အခန်း (၁၀) - မြို့ထဲသို့ တစ်ခေါက် ပြန်သွားခြင်း (၁)
နောက်တစ်နေ့မနက်တွင် မုယွီသည် စောစောစီးစီး အိပ်ရာမှထကာ မနက်စာပင် မစားတော့ဘဲ ကျောပိုးအိတ်ကို လွယ်လျက် တောရိုင်းမြေကွက်များဆီသို့ ထွက်ခွာခဲ့သည်။ တောရိုင်းထဲတွင် တောကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူများကို သွားရောက်ရှာဖွေမည်ဖြစ်၏။ ၎င်းတို့ကို ရှာဖွေတွေ့ရှိပါက သူ၏ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးထဲတွင် ပြောင်းရွှေ့စိုက်ပျိုးကာ ဆောင်းဦးရာသီ ရောက်သည့်အခါ ဆောင်းတွင်းအတွက် ရိက္ခာအဖြစ် သိမ်းဆည်းထားမည် ဖြစ်သည်။
မုယွီသည် အမြဲတမ်း တောဟင်းရွက်များကိုချည်း တရစပ် စားသုံးနေ၍ မဖြစ်နိုင်ကြောင်း သိပေသည်။ လွန်ခဲ့သည့်ရက်များက လီရွှေရှန့်၏ အိမ်သို့ သွားရောက်စဉ် သူ့စိုက်ခင်းထဲ၌ ဟင်းသီးဟင်းရွက် အမျိုးအစား သိပ်မများသည်ကို သတိပြုမိခဲ့သည်။ ဤကမ္ဘာလောကတွင် ဟင်းသီးဟင်းရွက် အမျိုးအမည် သိပ်မစုံလင်ခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် သူက တိုက်ရိုက်မမေးခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူက ဤကမ္ဘာမှ လူသားတစ်ဦး မဟုတ်သဖြင့် စကားများများ ပြောမိပါက သူတစ်ပါး၏ သံသယဝင်ခြင်း ခံရမည်ကို စိုးရိမ်ရသည်။ ထို့ကြောင့် ထိုကိစ္စကို လက်လွှတ်လိုက်ပြီး သူ့ဘာသာသာ ဖြည်းဖြည်းချင်း စူးစမ်းလေ့လာရန် ဆုံးဖြတ်လိုက်သည်။
နေမင်းကြီး ဖြည်းညင်းစွာ ထွက်ပြူလာချိန်တွင် မုယွီသည် တောရိုင်းကွင်းပြင်တစ်ခု၌ ကြက်သွန်မြိတ်ခင်းတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။ ၎င်းကို မြင်လိုက်ရသည်တွင် မုယွီတစ်ယောက် ဝမ်းမြောက်မိသွား၏။ မည်သို့ပင်ဆိုစေ ရလဒ်တစ်ခုတော့ ထွက်ပေါ်လာခဲ့ပေပြီ။
ထို့ကြောင့် သူက ထွေထွေထူးထူး စဉ်းစားမနေတော့ဘဲ တူးဆွကာ ကောက်ယူခဲ့သည်။ နေရောင်ခြည် သိပ်မပြင်းထန်သေးဘဲ ကြက်သွန်မြိတ်များ၏ ရေဓာတ်မခမ်းခြောက်မီ အိမ်သို့ပြန်ကာ စိုက်ပျိုးရပေမည်။ ထိုသို့စိုက်ပျိုးပြီးမှသာ ကျန်ရှိသောအလုပ်များကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်လိမ့်မည်။
ထို့နောက် မုယွီတစ်ယောက် ကြက်သွန်တောင်းနှင့်အတူ ရွာဘက်သို့ သုတ်ခြေတင်လိုက်သည်။ လမ်းခရီးတွင် လီရွှေရှန့်နှင့်အတူ သူ့ထံသို့ အစားအသောက်များ ဝိုင်းဝန်းပို့ဆောင်ပေးခဲ့ကြသော ရွာသားအချို့နှင့် ဆုံတွေ့ခဲ့၏။ မုယွီသည် ထိုသူများကို ရိုးရှင်းစွာ နှုတ်ဆက်ခဲ့သည်။ ခဏမျှကြာသော် နေပူရှိန်က ပိုမိုပြင်းထန်လာခဲ့လေပြီ။
ယနေ့တွင် မုယွီအနေဖြင့် မြို့ထဲသို့ မဖြစ်မနေ သွားရဦးမည်။ မှာယူချုပ်လုပ်ထားသော အဝတ်အစားများကို သွားယူရမည်ပင်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများကိုသာ အမြဲတမ်း ဝတ်ဆင်နေရလျှင် သူတစ်ပါး၏ သံသယကို နှိုးဆွမိသလို ဖြစ်နိုင်သည်။ ဘာမဆို သတိထားခြင်းက အကောင်းဆုံးပင်။
အိမ်သို့ ပြန်ရောက်သည်တွင် မုယွီသည် စိုက်ခင်းလေးအတွင်းရှိ လွတ်နေသော မြေကွက်လပ်တစ်ခုတွင် တောကြက်သွန်နီများကို ပြောင်းရွှေ့စိုက်ပျိုးလိုက်ပြီး အိမ်ရှိ မီးဖိုပြာများကိုလည်း မြေဩဇာအဖြစ် ထည့်သွင်းပေးလိုက်သည်။ စိုက်ပျိုးပြီးနောက် ရေလောင်းပေးလိုက်ရုံမျှဖြင့် အဆင်ပြေသွားပြီ ဖြစ်၏။ ဤအချိန်တွင် နေမင်းက အတော်လေး မြင့်တက်နေပြီဖြစ်ကြောင်း သူသတိပြုမိလိုက်သည်။
မုယွီက အချိန်ဆွဲမနေတော့ဘဲ မနေ့က ကျန်ရစ်သော အစားအသောက်များကို ဖြစ်သလို စားလိုက်ပြီးနောက် သူ့ကိုယ်ကို သေသပ်စွာ ရေချိုးသန့်စင်လိုက်သည်။ ချွေးများဖြင့် စိုရွှဲနေသော အဝတ်အစားများကိုလည်း ချွတ်လဲလိုက်သည်။ မည်သို့ပင်ဆိုစေ မြို့ထဲရှိ လူများနှင့် ဆုံတွေ့ရမည်ဖြစ်သဖြင့် သပ်ရပ်ကျနစွာ ဝတ်ဆင်ရပေမည်။
ပြင်ဆင်ပြီးနောက် မုယွီက ပိုက်ဆံကို ယူဆောင်ကာ တံခါးကို သော့ခတ်၍ ထွက်ခွာခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် လီရွှေရှန့်၏ အိမ်သို့ သွားရောက်ကာ မြို့ထဲသို့ လိုက်ပို့ရန် အကူအညီ ထပ်မတောင်းတော့။ မြို့ထဲသို့ အဝင်အထွက်ပြုသည့် အချိန်တိုင်း အမြဲတမ်း သွားရောက် နှောင့်ယှက်နေပါက မျက်နှာပူစရာ ကောင်းလှသည်။
လမ်းသိပြီးသား ဖြစ်သောကြောင့် မုယွီက မြို့ထဲသို့ ခြေကျင်သွားရန် ဆုံးဖြတ်လိုက်သည်။ ထိုသည်က အပန်းပြေသလို ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်၍ ဝိတ်ချရန်အတွက်လည်း အခွင့်အရေးပင်။
ရွာပြင်သို့ ရောက်သည်တွင် မုယွီက ဘလူးတုသ်နားကြပ်ကို နားတွင် တပ်ဆင်လိုက်ပြီး သူ၏ဖုန်းထဲ၌ သိမ်းဆည်းထားသော ပုံပြောခြင်းအစီအစဉ်များကို ဖွင့်လိုက်သည်။ ၎င်းက သူ၏ အကျင့်တစ်ခုပင်။ ခေတ်သစ်လူ့အဖွဲ့အစည်းတွင် ရှိစဉ်ကတည်းက ဤသို့ လုပ်ဆောင်နေကျဖြစ်၏။
ဤသည်က ပျင်းရိငြီးငွေ့မှုကို ပြေပျောက်စေရုံမျှမက သူ၏အသက်မွေးပညာရပ်ကို ပြန်လည်သုံးသပ်ရာလည်း ရောက်သည်။ မုယွီသည် လမ်းတစ်လျှောက် လူသူတစ်ဦးတစ်ယောက်မျှ မတွေ့ရဘဲ အတော်ကြာအောင် လမ်းလျှောက်ခဲ့သော်လည်း စိတ်လောခြင်းမရှိပေ။ ဤလမ်းကို သူ နှစ်ကြိမ်မျှ ခေါက်တုံ့ခေါက်ပြန် သွားလာဖူးသည်။
မိဘမဲ့ဖြစ်ခဲ့သောသူက ခရီးလမ်းကြောင်းများနှင့် ပတ်သက်၍ မှတ်ဉာဏ်ကောင်းမွန်သည်။ ဤလမ်းကို နှစ်ကြိမ်မျှသာ သွားလာဖူးသေးသော်လည်း စိတ်ထဲတွင် အသေအချာ မှတ်မိနေ၏။
မြို့အစပ်သို့ ရောက်ရှိလာသည်တွင် မုယွီက နားကြပ်ကို ပြန်သိမ်းလိုက်သည်။ ဤကဲ့သို့သော အသုံးအဆောင်ပစ္စည်းမျိုးက ဤကမ္ဘာတွင် မရှိပေ။ ထို့ကြောင့် သူတစ်ပါး ရှာဖွေတွေ့ရှိသွားပြီး ခိုးယူခံရမည်ကို သူမလိုလား။ ထို့နောက် ၎င်းကို ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သော်လည်း ကျောပိုးအိတ်၏ အနောက်ဘက်တွင် မထားရှိဘဲ ရင်ဘတ်ရှိရာ အရှေ့ဘက်သို့ လွှဲပြောင်း၍ လွယ်ထားလိုက်သည်။ ဤသည်က သူခိုးများရန်မှ ကာကွယ်ခြင်းဖြစ်၏။
မြို့ထဲသို့ လှမ်းဝင်ပြီးနောက် မုယွီသည် ကုန်စုံဆိုင်သို့ အရင်ဆုံး သွားရောက်ကာ ဟင်းသီးဟင်းရွက် မျိုးစေ့အချို့ကို ဝယ်ယူခဲ့သည်။ အရေအတွက် အနည်းငယ်ကိုသာ အရင်ဝယ်ယူပြီး အိမ်ပြန်ရောက်သည့်အခါ စမ်းသပ်စိုက်ပျိုးကြည့်ရမည်။ အကယ်၍ တောရိုင်းထဲတွင်သာ လိုက်လံရှာဖွေနေမည်ဆိုပါက မည်မျှအထိ အချိန်ကုန်ဆုံးသွားမည်ကို မသိနိုင်ပေ။
ကုန်စုံဆိုင်မှ ထွက်လာပြီးနောက် သူက လက်ဖက်ရည်ဆိုင်သို့ ဦးတည်လိုက်သည်။ ဤသည်က ယနေ့ မြို့ထဲသို့ လာရခြင်း၏ ရည်ရွယ်ချက်များထဲမှ တစ်ခုက ဤအတွက်ပင်။ မုယွီသည် ဤနေရာတွင် အလုပ်တစ်ခု ရှာဖွေလိုသည်။ သူ့တွင် ရှိသမျှကို ထိုင်စားနေ၍ မဖြစ်နိုင်ပေ။ ပိုက်ဆံအနည်းငယ်သာ ကျန်ရှိတော့သဖြင့် ပိုမိုစုဆောင်းလိုသည်။
ထို့ပြင် ယခုနေထိုင်သော အိမ်ကလည်း သူ၏အပိုင်အိမ်မဟုတ်ဘဲ ရွာပိုင်အိမ်ဖြစ်သည်။ သူက ပိုက်ဆံအနည်းငယ် စုဆောင်းမိပါက ထိုအိမ်ကို ဝယ်ယူရန် တွေးလိုက်ထား၏။ ထိုသို့ဝယ်ယူပြီးမှသာ သူ၏ အိမ်စစ်စစ် ဖြစ်လာပေလိမ့်မည်။ ယခုအချိန်တွင် ၎င်းက ယာယီတည်းခိုရာ နေရာတစ်ခုသာ။
မုယွီသည် မြို့ထဲတွင် လှည့်လည်ကြည့်ရှုပြီးနောက် ဝင်ရောက်ရန် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်သည်။ ထိုဆိုင်က ရွာသူကြီး ဦးလေးကျောက် လက်ဖက်ရည် သောက်သုံးခဲ့သောဆိုင်ပင်။ သူလာရောက်ချိန်က စောလွန်းသေးသဖြင့် ဆိုင်ထဲတွင် လူသူသိပ်မများသေး။ သူဝင်လာသည်ကို မြင်သည်တွင် ဆိုင်အကူလေးက ဆီးကြိုကာ နှုတ်ဆက်လာသည်။
“အထဲကိုကြွပါ။ လက်ဖက်ရည် သောက်မလား။ ဒါမှမဟုတ် အစားအသောက် သုံးဆောင်မလား ခင်ဗျာ။”
မုယွီက ထိုစကားကို ကြားသည်တွင် ပြန်လည်မေးမြန်းလိုက်သည်။
“ဒီဆိုင်မှာ စားစရာလည်း ရတာလား။”
“ဟုတ်ကဲ့ ရပါတယ်။ ကျွန်တော်တို့ ဆိုင်မှာ ပေါက်စီ၊ ဖက်ထုပ်နဲ့ ရိုးရှင်းတဲ့ အစားအစာအချို့ ရနိုင်ပါတယ်။ တကယ်လို့ ကောင်းကောင်းမွန်မွန် သုံးဆောင်ချင်တယ်ဆိုရင်တော့ မျက်စောင်းထိုးက ဖူထိုက်စားသောက်ဆိုင်ကို ကြွပါခင်ဗျာ။”
နားထောင်ပြီးနောက် မုယွီသည် သူယူလာသော ပဝါဖြင့် မျက်နှာကို သုတ်လိုက်၏။ သူ၏ ဝဖြိုးသော ခန္ဓာကိုယ်ကြောင့် ချွေးထွက်လွယ်လှသည်။ ထို့နောက် သူက ပြောလိုက်၏။
“ကျွန်တော်က ခင်ဗျားတို့ ဆိုင်ရှင်နဲ့ တွေ့ချင်လို့ပါ။ ဆိုင်ရှင် ရှိလား။”
“ရှိပါတယ်။ ခဏလောက် စောင့်ပေးပါ။ ကျွန်တော် သွားခေါ်ပေးပါ့မယ်။”
ဆိုင်အကူလေးက ပြောကာ မုယွီအား စားပွဲတစ်ခုတွင် ထိုင်စေပြီးနောက် ရေနွေးတစ်ခွက် လာချပေး၏။
မုယွီက ထိုသူ့ကို ကျေးဇူးတင်စကား ပြောလိုက်၏။ ဤတစ်ကြိမ်တွင် သူရွေးချယ်ခဲ့သော ဆိုင်က မှန်ကန်ပုံရသည်။ ဆိုင်အကူလေး၏ ပြုမူဆက်ဆံပုံကို ကြည့်ရုံမျှဖြင့် ဤဆိုင်၏ ပိုင်ရှင်သည်လည်း လူကောင်းတစ်ဦး ဖြစ်ပေလိမ့်မည်။
မကြာမီ ဆိုင်ရှင်စွန်းနှင့် ဆိုင်အကူလေးတို့ နောက်ဖေးခန်းမှ ထွက်လာကြ၏။ ဆိုင်ရှင်သည် မုယွီကို မြင်လိုက်ရသည်တွင် သူ၏ခန္ဓာကိုယ်အချိုးအစားကြောင့် ရယ်ချင်စိတ် ဖြစ်ပေါ်လာသော်လည်း အောင့်အည်းကာ မျိုသိပ်ထားလိုက်သည်။ သူက မုယွီ၏အနားသို့ တိုးကပ်လာရာ မုယွီကလည်း မတ်တတ်ရပ်လိုက်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ဆိုင်ရှင်ကြီး။”
ဆိုင်ရှင်စွန်းက ပြုံးလျက် ထိုင်၍ စကားပြောရန် အချက်ပြလိုက်သည်။
“ဪ... ဒီလူငယ်လေးက ငါ့ကို ဘာကိစ္စရှိလို့ တွေ့ချင်ရတာလဲ မသိဘူး။”
ထိုစကားကို ကြားသည်တွင် မုယွီက ပြောလိုက်သည်။
“ဆိုင်ရှင်ကြီး... ခင်ဗျားတို့ဆိုင်မှာ ပုံပြောဆရာ တစ်ယောက်လောက် ငှားချင်စိတ် ရှိလားဗျ။”
ဆိုင်ရှင်စွန်းသည် ထိုစကားကြောင့် မှင်တက်သွားရသည်။ သူတို့၏ဒေသတွင် ပုံပြောဆရာဟူ၍ မရှိဖူးပေ။ ဤကဲ့သို့သော “ပုံပြောခြင်း” သက်မွေးဝမ်းကျောင်းအလုပ်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သီချင်းဆိုသူ၊ တူရိယာတီးခတ်သူများ မြို့တော်၌ ရှိတတ်ကြသော်လည်း ပုံပြောသူဟူ၍ မရှိဖူးပေ။ ထို့ကြောင့် သူက စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်၏။
“မင်းက ဘာကို ဆိုလိုတာလဲ။ ကျမ်းဂန်တွေကို ပြောပြတာလား။”
မုယွီသည် ထိုစကားကြောင့် ခဏမျှ ကြောင်အသွားပြီးမှ ပြောလိုက်၏။
“အဲ့ဒီလို သဘောပါပဲ။ ဒါပေမဲ့ ကျွန်တော် ပြောမှာက ရှေးဟောင်းကျမ်းစာတွေထဲက အကြောင်းအရာတွေတော့ မဟုတ်ဘူး။ လူသိပ်မသိတဲ့ ပုံပြင်မျိုးတွေပါ။ တကယ်လို့ ဆိုင်ရှင်ကြီးအနေနဲ့ ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် စမ်းသပ်ပြီး ပြောခွင့်ပြုပါလား။ ကျွန်တော့်ရဲ့ နှုတ်မှုစွမ်းရည်က ပုံပြောလို့ရပါတယ်၊ ဆိုင်အတွက်လည်း ဖောက်သည်တွေကို ဆွဲဆောင်နိုင်တယ်လို့ ယူဆရင် ကျွန်တော့်ကို ဆက်ထားလိုက်ပေါ့။ တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ကျွန်တော် တခြားဆိုင်ကိုပဲ ရှာလိုက်မယ်။ ဆိုင်ရှင်ကြီးကို အနှောင့်အယှက် မပေးတော့ဘူးလေ။ ဒီလိုဆိုရင် အဆင်ပြေနိုင်မလား။”
နားထောင်ပြီးနောက် ဆိုင်ရှင်စွန်းက အသာပြောလာသည်။
“ကောင်းပြီလေ။ ဒါပေမဲ့ အခုက လက်ဖက်ရည်သောက်တဲ့ အချိန်တော့ မရောက်သေးဘူး။ နေ့လယ်စာ စားဖို့အတွက် တစ်နာရီလောက် လိုသေးတာဆိုတော့ ဒီနေ့ပဲ စမ်းသပ်ကြည့်လိုက်လေ။ တကယ်လို့ အဆင်ပြေရင် မနက်ဖြန်ကစပြီး အလုပ်ဆင်းလို့ရတယ်။ အဆင်မပြေရင်တော့ တခြားနေရာကို ရှာပေါ့။”
မုယွီက ခေါင်းညိတ်ပြကာ ပြောလိုက်၏။
“ရပါတယ် ဆိုင်ရှင်ကြီး။ ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခုတော့ ရှိတယ်။ ကျွန်တော့်အတွက် စားပွဲတစ်လုံး ပြင်ဆင်ပေးရမယ်။ စားပွဲကို နည်းနည်း မြင့်မြင့်လေး လုပ်ပေးရင် ပိုကောင်းမယ်။ ဒါမှ လက်ဖက်ရည် သောက်တဲ့လူတွေ ကျွန်တော့်ကို မြင်နိုင်မှာလေ။ ဒီလိုဆိုရင် အဆင်ပြေမလား။”
ဆိုင်ရှင်စွန်းက ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ငါလည်း မြို့တော်မှာ မြင်ဖူးပါတယ်။ ဟိုက စားသောက်ဆိုင်တွေမှာလည်း သီချင်းဆိုတဲ့လူတွေ ရှိကြတာပဲ။ အဲ့ဒီအတွက် မင်းစိတ်ပူမနေနဲ့။”
မုယွီက ခေါင်းညိတ်ကာ လက်ခံလိုက်၏။
“ဒါဆိုရင် တော်သေးတာပေါ့။ အဲ့ဒါဆို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်တော် ဒီနားမှာ မှာထားတဲ့ ပစ္စည်းတချို့ သွားယူလိုက်ဦးမယ်။ ခဏနေမှ ပြန်လာခဲ့မယ်နော်။”
“ရတာပေါ့။ သွားစရာရှိတာ သွားပါ။ အချိန်ကျရင် ပြန်လာခဲ့ပေါ့။”
ထိုသို့ပြောပြီးနောက် ဆိုင်ရှင်စွန်းက သွားနိုင်ကြောင်း လက်ဝှေ့ယမ်းပြလိုက်လေသည်။
***
Aurora Novel Translation Team