no

Font
Theme

အပိုင်း (၄.၁) - အိမ်ထောင်စုစာရင်းသွင်းခြင်း (၃)

မုယွီသည် မိမိလက်ထဲရှိ အိမ်ထောင်စုစာရင်းကို ကြည့်လိုက်ပြီးနောက် ရွာသူကြီးကျောက်အား လှမ်းကြည့်ကာ ပြောလိုက်သည်။

“ရွာသူကြီးဦးလေး... ကျွန်တော် မြို့ထဲပတ်ကြည့်ပြီး ပစ္စည်းတချို့ ဝယ်ချင်လို့ဗျ။ ဦးလေး ဒီမှာပဲ လက်ဖက်ရည်သောက်ရင်း စောင့်မလား။ ဒါမှမဟုတ် ကျွန်တော်နဲ့အတူ လိုက်မလား။”

မုယွီသည် သကြားလုံးဆိုင်သို့ သွားရောက်ကာ ထိုနည်းလမ်းဖြင့် ငွေလဲလှယ်နိုင်မည့် အခွင့်အလမ်း ရှိ၊ မရှိ စမ်းသပ်ရန် ယခုတင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူမည်ကဲ့သို့ ရှေ့ဆက် ရှင်သန်ရပါမည်နည်း။

ကျောက်ချန်းရှန့်က ပြုံး၍ ပြောလိုက်၏။

“ငါကတော့ လက်ဖက်ရည်ဆိုင်မှာပဲ စောင့်တော့မယ်။ မင်းနဲ့ ရွှေရှန့်ပဲ သွားကြ။ ငါက အသက်ကြီးပြီဆိုတော့ လမ်းမလျှောက်နိုင်တော့ဘူး။ ရွှေရှန့်က လှည်းမောင်းလာတာဆိုတော့ ပစ္စည်းတွေ သယ်ဖို့ ကူညီပေးလိမ့်မယ်။”

မုယွီက ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ဟုတ်ကဲ့... ဒါဆိုရင် အစ်ကို့ကို ဒုက္ခပေးရဦးမယ်ဗျာ။ ဦးလေး... ကျွန်တော့်ကို ခဏလောက် စောင့်ပေးပါဦး။ ပစ္စည်းဝယ်ပြီးတာနဲ့ အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်။”

ရွာသူကြီးကျောက်သည် မိမိလက်ထဲရှိ ရေဘူးကို ချထားလိုက်ပြီးနောက် ပြောဆိုလာသည်။

“မင်းကတော့လေ... ကောအာလေးတစ်ယောက် ဖြစ်နေတာပဲကို။ နောင်ကျရင် သူများတွေရှေ့မှာ ကောအာလေးတစ်ယောက်ပါလို့ လျှောက်မပြောနဲ့ဦး။ သူများတွေ ရယ်ကြလိမ့်မယ်။ ဒီမှာ ကောအာလေးတွေ နည်းတယ်ဆိုပေမဲ့လည်း ဒီလောက်အထိ ရှက်နေစရာ မလိုပါဘူး။ ရိုးရိုးသားသားပဲ ကိုယ့်ကိုယ်ကိုယ် ကောအာပါလို့ ဝန်ခံလိုက်စမ်းပါ။”

လက်ထပ်ရမည့် အရေးကို အလုခံရမည် စိုးရိမ်သဖြင့် မိမိ၏ ကျား၊ မ မပြတ်သားမှုကိုပင် ဖုံးကွယ်ထားလိုသည့် သနားစရာ ကလေးငယ်လေးပင် ဖြစ်သည်။ သို့သော် ဤကမ္ဘာရှိ ကောအာလေးများမှာ မုတ်ဆိတ်မွေး မပေါက်ကြပေ။ ဤကလေးမှာ အသက် တစ်ဆယ့်ရှစ်နှစ် ရှိနေပြီဖြစ်သော်လည်း မုတ်ဆိတ်မွေး စူးစူးလေးမျှပင် မရှိ။ သူကောအာလေးတစ်ယောက် ဖြစ်သည်ကို မည်သူက မသိဘဲ နေပါမည်နည်း။

မုယွီသည် ဤအချိန်တွင် အမှန်တကယ်ပင် မှင်တက်သွားခဲ့ရပြီးနောက် သတိကြီးစွာဖြင့် မေးမြန်းလိုက်သည်။

“ဦးလေး... ကောအာဆိုတာ ဘာလဲဟင်။ ကျွန်တော် တကယ် နားမလည်လို့ပါ။ ကျွန်တော်က တောင်ပေါ်မှာပဲ ကြီးပြင်းခဲ့တာလေ။ ဆရာကလည်း ကျွန်တော့်ကို ယောက်ျားလေးလို့ပဲ အမြဲခေါ်တာ။ အဲ့ဒါကြောင့် ကျွန်တော့်ကို သေသေချာချာလေး ရှင်းပြပေးပါဦး။”

ရွာသူကြီးကျောက်သည် ထိုစကားကို ကြားရသည်တွင် အံ့ဩမှင်တက်သွားခဲ့ရသည်။

“မင်း ဘာတွေ ပြောနေတာလဲ။ မင်းက ကောအာဆိုတာ ဘာလဲဆိုတာကိုတောင် မသိဘူးလား။”

သူသည်လည်း ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်သည်။ သူသည် လီရွှေရှန့်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မုယွီကိုလည်း ကြည့်လိုက်ကာ လူသူ အသွားအလာ ရှုပ်ထွေးနေသော လမ်းမကြီးဆီသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“တွေ့လား... ဟိုလမ်းမပေါ်မှာ စကတ်ဝတ်ထားတဲ့ လူတွေက ကောအာတွေလေ။ ရှပ်အင်္ကျီအတို ဝတ်ထားတဲ့လူတွေကတော့ ယောက်ျားလေးတွေပေါ့။ အိမ်ထောင်ပြုပြီးရင်တော့ ယောက်ျားလို့ ခေါ်ကြတယ်။ ယောက်ျားတွေက အသက်တစ်ဆယ့်ရှစ်နှစ်ကျော်ရင် မုတ်ဆိတ်မွေးတွေ ပေါက်လာတတ်ကြတယ်။ မင်းက အခု တစ်ဆယ့်ရှစ်နှစ် ရှိနေပြီဖြစ်ပေမဲ့ မုတ်ဆိတ်မွေး မရှိဘူး။ အဲ့ဒါကြောင့် မင်းက ကောအာလေးတစ်ယောက်ပေါ့။ နားလည်ပြီလား။”

“ကျွန်တော့်မှာ မုတ်ဆိတ်မွေး မရှိဘူးလို့ ဘယ်သူပြောလဲ။ ရှိပါတယ်။ နည်းနည်းလေး ပါးနေရုံတင်ပါ။ ကျွန်တော်က ငယ်ငယ်ကတည်းက အမွေးအမှင် နည်းတာလေ။ ခေါင်းပေါ်မှာလည်း ဆံပင်နည်းသလို ခန္ဓာကိုယ်ပေါ်မှာလည်း အမွေးသိပ်မရှိဘူး။ ဦးလေးတို့ မှားနေပြီ။ တကယ်လို့ ကျွန်တော်က ကောအာလေးတစ်ယောက် ဆိုရင် ဆရာက ကျွန်တော့်ကို ပြောပြမှာပေါ့။ ဒီလို ကိစ္စမျိုးကို ဘယ်လိုလုပ် မှားနိုင်မှာလဲ။ ကျွန်တော်ကတော့ ယောက်ျားလေးဖြစ်ရတာကိုပဲ သဘောကျပါတယ်။ ဒါ့အပြင် ကျွန်တော်က ကလေးမမွေးနိုင်ဘူး။ အဲ့လို အရည်အချင်းလည်း မရှိဘူး။ ကျွန်တော်က ယောက်ျားလေးပဲ။ လက်ထပ်ပြီးရင်လည်း ယောက်ျားတစ်ယောက် ဖြစ်လာမှာ။ ကျွန်တော့်ကို ကောအာလေးလို့ လျှောက်မခေါ်ပါနဲ့ဦး။ လန့်သွားတာပဲဗျာ။”

ထိုသို့ ပြောဆိုပြီးနောက် မုယွီက ရင်ဘတ်ကို ဖိလိုက်မိသော်လည်း စိတ်ထဲတွင်မူ အလွန်အမင်း တုန်လှုပ်ချောက်ချားနေခဲ့သည်။ မနေ့ကတည်းက ယခုအချိန်အထိ အမျိုးသမီးတစ်ဦးမျှ မတွေ့ရသည့် အကြောင်းအရင်းအား ယခုမှပင် သူသဘောပေါက်သွားသည်။ ဤကမ္ဘာကြီးမှာ စိတ်ကူးယဉ်ဆန်ရုံမျှမက အမျိုးသမီးများနေရာတွင် ကောအာလေးများ ဖြစ်နေသေးသည်။ ကံကောင်းထောက်မစွာဖြင့် ဤကမ္ဘာသို့ ရောက်လာသည့်တိုင် မိမိ၏ ယောက်ျားလေးဟူသော ပင်ကိုစရိုက်က ပြောင်းလဲမသွားခြင်း ဖြစ်သည်။ မဟုတ်ပါက သူ အရှက်ကွဲရပေလိမ့်မည်။ ကောအာလေးတစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရပြီး အသုံးချခံရမည်ကို သူမလိုလားချေ။ ယောက်ျားလေး သို့မဟုတ် ယောက်ျားတစ်ယောက် ဖြစ်ရခြင်းကသာ ပို၍ ကောင်းမွန်ပေသည်။

ထိုအချိန်တွင် အံ့ဩမှင်တက်နေခဲ့သော လီရွှေရှန့်က ပြောဆိုလာသည်။

“ဒါဆို ငါတို့ အိမ်ထောင်စုစာရင်း သွားလုပ်တုန်းက မင်း ဘာလို့ အဲ့ဒါကို မပြောခဲ့ရတာလဲ။ သူတို့က မင်းကို ကောအာလေးတစ်ယောက်အဖြစ် ရေးလိုက်ပြီလေ။ အခု ဘယ်လိုလုပ်ကြမလဲ။”

ရွာသူကြီးကျောက်သည် ဤအခြေအနေကို မြင်တွေ့ရသည်တွင် ဒေါသတကြီးဖြင့် မုယွီ၏ ခေါင်းကို လက်ညှိုးညွှန်ပြကာ ပြောသည်။

“မင်းကတော့လေ ဝတုတ်လေး... စကားမပြောခင် အိမ်ထောင်စုစာရင်းကို သေသေချာချာ မကြည့်ခဲ့ဘူးလား။ အိမ်ထောင်စုစာရင်းက လုပ်ပြီးသွားရင် ပြင်လို့မရတော့ဘူး။ အခု ဘယ်လိုလုပ်ကြမလဲ။”

မုယွီသည် ဆွံ့အကာ ဘာမျှ ပြန်မပြောနိုင်တော့ချေ။ အဆုံးတွင် ရွာသူကြီးကျောက်သည် ရုံးခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ကာ စာရေးနှင့် တွေ့ဆုံခဲ့သည်။ သူသည် စာရေးအား မုယွီ၏ စစ်မှန်သော အထောက်အထားကို ပြောပြခဲ့ပြီး ပြန်လည်ပြင်ဆင် မှတ်ပုံတင်ပေးရန် မျှော်လင့်ခဲ့သည်။ သို့မဟုတ်ပါက နောင်တစ်ချိန်တွင် သူ မည်ကဲ့သို့ ရှင်သန်ရပါမည်နည်း။ မည်သို့ပင်ဖြစ်စေ သူက ရွာထဲတွင် ဆက်လက် နေထိုင်ရဦးမည် ဖြစ်သည်။

စာရေးသည် ထိုစကားကို ကြားရသည်တွင် အခက်တွေ့ဟန်ဖြင့် ပြောလိုက်သည်။

“ဒါပေမဲ့ ဒီစာရွက်စာတမ်းက ခရိုင်ရုံးကို အခုတင်ပဲ ပို့လိုက်ပြီ။ ပြန်ယူဖို့က တော်တော်လေး လက်ဝင်လိမ့်မယ်။ မဟုတ်ရင် အိမ်ထောင်စုစာရင်း စာရွက်စာတမ်း သွားပို့တဲ့ ရုံးကောင်လေးကို အမြန်လိုက်ဖမ်းဖို့ လူတစ်ယောက်လောက် လွှတ်လိုက်မလား။”

ဤအချိန်တွင် မုယွီ၏ အထောက်အထား (ကျား၊ မ) ကို သိရှိသွားပြီးနောက် လီရွှေရှန့်၏ မုယွီအပေါ် ထားရှိခဲ့သော သိမ်မွေ့သည့် စိတ်ခံစားချက်များမှာ ရုတ်တရက်နိုင်စွာ ရပ်တန့်သွားခဲ့ရသည်။ ထို့ကြောင့် သူသည် မြင်းလှည်းကို ချည်နှောင်ရန် အပြင်သို့ ပြေးထွက်သွားခဲ့ပြီး လျူတာရှန်း၏ အိမ်မှ မြင်းကို ဖြုတ်ကာ ခရိုင်ရုံးဆီသို့ ဦးတည်၍ အဟုန်ပြင်းစွာ စီးနင်းထွက်ခွာသွားခဲ့သည်။ ထိုရုံးကူကောင်လေး ရုံးထဲသို့ မဝင်ရောက်မီ တားဆီးရန် မဖြစ်မနေ လိုအပ်သည်။ မဟုတ်ပါက ခရိုင်မင်းက တံဆိပ်ခတ်နှိပ်လိုက်လျှင် ပိုမိုလက်ဝင်ပြီး ပြဿနာကြီးထွားသွားနိုင်ပေသည်။

ဤအတောအတွင်း မုယွီသည် ရွာသူကြီးအား အားနာတကြီးဖြင့် မိမိအနေဖြင့် မြို့ထဲသို့ အရင်သွားကာ အိမ်တွင် အသုံးပြုရန် ပစ္စည်းအချို့ကို ဝယ်ယူလိုကြောင်း ပြောဆိုခဲ့သည်။ မဟုတ်ပါက အိမ်တွင် ဘာပစ္စည်းမျှမရှိဘဲ နေထိုင်ရန်မှာ အဆင်မပြေချေ။

အဆုံးတွင် ရွာသူကြီးကျောက်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ကို စိတ်ကြိုက် သွားလာခွင့်ပြုလိုက်သည်။ မုယွီ မျက်ခြည်ပြတ် ပျောက်ကွယ်သွားသည်တွင် စာရေးသည် ရွာသူကြီးကျောက်အတွက် ရေနွေးကြမ်းတစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်၏။

“ဒီဝတုတ်ကြီးကလေ... သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့သာ ကောအာလေးတစ်ယောက် ဖြစ်ခဲ့ရင် လက်ထပ်နိုင်ဖို့ အခွင့်အလမ်း ရှိနိုင်သေးတယ်။ တကယ်လို့ ယောက်ျားလေးသာ ဆိုရင်တော့ ဒီဘဝမှာ ဘယ်တော့မှ လက်ထပ်ရမှာ မဟုတ်တော့ဘူး။ သူစိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားနိုင်တယ်။ ဘယ်သူက သူ့ကို လက်ထပ်ချင်မှာလဲ။”

ရွာသူကြီးကျောက်သည်လည်း စိတ်ရှုပ်ထွေးနေခဲ့သည်။ ဤအရာက သာမန်ကိစ္စရပ်တစ်ခု မဟုတ်ပေ။ သူတို့ပြန်ရောက်ချိန်တွင် ရွာသားများသာ ဤကလေးက ကောအာလေးတစ်ယောက် မဟုတ်ဘဲ ယောက်ျားလေးတစ်ယောက် ဖြစ်ကြောင်း သိရှိသွားကြပါက အလွန်ပင် စိတ်ပျက်သွားကြပေလိမ့်မည်။ သို့သော် သူ၏ အထောက်အထားက ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ နောင်တွင် သူ့ကို ပိုမိုမျက်ခြည်မပြတ် စောင့်ကြည့်ကာ ကြိုတင်ကာကွယ်ရန် လိုအပ်သည်။

မုယွီသည် ဤအကြောင်းအရာများကို မသိရှိခဲ့ဘဲ မြို့ပေါ်ရှိ သကြားလုံးဆိုင်သို့ သွားရာလမ်းတွင် လမ်းသွားလမ်းလာများကို သေသေချာချာ အကဲခတ်ကြည့်ရှုနေခဲ့သည်။ ယခုမှပင် သူ သဘောပေါက်သွားသည်။ ရွာသူကြီးနှင့် လီရွှေရှန့်တို့ ပြောကြားခဲ့သည့်အတိုင်း စကတ်ဝတ်ဆင်ထားသူများမှာ မုတ်ဆိတ်မွေး မပေါက်ကြဘဲ ၎င်းတို့ကို ကောအာလေးများဟု ခေါ်ဆိုကြသည်။ အချို့မှာမူ ဗိုက်များပင် ဖောင်းကားနေကြ၏။

သူခန့်မှန်းမိသည်သာ မှန်ကန်သည်ဆိုပါက ၎င်းတို့မှာ ဝဖြိုးနေခြင်း မဟုတ်ဘဲ ကိုယ်ဝန်ဆောင်ထားခြင်း ဖြစ်ပေလိမ့်မည်။ သူ စောစီးစွာ သိရှိသွားခဲ့၍သာ တော်ရော့မည်။ မဟုတ်ပါက သူသည်လည်း ကောအာလေးတစ်ယောက်အဖြစ် တံဆိပ်ကပ်ခြင်း ခံရမည်ဖြစ်ပြီး နောင်တွင် လက်ထပ်နိုင်တော့မည် မဟုတ်ချေ။ သို့သော် လောလောဆယ် ရှိနေသော သူ၏ အသားစိုင်ကြီးနှင့်ဆိုလျှင် လက်ထပ်နိုင်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။

အမှန်စင်စစ် မုယွီသည် လက်ထပ်ရန်အတွက် စဉ်းစားတွေးတောနေခြင်း မရှိချေ။ လွန်ခဲ့သော နှစ်ရက်ခန့်ကမှ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သဖြင့် အခြေအနေများစွာက သူ့ကို အိုးတိုးအမ်းတမ်း ဖြစ်စေခဲ့သည်။ သူ့စိတ်က အပြည့်အဝ မတည်ငြိမ်သေးသဖြင့် လက်ထပ်ရန်အတွက် အချိန်အတန်ကြာ လိုအပ်ဦးမည်ပင်။

ဖျင်အန်းမြို့ငယ်လေးမှာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံးသော နေရာတစ်ခု ဖြစ်သည်ဟု ဆိုကြသည်။ ထျန်းရှန့်မင်းဆက်သည် နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် စစ်ဖြစ်ပွားခြင်း မရှိခဲ့သဖြင့် ပြည်သူများက အေးချမ်းသာယာစွာ ရှင်သန်နေထိုင်ကြပြီး စီးပွားရေးမှာလည်း သဘာဝအတိုင်းပင် ထွန်းကားလျက် ရှိသည်။

လမ်းမပေါ်တွင် ဆိုင်မျိုးစုံ ရှိနေပြီး ကုန်သည်များမှာလည်း စည်ကားသိုက်မြိုက်စွာ အော်ဟစ်ရောင်းချနေကြသဖြင့် ထိုအသံများကို ကြားရခြင်းကပင် လူကို စိတ်ချမ်းမြေ့စေသည်။ သို့သော် လောလောဆယ်တွင် သူ့၌ ငွေကြေးချို့တဲ့နေသဖြင့် ငွေရှာရန်ကသာ အဓိကအကျဆုံးသော ကိစ္စဖြစ်သည်။

မုယွီသည် သကြားလုံးဆိုင်တစ်ဆိုင်၏ တံခါးဝတွင် ရပ်တန့်လိုက်ပြီး ဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။ ဆိုင်းဘုတ်ပေါ်တွင် “ကျန့်မိသားစု သကြားလုံးဆိုင်” ဟု ရေးသားထားသော်လည်း ဘယ်ဘက်အောက်ခြေတွင်မူ “အန်း” ဟူသော စာလုံးလေးတစ်လုံးလည်း ရှိနေသေးသည်။ ထိုအရာက ဘာကို ဆိုလိုမှန်း သူမသိသော်လည်း လောလောဆယ်တွင် ထိုအရာမှာ သူအာရုံစိုက်ရမည့် ကိစ္စမဟုတ်ပေ။ သူအဓိက အလေးထားရမည့်အရာမှာ မုန့်လုပ်နည်းကို မည်ကဲ့သို့ ငွေကြေးအဖြစ် လဲလှယ်ရမည်ဟူသော အချက်သာ ဖြစ်သည်။

ဆိုင်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ဆိုင်တွင်းရှိ လူအားလုံး အပါအဝင် ပစ္စည်းရောင်းချနေသော ဆိုင်အကူများကပါ သူ့ကို ဝိုင်းဝန်းကြည့်ရှုလာကြသည်။

မုယွီသည် ဤကဲ့သို့သော အကြည့်များကို ယဉ်ပါးနေခဲ့ပြီ ဖြစ်၏။ ခေတ်သစ်ကာလတွင် ရှိစဉ်ကလည်း သူ ဘယ်နေရာသို့ သွားသွား ဤကဲ့သို့ ကြည့်ရှုခြင်းကို ခံခဲ့ရဖူးသည်။ ထိုအရာမှာ သူ၏ဝဖြိုးသော ခန္ဓာကိုယ်ကြောင့်ပင်။ တစ်ခါတစ်ရံတွင် သူသည် ယခင်ဘဝက အပြစ်တစ်ခုခု လုပ်ခဲ့မိသဖြင့် ယခုဘဝတွင် ဤကဲ့သို့သော ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်ဟု ခံစားရသည်။

သူ၏ မွေးမိခင်နှင့် ဖခင်တို့က သူ့ကို စွန့်ပစ်ခဲ့ကြခြင်းမှာလည်း ဤအကြောင်းရင်းကြောင့် ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူသည် သူတစ်ပါး၏ အမြင်များကို ဂရုမစိုက်ဘဲ အကောင်းဆုံး ရှင်သန်ရန်သာ ကြိုးပမ်းခဲ့သည်။ ရှင်သန်နေသရွေ့ ကာလပတ်လုံး ကိုယ်အလေးချိန် လျှော့ချနိုင်မည့် အခွင့်အရေး ရှိလာမည်ဖြစ်ပြီး သာမန်လူတစ်ယောက်ကဲ့သို့ ရှင်သန်နိုင်မည်ဟု သူယုံကြည်ထားသည်။

ခဏမျှ မှင်တက်သွားပြီးနောက် ဆိုင်အကူလေးသည် သူ့ထံသို့ အပြေးအလွှား လာရောက်ကာ နှုတ်ဆက်စကား ပြောလာသည်။

“ကောအာလေး... ဘာဝယ်ချင်လို့လဲဗျ။”

မုယွီသည် သူတစ်ပါးက သူ့ကို ကောအာလေးဟု ခေါ်ဆိုသံကို ကြားရသည်တွင် အလျင်အမြန် ပြန်လည်ပြောဆိုလိုက်သည်။

“ကျွန်တော်က ကောအာလေး မဟုတ်ပါဘူးဗျာ။ ယောက်ျားလေးပါ။ ကျွန်တော် ခင်ဗျားတို့ဆိုင်က သူဌေးနဲ့ တွေ့ချင်လို့ပါ။”

ဆိုင်အကူလေးသည် မုယွီကို သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်၏။ ဤလူတွင် မုတ်ဆိတ်မွေး မရှိချေ။ သို့သော် တစ်ဖက်လူက သူ့ကို ကောအာလေးဟု မခေါ်စေချင်ပါက သူသည်လည်း ဆက်ပြီး မခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် မိမိရှေ့မှောက်ရှိ လူမှာ အလွန်ပင် ဝဖြိုးသော်လည်း သပ်သပ်ရပ်ရပ်နှင့် သန့်ရှင်းရုံမျှမက ဝတ်ဆင်ထားသော အဝတ်အစားများ၏ အထည်အရည်အသွေးက အဆင့်အတန်း မြင့်မားသည်။ သူ၏ မိသားစုအခြေအနေမှာ မဆိုးဟု သူတွေးလိုက်မိ၏။ ထို့ကြောင့် သူက ဘာမျှ ထပ်မံမပြောတော့ဘဲ ဆိုင်ရှင်ကို ရှာဖွေရန်အတွက် နောက်ခန်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားခဲ့သည်။

***

Aurora Novel Translation Team

အပိုင်း (၄.၂) - အိမ်ထောင်စုစာရင်းသွင်းခြင်း (၄)

ဤအတောအတွင်း မုယွီသည် ဆိုင်ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ရာ ဆိုင်အတွင်း၌ မုယောသကြား၊ ကျောက်သကြားအချို့၊ သကြားနီနှင့် သကြားဖြူအချို့သာ ရှိနေပြီး ကျန်ရှိနေသောအရာမှာ ပျားရည်များသာ ဖြစ်သည်ကို တွေ့ရှိလိုက်ရသည်။ ကုန်ပစ္စည်းအမျိုးအစားက တကယ်ပင် နည်းပါးသော်လည်း ပမာဏမှာမူ မနည်းချေ။ ဤဆိုင်၏ အရောင်းအဝယ်မှာ ကောင်းမွန်ပုံ ရ၏။ သို့သော်လည်း အကယ်၍ သူသာဆိုပါက အမျိုးအစားများကို ယခုထက် ပိုမိုစုံလင်အောင် ပြုလုပ်နိုင်ပေသည်။

ခဏမျှ လေ့လာပြီးနောက် နောက်ခန်းမှနေ၍ ဆိတ်မုတ်မွေးစူးစူးလေးနှင့် အဘိုးအိုတစ်ဦး ထွက်လာသည်ကို မုယွီ မြင်တွေ့လိုက်ရသည်။ သူလမ်းလျှောက်လာပုံမှာ အသက်ကြီးရင့်သည့်ပုံ မပေါ်ဘဲ ဖျတ်လတ်လျက် ရှိသည်။ ဆိုင်အတွင်း၌ တစ်ဦးတည်းသော ဝဖြိုးနေသည့်လူကို မြင်တွေ့ရသည်တွင် အဘိုးအိုက ဆိုင်အကူ ပြောဆိုနေသည့်လူမှာ မည်သူဖြစ်ကြောင်း ချက်ချင်းပင် သိရှိသွား၏။

“လူငယ်လေး... ငါ့ကို ဘာကိစ္စများ မေးချင်လို့လဲ။”

မုယွီသည် အချိန်ဆွဲမနေတော့ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

“အဘိုး... ပိုက်ဆံတွေ အများကြီး ပိုပြီး ရှာချင်လားဗျ။”

ဆိုင်ရှင်သည် ထိုစကားကို ကြားရသည်တွင် ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“မင်းပြောတဲ့ စကားက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒီခေတ်ကြီးထဲမှာ ပိုက်ဆံကို ပိုမလိုချင်တဲ့လူ ရှိလို့လား။”

မုယွီသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်တိုက်ပြောလိုက်၏။

“ဒါဆိုရင် ကျွန်တော့်မှာ အဘိုးကို ပိုက်ဆံတွေ အများကြီး ပိုပြီးရစေနိုင်မယ့် မုန့်လုပ်နည်းတစ်ခု ရှိတယ်ဗျ။ အဘိုး အဲ့ဒါကို လိုချင်လား။”

ဤသို့ ပြောလိုက်သည်နှင့် ဆိုင်ရှင်သည် မုယွီကို သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ပြုံး၍ ပြောလာသည်။

“ဒါဆိုရင် နောက်ခန်းကို ကြွပြီး ဆွေးနွေးကြတာပေါ့။”

ထို့သို့ ပြောဆိုပြီးနောက် သူသည် လက်လှမ်းပြကာ မုယွီအား နောက်ခန်းသို့ ခေါ်လိုက်သည်။

မုယွီက ခေါင်းညိတ်လိုက်ပြီး ထက်ကြပ်မကွာ လိုက်ပါသွားခဲ့၏။ ကျန်ရှိနေသော လူများမှာမူ တစ်ယောက်ကိုတစ်ယောက် အံ့ဩမှင်တက်စွာ ငေးမောကြည့်ကာ ကျန်ရစ်ခဲ့ကြသည်။ ထိုအတောအတွင်း၌ ဖျတ်လတ်သော ဆိုင်အကူလေးသည် လူစုကို အလျင်အမြန်ပင် အခြားတစ်နေရာသို့ လွှဲပြောင်းပေးလိုက်ပြီး ဝယ်သူများကို သကြားလုံးအချို့ ပိုမိုထည့်ပေးကာ ပြန်လည်နှုတ်ဆက်လိုက်သည်။

မုယွီနှင့် ဆိုင်ရှင်တို့သည် နောက်ခန်းသို့ ဝင်ရောက်ခဲ့ကြပြီး ဆိုင်အကူ ယူဆောင်လာပေးသော ရေနွေးကြမ်းအေးအေးကို နှစ်လုတ်ခန့် မျိုချလိုက်ကာ ပဝါဖြင့် မျက်နှာကို သုတ်သင်လိုက်သည်။ ဤမျှပူပြင်းသော နွေရာသီ ကာလအတွင်း၌ ဤခန္ဓာကိုယ်ကြီးက တကယ့်ကို ခံရခက်ပေသည်။ ဤနေရာတွင် အဲကွန်း သို့မဟုတ် လျှပ်စစ်ပန်ကာများ မရှိသဖြင့် ပူအိုက်လွန်းသည်။

ဆိုင်ရှင်သည် သူ့အခြေအနေကို မြင်တွေ့ရသည်တွင် အလျင်အမြန် မေးမြန်းလိုက်၏။

“လူငယ်လေး... မင်း ရောင်းချင်တဲ့ မုန့်လုပ်နည်း ရှိတယ်လို့ ပြောတယ်နော်။”

“ကျွန်တော့်ကို လူငယ်လေးလို့ မခေါ်ပါနဲ့ဗျာ။ မုယွီလို့ပဲ ခေါ်ပါ။ ကျွန်တော်က မြို့ပြင်က ခေါင်ရှန်းရွာမှာ နေတာပါ။ ဒီနေ့ ဒီကို လာတာက မုန့်လုပ်နည်းကို ငွေကြေးအဖြစ် လဲလှယ်ချင်လို့ပါ။ ကျွန်တော့်မိသားစုမှာ ငွေရေးကြေးရေး အရေးတကြီး လိုအပ်နေလို့။ မဟုတ်ရင် ကျွန်တော် ဒါကို မရောင်းပါဘူး။”

မုယွီသည် စကားအများကြီး မပြောတော့။ ငွေပြား ဆယ်ပြား သို့မဟုတ် ရှစ်ပြားခန့် ရရှိပါက ခေတ္တမျှ ရှင်သန် နေထိုင်ရန်အတွက် လုံလောက်ပြီဟု သူတွေးတောထားသည်။ သူလမ်းတွင် စုံစမ်းခဲ့ရာ ဤနေရာ၏ ကုန်ဈေးနှုန်းမှာ မကြီးပေ။ သူ့အနေနှင့် ပိုက်ဆံအချို့ကို အရင်ရအောင် လုပ်ရမည်။ အခြေတကျ ဖြစ်သွားသည်တွင်မှသာ အခြားကိစ္စရပ်များကို စဉ်းစားတော့မည်။

“ဪ... ဒါက ဒီလိုကိုး။ ငါ့ရဲ့ မျိုးရိုးနာမည်ကတော့ ကျန့်ပါ။ မင်း ငါ့ကို အဘိုးကျန့်လို့ပဲ ခေါ်လို့ရပါတယ်။ မုန့်လုပ်နည်းကသာ ကောင်းမယ်ဆိုရင် ငွေကြေးကတော့ ပြဿနာမရှိပါဘူး။”

ထိုသို့ ပြောဆိုပြီးနောက် သူက မုယွီကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ ဤလူမှာ မနေ့က ရွာထဲသို့ ရောက်ရှိလာခဲ့သော ဝတုတ်လေး ဖြစ်ရပေမည်။ ဤအရာက တကယ့်ကို စိတ်ဝင်စားစရာ ကောင်းသည်။ သူသည် ယခုအခါ ဤနေရာသို့ ရောက်ရှိလာပြီး ငွေကြေးအတွက် မုန့်လုပ်နည်းကို လာရောက်ရောင်းချနေခဲ့ပြီ ဖြစ်သည်။

မုယွီက အချိန်ဖြုန်းမနေတော့ဘဲ ပြောလိုက်၏။

“ဆိုင်ရှင်ကျန့်... ကျွန်တော့်ကို စာရွက်နဲ့ စာရေးကိရိယာလေး ခဏလောက် ငှားပေးလို့ ရမလားဗျ။”

ဆိုင်ရှင်ကျန့်က ခေါင်းညိတ်လိုက်ပြီးနောက် စားပွဲပေါ်ရှိ စာရွက်နှင့် စာရေးကိရိယာများကို သူ့ထံသို့ တွန်းပို့ပေးလိုက်သည်။

“သုံးပါ။”

မုယွီသည် စာရွက်နှင့် စာရေးကိရိယာများကို ယူဆောင်ကာ ဖြန့်ခင်းလိုက်ပြီး မင်နံ့သင်းပျံ့သော မင်ရည်ကို သေသေချာချာ နှစ်စိမ်လိုက်ပြီးနောက် မုန့်လုပ်နည်းကို သပ်သပ်ရပ်ရပ်နှင့် စနစ်တကျ ရေးသားလိုက်သည်။ သူသည် လမ်းခရီးတွင် ဤကမ္ဘာ၌ အသုံးပြုသော စာလုံးများမှာ စာလုံးကြီးများ ဖြစ်သည်ကို သတိပြုမိခဲ့သည်။ သူသည် ထိုအရာများကို ရေးသားနိုင်ရုံမျှမက ဖတ်ရှုနိုင်စွမ်းလည်း ရှိသည်။ သမိုင်းကျောင်းသားတစ်ယောက် ဖြစ်သဖြင့် ဤအရာမှာ

သူ၏ ရွေးချယ်နိုင်သော ဘာသာရပ်များထဲမှ တစ်ခုဖြစ်ခဲ့သည်။ မဟုတ်ပါက သူ့အနေနှင့် သူတစ်ပါးကို ပုံပြောပြသည့် အချိန်တွင် မိမိမသိရှိသော စာလုံးကြီးများဖြင့် ကြုံတွေ့ရပါက တကယ့်ကို ရယ်စရာ ဖြစ်ပေလိမ့်မည်။

မကြာမီအချိန်အတွင်းမှာပင် သကြားလုံးပြုလုပ်နည်းတစ်ခုမှာ ဆိုင်ရှင်ကျန့်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။ ဆိုင်ရှင်ကျန့်သည် ထိုနည်းလမ်းကို ကြည့်ရှုပြီးနောက် သေသေချာချာ တွေးတောလိုက်ကာ လှမ်းအော်လိုက်၏။

“ဝူလေး... နောက်ဖေးဝင်းထဲကို သွားပြီး ဆရာကြီးချန်ကို ခေါ်လာခဲ့စမ်း။”

“ဟုတ်ကဲ့... ကျွန်တော် အခုချက်ချင်း သွားခေါ်လိုက်ပါ့မယ်။”

မကြာမီအချိန်အတွင်းမှာပင် နောက်ခန်းရှိ လိုက်ကာစမှာ ပင့်မခံလိုက်ရပြီးနောက် သန်မာထွားကျိုင်းသော ယောက်ျားတစ်ယောက် ဝင်ရောက်လာခဲ့သည်။ သူသည် ဆိုင်ရှင်ကျန့်ကို မြင်တွေ့ရသည်တွင် လက်သီးဆုပ်ကာ နှုတ်ဆက်ရင်း ပြောလာသည်။

“အဘိုးကျန့်... ကျွန်တော့်ကို ဘာကိစ္စရှိလို့ ခေါ်တာလဲဗျ။”

မုယွီသည် ရှေ့ဖုံးခါးစည်းတစ်ခုကို ဝတ်ဆင်ထားသည့် ဤလူမှာ သကြားလုံးချက်လုပ်သော ဆရာကြီး ဖြစ်ရမည်ဟု နားလည်လိုက်သည်။ ထို့နောက် အဘိုးအိုဆိုင်ရှင်က မုန့်လုပ်နည်းစာရွက်အား ထိုယောက်ျားထံသို့ ကမ်းပေးလိုက်သည်ကို သူတွေ့လိုက်ရသည်။

“တစ်ချက်လောက် ကြည့်ပေးပါဦး။”

ထိုယောက်ျားသည် ပခုံးပေါ်ရှိ မျက်နှာသုတ်ပဝါဖြင့် လက်ကို သေသေချာချာ နှစ်ကြိမ်မျှ သုတ်သင်လိုက်ပြီးနောက် ထိုနည်းလမ်းကိုလှမ်းယူလိုက်သည်။ သူသည် ကြည့်ရှုရင်းနှင့် မျက်ဝန်းများ ပိုမိုဝင်းပလာခဲ့ပြီး ပြောဆိုလာသည်။

“တကယ့်ကို အံ့ဩစရာပဲ။ ဒီနည်းလမ်းကို ဘယ်ကနေ ရတာလဲ။ တကယ့်ကို နည်းလမ်းကောင်းတစ်ခုပဲ။ အရင်က နောက်ဖေးဝင်းထဲမှာ သကြားချက်နေတုန်းက ငါဘာလို့ ဒီအချက်ကို မတွေးမိခဲ့တာလဲမသိဘူး။ တကယ်ကို မဆိုးဘူးပဲ။”

မုယွီသည် ထိုစကားကို ကြားရသည်တွင် ခေါင်းညိတ်လိုက်ပြီး ဆိုင်ရှင်ကိုလှမ်းကြည့်ကာ မေးမြန်းလိုက်သည်။

“ဆိုင်ရှင်... ဘယ်လိုသဘောရလဲဗျ။”

“ဆရာကြီးချန်က မင်းရဲ့ နည်းလမ်းကို ကောင်းတယ်လို့ ပြောတယ်ဆိုကတည်းက ဒီအရာက တကယ့်ကို ကောင်းတာ သေချာပါတယ်။ ဆရာလေးမုက ရောင်းချဖို့ ငွေပမာဏကို ဘယ်လောက်အထိ မျှော်လင့်ထားပါသလဲ။”

မုယွီသည် ထိုစကားကို ကြားရသည်တွင် ပြောဆိုလိုက်သည်။

“ဆိုင်ရှင်ကြီးကလည်း အားနာစရာကြီးဗျာ။ ကျွန်တော်က ဆရာတစ်ယောက်လို့ အခေါ်ခံရလောက်တဲ့အထိ အရည်အချင်းမရှိပါဘူး။ ငွေကိုတော့ အဆင်ပြေသလိုသာ ပေးပါ။ တကယ်လို့ ဒီသကြားလုံးက အရောင်းသွက်တယ်ဆိုရင် ကျွန်တော့်ဆီမှာ အခြားသကြားလုံးလုပ်နည်းတွေလည်း ရှိပါသေးတယ်။ အားလုံး အဆင်ပြေသွားမှာပါ။”

ဆိုင်ရှင်နှင့် ဆရာကြီးချန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ပြုံး၍ ပြောလိုက်ကြသည်။

“ကောင်းပြီလေ... ငါက မင်းရဲ့နည်းလမ်းကို ယူပြီး စမ်းလုပ်ကြည့်လိုက်မယ်။ တကယ်လို့ ကောင်းတယ်ဆိုရင်တော့ နောက်ထပ်နည်းလမ်းတွေအတွက် ခေါင်ရှန်းရွာကို လာပြီး မင်းကို လာရှာပါ့မယ်။”

မုယွီက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့... ကျွန်တော် အဘိုးကို စောင့်မျှော်နေပါ့မယ်။ ဒါဆိုရင်...”

သူသည် ရွာသူကြီးကျောက် စောင့်ဆိုင်းနေရမည်ကို အမှန်တကယ်ပင် စိုးရိမ်နေခဲ့ရုံမျှမက ထိုနေရာရှိ အိမ်ထောင်စုစာရင်း ကိစ္စရပ်ကိုလည်း စိတ်ထဲတွင် တွေးတောနေမိသည်။

ဆိုင်ရှင်ကျန့်သည် မုယွီ၏ အမြန်လိုနေသော အမူအရာကို မြင်တွေ့လိုက်သည်တွင် ငွေစက္ကူတစ်ရွက်ကို ကမ်းပေးလိုက်ပြီး ပြောသည်။

“ဒါက ငွေပြားနှစ်ဆယ်ပါ။ တကယ်လို့ အရောင်းသွက်တယ်ဆိုရင် နောက်ထပ်နည်းလမ်းတွေအတွက် မင်းကို ပိုက်ဆံ ပိုပေးဦးမှာပါ။”

မုယွီက ခေါင်းညိတ်လိုက်ပြီးနောက် ငွေကြေးကို လက်ခံရယူကာ ထွက်ခွာခဲ့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment