no

Font
Theme

အပိုင်း (၆) - စားသောက်ခြင်းနှင့် ဈေးဝယ်ခြင်း (၂)

အမှန်စင်စစ် မုယွီသည် ဆန်ချောများကို မစားသုံးလိုခြင်း မဟုတ်ဘဲ ခေတ်သစ်ကာလတွင် ရှိစဉ်ကတည်းက ဆန်ချောများကို အမြောက်အမြား စားသုံးလေ့မရှိပေ။ ဆန်ကြမ်းများသည် ခန္ဓာကိုယ်အလေးချိန် ကျဆင်းစေရန်အတွက် အကျိုးသက်ရောက်မှု ရှိသည်ဟု ဆိုကြ၏။

ထို့အပြင် သူသည် အဆီအဆိမ့်များသော အစားအစာများကို စားသုံးတော့မည် မဟုတ်ပေ။ မိမိ၏ စိတ်ကို ပြတ်သားစွာ ဆုံးဖြတ်ထားသရွေ့ ကာလပတ်လုံး ခန္ဓာကိုယ်အလေးချိန် ဧကန်မုချ ကျဆင်းသွားမည်ဟု မုယွီ ယုံကြည်ထားသည်။ လိုအပ်သော အရာအားလုံးကို ဝယ်ယူပြီးသွားသည်တွင် မြင်းလှည်းပေါ်၌ ပစ္စည်းများမှာ တောင်ပုံရာပုံ ဖြစ်နေခဲ့ပေပြီ။ သူသည် အားနာတကြီးဖြင့် ပြောလိုက်၏။

“အစ်ကိုရွှေရှန့်... ဒီတစ်ကြိမ်လည်း အစ်ကို့ကို ဒုက္ခပေးရပြန်ပြီ။”

မုယွီနှင့်အတူ တစ်နေ့တာလုံး ကုန်လွန်ခဲ့ပြီးနောက် လီရွှေရှန့်သည် ဤဝတုတ်လေးမှာ တကယ့်ကို စိတ်ထားကောင်းမွန်သူတစ်ဦး ဖြစ်ပြီး သူတစ်ပါးအပေါ်တွင်လည်း ယဉ်ကျေးပျူငှာသူတစ်ဦး ဖြစ်ကြောင်း သိရှိသွားခဲ့သည်။ သူက ပြုံး၍ ပြောလာ၏။

“ရပါတယ်... ဒီမြင်းက ငါတို့ကို သယ်နိုင်ပါတယ်။ အချိန်လည်း တော်တော်လေး လင့်နေပြီဆိုတော့ မင်းမှာ တခြားဝယ်စရာ ပစ္စည်းမရှိတော့ရင် ငါတို့တွေ အမြန်ဆုံး သွားရအောင်။ မဟုတ်လို့ မှောင်သွားရင် ခရီးသွားရတာ အဆင်မပြေဖြစ်လိမ့်မယ်။”

မုယွီက ခေါင်းညိတ်လိုက်သည်။

“ဟုတ်ကဲ့... ဒါဆိုရင် ရွာသူကြီးကို သွားခေါ်ကြတာပေါ့။”

ထို့ကြောင့် လီရွှေရှန့်သည် မုယွီကို ခေါ်ဆောင်ကာ လက်ဖက်ရည်ဆိုင်သို့ မောင်းနှင်ခဲ့ပြီး သူတို့ကို စောင့်ဆိုင်းနေသော ရွာသူကြီးကျောက်ကို တင်ဆောင်ခဲ့သည်။ အပြန်လမ်းတစ်လျှောက်တွင် သူတို့သုံးဦးသည် ရွာအတွင်းရှိ အခြေအနေများကို စကားစမြည် ပြောဆိုလာခဲ့ကြပြီး မုယွီက အပြင်လူ ဖြစ်သည့်အလျှောက် တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။

နောင်တစ်ချိန် ရွာအတွင်း၌ ရှင်သန်နေထိုင်ရမည် ဖြစ်သဖြင့် အချို့သော စည်းမျဉ်းစည်းကမ်းများကို သေသေချာချာ လိုက်နာရန် လိုအပ်သည်။ မဟုတ်ပါက သူ့အနေနှင့် ဖယ်ကြဉ်ခြင်း ခံရနိုင်သည်။ မည်သို့ပင်ဆိုစေ သူသည် ယခုမှ ပြောင်းရွှေ့အခြေချရန် ရောက်လာခဲ့သော ပြင်ပလူတစ်ဦး ဖြစ်သဖြင့် ဖယ်ကြဉ်ခြင်း မခံရစေရန် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

မြင်းလှည်း ရွာသို့ ပြန်လည်ရောက်ရှိချိန်တွင် မွန်းလွဲ သုံးနာရီကျော်နေပြီ ဖြစ်သည်။ လီရွှေရှန့်သည် အရင်ဆုံး မြင်းလှည်းကို ရွာသူကြီး၏ နေအိမ်သို့ မောင်းနှင်ခဲ့သည်။ မြင်းလှည်းပေါ်မှ မဆင်းမီတွင် မုယွီသည် ဂျုံမှုန့်တစ်အိတ်နှင့် ဟင်းသီးဟင်းရွက်ဆီတစ်ဘူးကို ယူဆောင်ကာ ရွာသူကြီးထံသို့ ကမ်းပေးလိုက်ရင်း ပြောလိုက်၏။

“ဦးလေး... ဒီဂျုံမှုန့်အိတ်နဲ့ ဟင်းသီးဟင်းရွက်ဆီကို လက်ခံပေးပါ။ မနေ့က ကျွန်တော့်ကို လက်ခံပေးခဲ့ပြီး တောထဲမှာ လေလွင့်မနေစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုလည်း ကျွန်တော့်အတွက် အိမ်ထောင်စုစာရင်း ရအောင် ကူညီပေးခဲ့သေးတယ်။ တကယ့်ကို ကျေးဇူးတင်ပါတယ်။”

ကျောက်ချန်းရှန့်သည် မိမိလက်ထဲရှိ ဂျုံမှုန့်အိတ်ကို ကြည့်ကာ ဤကလေးမှာ မနေ့က လူလွှတ်၍ ပို့ပေးခဲ့သော ရိက္ခာအိတ်ကို ပါးနပ်စွာဖြင့် ပြန်လည် ပေးဆပ်နေခြင်းဖြစ်ကြောင်း သိရှိသွားသည်။ သူက ပြုံး၍ ပြောလိုက်၏။

“မင်းရဲ့စိတ်ကူးကို ငါနားလည်ပါတယ်။ ဒါဆိုရင်လည်း ထားလိုက်တော့။ မင်းက ဒီလောက်အထိ လူမူရေး သိတတ်လိမ့်မယ်လို့ ငါမထင်ထားမိဘူး။ မင်းရဲ့ လက်ဆောင်ကို ငါလက်ခံလိုက်ပါ့မယ်။ မြန်မြန် အိမ်ပြန်တော့။ မင်းလည်း အိမ်မှာ အလုပ်လုပ်ရတာနဲ့တင် အချိန်အတော်ပေးရဦးမှာ။ မိုးချုပ်တော့မယ်လေ။”

“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဦးလေး။ ကျွန်တော် အခုပဲ ပြန်ပါတော့မယ်။ ဦးလေး နားနေတာကို မနှောင့်ယှက်တော့ပါဘူး။”

ထိုသို့ပြောဆိုပြီးနောက် ရွာသူကြီးက လီရွှေရှန့်အား လှည်းမောင်းထွက်ခွာရန် အချက်ပြလိုက်သည်။

လီရွှေရှန့်သည် လျူတာရှန်း၏ အိမ်မှမြင်းကို အိုးတိုးအမ်းတမ်း နိုင်စွာဖြင့် ပြန်လည်အပ်နှံခဲ့ပြီး အာဟုအတွက် ကုန်စုံဆိုင်မှ ဝယ်ယူလာခဲ့သော သကြားလုံးအိတ်ကြီးကို ပေးအပ်လိုက်သည်။ အာဟုသည် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရပြီး ဘာလုပ်ရမှန်းပင် မသိတော့ချေ။ သူ၏ ဦးလေးရွှေရှန့်မှာ တကယ့်ကို အကောင်းဆုံး ဖြစ်သည်။

ဦးလေးရွှေရှန့်က သူ့အတွက် အမြဲတမ်း သကြားလုံးများ ယူဆောင်လာပေးလေ့ရှိ၏။ ရွာတွင်းရှိ ကလေးငယ်များထဲတွင် သူ့၌သာ သကြားလုံး စားသုံးနိုင်မည့် အခွင့်အရေး အများဆုံး ရှိနေခဲ့သည်။ ဤအရာကပင် လီရွှေရှန့်ကို သူနှစ်သက်ရသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်။

လျူတာရှန်းက ပြုံး၍ ပြော၏။

“နောင်ကျရင် သူ့ကို သကြားလုံးတွေ အများကြီး မပေးနဲ့ဦး။ ပြီးခဲ့တဲ့အပတ်ကလည်း သူသွားကိုက်လို့ ညည်းနေသေးတယ်။ အဲ့ဒီပိုက်ဆံတွေကို မင်းအတွက်ပဲ တစ်ခုခု ဝယ်လိုက်ပါ။”

လီရွှေရှန့်က သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း ဘာမျှပြန်မပြောဘဲ လှည်းပေါ်သို့ တက်ရောက်ကာ မုယွီ၏ နေအိမ်သို့ မောင်းနှင်ခဲ့သည်။ မုယွီ၏အိမ်သို့ ရောက်ရှိသွားသည်တွင် မုယွီက တံခါးကို ဖွင့်လိုက်သည်။ လီရွှေရှန့်သည် လှည်းပေါ်ရှိ ပစ္စည်းများကို ချပေးရန် ကူညီပေးခဲ့ပြီး အိမ်ထဲသို့ပါ သယ်ထည့်ပေးခဲ့သည်။

ကျန်ရှိနေသော ကိစ္စရပ်များကိုမူ သူ့အနေဖြင့် ကူညီပေးနိုင်ခြင်း မရှိတော့ချေ။ သူ၏နေအိမ်တွင်လည်း အစာကျွေးရမည့် တိရစ္ဆာန်အချို့ ရှိနေသေး၏။ တစ်နေ့တာလုံး အပြင်သို့ ရောက်နေခဲ့သဖြင့် သူတို့ မည်ကဲ့သို့ ရှိနေမည်ကို သူမပြောနိုင်။

လီရွှေရှန့်ကို ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် မုယွီသည် မိမိဝယ်ယူလာခဲ့သော ပစ္စည်းများကို နေရာတကျ ပြန်လည်စီစဉ်ရန် စတင်သည်။ ယနေ့တွင် သူအပါအဝင် လူတိုင်းနီးပါး ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်၏။

ပစ္စည်းအားလုံးကို စီစဉ်ပြီးသွားသည်တွင် မုယွီက ဆန်ပြုတ်အချို့ ချက်ပြုတ်လိုက်သည်။ ထိုဆန်ပြုတ်က ဆာလောင်မှုကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်သော်လည်း ခန္ဓာကိုယ်အလေးချိန် ကျဆင်းစေရန်အတွက် ဖြစ်သဖြင့် အဆင်ပြေသည်။

မနေ့ညက ဆာလောင်မှုဒဏ်ကြောင့် အကြိမ်ကြိမ် နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်ခဲ့သော်လည်း ကိုယ်အလေးချိန် လျှော့ချရန်အတွက် သူ၏ ပြတ်သားသော စိတ်ဆန္ဒကိုမူ တားဆီးနိုင်ခြင်း မရှိချေ။ ချောမောခံ့ညားသော လူတစ်ယောက် ဖြစ်လာစေရန်အတွက် သူအတတ်နိုင်ဆုံး ကြိုးစားရပေမည်။

စားသောက်ပြီးနောက် မုယွီက ရေနွေးအချို့ကို ထပ်မံအပူပေးလိုက်ပြီး ယနေ့ ဝယ်ယူလာခဲ့သော အိုးခွက်များကို သန့်ရှင်းရေးလုပ်ကာ ဗီရိုထဲသို့ ထည့်သွင်းလိုက်သည်။ ထိုဗီရိုမှာ ပျဉ်ပြားနှစ်ချပ်ဖြင့်သာ ပြုလုပ်ထားခြင်း ဖြစ်သော်လည်း မီးဖိုချောင်သုံး ပစ္စည်းများကို ထည့်သွင်းနိုင်သည့် တစ်ခုတည်းသော အရာဖြစ်သဖြင့် ဟန်လုပ်မနေတော့ပေ။ မနက်ဖြန်ကျမှသာ ရွာထဲတွင် လက်သမားလုပ်ငန်း လုပ်ကိုင်နိုင်သူ ရှိ၊ မရှိ စုံစမ်းမေးမြန်းကြည့်မည်ဟု သူတေးထားလိုက်သည်။ အကယ်၍ ရှိခဲ့ပါက အသုံးအဆောင် ပစ္စည်းအချို့ကို ပြုလုပ် ဘာပစ္စည်းမျှမရှိဘဲ ရှင်သန် နေထိုင်ရန်မှာ မဖြစ်နိုင်ပေ။

ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝမှောင်ပျိုးသွားသော အခါတွင်မူ မုယွီသည် ခြံဝင်းအတွင်း၌ လမ်းလျှောက်ရင်း ရေချိုးရန် ပြင်ဆင်လိုက်သည်။ သူ့ခမျာ ဤခြံဝင်းအတွင်း၌ အိမ်သာအကောင်းစားသာ ရှိခဲ့လျှင် တကယ့်ကို ကောင်းမွန်လိမ့်မည်ဟု တွေးတောမိ၏။ ဤခြံဝင်းနှင့် ပတ်သက်၍ သူ့ကို စိတ်ပျက်စေသည့် တစ်ခုတည်းသောအရာက တစ်ခုတည်းသာ။

ဤကမ္ဘာကြီးတွင် အိမ်သာအဟောင်းများသာ ရှိသဖြင့် သူနှင့်အဆင်ပြေအောင် ပြန်လည်ပြုပြင်ရန် နည်းလမ်းများကို စဉ်းစားရပေမည်။ မဟုတ်ပါက ဆောင်းရာသီ ကာလအတွင်း အိမ်သာတက်ရလျှင် အလွန်ပင် အေးစိမ့်နေလိမ့်မည်။

အဆုံးတွင် သူ့အနေနှင့် ဘာမှ မတတ်နိုင်သေးရာ ကျန်ရှိနေသော ရေနွေးများဖြင့်သာ မိမိ၏ ဝဖြိုးသော ခန္ဓာကိုယ်ကို သေသေချာချာ သုတ်သင်လိုက်သည်။ ရေချိုးကန်ကိုမူ မဖြစ်မနေ ပြုလုပ်ရပေမည်။ မဟုတ်ပါက သူ၏ခန္ဓာကိုယ် အနံ့အသက်တို့ ဆိုးရွားလာနိုင်သည်။ သန့်ရှင်းရေးလုပ်ပြီးသွားမှသာ မုယွီက တံခါးကို သေသေချာချာ ပိတ်လိုက်ပြီး ခန်းပေါ်တွင် အိပ်စက်ရန် ပြင်လိုက်၏။

သို့သော်လည်း အိပ်ရာမဝင်မီတွင် သူသည် ကျန်ရှိနေသော ငွေကြေးများကို သေသေချာချာ ပြန်လည်ရေတွက်လိုက်၏။ ယနေ့တွင် သူသည် ချွေတာစွာ သုံးစွဲခဲ့ပါသော်လည်း ငွေကိုးပြားကျော်မျှ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ နှမြောခြင်း မရှိပေ။ အစားအစာများကို မပြောနှင့်ဦး၊ ထိုအဝတ်အထည်များ၊ ဆန်ကြမ်းများနှင့် သံထည်ပစ္စည်းများမှာ အလွန်ပင် တန်ဖိုးကြီးမားသော ပစ္စည်းများ ဖြစ်ကြသည်။

၎င်းတို့အားလုံးကို ရှင်သန်နေထိုင်ရေးအတွက် မဖြစ်မနေ လိုအပ်သည်။ ယခုတွင် ရုန်းကန်နေရသော်လည်း နောင်တွင်တော့ အဆင်ပြေသွားလိမ့်မည်။ ငွေကြေးကို ဖြည်းဖြည်းချင်း ပြန်လည်စုဆောင်းရမည်က မခက်ခဲသော ကိစ္စဖြစ်သည်။ အခွင့်အရေးရလျှင် လယ်ယာမြေအချို့ကို ဝယ်ယူပြီး ဆန်စပါးနှင့် ဟင်းသီးဟင်းရွက်တချို့ စိုက်ပျိုးကာ ဤရိုးရှင်းသော ဘဝလေးတွင် ငြိမ်းချမ်းစွာ ရှင်သန်သွားမည်ဖြစ်ပြီး လောလောဆယ်၌ အခြားသောအရာများကို တွေးတောနေရန် အချိန်မရှိ‌ပေ။

ထို့နောက် မုယွီသည် ဖယောင်းတိုင်ကို ကိုင်ဆောင်ကာ ကျန်ရှိနေသော ငွေကြေးများကို အိုးငယ်လေးတစ်ခုထဲသို့ ထည့်သွင်းလိုက်သည်။ ထိုအိုးအား ဒီမနက်ကမှ ငွေကြေးများ ထည့်သွင်းရန်အတွက် ကုန်စုံဆိုင်မှ သူကိုယ်တိုင် ရွေးချယ်ဝယ်ယူလာခဲ့သည်။ ထို့နောက် သူသည် မီးဖိုချောင်သို့ အပြေးအလွှား သွားရောက်ကာ ထောင့်စွန်းတစ်ခုတွင် ကျင်းတစ်ခုတူးပြီး ထိုအိုးကို မြှုပ်နှံလိုက်ကာ အပေါ်မှနေ၍ ထင်းအချို့ဖြင့် ဖုံးအုပ်ထားလိုက်သည်။

ယခုမှသာ ဘေးကင်းလုံခြုံသွားပြီး သူခိုးရန်မှ ကင်းဝေးနိုင်လိမ့်မည်။ ဤအရာအားလုံးကို လုပ်ဆောင်ပြီးသွားသည်တွင်မှ မုယွီ အိပ်ရာဝင်ခဲ့သည်။ သူ တကယ့်ကို ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်၏။

ဤကဲ့သို့ လှုပ်ရှားရုန်းကန်ခဲ့ရသဖြင့် ကိုယ်အလေးချိန် အနည်းငယ် ကျဆင်းသွားလောက်ပြီဟု သူခန့်မှန်းမိသည်။ သို့သော်လည်း ရှေးခေတ်ကာလတွင် ဤမျှလောက်ကြီးမားသော ကိုယ်အလေးချိန်ကို ချိန်တွယ်နိုင်မည့် ချိန်ခွင်များ ရှိပုံမရချေ။ အဆုံးတွင်မူ မုယွီသည် စိတ်ရှုပ်ထွေးမှုများနှင့်အတူ အိပ်မက်ကမ္ဘာသို့ ထွက်ခွာသွားခဲ့သည်။

မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်အတွင်း၌ လူအချို့ ထိုင်နေကြပြီး သူ၏တစ်နေ့တာ အဖြစ်အပျက်များကို ပြန်လည်သုံးသပ် ဆွေးနွေးနေကြသည်ကိုမူ သူမသိခဲ့ပေ။ အားလုံးက ပန်းပဲဆိုင်တွင် သူရေးဆွဲခဲ့သော ပုံစံငယ်အား ဘာအတွက် အသုံးပြုသည်ကို သေသေချာချာ လေ့လာဆွေးနွေးနေကြစဉ် လက်ဖက်ရည်ဆိုင်၏ တံခါးဝမှနေ၍ ဒုန်းခနဲ တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment