no

Font
Theme

အပိုင်း (၅) - စားသောက်ခြင်းနှင့် ဈေးဝယ်ခြင်း (၁)

မုယွီသည် ငွေပြားနှစ်ဆယ်တန် ငွေစက္ကူကို ယူဆောင်ကာ သကြားလုံးဆိုင်မှ ထွက်ခွာခဲ့ပြီးနောက် ရုံးတော်ရှိရာသို့ အလျင်အမြန် ပြန်လည်လျှောက်လှမ်းခဲ့သည်။ ရုံးတော်မှ လူများ စောင့်ဆိုင်းနေကြရမည်ကို သူအားနာမိသည်။ ထိုလူများသည် သူ့အတွက် ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနေကြရာ သူသာ ပျောက်ဆုံးနေခဲ့ပါက နောင်တစ်ချိန် ရွာအတွင်း၌ ရှင်သန်နေထိုင်ရေးအတွက် အဆင်ပြေမည်မဟုတ်ချေ။

ထို့ကြောင့် မုယွီက တတ်နိုင်သမျှ အလျင်အမြန် ပြန်ပြေးလာခဲ့သည်။ သူရောက်ရှိသွားသည်တွင် လီရွှေရှန့်တစ်ယောက် ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသဖြင့် အားနာတကြီးဖြင့် ပြောလိုက်ရသည်။

“အစ်ကိုရွှေရှန့်... ကျွန်တော် တကယ်ပဲ အားနာရပါတယ်ဗျာ။ ကျွန်တော့်ကြောင့်နဲ့ အစ်ကို့ကို အခုလို ဒုက္ခပေးလိုက်ရပြီ။”

လီရွှေရှန့်၏ စိတ်ထဲတွင်မူ မနေ့က သူကူညီခဲ့သော ကောင်လေးအပေါ် ထားရှိခဲ့သည့် မြင်မြင်ချင်း တစ်ဖက်သတ်အချစ်မျိုး မရှိတော့ပေ။ ယခင်က ကောအာလေးတစ်ယောက်နှင့် ဆုံတွေ့ရသဖြင့် မိမိကိုယ်ကိုယ် ကံကောင်းသည်ဟု ထင်မှတ်ခဲ့သော်လည်း အမှန်စင်စစ် သူ့ဦးနှောက်က လွန်လွန်ကဲကဲ တွေးတောမိခဲ့ခြင်းသာ။ သို့သော်လည်း ဤဝတုတ်လေး၏ ပထမဆုံး ဆွဲဆောင်မှုမှာ မဆိုးသဖြင့် မိတ်ဆွေသူငယ်ချင်းများအဖြစ် ဆက်ဆံရန် ဆုံးဖြတ်လိုက်ပြီးနောက် ပြောလိုက်သည်။

“ရပါတယ်... နောင်ကျရင် ငါက မင်းကို ညီအစ်ကိုတစ်ယောက်လိုပဲ သဘောထားမှာပါ။ ဒါပေမဲ့ သတိထားဦး။ တကယ်လို့ တစ်ယောက်ယောက်က မင်းကို ကောအာလေးလို့ အထင်မှားရင် မင်းရဲ့ ကျား၊ မ အထောက်အထားကို ကြိုတင်ပြီး ပြောပြထားလိုက်ဦး။ သူများတွေ မင်းကို အနိုင်ကျင့်သွားတာမျိုး မဖြစ်စေနဲ့။”

“ဟုတ်ကဲ့ပါ။ ဒီကိစ္စက ကျွန်တော့်အပြစ်လည်း ပါပါတယ်။ ကျွန်တော့်ဆရာက ငယ်ငယ်ကတည်းက ကျွန်တော့်ကို ယောက်ျားလေးလို့ပဲ ပြောခဲ့တာ။ ပြီးတော့လည်း တောင်အောက်ကို သိပ်မဆင်းဖူးတော့ ဒီလို လူမှုရေးဓလေ့ထုံးစံတွေကို သိပ်နားမလည်ဘူး ဖြစ်နေတာ။ နောင်ကျရင် ကျွန်တော် မသိနားမလည်တာ ရှိရင် အစ်ကိုရွှေရှန့်ကိုပဲ ဒုက္ခပေးရဦးမယ်။”

“ရတာပေါ့... ရတာပေါ့။”

လီရွှေရှန့်သည် ပင်ကိုစရိုက်အရ ဖျတ်လတ်ပွင့်လင်းသူ ဖြစ်သဖြင့် မုယွီက ဤသို့ အားနာနေဟန် ပြောဆိုလာသည်တွင် အလွန်အမင်း တွေးတောမနေတော့ပေ။

တာဝန်ခံစာရေးသည် အိမ်ထောင်စုစာရင်းအသစ်ကို ပြန်လည်မှတ်ပုံတင်ပေးလိုက်ပြီးနောက် မုယွီကို ကြည့်ကာ ပြောလာသည်။

“ဒီတစ်ကြိမ်တော့ သေသေချာချာ စစ်ဆေးဦး။ ငါမင်းအတွက် ဖြည့်ပေးပြီးပြီ။ မင်းရဲ့ ကျား၊ မ အထောက်အထားက ယောက်ျားလေးနော်။ နောင်ကျရင် သူများတွေကို ငါက ကောအာလေးပါလို့ လျှောက်မပြောနဲ့ဦး။”

မုယွီသည် အလျင်အမြန် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်ရင်း ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်။ ဒီတစ်ကြိမ်တော့ ဘယ်တော့မှ မမှားစေရပါဘူး။ ဒီကိစ္စ ပြီးသွားရင် ကျွန်တော် ရုံးကလူတွေကို သောက်စရာတစ်ခုခုနဲ့ ဧည့်ခံပါရစေ။ ဒီမနက်ခင်းတစ်ခုလုံး ကျွန်တော့်ကြောင့်နဲ့ အားလုံး အလုပ်ရှုပ်သွားကြရတာပါ။”

စာရေးသည် မုယွီကို ကြည့်ရင်း ဤကောင်လေးက အလိုက်သိတတ်သည်ဟု တွေးလိုက်သည်။ ထို့နောက် သူက အချိန်ဆွဲမနေတော့ဘဲ တိုက်ရိုက်ပင် မှတ်ပုံတင်ပေးလိုက်ပြီး လုပ်ငန်းစဉ်များ ပြီးဆုံးသွားသည်တွင် အိမ်ထောင်စုစာရင်း ပုံစံစာရွက်ကို စနစ်တကျ သိမ်းဆည်းလိုက်သည်။

ရွာသူကြီးကျောက်သည် မုယွီ၏ စကားကို ကြားရသည်တွင် စိတ်ထဲမှနေ၍ မုယွီကို ချီးကျူးမိသွား၏။ ဤကလေးမှာ တကယ်ကို လူမှုရေး နားလည်တတ်ပြီး အလုပ်လုပ်ကိုင်ရာတွင်လည်း စနစ်ကျသည်။ ထို့နောက် သူသည်လည်း စကားအများကြီး မပြောတော့ဘဲ လူစုကို ခေါ်ဆောင်ကာ မြို့ပေါ်ရှိ ဖူထိုက်စားသောက်ဆိုင်သို့ တန်းတန်းမတ်မတ် ထွက်ခွာခဲ့ကြသည်။ ထိုဆိုင်မှာ သူတို့စစ်သူကြီး၏ စီးပွားရေးလုပ်ငန်းတစ်ခုလည်း ဖြစ်သည်။ ဤငွေကြေးများကို အခြားသော စားသောက်ဆိုင်များထံသို့ စီးဆင်းမသွားစေဘဲ မိမိတို့အိမ်သားများသာ ရရှိစေခြင်းက ပိုမိုကောင်းမွန်ပေသည်။

မုယွီသည် ဆိုင်းဘုတ်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာမျှမပြောဘဲ အတူလိုက်သွားခဲ့သည်။ သူသည် ရွာသူကြီးနှင့် လူစုနောက်သို့ ထက်ကြပ်မကွာ လိုက်ပါရင်း ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခုသို့ ရောက်ရှိသွားခဲ့သည်။ အခန်းတွင်းရှိ လူလေးဦးကို ကြည့်ရှုလိုက်ပြီးနောက် ငွေသုံးပြား တန်ဖိုးရှိသော အလယ်အလတ်စား ဟင်းလျာများကို မှာယူလိုက်သော်လည်း အရက်ကိုမူ အဆင့်မြင့် ပြောင်းဖူးအရက်ဖြူကိုသာ ရွေးချယ်လိုက်သည်။ ထိုအရက်မှာ အလွန်ပင် ပြင်းရှသည်ဟု ဆိုကြ၏။

သူသည် ပြင်ပလူတစ်ယောက် ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ပြင်းထန်သော အရက်များကို မသောက်သုံးဖူးခြင်းကြောင့်လည်းကောင်း လူတိုင်း၏ အရက်ခွက်များကို ဖြည့်ပေးလိုက်ပြီး မိမိအတွက်မူ ရေနွေးကြမ်းတစ်ခွက်ကိုသာ ထည့်လိုက်ကာ ပြောလိုက်သည်။

“အားလုံးပဲ ခွင့်လွှတ်ပေးကြပါ... ကျွန်တော် အားလုံးကို မျက်နှာပျက်စေချင်လို့ မဟုတ်ပါဘူး။ တကယ်ပဲ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အခြေအနေက အရက်သောက်လို့ မရလို့ပါ။ တကယ်လို့ ကျွန်တော်သာ သောက်မိရင် သေလုမြောပါး ဖြစ်သွားပါလိမ့်မယ်။”

ထိုလူများသည် ဤမျှလောက် ဝဖြိုးကြီးမားသော ယောက်ျားလေးကို မြင်တွေ့ရသည်တွင် သူ့ကို အရက်သောက်ရန် အတင်းအကျပ် မတိုက်တွန်းတော့ချေ။ မည်သို့ပင်ဖြစ်စေ သူသည် အသက် တစ်ဆယ့်ရှစ်နှစ်သာ ရှိသေးသည်။ အကယ်၍ သူ့ကို အတင်းအကျပ် တိုက်တွန်းမိ၍ ရောဂါဝေဒနာ ခံစားရပါက သူတို့အတွက်လည်း အဆင်ပြေမည်မဟုတ်ပေ။ ထို့အပြင် ဤနေ့လယ်စာအတွက်လည်း ထိုကလေးကပင် ငွေချေပေးမည်ဖြစ်ရာ သူတို့လည်း အသာတကြည် လက်ခံလိုက်ကြသည်။ ထို့နောက် စာရေးဖြစ်သူ ပိုင်ဖန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလာသည်။

“ရပါတယ်... ဒါဆိုရင်လည်း အရက်အစား ရေနွေးကြမ်းပဲ သောက်ပေါ့။ ဒါနဲ့... မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဝလာရတာလဲ။ ဒါက ထျန်းရှန့်မင်းဆက် တစ်ခုလုံးမှာ တကယ့်ကို ရှားမှရှားတဲ့ ကိစ္စပဲ။ ငါ ပိုင်ဖန် အသက်လေးဆယ်ကျော် နေထိုင်လာခဲ့တဲ့ သက်တမ်းတစ်လျှောက် မင်းလို ခန္ဓာကိုယ်အချိုးအစားမျိုးကို မြင်ဖူးတာ ဒါက ပထမဆုံးအကြိမ်ပဲ။ မင်းက တကယ်ကို ထူးခြားတဲ့သူပဲ။”

မုယွီသည် ထိုစကားကို ကြားရသည်တွင် သက်ပြင်းတစ်ချက် ချလိုက်မိပြီး ပြောလိုက်သည်။

“လူကြီးမင်းတို့ရဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒါကို သိချင်နေမိတာပါ။ ဒီခန္ဓာကိုယ်ကြီးက ကျွန်တော့်အတွက် အရမ်းပဲ ကိုးရိုးကားရားနိုင်ပြီး အဆင်မပြေမှုတွေ အများကြီး ဖြစ်စေပါတယ်။ ဆရာကတော့ ဒါက ပင်ကိုကတည်းက ပါလာတာလို့ ပြောပါတယ်။ ကျွန်တော်လည်း ဒီနှစ်တွေတစ်လျှောက်လုံး ကိုယ်အလေးချိန် လျှော့ချဖို့ နည်းလမ်းမျိုးစုံကို စမ်းသပ်ခဲ့ပေမဲ့ ဘာတစ်ခုမှ ထိရောက်မှုမရှိခဲ့ဘူး။ ဆရာ ရှိစဉ်တုန်းကလည်း ကျွန်တော့်ကို အရက် လုံးဝမသောက်ခိုင်းသလို အစားကိုလည်း နည်းနည်းပဲ စားခိုင်းပြီး အလေးချိန်ကျဖို့ မျှော်လင့်ခဲ့တာပါ။”

ထိုသို့ပြောဆိုပြီးနောက် သူ့ခမျာ သက်ပြင်းချလိုက်မိသည်။ သူ့စကားများမှာ အားလုံးက မုသားများတော့ မဟုတ်ပေ။ တက္ကသိုလ်စတက်စဉ်က ဆေးတက္ကသိုလ်မှ ပါမောက္ခအဘိုးအိုကြီးတစ်ဦးသည် သူ့ခန္ဓာကိုယ် အခြေအနေနှင့် လူနေမှုဘဝကို မြင်တွေ့ရသဖြင့် သူ့အတွက် အခမဲ့ ကျန်းမာရေး စစ်ဆေးမှုတစ်ခုကို သီးသန့် လျှောက်ထားပေးခဲ့ဖူးသည်။ ထိုအချိန်က ထွက်ပေါ်လာသော ရလဒ်အရ သူ၏ကျန်းမာရေး အခြေအနေမှာ မဆိုးပါသော်လည်း ကိုယ်အလေးချိန် ဆက်လက် တိုးတက်နေပါက သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါဝေဒနာများ ခံစားရနိုင်ခြေ ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် အစားအစာကို တတ်နိုင်သမျှ ထိန်းချုပ်စားသုံးရန်နှင့် ကိုယ်လက်လှုပ်ရှားမှု ပိုမိုလုပ်ဆောင်ရန် သူ့ကို အကြံပြုခဲ့သည်။ ထို့အပြင် သူ၏ အဝလွန်ခြင်းမှာ မွေးရာပါ ဖြစ်သဖြင့် လွယ်လွယ်ကူကူ ပြောင်းလဲ၍ မရနိုင်ကြောင်းလည်း ဆိုခဲ့သည်။ မိမိကိုယ်ကိုယ် စည်းကမ်းရှိခြင်းအားဖြင့်သာ ခန္ဓာကိုယ် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်မည့် အခွင့်အရေး ရှိပေလိမ့်မည်။

အခန်းတွင်းရှိ လူများသည် မုယွီ၏ စကားကို ကြားရသည်တွင် သူ၏ခန္ဓာကိုယ် အချိုးအစားကို ကြည့်ရင်း မတတ်နိုင်ဘဲ သက်ပြင်းချမိကြသည်။ ကမ္ဘာကြီးမှာ အလွန်ပင် ကျယ်ပြောသဖြင့် ဆန်းပြားသောအရာမျိုးစုံ ရှိနေနိုင်ပြီး မွေးရာပါ အဝလွန်သူများလည်း ရှိနေနိုင်သည်။ ထျန်းရှန့်မင်းဆက်အတွင်း၌ မုယွီကဲ့သို့ ဝဖြိုးသော လူဟူ၍ ရှားပါးသည်။ ဤကလေးမှာ တကယ်ကို ကံမကောင်းရှာပေ။

မုယွီသည် ဖူထိုက်စားသောက်ဆိုင်၌ အားလုံးကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ သူကိုယ်တိုင် အရက်မသောက်ခဲ့ပါသော်လည်း အရက်ဖိုးအတွက် ငွေကြေးအမြောက်အမြား သုံးစွဲခဲ့ရ၏။ အစားအစာနှင့် အရက်ဖိုး စုစုပေါင်းမှာ ငွေသုံးပြားကျော် ကုန်သွားခဲ့သည်။ သို့သော်လည်း သူနှမြောခြင်း မရှိခဲ့ပေ။ ထိုအရာက သူ၏ လူမှုဆက်ဆံရေးအတွက် မဖြစ်မနေ လိုအပ်သည်။ အကယ်၍ သူတစ်ပါးနှင့် လူမှုဆက်ဆံရေး မရှိခဲ့ပါက နောင်တစ်ချိန် ဤနေရာ၌ ရှင်သန်နေထိုင်ရန် တကယ်ကို ခက်ခဲသွားလိမ့်မည်။

စာရေးနှင့် ရုံးအကူများကို ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် မုယွီသည် ရွာသူကြီးကျောက်အား လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ ဆက်လက်ပို့ဆောင်ကာ လက်ဖက်ရည် တိုက်လိုက်သည်။ ထိုအချိန်အတောအတွင်း သူနှင့် လီရွှေရှန့်တို့သည် မြို့ထဲရှိ ကုန်စုံဆိုင်သို့ သွားရောက်ခဲ့ကြပြီး အိမ်တွင် အသုံးပြုရန် အိုးခွက်များနှင့် မဖြစ်မနေ လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်အချို့ကို ဝယ်ယူခဲ့ကြသည်။ သို့သော်လည်း ဤကမ္ဘာ၌ ဟင်းခတ်အမွှေးအကြိုင် အမျိုးအစား အနည်းငယ်သာ ရှိသဖြင့် မုယွီသည်လည်း အဆင်ပြေရာ အချို့ကိုသာ ရွေးချယ်ဝယ်ယူခဲ့သည်။

ကျန်ရှိနေသော လိုအပ်ချက်များကိုမူ ငွေကြေးအဆင်ပြေသည့် အခါမှသာ ဆက်လက် ဖြေရှင်းတော့မည်။

ကုန်စုံဆိုင်မှ ထွက်ခွာခဲ့ပြီးနောက် မုယွီသည် အထည်ဆိုင်သို့ သွားရောက်ကာ ဤကမ္ဘာမှလူများ ဝတ်ဆင်ကြသော အဝတ်အစား အချို့ကို မှာယူခဲ့သည်။ ဤကမ္ဘာ၌ အဝတ်အစား ပုံစံမျိုးစုံ မရှိပါသော်လည်း မုယွီသည် ယခုအခါ ဂျီးများနေရန် အခြေအနေမရှိသဖြင့် ရှိတာလေးနှင့်သာ အဆင်ပြေအောင် ဝတ်ဆင်မည်ဟု တွေးထားသည်။ ထို့အပြင် သူသည် စောင်နှစ်ထည်ကိုလည်း မှာယူခဲ့ရာ တစ်ထည်က အပါးဖြစ်ပြီး နောက်တစ်ထည်မှာ အထူဖြစ်ကာ နှစ်ထည်စလုံး ဆိုဒ်အကြီးများ ဖြစ်ကြသည်။

ထိုအရာများမှာ သူ့ခန္ဓာကိုယ်နှင့် ယှဉ်လျှင်ပင် ကြီးမားနေသေးသဖြင့် ဆောင်းရာသီ ကာလအတွက် သိမ်းဆည်းထားရမည်။ အကယ်၍ စောစီးစွာ မပြင်ဆင်မိဘဲ ရာသီဥတု အေးစိမ့်လာသည့် အခါကျမှ လဲလှယ်ရလျှင် ဂွမ်းဈေးနှုန်းများ မြင့်တက်သွားနိုင်ပေသည်။ အဆုံးတွင် သူသည် ပြာလွင်သော အကြမ်းထည် အဝတ်တချို့ကို ဝယ်ယူခဲ့ပြီး အိမ်သို့ ပြန်ရောက်သည့်အခါ ပြတင်းပေါက်လိုက်ကာများ ပြုလုပ်ရန် စိတ်ကူးထားသည်။ သူ့အိမ်တွင် ပြတင်းပေါက်လိုက်ကာများ မရှိသေးပေ။

လီရွှေရှန့်သည် မုယွီတစ်ယောက် ပစ္စည်းအမြောက်အမြား ဝယ်ယူနေသည်ကို ကြည့်ရှုနေခဲ့ပြီး တားဆီးခြင်း မရှိခဲ့ပေ။ သူက ပစ္စည်းများကိုလှည်းပေါ်သို့ တင်ဆောင်ရန် ကူညီပေးခဲ့ပြီးမှ စေတနာဖြင့် သတိပေးစကား ပြောလိုက်သည်။

“အဝတ်အထည်တွေ ဝယ်ပြီးရင် အပ်နဲ့ အပ်ချည်ကိုလည်း မမေ့နဲ့ဦး။ ဒါနဲ့... မင်းအိမ်မှာ ကတ်ကြေး ရှိလား။ တကယ်လို့ မရှိရင် ဝယ်သွားဦး။ မဟုတ်ရင် မင်း အလုပ်လုပ်ရတာ အဆင်ပြေမှာ မဟုတ်ဘူး။”

မုယွီက ခေါင်းညိတ်လိုက်ရင်း ပြော၏။

“အစ်ကိုရွှေရှန့်ကို တကယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အဲ့ဒါကို မေ့နေတာ။ အဲ့ဒါက ဘယ်နေရာမှာ ဝယ်လို့ရမလဲဟင်။”

လီရွှေရှန့်က ပွင့်လင်းစွာနှင့် ပြောလာသည်။

“အပ်နဲ့ အပ်ချည်ကိုတော့ ဒီဆိုင်မှာပဲ ဝယ်လို့ရတယ်။ ကျန်တာတွေကိုတော့ ပန်းပဲဆိုင်မှာ သွားဝယ်လို့ရတယ်။ အဲ့ဒီမှာ သံထည်ပစ္စည်းတွေ အများကြီးရှိတယ်။ မင်း အဲ့ဒီကိုသွားပြီး သေသေချာချာ ရွေးလို့ရတယ်။”

မုယွီသည် ထိုစကားကို ကြားရသည်တွင် ပြောလိုက်၏။

“ကောင်းပြီလေ... ဒါဆိုရင် ကျွန်တော်တို့ ဆန်ဆိုင်ကိုလည်း သွားပြီး ဆန်နည်းနည်းဝယ်ရမယ်။ မဟုတ်ရင် မနေ့က ရွာသားတွေ ပို့ပေးထားတဲ့ ဆန်တွေက သိပ်ပြီး အကြာကြီး ခံမှာမဟုတ်ဘူး။”

ရွှေရှန့်က ခေါင်းညိတ်လိုက်ရင်း ပြော၏။

“ဟုတ်တာပေါ့။”

မုယွီသည် မိမိ၏ ခြေထောက်နှင့် ကိုက်ညီမည့် ဖိနပ်အချို့ကို ရွေးချယ်ပြီးနောက် ဆိုင်ရှင်နှင့် ငွေစာရင်း ရှင်းလင်းလိုက်သည်။ အချိန်တော်တော်လေး လင့်နေပြီဖြစ်ရာ သူတို့ အမြန်ဆုံး ပြန်လည်ထွက်ခွာရန် လိုအပ်ပေသည်။ တစ်နေ့တာလုံး အပြင်သို့ ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။ သူ့အတွက် အဆင်ပြေပါသော်လည်း ထိုသူတို့၏ မိသားစုဝင်များမှာမူ စိုးရိမ်နေကြပေလိမ့်မည်။

လီရွှေရှန့်သည် မုယွီကို ပန်းပဲဆိုင်သို့ ခေါ်ဆောင်သွားခဲ့၏။ မုယွီသည် ကတ်ကြေးတစ်လက်၊ မီးဖိုချောင်သုံး ဓားတစ်လက်နှင့် ပုဆိန်ကြီးတစ်လက်တို့ကို ရွေးချယ်လိုက်သည်။ ထိုအရာကို ထင်းခုတ်ရန်အတွက် အသုံးပြုမည် ဖြစ်၏။ ဤနေရာတွင် သဘာဝဓာတ်ငွေ့များ မရှိသဖြင့် တောင်ပေါ်သို့ သွားရောက်ကာ ထင်းခုတ်ရလိမ့်မည်။ မထွက်ခွာမီတွင်မူ သူသည် ဆိုင်အတွင်းရှိ စင်ပေါ်မှ ပစ္စည်းများကို ထပ်မံကြည့်ရှုလိုက်ရာ မိမိအလိုရှိသောအရာကို မတွေ့ရှိသဖြင့် ဆိုင်ရှင်အား မေးမြန်းလိုက်သည်။

“ကျွန်တော် ဒီမှာ ပစ္စည်းတစ်ခုခု သီးသန့်မှာယူလို့ ရမလားဗျ။”

ဆိုင်ရှင်သည် ထိုဝတုတ်ကြီးကို ကြည့်ရင်း ပြောလာ၏။

“မင်းက ဘာပစ္စည်း မှာချင်လို့လဲ။”

မုယွီသည် စကားအများကြီး မပြောတော့ဘဲ ဆိုင်သူဌေးထံမှ စာရွက်နှင့် စာရေးကိရိယာကို တောင်းခံလိုက်ပြီးနောက် မိမိမှာယူလိုသော ပစ္စည်း၏ ပုံစံငယ်ကို ရေးဆွဲလိုက်သည်။ ဆွဲပြီးသွားသည်တွင် သူသည် ဆိုင်ရှင်၏ ရှေ့မှောက်သို့ တွန်းပို့ပေးလိုက်ရင်း ပြောလိုက်၏။

“ဒီပုံစံအတိုင်းပဲဗျ။”

ဆိုင်ရှင်သည် ထိုပုံစံကို ကြည့်ရှုရင်း အထူးအဆန်း ဖြစ်နေခဲ့ပြီးနောက် ပြောလာသည်။

“အားနာပေမဲ့ သခင်လေး... မင်းဆွဲထားတဲ့ ဒီအရာက ဘာအတွက် အသုံးပြုတာလဲ။”

မုယွီသည် ခေါင်းကို ခါယမ်းလိုက်ပြီး ဘာမှပြန်လည်ပြောဆိုခြင်း မရှိချေ။ ဤအရာမှာ သူ၏ လျှို့ဝှက်လက်နက် ဖြစ်ပေသည်။ သူသည် နောင်တစ်ချိန် မိမိ၏အိမ်ကို စောင့်ရှောက်ရန်အတွက် ဤအရာကို အားကိုးအားထား ပြုရပေမည်။

ဆိုင်ရှင်သည် သူ၏ ထုတ်ဖော်ပြောဆိုလိုခြင်း မရှိသည့် အမူအရာကို မြင်တွေ့ရသည်တွင် ထပ်မံမေးမြန်းခြင်း မရှိတော့ဘဲ ပစ္စည်းပြုလုပ်ပြီးသွားသည့် အခါကျမှသာ သေသေချာချာ လေ့လာကြည့်ရှုပါက သဘောပေါက်လိမ့်မည်ဟု တွေးတောပြီး ငွေကြေးကို လက်ခံရယူလိုက်သည်။

မုယွီနှင့် လီရွှေရှန့်တို့သည် အဆုံးတွင် ဆန်ဆိုင်သို့ သွားရောက်ခဲ့ကြပြီး ဆန်ကြမ်းမျိုးစုံကို ဝယ်ယူခဲ့ကြသည်။ လီရွှေရှန့်သည် သူဝယ်ယူနေသော ဆန်ကြမ်းများကို ကြည့်ရှုရင်း စိတ်ထဲတွင် အနည်းငယ် မကောင်းချေ။ မနေ့က ရွာသားအားလုံးက သူ့ထံသို့ ဆန်ချောများ ပို့ဆောင်ပေးခဲ့ကြသော်လည်း ဤကလေးမှာမူ ထိုဆန်များကို စားသုံးလိုခြင်း မရှိဘဲ ဆန်ကြမ်းများကို ရွေးယူနေသည်။ ထိုသည်က ငွေကြေးကို ချွေတာလိုခြင်းကြောင့် ဖြစ်ရပေမည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment