပေါက်စီတစ်လုံးကို သူ၏ရင်ဘတ်ထဲကနေ ဆွဲထုတ်လိုက်သည်။

သုံးနှစ်။

ဒီကလေးက သုံးနှစ်ပဲရှိသေးတာလေ!

ဒါပေမဲ့ သူက ပေါက်စီနဲ့လဲဖို့ တောင်ပေါ်တက်ပြီး ထင်းတွေတောင် ကောက်ခဲ့တယ်?!

ရှောက်ယွိတစ်ယောက် စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

'သနားစရာကလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်သားတွေကို ရှာကျွေးနေရတာပဲ။'

"ဦးငယ်၊ ဒါကို စားလိုက်နော်။ စားပြီးသွားရင် ဦးငယ် ခေါင်းမူးတော့မှာမဟုတ်ဘူး!"

မင်ဟယ်က ပေါက်စီကို ရှောက်ယွိထံတွန်းပို့ပေးနေချိန် အင်္ကျီလက်အောက်မှ သူ၏လက်မောင်းလေးများက ထွက်လာပြီး အနီရောင်အမှတ်အသားများက ထင်ရှားနေခဲ့သည်။

ရှောက်ယွိက မင်ဟယ်၏လက်လေးကို အမြန်ဖမ်းဆုပ်လိုက်သည်။

"မင်းရဲ့လက်က ဘာဖြစ်ထားတာလဲ။"

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment