no

Font
Theme

အပိုင်း (၉.၁) - ပထမဆုံးအကြိမ် တွေ့ဆုံခြင်း (၁)

ကျန့်ခန်းအန်း ရွာထဲသို့ လှမ်းဝင်လိုက်သည်နှင့် ရွာသားများ၏ ဝိုင်းအုံခြင်းကို ခံလိုက်ရပြီး လူတိုင်းက သူ့ကို နှုတ်ဆက်ရန်အတွက် ကျန့်ခန်းအန်း၏ မြင်းလှည်းအနီးသို့ တိုးဝှေ့လာကြသည်။

ကျန့်ခန်းအန်းက လှည်းတံခါးကို ဖွင့်လိုက်ရာ သူ့နောက်သို့ ထက်ကြပ်မကွာ လိုက်ပါလာသော ရှောင်လျူဇီက လှည်းပေါ်မှဆင်း၍ ခြေနင်းခုံကို ချပေးပြီး သူ့အား လှည်းပေါ်မှ တွဲကူဆင်းပေးရန် ပြင်လိုက်၏။ သို့သော်လည်း ကျန့်ခန်းအန်းက သူ့ဘာသာ ဆင်းနိုင်ကြောင်း လက်ဝှေ့ယမ်းပြလိုက်ကာ တားမြစ်လိုက်သည်။ လှည်းပေါ်မှ ဆင်းပြီးနောက် တိုးဝှေ့ရောက်ရှိလာကြသော ရွာသားများကို ကြည့်၍ သူက ပြောလိုက်၏။

“အားလုံးပဲ အားနာမနေကြပါနဲ့။ ငါ မြို့တော်ကနေ အသုံးဝင်မယ့် ကုန်ပစ္စည်းတချို့ ပြန်သယ်လာခဲ့တယ်။ ခဏနေကျရင် ဦးလေးကျောက်ရဲ့ အိမ်မှာ သွားယူကြပေါ့။ အခုတော့ အားလုံးပဲ ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြဦး။”

ရွာသူကြီး ဦးလေးကျောက်သည် ကျန့်ခန်းအန်း ထိုသို့ပြောသည်ကို ကြားလိုက်ရုံမျှဖြင့် သူ့အား ပြောစရာစကား ရှိနေကြောင်း ရိပ်မိလိုက်သဖြင့် ရွာသားများကို သူတို့၏ အလုပ်များဆီသို့ အရင်ပြန်သွားရန် ပြောဆိုလိုက်ပြီးနောက် သူကိုယ်တိုင် ကျန့်ခန်းအန်း၏ အိမ်တော်ဆီသို့ လိုက်ပါသွားခဲ့သည်။

ကျန့်ခန်းအန်း အိမ်တော်သို့ ပြန်ရောက်လာသည်တွင် အိမ်တွင်းရှိ အစေခံများ၏ နွေးထွေးလှိုက်လှဲစွာ ပြုစုဧည့်ခံခြင်းကို ခံရသည်က အဆန်းတော့ မဟုတ်ပေ။ သူက မျက်နှာသုတ်ပဝါဖြင့် မျက်နှာသစ်ကာ လက်ဖက်ရည် သောက်သုံးပြီးနောက် ဦးလေးကျောက်ကို ခေါ်ခိုင်းလိုက်သည်။

ထိုအချိန်တွင် ဦးလေးကျောက်သည် တံခါးအပြင်ဘက်၌ ရောက်ရှိနေပြီဖြစ်သည်။ ရှောင်လျူဇီက သူ့ကို လှမ်းခေါ်သည်၌ သူက အိမ်ထဲသို့ လှမ်းဝင်လာပြီး ကျန့်ခန်းအန်းကို စနစ်တကျ ရိုသေသမှုဖြင့် နှုတ်ဆက်လိုက်သည်။

“သခင်ကြီး။”

“အင်း...ထိုင်ပါဦး။ အခုတလော အခြေအနေတွေ ဘယ်လိုရှိလဲ။”

ကျန့်ခန်းအန်းက ထိုင်၍ စကားပြောရန် အချက်ပြလိုက်၏။

ဦးလေးကျောက်က ခေါင်းညိတ်ပြကာ တင်ပြလေသည်။

“အဆင်ပြေပါတယ်။ ရွာထဲမှာ ထူးထူးခြားခြား ကိစ္စကြီးကြီးမားမား မရှိပါဘူး။ အားလုံးက စည်းကမ်းအတိုင်း ရွာကို စောင့်ကြပ်နေကြတာဆိုတော့ ပြင်ပလူတွေလည်း အလွယ်တကူ ဝင်လို့မရပါဘူး။ ဒါပေမဲ့ မနေ့တစ်နေ့ကမှ လူဝကြီးတစ်ယောက် ကျွန်တော်တို့ ရွာထဲကို ရောက်လာလို့ သူ့ကို ဒီမှာ နေထိုင်ခွင့်ပြုဖို့ ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်လိုက်မိတယ်။ အဲ့ဒီလူက နည်းနည်း ဝတာကလွဲရင် လူဆိုးတစ်ယောက်နဲ့တော့ မတူပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဆုံးဖြတ်ချက် မှားသွားမှာ စိုးရိမ်တာကြောင့်လည်း ပါတာပေါ့။ အဲ့ဒါကြောင့် သူ့ကို ဒီမှာထားပြီး ဘယ်လိုလူလဲဆိုတာ အကဲခတ်ကြည့်မယ်လို့ စဉ်းစားထားတယ်။ ဘာပဲဖြစ်ဖြစ် ရွာနောက်ဘက်က တောင်တန်းတွေကို ဖြတ်ကျော်ပြီး ကျွန်တော်တို့ ရွာထဲကို ဝင်လာနိုင်တဲ့သူက သာမန်လူတော့ မဟုတ်ဘူးလေ။”

ကျန့်ခန်းအန်းက ခေါင်းညိတ်လိုက်ပြီး ထွေထွေထူးထူး ထပ်မံမိန့်ကြားခြင်း မရှိဘဲ “အင်း... ဒါဆို ဒီကိစ္စကို မင်းပဲ တာဝန်ယူလိုက်တော့” ဟု ဆိုကာ ပြန်နိုင်ကြောင်း အချက်ပြလိုက်သည်။

ဦးလေးကျောက်လည်း အချိန်ဆွဲမနေတော့ဘဲ အိမ်တွင်လည်း လုပ်စရာ အလုပ်များ ကျန်ရှိနေသေးသဖြင့် မတ်တတ်ရပ်ကာ နှုတ်ဆက်၍ ပြန်ထွက်သွားခဲ့သည်။

ဦးလေးကျောက် ထွက်ခွာသွားပြီးနောက် ကျန့်ခန်းအန်းက ရေချိုးသန့်စင်ခန်းသို့ သွားရောက်ကာ တစ်ကိုယ်လုံးကို သန့်ရှင်းရေးလုပ်ပြီးမှ အစားအသောက်များ ပြင်ဆင်ရန် အစေခံများကို အချက်ပြလိုက်သည်။ သူတကယ်ကို ဆာလောင်နေခဲ့ပြီ ဖြစ်၏။ အစားအသောက်များ စားသောက်ပြီးစီးသွားသည်တွင် နေမင်းက ခေါင်းတည့်တည့်သို့ ရောက်ရှိနေပြီဖြစ်ရာ သူက နေ့လယ်ခင်း အနားယူရန် ပြင်ဆင်လိုက်သည်။ မြို့တော်မှ ဤနေရာအထိ တစ်လခန့် ခရီးနှင်ခဲ့ရသဖြင့် သူ၏ခန္ဓာကိုယ်က အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်။ ထို့ကြောင့် ဤကာလအတွင်း ကောင်းမွန်စွာ အိပ်စက်အနားယူရပေမည်။

အခြားတစ်ဖက်တွင် မုယွီသည် မူလက ယနေ့တွင် မြို့ထဲသို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ရှေးခေတ်အခါက အပ်ချုပ်လုပ်ငန်းများကို လက်ဖြင့်သာ လုပ်ကိုင်ကြရာ မနေ့တစ်နေ့က သူမှာယူခဲ့သော အရာများကို ပြုလုပ်၍ ပြီးစီးဦးမည်မဟုတ်ကြောင်း တွေးမိကာ ရက်အနည်းငယ်ခန့် ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

သူက မနက်စာကို ဖြစ်သလိုသာ စားလိုက်ပြီးနောက် ပုဆိန်တစ်လက်နှင့် ကြိုးတစ်ခွေကို ယူဆောင်ကာ တောင်ပေါ်သို့ တက်ခဲ့သည်။ မနက်ခင်းအချိန်တွင် ရာသီဥတုက အေးမြသဖြင့် ထင်းခုတ်ရန် အကောင်းဆုံးပင်။ မုယွီ၏ လက်ရှိရည်မှန်းချက်က ဆောင်းတွင်းအတွက် ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို လုံလောက်စွာ စုဆောင်းရန် ဖြစ်သည်။ သို့မဟုတ်ပါက ဤနေရာ၏ ဆောင်းရာသီဒဏ်ကို ကြံ့ကြံ့ခံနိုင်ရန် အလွန်ခက်ခဲလိမ့်မည် ဖြစ်ကြောင်း လီရွှေရှန့်က သူ့ကို ပြောပြထားဖူးသည်။

မုယွီသည် တောင်ပေါ်သို့ တက်သည့်အခါ တောတွင်းရှိ မြွေအန္တရာယ်ကို စိုးရိမ်သဖြင့် ဘောင်းဘီခြေထောက်များကို သေသပ်စွာ စည်းနှောင်ထားပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရေမွှေးအချို့ ဆွတ်ဖျန်းလိုက်သည်။ ဤအရာက သူ၏ အလေ့အထတစ်ခုပင်။ ငယ်စဉ်ကတည်းက အကြောင်းရင်းမရှိဘဲ ဤကဲ့သို့ အကျင့်မျိုး သူ့တွင်ရှိခဲ့၏။

ပိုက်ဆံအနည်းငယ်သာ ရှိခဲ့သည့် အချိန်၌ပင် ရေမွှေးများကို နှစ်သက်ခဲ့သည်။ ဝယ်ယူရန် မတတ်နိုင်သော်လည်း ကုန်ဆိုင်များ၏ မှန်ပြတင်းပေါက်အနီးသို့ နေ့စဉ်သွားရောက်ကာ ငေးမောတတ်ခဲ့သည်။ နောက်ပိုင်း ပိုက်ဆံရှာနိုင်လာသည်တွင် မုယွီက နှစ်စဉ် ရေမွှေးတစ်ပုလင်းစီ ဝယ်ယူကာ သိမ်းဆည်းဖြစ်ခဲ့၏။ အသုံးမပြုသည့်တိုင်အောင် နေ့စဉ်ထုတ်ယူ၍ အနံ့ရှူဖြစ်ခဲ့သည်။

မကြာသေးမီက ဝိတ်ချစခန်းသို့ တက်ရောက်စဉ်ကလည်း ရေမွှေးတစ်ပုလင်းကို သူသယ်ဆောင်လာခဲ့သည်။ သို့သော် ပုလင်းကွဲသွားမည်ကို စိုးရိမ်သဖြင့် ခရီးဆောင်အိတ်၏ အတွင်းဘက်ဆုံး အကန့်ငယ်လေးထဲတွင် ထည့်လာဖြစ်ခဲ့၏။ မနေ့က လဲလှယ်မည့် အဝတ်အစားများကို ထုတ်ယူစဉ်ကမှ ၎င်းကို တွေ့ရသဖြင့် ပြန်သုံးခြင်းဖြစ်သည်။ ဤနေရာတွင် ခြင်များက တကယ်ပင် များပြားလွန်းသဖြင့် ရေမွှေးရနံ့ဖြင့် ခြင်များကို မောင်းထုတ်နိုင်ရန် သူမျှော်လင့်သည်။

သို့သော်လည်း မျှော်လင့်ချက်က ကြီးမားသလောက် လက်တွေ့နှင့် အလှမ်းကွာဝေးသည်။ တောင်ပေါ်မှ ဆင်းလာသည်တွင်တွင် သူ့မျက်နှာတစ်ခုလုံး ခြင်ကိုက်ရာများဖြင့် ပြည့်နှက်နေ၏။ မုယွီသည် မျက်နှာကို ကုတ်ဖဲ့ရင်း လမ်းလျှောက်ပြန်လာကာ တွေးလိုက်မိသည်။

“မနက်ဖြန်ကျရင်တော့ မြို့ထဲကို မဖြစ်မနေ သွားပြီး ခြင်ထောင်တစ်လုံး ဝယ်ရမယ်။ မဟုတ်ရင်တော့ ငါ့အသားတွေကို ခြင်ကျွေးနေရသလို ဖြစ်တော့မှာပဲ။”

မုယွီက အိမ်သို့ ရောက်သည်တွင် ထင်းခြောက်များကို သီးသန့်ဖယ်ထားလိုက်ပြီး ထင်းစိုများကို ပိုမိုမြန်ဆန်စွာ ခြောက်သွေ့စေရန် နေပူထဲတွင် ထုတ်၍ လှန်းထားလိုက်သည်။ ထိုအရာများ လုပ်ဆောင်ပြီးနောက် ခန္ဓာကိုယ်ပေါ်မှ ချွေးများကို သုတ်လိုက်ပြီးမှ ပြတင်းပေါက်ဘောင်ပေါ်ရှိ ခြင်ပြေးမြက်များ ခြောက်သွေ့သွားခြင်း ရှိ၊ မရှိ သွားရောက်ကြည့်ရှုသည်။ အကယ်၍ ခြောက်သွေ့သွားပါက ညဉ့်အခါတွင် မီးရှို့နိုင်လိမ့်မည်။

သို့မဟုတ်ပါက ယနေ့ညတွင်လည်း အိပ်စက်နိုင်မည် မဟုတ်ပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်က အကိုက်ခံထားရသော ခြက်ကိုက်ဖုများက မျက်နှာတစ်ခုလုံးကို ဖုံးလွှမ်းနေသဖြင့် မှန်ထဲတွင် ပြန်ကြည့်မိသည့်အခါ သူကိုယ်တိုင်ပင် ရယ်ချင်စိတ်ကို အောင့်အည်းလိုက်ရသည်။

နေ့လယ်ပိုင်းတွင် မုယွီသည် သူ့အတွက် သက်သတ်လွတ် ခေါက်ဆွဲတစ်ပန်းကန်ကို ချက်ပြုတ်လိုက်ပြီး ၎င်းက ဟင်းသီးဟင်းရွက်ဆီ အနည်းငယ်နှင့် တောရိုင်းဟင်းရွက် အနည်းငယ်ပါဝင်သော သက်သတ်လွတ် ခေါက်ဆွဲဖြစ်သည်။ ဤသည်က သူ၏နေ့လယ်စာဖြစ်ပြီး ဝိတ်ကျနိုင်လျှင်ပဲ တော်ပြီဟု သဘောထားကာ ချေးမများဘဲ စားသောက်ပြီးနောက် ပန်းကန်အိုးခွက်များကို ဆေးကြောကာ ရေခပ်ရန် ဟန်ပြင်လိုက်၏။

မုယွီတစ်ယောက် ခါးပတ်ကို ပြန်လည် စည်းနှောင်လိုက်စဉ် ကောင်းမွန်သော အချက်တစ်ခုကို သတိပြုမိလိုက်၏။ သူ့ခါးပေါ်ရှိ အဆီများက တစ်ရစ်ခန့် လျော့ကျသွားပြီ ဖြစ်ပုံရသည်။ သို့မဟုတ်ပါက ခါးပတ်အပေါက်ကို ရှေ့သို့ တစ်ဆင့် တိုး၍ စည်းနှောင်နိုင်မည် မဟုတ်ပေ။ ဤသည်က ကောင်းမွန်သော အစပျိုးခြင်း ဖြစ်သည်။

မုယွီသည် သူ၏ကိုယ်အလေးချိန် မည်မျှအထိ ကျသွားသည်ကို သိရှိရန် ချိန်တွယ်ကြည့်ချင်သော်လည်း ဤကမ္ဘာတွင် ပေါင်ချိန်စက်ဟူ၍ မရှိပေ။ ထို့ပြင် အကယ်၍ ရှိနေလျှင်ပင် သူ၏ဝဖြိုးသော ခန္ဓာကိုယ်ကို ချိန်နိုင်ပါမည်လော။ ပေါင်ချိန်တံကြီး ရုတ်တရက် ဒုန်းခနဲ ကျိုးပျက်သွားမည်ကို စိုးရိမ်ရသေးသည်။

ခဏမျှ စိတ်ပူပန်နေပြီးမှ မုယွီတစ်ယောက် ရယ်မောလိုက်၏။ နည်းလမ်းဟူသည် အမြဲတမ်း ရှိသည်ပင်။ လက်တွေ့အားဖြင့် အကောင်အထည်ဖော်ရန်သာ အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်ရခြင်းသာ။ မည်သို့ပင်ဖြစ်စေ သူ့တွင် အိမ်နီးနားချင်းကောင်း လီရွှေရှန့် ရှိနေသေးသည်။ ညနေပိုင်းတွင် သွားရောက်ကာ အကူအညီအချို့ တောင်းနိုင်ပေသည်။

ကျန့်ခန်းအန်း မုယွီကို ပထမဆုံးအကြိမ် တွေ့လိုက်ရစဉ်က မုယွီတစ်ယောက် အိမ်ဝင်းထဲတွင် အလုပ်ရှုပ်ကာ အပတ်တကုတ် ကြိုးစားအားထုတ်နေခဲ့၏။

ထိုစဉ်က မုယွီသည် သူ၏ ကိုယ်အလေးချိန်ကို ချိန်တွယ်ရန်အတွက် လီရွှေရှန့်ထံမှ သစ်သားပြားတစ်ချပ်ကို သွားရောက် ငှားရမ်းလာခဲ့သည်။ ထို့နောက် အိမ်ဆောက်ရာမှ ကျန်ရှိနေသော အုတ်ခဲအချို့ကို အိမ်ဝင်းအတွင်း၌ အဆင့်ဆင့် စီထပ်လိုက်ပြီး အုတ်ခဲများပေါ်တွင် သစ်သားပြားကို တင်လိုက်သည်။

ထို့နောက် သစ်သားပြား၏ တစ်ဖက်တွင် အုတ်ခဲအလုံး ၆၀ ကို သေသပ်စွာ စီထပ်လိုက်ပြီးနောက် မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်၏။ ပြီးနောက်တွင် သူက ဘောင်းဘီကို ဆွဲတင်ကာ သွားများကို တင်းတင်းကြိတ်လျက် အခြားတစ်ဖက်ရှိ နေရာအလွတ်ပေါ်သို့ ခက်ခဲစွာ တက်လိုက်ပြီး အုတ်ခဲများရှိသည့်ဘက်ကို မြှင့်တင်နိုင်ခြင်း ရှိ၊ မရှိ ချိန်ဆကာ သူ၏ကိုယ်အလေးချိန်ကို ခန့်မှန်းရန် ကြိုးစားနေခဲ့သည်။

သို့သော်လည်း သူအသေအချာ မတ်တတ်ရပ်လိုက်သည်နှင့် “ဂွပ်” ဟူသော အသံနှင့်အတူ သစ်သားပြားခမျာ သူနှင့် အုတ်ခဲများ၏ အလေးချိန်ဒဏ်ကို မခံနိုင်ဘဲ အလယ်မှ ကျိုးပျက်သွားသည်။ မုယွီရော အုတ်ခဲများပါ မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားခဲ့သည်။

မုယွီခမျာ လန့်ဖျပ်သွားပြီး ရင်ဘတ်ကိုဖိကာ သက်ပြင်းချရင်း နဖူးမှ ချွေးများကို သုတ်လိုက်ကာ ညည်းတွားလိုက်သည်။

“အမလေး... လန့်လို့ သေတော့မှာပဲ။”

***

အပိုင်း (၉.၂) - ပထမဆုံးအကြိမ် တွေ့ဆုံခြင်း (၂)

ထို့နောက် မုယွီသည် ဆောင့်ကြောင့်ထိုင်ချကာ မကျိုးပဲ့သေးသော အုတ်ခဲများကို ကောက်ယူ၍ ဘေးတွင် သေသပ်စွာ စီထားလိုက်ပြီး နောက်တစ်ခါ၌ အသုံးပြုရန် သိမ်းဆည်းလိုက်သည်။ ထို့နောက် လီရွှေရှန့်၏ အိမ်သို့ ပြေးသွားပြန်သည်။ ယနေ့တွင် မုယွီအနေဖြင့် သူ့ကိုယ်အလေးချိန် မည်မျှရှိသည်ကို မဖြစ်မနေ သိအောင် ကြိုးစားမည်ဖြစ်သည်။ သို့မဟုတ်ပါက ဤခံပြင်းစိတ်ကို မျိုချနိုင်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ မုယွီသည် “ဆင်ကိုချိန်သော ကော်ချုံးကဲ့သို့” ရေထဲတွင် ချိန်တွယ်ရန် မတတ်နိုင်သည် အမှန်ပင်။ သူက ထိုမျှအထိတော့ မလေးလံပေ။

(EN/ ဒါလေးကတော့ တရုတ်သမိုင်းက ဉာဏ်အရမ်းကောင်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံပြင်ပါ။ ကော်ချုံးလေးက ဆင်ကို ရေထဲမှာ အလေးချိန်ချိန်ခဲ့တုန်းက ခြောက်နှစ်သားပဲ ရှိသေးတာတဲ့။ အခုခေတ်ဆို သူက buoyancy အကြောင်းကို ရှာတွေ့ခဲ့တာနဲ့ အတူတူပဲ)

လီရွှေရှန့်၏ အိမ်သို့ ရောက်သည်တွင် မုယွီသည် ပိုမိုထူထဲသော သစ်သားပြားတစ်ချပ်ကို ထပ်မံငှားရမ်း၍ သယ်ဆောင်လာခဲ့သည်။ လီရွှေရှန့်သည်လည်း မုယွီ လုပ်နေသည်ကို သိချင်သည့်အတွက် သူ့နောက်သို့ ထက်ကြပ်မကွာ လိုက်ပါလာခဲ့သည်။ မုယွီသည် သူကိုယ်ကိုယ် အပင်ပန်းခံကာ ကောင်းမွန်သော သစ်သားပြားကို ကျိုးပဲ့အောင် လုပ်ခဲ့သည်မဟုတ်လော။ အိမ်ဝင်းထဲသို့ ဝင်လာသည်တွင် လီရွှေရှန့်သည် မုယွီတစ်ယောက် သစ်သားပြားအသစ်ပေါ်တွင် အုတ်ခဲများကို ထပ်စီနေသည်ကို တွေ့လိုက်ရသဖြင့် အနားသို့ ပြေးသွားကာ မေးလိုက်သည်။

“မုယွီ... မင်း ဘာတွေ လုပ်နေတာလဲ။”

“ကျွန်တော် ပိန်သွားလားဆိုတာ သိချင်လို့ပါ။”

မုယွီက ခေါင်းပင်မဖော်ဘဲ သစ်သားပြားပေါ်တွင် အုတ်ခဲများကို ဆက်လက် စီထပ်နေရင်းမှ ပြန်ဖြေလိုက်သည်။ နောက်ဆုံးတွင် လီရွှေရှန့်က ဆက်ကြည့်မနေနိုင်တော့ဘဲ ဝင်ရောက် ကူညီပေးခဲ့သည်။ မုယွီ၏ မျက်လုံးများက အရောင်တောက်သွားပြီး “အစ်ကိုရွှေရှန့်... ကျွန်တော့်ကို ဝိုင်းကူပေးပါဦး” ဟု ဆိုကာ အုတ်ခဲ ၆၀ ကို သစ်သားပြားပေါ်သို့ ဂရုတစိုက် တင်ပေးရန် အကူအညီတောင်းလိုက်သည်။

အစောပိုင်းက သင်ခန်းစာရထားသဖြင့် မုယွီက သစ်သားပြားပေါ်သို့ တဖြည်းဖြည်းချင်း လှမ်းတက်ရင်းမှ အခြားတစ်ဖက်ရှိ အုတ်ခဲများ၏ အခြေအနေကို အကဲခတ်လိုက်သည်။ သစ်သားပြား၏ အလယ်နားသို့ သူရောက်ခါနီးတွင် အုတ်ခဲများရှိသည့်ဘက်က ကြွတက်လာပြီး စောင်းတော့မည်ကို တွေ့လိုက်ရသဖြင့် နောက်သို့ နှစ်လှမ်းခန့် ပြန်ဆုတ်လိုက်ပြီးလျှင် လီရွှေရှန့်ကို ထိုအုတ်ခဲများပေါ်၌ နောက်ထပ် အုတ်ခဲအချို့ ထပ်တင်ပေးရန် အချက်ပြလိုက်သည်။ နောက်ဆုံးတွင် မုယွီသည် ထိုအုတ်ခဲများနှင့် အလေးချိန်မျှသွားမှသာ သက်ပြင်းချနိုင်တော့သည်။

(TN/ ရှင်းရှင်းပြောရင် ချိန်ခွင်လျှာပေါ်မှာ အခြေခံထားတာပါ)

စုစုပေါင်း အုတ်ခဲ ၉၀ မျှ ရှိ၏။ အိမ်ဝင်းထဲရှိ အုတ်ခဲတစ်ခဲလျှင် အလေးချိန် နှစ်ကီလိုဂရမ်ခန့် ရှိကြောင်း သူ အသေအချာ တွက်ချက်လိုက်သည်။ ဤနည်းဖြင့် တွက်ချက်ကြည့်ပါက သူ၏ လက်ရှိကိုယ်အလေးချိန်က တစ်ရာ့ရှစ်ဆယ်ခန့် ရှိပေလိမ့်မည်။ ဤရက်ပိုင်းအတွင်း အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့မှုကြောင့် သူ့ခန္ဓာကိုယ်မှ အသားပေါင်ချိန် တစ်ဆယ်ခန့် ကျဆင်းသွားခဲ့ပြီ ဖြစ်သည်။

ဤသည်က သူ့အတွက် အောင်ပွဲခံရမည့် အခြေအနေ ဖြစ်သဖြင့် ဝမ်းသာလွန်း၍ မျက်ရည်များပင် ဝဲလာရသည်။ လတ်တလောအတွင်း အကောင်းဆုံး သတင်းဖြစ်၏။

လီရွှေရှန့်က သူ့ကို ကြည့်ကာ မေးလိုက်၏။

“ဘာဖြစ်လို့လဲ။ မင်းဘာဖြစ်လို့ ငိုနေတာလဲ။”

“မဟုတ်ပါဘူး အစ်ကိုရွှေရှန့်။ ကျွန်တော် ဝမ်းသာလွန်းလို့ ငိုမိတာပါ၊ ဝမ်းသာလွန်းလို့ပါ။ အစ်ကိုသိလား... ကျွန်တော် ဆယ်ပေါင်လောက် ကျသွားပြီ။ ကျွန်တော် ပိုပြီး ပိန်လာပြီ။ အခုလိုပဲ ဆက်ပြီး ကြိုးစားသွားရင် နောင်ကျရင် ပိုပြီး ပိန်လာတော့မှာ။”

မုယွီက ထိုသို့ပြောရင်း သူကိုယ်ကိုယ် အားပေးသည့်အနေဖြင့် လက်သီးကို တင်းတင်းဆုပ်ကာ ဝှေ့ယမ်းလိုက်သည်။

လီရွှေရှန့်သည် မုယွီ၏ ဆယ်ပေါင်ခန့် ကျသွားသည်ဟူသော စကားကို ကြားလိုက်ရသည်တွင် အံ့ဩမှင်တက်သွားရ၏။ ဤမျှလောက် ဝဖြိုးသော လူတစ်ယောက်က အစားအသောက် လျှော့ချရုံမျှဖြင့် ဝိတ်ကျသွားသည်ဆိုလျှင် အကယ်၍ ဝိတ်မချရသေးပါက မည်မျှအထိ ဝနေလိမ့်မည်နည်း။

ထို့ကြောင့် လီရွှေရှန့်သည် သူ၏အိတ်ကပ်ထဲမှ ပေကြိုးကို ထုတ်ယူကာ မုယွီ၏ ဘေးတွင် လှည့်ပတ်ကြည့်ရှုပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်၍ အားစိုက်ကာ တိုင်းတာလိုက်သည်။ ပေကြိုးပေါ်ရှိ ဂဏန်းများကို မြင်လိုက်ရသည်တွင် သူ့ခမျာ ထိတ်လန့်သွားပြီး ပြောလိုက်၏။

“ဪ... လေးပေတောင် ရှိတာကိုး၊ ငါက နှစ်ပေပဲ ရှိတာ။ မင်းရဲ့ ခန္ဓာကိုယ်ကတော့... ကံကောင်းခြင်းတွေပဲ၊ ကံကောင်းခြင်းတွေပဲ။”

မုယွီသည် လီရွှေရှန့်၏ စကားပြောချင်သော်လည်း အားနာနေသည့် မျက်နှာပေးကို ကြည့်ကာ အားလုံးကို နားလည်လိုက်သည်။

“ရပါတယ် အစ်ကို၊ ရယ်ချင်ရင်လည်း ရယ်ပါ။ ကျွန်တော်က နေသားကျနေပါပြီ။ ဒါပေမဲ့ ကျွန်တော် တစ်နေ့ကျရင် မဖြစ်မနေ ဝိတ်ကျသွားမယ်လို့ ယုံကြည်တယ်။ ကျွန်တော့်ကို အားပေးပါဦး။”

ထိုအခိုက်အတန့်တွင် လီရွှေရှန့်မှာ ဆက်လက် အောင့်အည်းမထားနိုင်တော့ဘဲ သူ၏ဝမ်းဗိုက်ကို နှိပ်ကာ တဟားဟား ရယ်မောလိုက်သည်။ သူက မြေပြင်ပေါ်ရှိ သစ်သားပြားကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

“ဟားဟားဟား... မင်းက တကယ်ကို... ဟားဟားဟား အံ့ဩစရာပဲ။ ငါ့အိမ်က ဒီလောက် ထူထဲတဲ့ သစ်သားပြားကိုတောင် ကျိုးအောင် လုပ်နိုင်တယ်... တကယ်လို့ မင်းသာ စစ်မြေပြင်ကို သွားမယ်ဆိုရင် ဟိုဘက်မှာ မတ်တတ်ရပ်ပြီးတော့ အောက်ကို ဝုန်းခနဲ လှဲချလိုက်ရုံနဲ့တင် ရန်သူတွေကို ဖိသတ်မိပြီးသား ဖြစ်မှာပဲ...”

မုယွီသည် လီရွှေရှန့်၏ စကားကို ကြားသော် မျက်နှာလေး ငြိုးငယ်သွားပြီး

“တော်ပါတော့ အစ်ကိုရာ။ ကျွန်တော့်ရဲ့ ခန္ဓာကိုယ် အရွယ်အစားနဲ့ဆိုရင် ရန်သူက မြှားတစ်စင်တည်းနဲ့တင် ကျွန်တော့်ကို ပစ်လှဲနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ဆရာက ငယ်ငယ်ကတည်းက ကျွန်တော့်ကို အိမ်ထဲမှာပဲထားပြီး ဘယ်မှပေးမသွားခဲ့ဘူး။ တောင်ပေါ် တောရိုင်းတိရစ္ဆာန်တွေ ပေါတယ်လေ။ ကျွန်တော်က အပြေးမမြန်တော့ အစာတုံးလေး ဖြစ်သွားကို သူစိုးရိမ်နေခဲ့တာ...”

အမှန်စင်စစ် သူပြောဆိုနေသော ဆရာက မိဘမဲ့ဂေဟာ၏ ဂေဟာမှူးဖြစ်သည်။ ထိုစဉ်က ကလေးများ ပြန်ပေးဆွဲခံရမည်အား စိုးရိမ်ရသဖြင့် ‌ဂေဟာမှူးက ကလေးများကို အိမ်ဝင်းအတွင်း၌သာ နေစေပြီး အပြင်သို့ ပေးမထွက်ခဲ့ပေ။ ထိုခေတ်ကာလတွင် မိဘမဲ့ဂေဟာမှ ကလေးများကို ပစ်မှတ်ထား၍ ပြန်ပေးဆွဲကာ ခြေထောက်များကို ရိုက်ချိုးပြီး တောင်းရမ်းခိုင်းတတ်သည့် ရာဇဝတ်ကောင်များ ရှိခဲ့ဖူးသည်။ ကလေးများ ပိုက်ဆံမရှာနိုင်ပါက အစာမကျွေးဘဲ နှိပ်စက်ညှဉ်းပန်းတတ်ကြ၏။ ရဲတပ်ဖွဲ့က ထိုလူဆိုးများကို ဖမ်းဆီးရမိပြီးနောက်မှသာ အခြေအနေများ ပြန်လည် ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။

လီရွှေရှန့်သည် ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး အနားသို့ ချဉ်းကပ်လာကာ မုယွီ၏ ပခုံးကိုပုတ်ရင်း အားပေးလိုက်သည်။

“စိတ်မကောင်းမဖြစ်ပါနဲ့ကွာ၊ ငါတို့ ရွာထဲက လူအများစုကလည်း မင်းနဲ့ငါ့လို မိဘမဲ့တွေပါပဲ။ ငါတို့အားလုံး အဆင်ပြေ‌နေတာပဲကို။”

“အင်း... ဒါပေါ့၊ ကျွန်တော်တို့ အားလုံး အသက်ရှင်သန်နေထိုင်ရမယ်။ ဘယ်သူ့ထက်မဆို ပိုပြီးကောင်းမွန်အောင် နေထိုင်သွားရမယ်။”

မုယွီက ထိုသို့ပြောရင်း လီရွှေရှန့်၏ ပခုံးကို ပြန်လည် ပုတ်ပေးလိုက်သည်။ သို့သော်လည်း သူ၏အားအင်က ပြင်းထန်သဖြင့် လီရွှေရှန့် လွင့်ထွက်သွားမည် စိုးရိမ်ရရာ အားကိုလျှော့၍ ခပ်ဖွဖွလေး ပုတ်လိုက်ရသည်။

အခြားတစ်ဖက်တွင် မုယွီကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသော ကျန့်ခန်းအန်းနှင့် ရှောင်လျူဇီတို့မှာ ရယ်ရလွန်းသဖြင့် အူတက်လုနီးပါး ဖြစ်နေကြရသည်။ ပထမတွင် ဝတုတ်လေးက သစ်သားပြားဖြင့် အုတ်ခဲများပေါ်တွင် ကိုယ်အလေးချိန် ချိန်တွယ်ပြခဲ့ပြီး ထို့နောက်တွင် လီရွှေရှန့်နှင့်အတူ လေးနက်သော ညီအစ်ကိုသံယောဇဉ်ကို ပြသခဲ့၏။ ရှောင်လျူဇီမှာ မြေပြင်ပေါ်တွင် လူးလှိမ့်တော့မတတ် ရယ်မောနေလေသည်။

ကျန့်ခန်းအန်းသည်လည်း ရယ်မောနေခဲ့သည်။ ဤမျှလောက် ဝဖြိုးသောလူက တကယ်ပင် ရှိနေသည်ကိုး။ သို့သော်လည်း ထိုလူက တော်တော်လေး ဉာဏ်ပြေးသည်။ သစ်သားပြားကို အသုံးပြု၍ ကိုယ်အလေးချိန်ကို ချိန်တွယ်တတ်သည်။ အကယ်၍ ဤနည်းလမ်းကိုသာ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ပါက အကျိုးအမြတ်များစွာ ရရှိနိုင်ပေလိမ့်မည်။ ထိုဝတုတ်လေး၏ ဆန်းသစ်သော အတွေးအခေါ်အချို့ကို ကောင်းစွာ လေ့လာသင်ယူရန် အခွင့်အရေးရပါက မဖြစ်မနေ တွေ့ဆုံရမည်ဟု သူတွေးလိုက်၏။

အခြားတစ်ဖက်၌ မုယွီနှင့် လီရွှေရှန့်တို့က တစ်စုံတစ်ခုကို လက်ဟန်ခြေဟန်ဖြင့် ဆွေးနွေးနေကြသည်။ ကျန့်ခန်းအန်းက ဘေးရှိ ရှောင်လျူဇီကို ဆက်လက် စောင့်ကြည့်ရန် အချက်ပြလိုက်ပြီး သူကိုယ်တိုင်ကမူ စာရင်းဇယားများကို ပြန်လည် စစ်ဆေးရန် အိမ်ပြန်သွားခဲ့သည်။ သူ့လက်ထဲတွင် စုပုံနေသော စာရင်းဇယားများက ပမာဏများနေပြီဖြစ်၏။

ရှောင်လျူဇီသည် ထောင့်တစ်နေရာမှနေ၍ ဝတုတ်လေး၏ လုပ်ဆောင်ချက်များကို အူမြူးစွာနှင့် ဆက်ကြည့်လိုက်သည်။ ၎င်းက စိတ်ဝင်စားစရာကောင်းသည် မဟုတ်ပေလော။

နောက်ဆုံးတွင် မုယွီသည် လီရွှေရှန့်ကို ဒူးဆက်ကစားစရာတစ်ခု ပြုလုပ်ပေးရန် အကူအညီတောင်းလိုက်သည်။ သို့သော်လည်း ၎င်းကို အမြင့်ကြီး မလုပ်ဘဲ တစ်ဖက်တွင် အုတ်ခဲများ ပြုတ်ကျမသွားစေရန် သစ်သားပြားအချို့ဖြင့် ပိတ်ဆို့ထားလိုက်သည်။ ဤသည်က တော်တော်လေး အဆင်ပြေ၏။ ရိုးရှင်းသော ချိန်ခွင်တစ်ခုကဲ့သို့ဖြစ်သွားပြီး နောင်တွင် သူ၏ ကိုယ်အလေးချိန်ကို ချိန်တွယ်ရန်အတွက် စက်တစ်မျိုး ဖြစ်လာပေလိမ့်မည်။ ၎င်းကို ပြုလုပ်ပြီးစီးသွားပါက လီရွှေရှန့်ကို ထပ်ကာထပ်ကာ သွားရောက် နှောင့်ယှက်နေစရာ မလိုတော့ပေ။ လီရွှေရှန့်တွင်လည်း အလုပ်များ ရှိနေသဖြင့် အချိန်အကြာကြီး နှောင့်နှေးစေခြင်းက ကောင်းသောအပြုအမူ မဟုတ်ချေ။

လီရွှေရှန့်ကို ပြန်လိုက်ပို့ပြီးနောက် မုယွီတစ်ဦးတည်း အိမ်ဝင်းထဲတွင် ကျန်ရှိခဲ့ပြီး ဟိုဟိုဒီဒီ လှုပ်ရှားရင်း ကိုယ်အလေးချိန် အနည်းငယ် ကျဆင်းသွားသဖြင့် စိတ်ခံစားချက် ကောင်းမွန်နေသည်။ ရှေးခေတ်ကာလသို့ ရောက်ရှိလာရသည့် ဤခရီးစဉ်က အလဟဿ မဖြစ်ခဲ့ပုံရသည်။

မည်သို့ပင်ဖြစ်စေ ဝိတ်ကျရန် မျှော်လင့်ချက် ရှိနေပြီဖြစ်၏။ ထို့ကြောင့် မနက်ဖြန်တွင်လည်း ဆက်လက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ဤဝိတ်ချခြင်း လုပ်ငန်းစဉ်က အချိန်အတော်ကြာ အားထုတ်ရမည့် ကိစ္စဖြစ်သည်။

မုယွီသည် စိတ်ခံစားချက် ကောင်းမွန်နေသဖြင့် အိမ်ဝင်းအတွင်း ဟိုဟိုဒီဒီ လမ်းလျှောက်နေစဉ် နေဝင်ရီတရောအချိန်သို့ ရောက်ရှိလာခဲ့ရာ ညစာအတွက် ဘာစားရမည်ကို တွေးလိုက်မိပြန်သည်။ အကယ်၍ ညစာမစားပါက ဝိတ်ပိုကျနိုင်မည်ဟု တွေးမိသော်လည်း အစားမစားလျှင် အစာအိမ်ရောဂါ ဖြစ်ပွားနိုင်သဖြင့် မကောင်းပေ။ ထို့ကြောင့် တစ်စုံတစ်ရာကို စားသုံးရမည်သာ။

မုယွီသည် မီးဖိုချောင်ထဲသို့ ဝင်ကာ အစားအစာအချို့ကို အလွယ်တကူ ပြင်ဆင်ချက်ပြုတ်၍ အနည်းငယ် စားသောက်လိုက်သည်။

မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးသွားသည်တွင် အိမ်ပတ်ဝန်းကျင်၌ အမှောင်ကျလာပြီဖြစ်ရာ မုယွီက အိမ်ဝင်းထဲတွင် ထိုင်ကာ လေညင်းခံနေသည်။ သို့သော်လည်း ခဏထိုင်ပြီးနောက် မတ်တတ်ပြန်ထရပ်ကာ အိမ်ရှိ သစ်သားရေဇလုံကို ယူဆောင်၍ စိုက်ခင်းထဲရှိ မုန်ညင်းထုပ်များကို ရေလောင်းပေးလိုက်သည်။

မုန်ညင်းထုပ်များ အလျင်အမြန် ကြီးထွားလာပြီး ပျိုးပင်များကို ရွှေ့ပြောင်း စိုက်ပျိုးကာ မုန်ညင်းစိုက်ခင်းကြီးတစ်ခု ဖြစ်လာရန် သူမျှော်လင့်နေမိ၏။ ဆောင်းဦးတွင် မုန်ညင်းချဉ် အိုးတစ်လုံး ပြုလုပ်ထားနိုင်ပါက ဆောင်းရာသီ၌ စားသုံးရန် လုံလောက်ပေလိမ့်မည်။ သို့သော်လည်း သူ့တွင် မုန်ညင်းထုပ်များ ရှိနေသည့်တိုင် အာလူးနှင့် မုန်လာဥများကိုမူ မည်သည့်နေရာတွင် သွားရောက် ရှာဖွေရပါမည်နည်း။

ဤရက်ပိုင်းအတွင်း တောင်ပေါ်သို့ သွားနေစဉ်အတွင်း ရွာထဲရှိ စိုက်ခင်းများကို ဖြတ်သန်းသွားခဲ့ရာ အာလူးများ စိုက်ပျိုးထားသည်ကို တစ်ကြိမ်မျှ မမြင်ဖူးခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ အတတ်နိုင်ဆုံး ရှာဖွေရမည်။ ဤကမ္ဘာတွင် အာလူးမရှိသည်တော့ မဖြစ်နိုင်ပေ။ အမြဲတမ်း မုန်ညင်းထုပ်တစ်မျိုးတည်းကိုသာ စားသုံးနေ၍ အဆင်မပြေနိုင်။

ထိုသို့ တွေးမိသည်တွင် သူ အနည်းငယ် စိုးရိမ်ပူပန်လာသည်။ မနက်ဖြန်မှစ၍ စားသုံးနိုင်သော အရာအားလုံးကို ရှာဖွေစုဆောင်းကာ ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်မည်ဟု သူဆုံးဖြတ်လိုက်သည် ယခုအချိန်က နွေရာသီ ဖြစ်သော်လည်း သူ့တွင် လိုအပ်ချက်များစွာ ရှိနေဆဲပင်။

(EN/ အားလူးမရှိရင် တို့တော့ အသက်မရှင်နိုင်ဘူး။ အာလူးကြော် မစားရရင် ရှင်လျက်နဲ့သေတာ)

***

Aurora Novel Translation Team

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment