no

Font
Theme

အပိုင်း (၆.၁)

ရှောက်ယွိနှင့် မင်ဟယ်တို့ လှည့်ကြည့်လိုက်သောအခါ တောက်တောက်ပြောင်ပြောင်ဝတ်စားထားပြီး အနည်းငယ်ဝသည့် အသက် ၄၀၊ ၅၀ ခန့်အရွယ်ရှိသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက တည်ကြည်လေးနက်သောဟန်ပန်ရှိပြီး အနောက်မှာ ယောက်ျားလေးအစေခံငယ်တစ်ယောက်နှင့် အစေခံမိန်းကလေးတစ်ယောက်တို့ ပါလာသဖြင့် ချမ်းသာကြွယ်ဝသူဖြစ်ကြောင်း သိသာလှပေသည်။

ရှောက်ယွိက အလျင်အမြန်တုံ့ပြန်လိုက်သည်။

"ကျွန်တော်တို့က ပေါက်စီရောင်းတာပါ။"

မင်ဟယ်က ထပ်ဖြည့်ပြောလိုက်၏။

"ပြိုင်ဘက်ကင်းအရသာရှိတဲ့ ပေါက်စီတွေပါ။"

အစေခံငယ်က မှတ်ချက်ပြုလိုက်သည်။

"ဒီပေါက်စီတစ်လုံးက ဘာများထူးခြားနေမှာမို့လဲ။"

အစေခံမိန်းကလေးကလည်း လေသံလေးဖြင့် တီးတိုးပြောလိုက်သည်။

"ဟုတ်ပါတယ် သခင်ကြီးရယ်၊ အရှေ့နားဆို ချင်းရှီမြို့ကို ရောက်တော့မှာပါ။ အဲ့ဒီမှာ စားသောက်ဆိုင်တွေ ပေါပါတယ်။ အဲ့ဒါမှ မကြိုက်ဘူးဆိုရင်လည်း သမက်တော်တို့အိမ်ကျမှ သုံးဆောင်လို့ရတာပဲ။ ဘာဖြစ်လို့ လမ်းဘေးကပေါက်စီတွေကို စားနေမှာပါလဲ။ တော်ကြာ ပေါက်စီတွေကမသန့်ရှင်းလို့ သခင်ကြီး ဗိုက်နာသွားရင် သခင်မလေးက ကျွန်မတို့ကိုဆူနေပါဦးမယ်။"

ဝဝဖိုင့်ဖိုင့်သခင်ကြီးကမူ ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်၏။

"ငါက အစားအသောက်မျိုးစုံစားလာတာ၊ တစ်ခါမှ ဗိုက်မနာဖူးဘူး။ စားသောက်ဆိုင်ကအစားအသောက်တွေမှာ စားသောက်ဆိုင်အရသာရှိသလို၊ အိမ်ကအစားအသောက်တွေမှာလည်း အိမ်အရသာရှိတယ်၊ အဲ့အတိုင်းပဲ လမ်းဘေးကအစားအသောက်တွေမှာလည်း လမ်းဘေးအရသာရှိမှာပဲ။ သူတို့အားလုံးက ဘယ်တူပါလိမ့်မလဲ။ ပြီးတော့ မင်းတို့ ကြည့်လိုက်ဦး၊ ဒီလူငယ်လေးနဲ့ ကလေးလေးက ဖြူဖြူဖွေးဖွေးလေးနဲ့ ကြည့်မကောင်းဘူးလား။ သူတို့ရဲ့ပေါက်စီကိုလည်း ကောင်းကောင်းမွန်မွန်လုပ်ထားမှာ အသေအချာပဲ။"

တူဝရီးနှစ်ယောက်မှာ အမှန်တကယ်ကို ကြည့်ကောင်းလွန်းသဖြင့် မျက်စိလွှဲလို့တောင်မရနိုင်ပေ။ သို့သော် အစေခံငယ်နှင့် အစေခံမိန်းကလေးက ပေါက်စီများကို စားချင်စိတ်မရှိကြပေ။

ဝဝဖိုင့်ဖိုင့်သခင်ကြီးက ၎င်းတို့ကိုဂရုမစိုက်ဘဲ ရှောက်ယွိဘက်လှည့်ကာ မေးလိုက်သည်။

"ပေါက်စီထဲမှာ ဘာအစာသွတ်ထားတာလဲ။"

ရှောက်ယွိ မဖြေနိုင်ခင်မှာတင် မင်ဟယ်က တက်တက်ကြွကြွဖြင့် ပြန်ဖြေခဲ့၏။

"ဖိုးဖိုး၊ ကျွန်တော်တို့က ဟင်းရွက်၊ မှိုနဲ့ မုန်လာဥနီတွေကို အစာသွတ်ထားတာပါ! တစ်လုံးကို သုံးပြားပဲကျပါတယ်! စျေးချိုပြီး စားလို့လည်းအရမ်းကောင်းပါတယ်! ပြိုင်ဘက်ကင်းအရသာရှိတာပါ!"

သူသည် စောစောက အခြားသူများစျေးရောင်းနေကြပုံကြည့်ထားပြီး အပြောအဆိုများကို အတုယူကာ လက်တွေ့အသုံးချလိုက်ခြင်းဖြစ်သည်။

ရှောက်ယွိတစ်ယောက် အကောင်ပေါက်လေး၏သင်ယူနိုင်စွမ်းကို အံ့ဩသွားလေ၏။

အစေခံငယ်နှင့် အစေခံမိန်းကလေးကမူ ဟင်းရွက်၊ မှိုနှင့် မုန်လာဥနီအစာသွတ်ဟု ကြားလိုက်ရသဖြင့် အသားမပါသည့်အတွက် အရသာပေါ့နေလိမ့်မည်ဟု တွေးကာ ပိုလို့တောင် စိတ်မဝင်စားတော့ချေ။

ဝဝဖိုင့်ဖိုင့်သခင်ကြီးတစ်ယောက်တည်းသာ စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။

"ကောင်းပြီ၊ ငါ့ကို တစ်လုံးပေး။ အဲ့ဒီ ဟင်းရွက်၊ မှိုနဲ့ မုန်လာဥနီအစာသွတ်ပေါက်စီက ဘယ်လောက်တောင် စားကောင်းလဲဆိုတာ ငါလည်း မြည်းကြည့်ချင်တယ်။"

မင်ဟယ်က ရှောက်ယွိကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။

"ဦးငယ်! သူက တစ်လုံးဝယ်မယ်တဲ့!"

"အင်း၊ ဦးငယ် ကြားပါတယ်။ မင်ဟယ်က အရမ်းတော်တာပဲ!"

ရှောက်ယွိက မင်ဟယ်ကိုပြန်ဖြေလိုက်ပြီး ခြင်းတောင်းထဲမှ ဆီစိမ်စက္ကူတစ်ရွက်ထုတ်ကာ ပေါက်စီတစ်လုံးကို ဝဝဖိုင့်ဖိုင့်သခင်ကြီးထံ ကမ်းပေးလိုက်သည်။

ဝဝဖိုင့်ဖိုင့်သခင်ကြီးက လှမ်းယူရင်း မှတ်ချက်ပြုလိုက်၏။

"ပူပူလေးရှိသေးတာပဲ။"

ရှောက်ယွိက ပြုံးလျက် ပြောလိုက်သည်။

"ခဏနေရင် အေးသွားတော့မှာပါ။"

"ဒီလိုဆိုတော့ ပူတုန်းလေး စားရမှာပေါ့။"

သခင်ကြီးက အစေခံမိန်းကလေးကို ပြောလိုက်သည်။

"သူတို့ကို ပိုက်ဆံပေးလိုက်ဦး။"

အစေခံမိန်းကလေးက ရှောက်ယွိကို သုံးပြား ပေးလိုက်သည်။

ဝဝဖိုင့်ဖိုင့်သခင်ကြီးက ချက်ချင်း ထွက်မသွားသေးဘဲ ပေါက်စီလုံးလုံးလေးကို ကြည့်ကာ ချီးကျူးခဲ့လေ၏။

"ဒီပေါက်စီလုပ်ထားတာ တော်တော်လှတာပဲ။"

ရှောက်ယွိက နှိမ့်ချစွာတုံ့ပြန်လိုက်သည်။

"မဆိုးပါဘူးဗျ။"

သခင်ကြီးက ဆက်မကြည့်တော့ဘဲ စူးစမ်းလိုစိတ်ဖြင့် ပေါက်စီကို တစ်ကိုက်ကိုက်လိုက်သည်။ ချက်ချင်းဆိုသလို မယုံကြည်နိုင်လောက်သည့် ပေါက်စီအသား၏နူးညံ့အိစက်မှုကို ခံစားလိုက်ရပြီး အတွင်းဘက်မှာ ပျားသလက်ကဲ့သို့ အပေါက်ငယ်များစွာ ရှိနေသည့်အလား ဂျုံနံ့သင်းသင်းလေးက သူ့ပါးစပ်ထဲ ပျံ့နှံ့သွားသဖြင့် သူ၏မျက်ခုံးအစုံမှာ ပင့်တက်သွားခဲ့လေသည်။

အစေခံငယ်က မကောင်းဘူးဟုထင်ကာ အမြန်ပြောလိုက်သည်။

"သခင်ကြီး၊ စားလို့မရရင် မစားပါနဲ့တော့။"

အစေခံမိန်းကလေးကလည်း ခေါင်းညိတ်၍ ထောက်ခံခဲ့၏။

"စားလို့ရပါတယ်! ကျွန်တော်နဲ့ ဦးငယ်တောင် စားထားသေးတယ်! အဲ့ဒါက အရမ်းအရသာရှိတာ!"

မင်ဟယ်သည် တစ်ဖက်လူက သူ၏ဦးငယ်ကို အထင်သေးမည် သို့မဟုတ် သူ့ဦးငယ်လုပ်ထားသည့် ပေါက်စီများကို မကောင်းပြောမည်စိုး၍ အသည်းအသန် ရှင်းပြလိူက်လေသည်။

ရှောက်ယွိတစ်ယောက် နှလုံးသားထဲ နွေးထွေးသွားကာ အကောင်ပေါက်လေး၏ဦးခေါင်းလေးကို တယုတယ ပွတ်သပ်ပေးလိုက်သည်။

ဝဝဖိုင့်ဖိုင့်သခင်ကြီးမှာ ၎င်းတို့ကို ပြန်တောင်ပြောနိုင်ဘဲ စားသောက်ခြင်းအမှုမှာသာ စိတ်ရောက်နေခဲ့သည်။ သူ အနည်းငယ်ဝါးလိုက်သည်နှင့် ကြော်ကြော်လှော်ထားသော ဟင်းရွက်နှင့် မှိုတို့၏အရည်များက သူ့ပါးစပ်ထဲ စိမ့်ထွက်လာကာ လတ်ဆတ်မွှေးပျံ့သည့်အရသာကို ပေးစွမ်းခဲ့သည်။ အကြိမ်အနည်းငယ် ထပ်ဝါးလိုက်သောအခါ မုန်လာဥနီ၏ကြွပ်ဆတ်မှုကို ခံစားလိုက်ရပြီး နောက်ဆုံး၌ ထိုအရသာအားလုံးက နူးညံ့သောပေါက်စီအသားနှင့် အတူတကွ ပေါင်းစပ်သွားတော့သည်။

တစ်ချက်ဝါးလိုက်တိုင်း မတူညီသော အငန်၊ အချို၊ အမွှေး အရသာများက အဆင့်ဆင့် ပေါက်ထွက်လာခဲ့သည်။

ဤကဲ့သို့ လတ်ဆတ်ပြီး ဆီများစိမ့်နေသည့် ပေါက်စီမျိုးကို သူ တစ်ခါမှမစားဖူးခဲ့ပေ။ ဤသည်မှာ သူ၏ပါးစပ်၊ လျှာနှင့် အစာအိမ်တို့အတွက် ဆုလာဘ်တစ်ခုနှယ်။

အရမ်းအရသာရှိတယ်!

သူ ဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ ဆက်စားရန်ပြင်လိုက်စဥ်မှာပင် လက်ထဲရှိပေါက်စီက ကုန်သွားပြီဖြစ်ကြောင်း သတိပြုမိသွား၏။

မည်သည့်အချိန်ကကုန်သွားမှန်းတောင် သူ မသိလိုက်ပေ။

သူ လုံးဝ စိတ်မကျေနပ်သေးပေ!

သူက ချက်ချင်းလက်ငင်း ရှောက်ယွိကိုပြောလိုက်သည်။

"ငါ့ကို နောက်ထပ် သုံးလုံးပေးဦး။"

"သခင်ကြီး!"

အစေခံမိန်းကလေးက အံ့အားသင့်သွား၏။

အစေခံငယ်ကလည်း နားမလည်နိုင်ဖြစ်သွားခဲ့သည်။

"ဘာလို့ ထပ်စားရတာလဲ။"

မင်ဟယ်က ရှောက်ယွိ၏အင်္ကျီစကို ဆွဲကာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။

"ဦးငယ်၊ သူ ထပ်ယူဦးမယ်တဲ့၊ ထပ်ယူဦးမယ်တဲ့။"

"အင်း၊ သူက ထပ်ယူဦးမှာ။"

ဝဝဖိုင့်ဖိုင့်သခင်ကြီးက ပေါက်စီအရသာကို အသိအမှတ်ပြုလိုက်ပြီဖြစ်သဖြင့် ရှောက်ယွိလည်း ပီတိဖြစ်သွားခဲ့သည်။ သူက ဆီစိမ်စက္ကူဖြင့် ပေါက်စီသုံးလုံးကို သခင်ကြီးထံ ထပ်မံကမ်းပေးလိုက်၏။

"နောက်ထပ်သုံးလုံး ရပါပြီ။"

သခင်ကြီးက အမြန်လှမ်းယူခဲ့သည်။

ထို့နောက် မင်ဟယ်က တိုးတိုးလေး ကပ်ပြောလာ၏။

"ဦးငယ်၊ သူ ပိုက်ဆံမပေးရသေးဘူး။"

သခင်ကြီးက ကြားသွားသဖြင့် အားရပါးရရယ်မောရင်း ပြောလိုက်သည်။

"ရှောင်ဖန်း၊ သူတို့ကို ပိုက်ဆံပေးလိုက်ဦး။"

အစေခံမိန်းကလေးက ချက်ချင်းဆိုသလို ကိုးပြားထုတ်ကာ ရှောက်ယွိကို ပေးလာခဲ့လေ၏။

ထိုစဥ် အစေခံငယ်က တိုက်တွန်းလိုက်သည်။

"သခင်ကြီး ဗိုက်ဆာနေတယ်ဆိုရင် သမက်တော်တို့အိမ်ကို အမြန်သွားပြီး ကောင်းကောင်းစားရအောင်လေ။"

သခင်ကြီးမှာ ပေါက်စီနောက်ထပ်တစ်လုံးကို ထပ်စားလိုက်ပြီးမှ အာသာပြေသွားတော့သည်။

"ငါက ဗိုက်ဆာနေတာမဟုတ်ဘူး၊ ဒီပေါက်စီက တကယ်စားကောင်းနေတာ။ မယုံရင် မင်းတို့ဘာသာ မြည်းကြည့်လိုက်ကြ။"

ဟင်းရွက်၊ မှိုနှင့် မုန်လာဥနီတို့ကိုသာ အစာသွတ်ထားရာ မည်မျှအရသာရှိနိုင်မည်နည်း။ အစေခံငယ်နှင့် အစေခံမိန်းကလေးတို့မှာ မစားချင်ခဲ့ကြပေ။

သို့သော် သခင်ကြီးက အတင်းတိုက်တွန်းနေသဖြင့် အစေခံမိန်းကလေးက ခြောက်ပြားထပ်ပေးကာ ပေါက်စီနှစ်လုံးဝယ်၍ အစေခံကို တစ်လုံးကမ်းပေးရင်း စိတ်မပါစွာပြောလိုက်သည်။

"စားကြည့်လိုက်။"

အစေခံငယ်က ၎င်းတို့တွေ သခင်ကြီးနောက်လိုက်လာပြီး ဇယ်ကျိုးကနေ လှေစီး၍ ချင်းရှီမြို့ရှိ သခင်မလေးနဲ့ သမက်တော်တို့ဆီ လာခဲ့သည့်ခရီးစဥ်ကို ပြန်တွေးမိလိုက်သည်။ ၎င်းတို့မှာ လမ်းတစ်လျှောက်လုံး အသားငါးများနှင့် အရသာရှိသောအစားအသောက်များစွာကို အဝစားခဲ့ရ၏။ သူက ချင်းရှီမြို့၏ နာမည်ကြီးအစားအသောက်များကို မြည်းစမ်းရဖို့မျှော်လင့်နေခဲ့သော်လည်း ယခုမှာတော့ လမ်းဘေး၌ ပေါက်စီစားနေရလေသည်။

ထားပါတော့လေ။

မြည်းကြည့်လိုက်ပါ့မယ်။

ဒါက အဆိပ်ရှိတဲ့ပုံလည်း မပေါ်ပါဘူး။

သူက ငြင်းဆန်ချင်စိတ်ဖြင့် ပေါက်စီကို တစ်ကိုက်ကိုက်ကာ မျက်မှောင်ကြုတ်၍ နှစ်ချက်ဝါးကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက်ရပ်တန့်သွားပြီး အစေခံမိန်းကလေးကို လှည့်ကြည့်လိုက်ရာ သူ(မ)ကလည်း သူ့နည်းတူ အံ့အားသင့်နေကြောင်း တွေ့လိုက်ရလေ၏။

ဝဝဖိုင့်ဖိုင့်သခင်ကြီးက ၎င်းတို့၏အတွေးများကို ရိပ်စားမိကာ ပြောလိုက်သည်။

"စားကောင်းတယ်မလား။"

အဟုတ်ပဲ!

အရမ်းအရသာရှိတယ်!

တကယ်စားလို့ကောင်းတယ်!

ဟင်းရွက်၊ မှို၊ မုန်လာဥနီနှင့် ပေါက်စီ၏အသားတို့က တစ်ခုချင်းစီ အရသာရှိနေပြီး အားလုံးပေါင်းစပ်သွားသောအခါ ထူးခြားသည့်အရသာကို ပေးစွမ်းခဲ့သည်။ စောစောက အထင်သေးခဲ့သော အစေခံငယ်မှာ ယခု ထပ်တလဲလဲ ခေါင်းညိတ်ပြလာခဲ့လေသည်။

"စားကောင်းတယ်၊ အရမ်းစားကောင်းတယ်။"

အစေခံမိန်းကလေးက ရှောက်ယွိကို အံ့ဩတကြီး စိုက်ကြည့်နေခဲ့မိသည်။ သာမန်ပါဝင်ပစ္စည်းလေးများကို ဤမျှစားကောင်းအောင်လုပ်နိုင်သည်မှာ တကယ်ကို မယုံကြည်နိုင်စရာပင်။

မင်ဟယ်က ဝမ်းသာအားရဖြင့် ပြောလိုက်၏။

"ဦးငယ်၊ သူတို့လည်း စားကောင်းတယ်လို့ပြောနေကြပြီ။"

ရှောက်ယွိက အောင်မြင်သွားသောခံစားချက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အစေခံငယ်က ပေါက်စီတစ်လုံးကို ခဏချင်းအတွင်း အကုန်စားလိုက်ပြီးနောက် သူ၏မျက်လုံးများက ရှောက်ယွိ၏ခြင်းတောင်းဆီသို့ အလိုအလျောက် ရောက်ရှိသွားခဲ့သည်။

ဝဝဖိုင့်ဖိုင့်သခင်ကြီးက သူ၏အစေခံများအပေါ် အမြဲတမ်း စေတနာကောင်းသူဖြစ်ရာ ဝမ်းမြောက်ဝမ်းသာ ပြောလိုက်၏။

"နောက်ထပ် နှစ်လုံးထပ်ဝယ်လိုက်။"

ဤသို့ဖြင့် အစေခံငယ်နှင့် အစေခံမိန်းကလေးတို့က နောက်ထပ် တစ်လုံးစီ ထပ်စားခဲ့ကြလေသည်။

ပေါက်စီလေးလုံးစားပြီးသွားသော သခင်ကြီးက ထပ်စားချင်သေးသော်လည်း သူ့ကျန်းမာရေးကိုထည့်တွက်ကာ ကိုယ့်ကိုယ်ကိုယ် ထိန်းလိုက်ရသည်။ သူက ပေါက်စီများအား ဤမျှအရသာရှိအောင် မည်သို့ပြုလုပ်ခဲ့ကြောင်း ရှောက်ယွိကို မေးမြန်းခဲ့သည်။

သူက အကြမ်းဖျင်းရှင်းပြမှုကိုသာ မျှော်လင့်ထားခဲ့သော်လည်း ရှောက်ယွိက ချက်ပြုတ်နည်းများနှင့် သတိထားရမည့်အချက်များကို အသေးစိတ် ရှင်းပြပေးခဲ့၏။

သူ့အတွက် စိတ်နှလုံးကောင်းရှိသော ဤကဲ့သို့လူငယ်မျိုးကို ယခု ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ သူက စိတ်ထိရှသွားခဲ့ပြီး ၎င်းတို့၏ဟောင်းနွမ်းနေသောအဝတ်အစားများကို သတိပြုမိသွားရာ ၎င်းတို့၏အသေးစားစီးပွားရေးကို ကူညီချင်သောကြောင့် ကျန်သောပေါက်စီအားလုံးကိုဝယ်ဖို့ ဆုံးဖြတ်လိုက်လေသည်။

သူ စကားမပြောနိုင်ခင်မှာပင် ဖြတ်သွားဖြတ်လာတစ်ယောက်က ပြောလာလေ၏။

"လူငယ်လေး၊ ငါ့ကို နှစ်လုံးပေးပါဦး။ သူတို့နှစ်ယောက် စားနေတာကိုကြည့်ရတာ တော်တော်အရသာရှိမဲ့ပုံပဲ။"

ဝဝဖိုင့်ဖိုင့်သခင်ကြီးက လှည့်ကြည့်လိုက်သောအခါ အစေခံငယ်နှင့် အစေခံမိန်းကလေးတို့က ပေါက်စီများကို အငမ်းမရစားနေကြသည်အား တွေ့လိုက်ရသည်။ သူတို့စားနေသည့်ပုံအပြင် ပေါက်စီ၏ရနံ့တို့ကိုပါ ထည့်ပေါင်းလိုက်သောအခါ ဖြတ်သွားဖြတ်လာများအတွက် စားချင်စရာဖြစ်နေခဲ့လေသည်။ ဖြတ်သွားဖြတ်လာတစ်ဦးတည်းသာမက သခင်ကြီးကလည်း နောက်ထပ်နှစ်လုံးလောက်ကို ထုပ်သွားဦးမည်ဟု ကြံရွယ်ထားခဲ့၏။

သို့သော် သူ လှည့်ကြည့်လိုက်သောအခါ ရှောက်ယွိ၏ခြင်းထဲမှာ ပေါက်စီများမရှိတော့ချေ။

ဝဝဖိုင့်ဖိုင့်သခင်ကြီးက အံ့သြတကြီးမေးလိုက်သည်။

"ကုန်သွားပြီလား။"

"ကုန်သွားပါပြီခင်ဗျ!"

မင်ဟယ်တစ်ယောက် စောစောက ပေါက်စီများရောင်းမကုန်မည်ကို သူ့ဦးငယ်နှင့်အတူ စိတ်ပူနေခဲ့သော်လည်း ဝဝဖိုင့်ဖိုင့်သခင်ကြီးတို့ စားနေသည်ကိုကြည့်ပြီး ဖြတ်သွားဖြတ်လာများက တစ်ယောက်ပြီးတစ်ယောက် လာဝယ်ကြရာ ချက်ချင်းကုန်သွားသဖြင့် သူ အလွန်ဝမ်းသာနေခဲ့သည်။

ဝဝဖိုင့်ဖိုင့်သခင်ကြီးမှာ လက်နှေးသွားသဖြင့် နောင်တရနေခဲ့။

"နှမြောစရာပဲကွာ။"

အခြားဖြတ်သွားဖြတ်လာများကလည်း ပေါက်စီကို မြည်းပြီးနောက် ချီးကျူးမဆုံး ဖြစ်နေခဲ့ကြသည်။

အစေခံငယ်နှင့် အစေခံမိန်းကလေးတို့ကလည်း ထပ်ပြီးစားချင်နေကြသေးသည်။

ဝဝဖိုင့်ဖိုင့်သခင်ကြီးက မေးလာ၏။

"လူငယ်လေး၊ ဘယ်အချိန်လောက် ထပ်လာရောင်းဦးမှာလဲ။"

အမှန်တကယ်တော့ ရှောက်ယွိက စျေးကွက်စမ်းသည့်သဘောဖြင့်သာ လုပ်ခဲ့ခြင်းဖြစ်သည်။ သူက အလွန်ဆင်းရဲသဖြင့် မီးဖိုချောင်သုံးပစ္စည်းများ အစုံအလင်မရှိသလို မုန့်ကြိုးလိမ်လုပ်ရန် ဆီ၊ ဆန်မုန့်လုပ်ရန် ဆန် သို့မဟုတ် အသီးသကြားလုံးလုပ်ရန် သကြားများကို ဝယ်ဖို့လည်း မတတ်နိုင်ပေ။

သူက စဉ်းစားကြည့်ပြီးနောက် ခြံဝင်းထဲရှိ ဟင်းရွက်များကို အသုံးပြုနိုင်မည်ဟုတွေးကာ ဂျုံမှုန့်အနည်းငယ်၊ မှိုခြောက်အနည်းငယ်၊ မုန်လာဥနီနှင့် ဝက်သား အနည်းငယ်ဝယ်ကာ ပေါက်စီ အလုံး ၃၀ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆိပ်ကမ်းသို့ရောက်ခါစက တစ်လုံးမှမရောင်းရသဖြင့် သူ စားသောက်ကုန်လောကမှထွက်ကာ ပန်းကန်ဆေးခြင်း၊ စားပွဲထိုးခြင်း သို့မဟုတ် နွားကျောင်းခြင်း စသည့်အလုပ်များကိုလုပ်ပြီး မင်ဟယ်ကို ရှာကျွေးမည်ဟုတောင် တွေးခဲ့သေးသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် ဝဝဖိုင့်ဖိုင့်သခင်ကြီးတို့နှင့်တွေ့ပြီးနောက် ဖြတ်သွားဖြတ်လာများက နောက်ရက်အတွက်တောင် ကြိုမှာကြားသွားကြသဖြင့် သူ ဈေးရောင်းရန် ယုံကြည်မှုရှိသွားခဲ့လေသည်။ သူက ပြန်ဖြေလိုက်၏။

"မနက်ဖြန်မနက်ကျ လာခဲ့ပါ့မယ်။"

"ကောင်းပြီ၊ ဒါဆို ငါတို့ မနက်ဖြန်မနက် လာဝယ်လိုက်မယ်။"

ယခုတစ်ခေါက်၌ အစေခံငယ်ကလည်း ခေါင်းညိတ်ထောက်ခံခဲ့သည်။

အစေခံမိန်းကလေးက ရှောက်ယွိကို မျှော်လင့်တကြီး ပြောလိုက်၏။

"မနက်ဖြန် တကယ်လာရမှာနော်။"

အခြားသူများကလည်း သူ(မ)ပြောသည့်အတိုင်း သံယောင်လိုက်ကာ ထောက်ခံခဲ့ကြသည်။

ထိုအခါ ရှောက်ယွိက ကတိပေးလိုက်၏။

"ဟုတ်ကဲ့၊ သေချာပေါက်လာခဲ့ပါ့မယ်။"

သူ၏တုံ့ပြန်မှုကို ကျေနပ်သွားရာ ဝဝဖိုင့်ဖိုင့်သခင်ကြီးတို့က ထွက်သွားခဲ့ကြလေသည်။

ဆိပ်ကမ်းငယ်လေး၌ ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

မင်ဟယ်က ဝမ်းသာအားရ အော်ပြောလိုက်သည်။

"ဦးငယ်၊ ပေါက်စီတွေအားလုံး ရောင်းကုန်သွားပြီ!"

"ဟုတ်တာပေါ့!"

"သားတို့ ပိုက်ဆံတွေအများကြီး ရှာနိုင်ခဲ့တာပဲနော်။"

ရှောက်ယွိက သူ၏အိတ်ကပ်ကို ပုတ်လိုက်သောအခါ အကြွေစေ့သံများက 'တချွင်ချွင်' မြည်သွားခဲ့လေသည်။

"ဝိုး၊ အများကြီးပဲ၊ သားတို့ ချမ်းသာတော့မယ်!"

မင်ဟယ်က ငယ်သေးသဖြင့် ပိုက်ဆံအကြောင်း သိပ်နားမလည်သေးပေ။ အကြွေစေ့များလျှင် ချမ်းသာပြီဟု မှတ်ယူထားပုံပင်။

ယင်းက ချမ်းသာခြင်းမဟုတ်သေးသော်လည်း ရှောက်ယွိတစ်ယောက် စိတ်ထဲမှာ တွက်ချက်ကြည့်လိုက်သည်။

ပေါက်စီ ၂၉ လုံးကို ရောင်းခဲ့ရသဖြင့် စုစုပေါင်း ၈၇ ပြား ရခဲ့သည်။ အရင်းကိုနှုတ်လိုက်လျှင် အမြတ်အနေဖြင့် ပြား ၅၀ ကျန်၏။ မူလကိုယ် စားသောက်ဆိုင်မှာ တစ်နေ့လုံးအလုပ်လုပ်မှ ပြား ၃၀ သာရသဖြင့် ဤအလုပ်က ပိုကောင်းပေသည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment