အပိုင်း (၁) - ခရီးမစတင်မီ
ရှည်လျားလှသော ဟောပြောပွဲသင်ခန်းစာတစ်ခုကို တက်ရောက်ပြီးနောက် မုယွီသည် ပုံမှန်အတိုင်း သူပုံပြောနေကျ လက်ဖက်ရည်ဆိုင်သို့ တန်းတန်းမတ်မတ် ထွက်လာခဲ့သည်။ သူသည် ထိုနေရာတွင် အချိန်ပိုင်းအလုပ် လုပ်ကိုင်ခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပြီး မိမိကိုယ်ကိုယ် ထောက်ပံ့ရန်အတွက်လည်း ဤဝင်ငွေအပေါ်၌သာ အဓိက အားထားနေရခြင်း ဖြစ်သည်။ မိဘမဲ့ဂေဟာမှ ကလေးငယ်များသည် တက္ကသိုလ်တက်ရောက်ခွင့် ရရှိကြပြီးနောက်ပိုင်းတွင် မိမိခြေထောက်ပေါ်မိမိ ရပ်တည်ကြရန် ဂေဟာမှ သတ်မှတ်ထားသဖြင့် သူတို့အား ဆက်လက်ထောက်ပံ့ပေးခြင်း မရှိတော့ပေ။
မုယွီ၏ လူနေမှုဘဝမှာ တော်တော်လေး အလုပ်ရှုပ်လှ၏။ ကျောင်းစာအပြင် လက်ဖက်ရည်ဆိုင်၌လည်း အလုပ်လုပ်ရသေးပြီး ညနေခင်းအချိန်များတွင်မူ ပုံပြောအက်ပလီကေးရှင်းတစ်ခု၌ ဝတ္ထုများကို အမြဲမပြတ် ရေးသားတင်ဆက်ရသေးသည်။ သူ့ဝင်ငွေမှာ လောက်လောက်ငငရှိပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံပိုင်ရှင်လေး ဖြစ်ခြင်းကြောင့်လည်း လူကြိုက်များလှ၏။ သူသည် ပုံပြောခြင်းအတွက် ဖျော်ဖြေမှုပုံစံနှစ်မျိုးကို ကိုယ်တိုင်လေ့လာသင်ယူထားခဲ့သည်။ ပထမတစ်မျိုးမှာ အွန်လိုင်းအက်ပလီကေးရှင်းပေါ်တွင် ပုံပြောသည့်ပုံစံဖြစ်ပြီး ပရိသတ်များစွာက သူ့အသံကို နှစ်သက်သဘောကျကြကာ လူချင်းပါ တွေ့ဆုံချင်ကြသည်အထိ အောင်မြင်သည်။ အခြားတစ်မျိုးမှာမူ လက်ဖက်ရည်ဆိုင်၌ ရိုးရာအတိုင်း ပုံပြောရသည့် ပုစံဖြစ်ပြီး ထိုအလုပ်ကလည်း သူ့အတွက် မုန့်ဖိုးဆုငွေ အတော်အသင့် ရရှိစေသည်။
သို့သော်လည်း လက်တွေ့ဘဝသည် တစ်ခါတစ်ရံ၌ မျှော်လင့်ချက်များနှင့် ဝေးကွာနေတတ်စမြဲ ဖြစ်၏။ မုယွီသည် ကောင်းမွန်သောအသံနှင့် ချောမောသော ရုပ်ရည်အသွင်အပြင် ရှိနေပါသော်လည်း ဆိုးရွားလှသည့် အားနည်းချက်တစ်ခု ရှိနေခဲ့သည်။ ထိုအချက်မှာ သူ၏ ကိုယ်အလေးချိန်က တော်တော်လေး စံချိန်တင်အောင် များပြားနေခြင်းပင်။
နေ့စဉ်နံနက်တိုင်း မပျက်မကွက် အပြေးလေ့ကျင့်ခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဝိတ်ချရန် မည်မျှပင် ကြိုးစားပါစေ၊ သူ၏ကိုယ်အလေးချိန်မှာမူ တရိပ်ရိပ် တက်မြဲတက်နေခဲ့သည်။ ဤစိတ်ပျက်စရာကောင်းလှသည့် အခြေအနေကြောင့် မိမိအနေဖြင့် တစ်သက်လုံး လူပျိုကြီးဘဝဖြင့်သာ ဖြတ်သန်းသွားရတော့မည်ဟုပင် ယုံကြည်ထားမိသည်။
အခန်းဖော်များ၏ အားပေးထောက်ခံမှုကို ရရှိပြီးနောက် မုယွီက ရေတစ်ခွက်ကို မော့သောက်လိုက်ပြီး မိမိစုဆောင်းထားသမျှ ငွေကြေးများကို သိမ်းဆည်းကာ အောင်မြင်ရမည်ဟူသော ပြတ်သားသည့် ဆုံးဖြတ်ချက်ဖြင့် နွေရာသီ ဝိတ်ချစခန်းတစ်ခုသို့ နာမည်စာရင်း သွင်းလိုက်လေသည်။
သူ့အခန်းဖော်များက သူအောင်မြင်မလား၊ ကျရှုံးမလားဆိုသည်ကို အလောင်းအစားလုပ်ကာ အော်ဟစ်အားပေးနေကြ၏။ အခန်းဖော်များ မည်သို့ပင် လောင်းကြေးထပ်နေကြပါစေ မုယွီက ဂရုမစိုက်အားဘဲ ယုံကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ထွက်ခွာလာခဲ့သည်။ လမ်းခရီးတွင် သူ၏ ခန္ဓာကိုယ်အလေးချိန်ကြောင့် တက္ကစီဒရိုင်ဘာအား အားနာတကြီး တောင်းပန်ခဲ့ရပြီး ဒရိုင်ဘာကမူ မည်သို့မျှ သဘောမထားဘဲ အေးအေးဆေးဆေးပင်။
ဝိတ်ချစခန်းသို့ ရောက်ရှိသွားသောအခါ မုယွီသည် ဟောင်းနွမ်းပျက်စီးနေသော ကျေးရွာလေးကို မြင်တွေ့လိုက်ရသဖြင့် အံ့ဩမှင်တက်သွားရ၏။ သို့သော် မိဘမဲ့ဂေဟာတွင် ခါးသီးစွာ ဖြတ်သန်းခဲ့ရသော သူ၏ ကလေးဘဝနှင့် နှိုင်းယှဉ်လျှင် ဤမျှလောက်က ဘာမျှမဟုတ်ပေ။ နည်းပြဖြစ်သူက ဝိတ်ချစခန်းတွင် ဆက်မနေလိုသူများအား ပေးသွင်းထားသော စခန်းသွင်းကြေးများကို ပြန်လည်ထုတ်ပေးမည်မဟုတ်ကြောင်း အသိပေးလိုက်သည့် အခါမှသာ ညည်းညူနေသော အသံများအားလုံး ရုတ်တရက် တိတ်ဆိတ်သွားကြတော့သည်။ မမျှော်လင့်ဘဲ မုယွီသည် အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခံလိုက်ရသော်လည်း မိမိတွင် အဖွဲ့အစည်းကို ဦးဆောင်နိုင်မည့် အရည်အချင်းများနှင့် ပြည့်မီခြင်းမရှိဟု ယူဆသောကြောင့် ငြင်းပယ်ခဲ့သည်။
ဝိတ်ချစခန်း၏ လေ့ကျင့်ခန်းများက ပြင်းထန်လှသည့်အပြင် ကျွေးမွေးသော အစားအစာမှာလည်း အလွန်နည်းပါးလှသဖြင့် အချို့မှာ စိတ်ပျက်ကာ ထွက်ခွာသွားကြသော်ငြား မုယွီအပါအဝင် ကျန်ရှိနေသူများကမူ ဇွဲနပဲဖြင့် ဆက်လက်ကာ အောင့်အည်းသည်းခံခဲ့ကြသည်။ သူသည် ကိုယ်အလေးချိန် ကျဆင်းသွားရန်အတွက်သာ အာရုံစိုက်ထားပြီး နည်းပြအား သူ့အပေါ် အထင်ကြီး လေးစားစေချင်သည့် မျှော်လင့်ချက်လေး ရှိနေပေသည်။
သို့သော်လည်း တစ်နေ့တွင် တောင်တက်လေ့ကျင့်ခန်း လုပ်ဆောင်နေစဉ် မြေပြိုမှုတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့သဖြင့် သူသည် တောင်ပေါ်၌ လမ်းပျောက်ကာ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် ဂူငယ်လေးတစ်ခုအတွင်းသို့ အလျင်အမြန် ဝင်ရောက်ခိုလှုံခဲ့သော်လည်း လက်ကိုင်ဖုန်းက လိုင်းမမိသဖြင့် ကယ်ဆယ်ရေးအဖွဲ့ကိုသာ ရင်တမမဖြင့် စောင့်ဆိုင်းရန်သာ တတ်နိုင်တော့သည်။
သို့သော်ငြား မျက်စိမှိတ်ကာ အိပ်စက်လိုက်သည့် အချိန်တွင် အခြားကမ္ဘာတစ်ခု၌ မမျှော်လင့်ထားသော အချိုးအကွေ့တစ်ခုနှင့် ကြုံတွေ့ရတော့မည်ကိုမူ သူ့ခမျာ လုံးဝ သတိမထားမိခဲ့ပေ။
***
Aurora Novel Translation Team