no

Font
Theme

အပိုင်း (၃.၁) - အိမ်ထောင်စုစာရင်းသွင်းခြင်း (၁)

ထိုအချိန်တွင် ရွာသူကြီးကျောက်၏ နေအိမ်၌ လူများဖြင့် ပြည့်နှက်ကာ စည်ကားလျက်ရှိသည်။ သူတို့အားလုံးသည် မုယွီ ရွာသို့ ရောက်ရှိလာသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးရန် စုရုံးရောက်ရှိနေကြခြင်း ဖြစ်သည်။ သူရောက်ရှိလာပုံ အဆင့်ဆင့်ကို ပြန်လည်သုံးသပ်ကြပြီးနောက် ကွယ်ရာမှနေ၍ သူ့ကို စောင့်ကြည့်ခဲ့ကြသော လူအချို့က ပြောဆိုလာကြသည်။

“တောင်ပေါ်ကနေ သူဆင်းလာတုန်းက လမ်းမှာ အကြိမ်ကြိမ် ခြေချော်ပြီး လဲခါနီးဖြစ်ခဲ့တာကို ငါတို့ မြင်လိုက်ရတယ်။ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ဆိုရင် တောင်အောက်ကို အကောင်းပကတိအတိုင်း ဆင်းလာနိုင်တာတင်ပဲ တကယ့်ကို ကံကောင်းလှပြီ။ သူက သူလျှိုတစ်ယောက်တော့ ဟုတ်ပုံမရဘူး။ တကယ်လို့ သူလျှိုဆိုရင်တောင် အောက်ခြေအဆင့်လောက်ပဲ ဖြစ်မှာ။ အခြေအနေ တစ်ခုခု ထူးခြားတာနဲ့ တန်းပြီး ထွက်ပြေးမယ့်ပုံမျိုးပဲ။ ဒါကြောင့် ငါတို့အမြင်အရတော့ သူက သူလျှိုတစ်ယောက် မဟုတ်နိုင်ဘူး။”

ရွာသူကြီးကျောက်က ခေါင်းညိတ်လိုက်ပြီး ပြော၏။

“ကောင်းပြီလေ... လောလောဆယ်တော့ သူ့ကို ငါတို့ ဆက်ပြီး စောင့်ကြည့်ရတာပေါ့။ ဒါပေမဲ့ ရွှေရှန့်... မင်းအနေနဲ့ ဒီကာလအတွင်းမှာ သူ့ကို အနီးကပ် မျက်ခြည်မပြတ် စောင့်ကြည့်ပေးဖို့တော့ လိုလိမ့်မယ်။ ဘာပြဿနာမှ မဖြစ်စေချင်ဘူး။ မဟုတ်ရင် စစ်သူကြီးကို ငါတို့ ပြန်ပြီး ရှင်းပြရခက်လိမ့်မယ်။”

ထို့နောက် သူသည် ရေတစ်ငုံကို မော့သောက်လိုက်သည်။

ယခင်က ပေါ့ပေါ့ပါးပါး ရှိနေခဲ့သော လီရွှေရှန့်သည် ယခုအခါတွင်မူ မတ်တတ်ရပ်လိုက်ပြီးနောက် ပြောဆိုလာသည်။

“ဦးလေးကျောက် စိတ်ချပါ... ကျွန်တော် သူ့ကို မျက်ခြည်မပြတ် အနီးကပ် စောင့်ကြည့်ပါ့မယ်။ ဒါပေမဲ့ သူက ဘာလို့ တောင်ပေါ်ကနေ ဆင်းလာရတာလဲမသိဘူး။ အဲ့ဒီနေရာက တောနက်ကြီးလေ။ အဲ့ဒီမှာ လူတွေ နေကြလို့လား။ တောရိုင်းတိရစ္ဆာန်တွေလည်း အများကြီးရှိတာ။ သူက ဝံပုလွေတွေ ဆွဲသွားမှာ မကြောက်ဘူးလားမသိဘူး။”

သူသည် ခေါင်းကို ကုတ်ရင်း အနီးနားရှိ တောင်တန်းကြီးများဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။

အခန်းတွင်းရှိ လူအားလုံးက ရွာသူကြီးကျောက်ထံသို့ အကြည့်များ ပို့လွှတ်လိုက်ကြသည်။ ရွာသူကြီးကျောက်က ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောလာ၏။

“ဒါနဲ့... သူက စာဖတ်တတ်တယ်လို့ ပြောတယ်နော်။ တောင်ပေါ်မှာ နေထိုင်ရင်း သူ့ဆရာဆီကနေ သင်ယူခဲ့တာလည်း ဖြစ်နိုင်တာပဲ။ သူဘာကြောင့် ငါတို့ရွာကို ဆင်းလာရသလဲဆိုတာကတော့ မနက်ဖြန်ကျမှ ငါသူ့ကို မြို့ပေါ်ခေါ်သွားပြီး စုံစမ်းမေးမြန်းကြည့်ရင် သိရမှာပေါ့။”

အားလုံးက ခေါင်းညိတ်ထောက်ခံကြပြီး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ပတ်သက်၍ မိမိတို့၏ အမြင်များကို အသီးသီး ဆွေးနွေးခဲ့ကြသည်။ လူစုခွဲလိုက်ကြသည့် အချိန်တွင်မူ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်ရီပျိုးစ ပြုနေခဲ့ပြီ ဖြစ်သည်။ ရွာသားအသစ်လေး ယခုတင် ပြောင်းရွှေ့အခြေချနေထိုင်ရာ ဝင်းငယ်လေးဆီသို့ လှမ်းမျှော်ကြည့်လိုက်ရာ ထိုနေရာမှ ထမင်းဟင်းချက်ပြုတ်နေသည့် မီးခိုးငွေ့ပါးပါးလေး တရိပ်ရိပ် လွင့်ပျံတက်နေသည်ကို မြင်တွေ့လိုက်ရသည်။

မုယွီသည် အနောက်ဘက်အခန်းကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီး ယနေ့ညအတွက် ထိုနေရာ၌သာ အိပ်စက်ရန် ဆုံးဖြတ်လိုက်သည်။ နွေရာသီကာလတွင်မူ အနောက်ဘက်အခန်းက အရှေ့ဘက်အခန်းထက် ပိုမိုအေးမြ၏။ နေ့လယ်စာအဖြစ် လီရွှေရှန့် ယူဆောင်လာပေးခဲ့သော ချင်းချဉ် (ဂျင်းချဉ်) များနှင့်အတူ ဆန်ပြုတ်အေးအေး တစ်ခွက်ကိုသာ သုံးဆောင်လိုက်သည်။ ဗိုက်မဝသော်လည်း ရှိနေသော အစားအစာ အနည်းငယ်ဖြင့်သာ သူ့အ‌နေဖြင့် အောင့်အည်းပြီး တင်းတိမ်လိုက်ရ၏။ ဤအခြေအနေကို ဝိတ်ချရန် နည်းလမ်းတစ်ခုအဖြစ် သဘောထားကာ ချွေတာစားသုံးရန် ဆုံးဖြတ်လိုက်သည် ။

ထမင်းစားပြီးနောက် မုယွီက ရေချိုးရန်အတွက် ရေနွေးစတည်သည်။ မည်သို့ပင်ဆိုစေ ရေချိုးသန့်စင်ရန်က မဖြစ်မနေ လိုအပ်ပေသည်။ လတ်တလော ဖြစ်ပျက်ခဲ့သမျှသော အခြေအနေများကြောင့် သူရေမချိုးရသေးသည်မှာ နှစ်ရက်မျှ ရှိနေပြီ ဖြစ်ရုံမျှမက မနေ့ကလည်း မိုးမိခဲ့သေးသည်။ ဖျားနာခြင်း မရှိခဲ့သည်မှာ တကယ့်ကို ကံကောင်းသည်ဟု ဆိုရမည်။ ရှေးခေတ်ကာလတွင် ဖျားနာခြင်း ဝေဒနာခံစားရပါက အသက်အန္တရာယ် စိုးရိမ်ရနိုင်သည်။

ရေချိုးကန်မှာမူ သူ၏ ဝဖြိုးကြီးမားသော ခန္ဓာကိုယ်နှင့် ယှဉ်လျှင် အနည်းငယ် အဆင်မပြေချေ။ မိမိရှေ့မှောက်ရှိ သန့်ရှင်းသော ရေချိုးကန်ကို ကြည့်ရင်း နောက်မှသာ အသုံးပြုတော့မည်ဟု သူဆုံးဖြတ်လိုက်၏။ မဟုတ်ပါက ပုံပြောဖျော်ဖြေပွဲအချို့တွင် ပြက်လုံးထုတ်သကဲ့သို့ ခန္ဓာကိုယ်အထက်ပိုင်းအတွက် ရေချိုးကန်တစ်ခု၊ အောက်ပိုင်းအတွက် ရေချိုးကန်တစ်ခု သီးသန့်စီ သုံးစွဲနေရလျှင် တကယ့်ကို ကိုးရိုးကားရားနိုင်ပြီး အရှက်ရစရာ ဖြစ်လိမ့်မည်။

ထို့ကြောင့် မုယွီခမျာ ရေနွေးဖြင့်သာ ခန္ဓာကိုယ်အနှံ့ကို သေသေချာချာ သန့်ရှင်းရန် ဆုံးဖြတ်လိုက်ရသည်။ မနက်ဖြန်တွင် ငွေကြေးရှာဖွေနိုင်မည့် နည်းလမ်းတစ်ခုခု တွေ့ရှိခဲ့ပါက ပိုမိုကြီးမားသော ရေချိုးကန်တစ်ခုကို မှာယူရမည်။ မဟုတ်ပါက ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ရန် အချိန်အတော်ကြာ စောင့်ဆိုင်းနေရလိမ့်မည်။

ခန္ဓာကိုယ်ကို ခေတ္တမျှ သန့်ရှင်းပြီးနောက်မှ အနောက်ဘက်အခန်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ မနက်ဖြန်မှသာ အရှေ့ဘက်အခန်းကို သန့်ရှင်းရေးလုပ်ရန် အစီအစဉ်ချလိုက်၏။ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခဲ့ရသော်လည်း မိမိ၏ ပိုင်ဆိုင်မှု ပစ္စည်းများကို စနစ်တကျ ပြန်လည်စီစဉ်ရန် လိုအပ်နေသေးသည်။ မုယွီ သူ၏ ကျောပိုးအိတ်ကို ဖွင့်ကာ ပစ္စည်းများကို စစ်ဆေးကြည့်ရှုလိုက်၏။

လဲလှယ်ဝတ်ဆင်မည့် အဝတ်အစားများနှင့် တစ်ကိုယ်ရေသုံး ပစ္စည်းအချို့အပြင် စစ်စိမ်းရောင် အိပ်ရာခင်းတစ်ခု၊ လျှပ်စစ်ပစ္စည်းအချို့၊ တောင်ပေါ်မှ ဆွတ်ခူးလာခဲ့သော တောသီးနှံအချို့နှင့် အခန်းဖော်များက ဆွစ်ဇာလန်ခရီးစဉ်အတွင်း အမှတ်တရလက်ဆောင်အဖြစ် ပေးခဲ့သော ခေါက်ဓားတစ်လက်တို့ ပါဝင်သည်။ ထို့အပြင် ပြင်ပအရောင်းဆိုင်မှ ဝယ်ယူထားခဲ့ပြီး တက္ကသိုလ်တက်ခွင့်ရသည့် အထိမ်းအမှတ်အဖြစ် မိမိကိုယ်ကိုယ် ဂုဏ်ပြုဆုချထားခဲ့သော မီးခြစ်တစ်လုံးနှင့် ရေသန့်ဘူး နှစ်ဘူးတို့လည်း ရှိနေသေးသည်။

ငွေကြေးအဖြစ် လဲလှယ်နိုင်မည့် တန်ဖိုးရှိသော ပစ္စည်းဟူ၍ ဘာတစ်ခုမျှ မရှိသည်ကို သူသတိပြုမိလိုက်၏။ ရွာသားများထံမှ လက်ခံရရှိထားသော ပစ္စည်းများကို တွေးတောမိသည့်အခါ သူတို့အား ပြန်လည်ပေးဆပ်ရမည်ဟု သူနားလည်သည်။ မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့ရသူ ဖြစ်သော်လည်း မုယွီသည် ကျေးဇူးတရားကို သိတတ်ခြင်းနှင့် ကူညီစောင့်ရှောက်မှုများကို ပြန်လည်ပေးဆပ်ခြင်းတို့၏ အရေးကြီးပုံကို ကောင်းမွန်စွာ နားလည်ထား၏။

မုယွီက ပစ္စည်းအားလုံးကို အခန်းတွင်းရှိ ပျက်စီးယိုယွင်းနေသည့် တစ်ခုတည်းသော ဗီရိုအိုကြီးထဲသို့ ထည့်သွင်းကာ သိမ်းဆည်းလိုက်သည်။ ငွေကြေးအဆင်ပြေလာသည့် အခါကျမှသာ ပိုမိုကောင်းမွန်သော ဗီရိုတစ်ခုကို ဝယ်ယူရန် စိတ်ကူးထားသည်။ လောလောဆယ်ရှိနေသော ဗီရိုမှာ တကယ့်ကို ဟောင်းနွမ်းလွန်းပြီး အခန်းတွင်းရှိ အသုံးအဆောင်များမှာလည်း ချို့တဲ့နေသည်။ ခုတင်ပေါ်တွင်လည်း ဟောင်းနွမ်းနေသော ကောက်ရိုးဖျာတစ်ချပ်သာ ရှိ၏။ လောလောဆယ်တွင် သူ၏အဓိက လိုအပ်ချက်မှာ ခိုလှုံနေထိုင်စရာ နေရာတစ်ခုသာ ဖြစ်သဖြင့် အခြားသောအရာများကိုမူ နောက်မှသာ ဖြေရှင်းတော့မည်။

အသက်ရှင်သန် ရပ်တည်ရေးအတွက် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် မိမိကိုယ်ကိုယ် သနားကရုဏာ သက်နေရန်အတွက် သူ့တွင် အချိန်မရှိပေ။ ယခင်ဘဝကလည်း သူ့တွင် အိုးအိမ်ဟူ၍ မရှိခဲ့ဘဲ ကျောင်းတွင်သာ နေထိုင်ခဲ့ရကာ ကျောင်းပိတ်ရက် ရှည်လျားသည့် အချိန်များတွင်မူ သဘောကောင်းသော လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကြီး၏ ကူညီစောင့်ရှောက်မှုဖြင့်သာ ခိုလှုံနေထိုင်ခဲ့ရခြင်း ဖြစ်သည်။ စည်ကားသော မြို့တော်ကြီးတွင် အိမ်တစ်လုံး ဝယ်ယူရန် သူမတတ်နိုင်ခဲ့ဘဲ ကျေးဇူးဆပ်သည့်အနေဖြင့် မိဘမဲ့ဂေဟာသို့ နှစ်စဉ်နှစ်တိုင်း ငွေကြေးအချို့ကိုသာ ပေးပို့လှူဒါန်းနိုင်ခဲ့သည်။ ထိုအရာကပင် သူ့အတွက် တော်တော်လေး များပြားသော ပမာဏ ဖြစ်ခဲ့ရသည်။

ယခုအခါ ဤရွာငယ်လေးအတွင်း၌ သူသည် ခိုလှုံနေထိုင်စရာ နေရာတစ်ခု ရရှိခဲ့ရုံမျှမက ရွာသားများက ကျွေးမွေးသော အစားအစာများကိုလည်း ရရှိထားခဲ့ပြီဖြစ်ရာ ယခုထက်ပို၍ ဘာမျှ မမျှော်လင့်ရဲတော့ပေ။ ဤစိမ်းသက်သော နေရာဒေသတွင် အနည်းငယ် တစ်ကိုယ်တည်း အထီးကျန်သည်ဆိုလျှင်ပင် ဘဝကို အလေးအနက်ထား၍ အကောင်းဆုံး ရှင်သန်သွားမည်ဟု မုယွီ၏စိတ်ထဲ၌ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။

စိတ်ပိုင်းဖြတ်ပြီးနောက် သူက ခြံတံခါးကို စစ်ဆေးလိုက်ပြီး အနီးနားရှိ အိမ်ခြေများကို ဝေ့ဝဲကြည့်လိုက်သည်။ အချို့သောအိမ်များတွင် မီးလင်းနေသော်လည်း အချို့မှာမူ ဆီဖိုးချွေတာရန်အတွက် ဖြစ်နိုင်သဖြင့် မီးမှိတ်ထားကြသည်။ သို့သော် ထိုအရာက သူနှင့် မသက်ဆိုင်ပေ။

ထို့နောက် သူသည် အိမ်ထဲသို့ ဝင်ရောက်ကာ တံခါးကို သေသေချာချာ ပိတ်လိုက်ပြီး ငွေကြေးအဆင်ပြေလာသည့် အခါကျမှသာ ကလန့်ပါဝင်သော ပိုမိုကောင်းမွန်သည့် သော့ခလောက်တစ်ခု ဝယ်ယူရန် တွေးတောမိသည်။ လောလောဆယ်ရှိနေသော သော့မှာ မခိုင်ခံ့ဘဲ ဓားနှင့် ထိုးဖွင့်လျှင်ပင် ပွင့်သွားနိုင်သဖြင့် သူခိုးများ အလွယ်တကူ ဝင်ရောက်နိုင်သည်။ ဘေးကင်းလုံခြုံစေရန်အတွက် သူသည် အိမ်အတွင်းရှိ ကျောက်တုံးအချို့ကို ရွှေ့ပြောင်းကာ တံခါးဝတွင် ကန့်လန့်ဖြတ် ပိတ်ဆို့ထားလိုက်သည်။

လုံခြုံမှုရှိပြီဟု ခံစားရသည်တွင်မှသာ မုယွီ အိပ်ရာဝင်ခဲ့သည်။ သို့သော် ချက်ချင်း အိပ်မပျော်နိုင်ဘဲ မနက်ဖြန် မြို့ပေါ်သို့ ရောက်ရှိသည့်အခါ ငွေကြေးအချို့ ရှာဖွေနိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေမိသေး၏။ နောက်ဆုံးတွင်တော့ မုယွီသည် ယခင်အလုပ်ဟောင်းဖြစ်သော ပုံပြောခြင်းအတတ်ပညာဖြင့်သာ အသက်မွေးရန် ဆုံးဖြတ်လိုက်၏။ သူ၏ လောလောဆယ် ခန္ဓာကိုယ်အခြေအနေနှင့်ဆိုလျှင် ထိုအလုပ်က ငွေရှာရန် အလွယ်ကူဆုံး နည်းလမ်းတစ်ခုပင်။

ကိုယ်အလေးချိန် အနည်းငယ်မျှ ကျဆင်းသွားသည့် အခါကျမှသာ အခြားသော ရွေးချယ်စရာများကို ထပ်မံစဉ်းစားတော့မည်။ ကြိုးပမ်းကြည့်ရသည်က ထိုက်တန်ပေသည်။ တစ်နေ့နေ့တွင် မိမိ၏ ယခင်ဘဝသို့ ပြန်လည်ရောက်ရှိနိုင်မလားဟူ၍ မျှော်လင့်မိသော်လည်း ထိုသို့ဖြစ်ရန်မှာမူ မဖြစ်နိုင်သလောက်ပင်။

အဆုံးတွင် မုယွီသည် တဖြည်းဖြည်းနှင့် အိပ်မက်ကမ္ဘာသို့ လွင့်ပျံသွားခဲ့သည်။ သူအိပ်ပျော်နေရာမှ ပြန်လည်နိုးလာချိန်တွင် အချိန်တော်တော်လေး လင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ လက်ပတ်နာရီပေါ်ရှိ နာရီလက်တံမှာ ခုနစ်နာရီကျော်သို့ ညွှန်ပြနေခဲ့ပေပြီ။ မုယွီတစ်ယောက် အလျင်အမြန် ထထိုင်ကာ အဝတ်အစားများ လဲလှယ်ဝတ်ဆင်လိုက်ပြီးနောက် ဆန်ပြုတ်အေးအေးဖြင့် မနက်စာအား ရိုးရိုးရှင်းရှင်း ဗိုက်ဖြည့်လိုက်သည်။

ထို့နောက် ကျောပိုးအိတ်ကို ပြင်ဆင်ကာ ရွာသူကြီးကို ရှာဖွေရန် ထွက်ခွာခဲ့သည်။ အိမ်တွင်း၌ သူ၏ ပိုင်ဆိုင်မှုပစ္စည်းအားလုံး ရှိနေသဖြင့် မထွက်ခွာမီတွင် တံခါးကိုလည်း သေသေချာချာ သော့ခတ်ခဲ့သည်။

ရွာသူကြီး၏ အိမ်သို့ သူရောက်သွားချိန်တွင် သူတို့သည် သူ့ကို ကြိုတင်၍ စောင့်ဆိုင်းနေကြပြီ ဖြစ်၏။ လီရွှေရှန့်လည်း ထိုနေရာတွင် ရှိနေခဲ့ပြီး မုယွီကို မြင်သည်၌ မြင်းလှည်းဖြင့် မြို့ပေါ်သို့ လိုက်ပါပို့ဆောင်ရန် ပြင်ဆင်ကြသည်။ ခရီးလမ်းမှာ ဆယ်မိုင်ခန့်မျှ ကွာဝေး၏။

မုယွီကက မြင်းလှည်းပေါ်သို့ တက်ခါနီးတွင် ခပ်တိုးတိုး ပြောလိုက်သည်။

“အစ်ကိုရွှေရှန့်... ကျွန်တော် လမ်းပဲ လျှောက်လိုက်ပါ့မယ်ဗျာ။ ကျွန်တော့်ကိုယ်လုံးနဲ့ဆိုရင် လှည်းမှောက်သွားနိုင်တယ်။ ကျွန်တော် အစ်ကိုတို့နဲ့အတူ ဘေးကနေပဲ လမ်းလျှောက်လိုက်တာက ပိုပြီး အဆင်ပြေလိမ့်မယ်။”

မုယွီမှာ စကားပြောနေရင်းမှ အားနာတကြီးဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။ ခေတ်မီကားများနှင့် မတူဘဲ ဤအရာမှာ မြင်းလှည်းဖြစ်ခြင်းကြောင့် မြင်းကို ပင်ပန်းနွမ်းနယ်စေခဲ့ပါက သူ့တွင် ပြန်လည်ပေးဆပ်ရန် ငွေကြေးမရှိပေ။

***

Aurora Novel Translation Team

အပိုင်း (၃.၂) - အိမ်ထောင်စုစာရင်းသွင်းခြင်း (၂)

လီရွှေရှန့်နှင့် ရွာသူကြီးတို့သည် သူ၏ အားနာနေသော အမူအရာကို မြင်တွေ့ရသည်တွင် ပြောဆိုလာကြသည်။

“ဟုတ်သား... ငါ အဲ့ဒီအချက်ကို မေ့သွားမိတာပဲ။ ခဏလောက် စောင့်ဦး။ ငါ တခြားမြင်းတစ်ကောင် သွားခေါ်လိုက်မယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။”

ထို့နောက် သူသည် အနီးနားရှိ အိမ်တစ်အိမ်သို့ အပြေးအလွှား သွားရောက်ကာ အော်ဟစ်လိုက်သည်။

“အာဟု... မင်းအဖေ ဘယ်သွားလဲ။”

ခြံဝင်းအတွင်း၌ ဆော့ကစားနေသော ကလေးငယ်က ထွက်လာပြီး ပြောသည်။

“အဖေ မြင်းကျောင်းသွားတယ်လေ။ ဦးလေးရွှေရှန့်... ဘာကိစ္စရှိလို့လဲဗျ။”

“မင်းအဖေကို မြန်မြန်ပြန်လာခဲ့ပြီး မြင်းပါခေါ်လာခဲ့ဖို့ ပြောလိုက်ဦး။ ငါ အရေးတကြီး လိုချင်လို့။ နောင်ကျရင် မင်းအတွက် သကြားလုံး ဝယ်ပေးမယ် ဟုတ်ပြီလား။”

သူသည် အာဟု၏ခေါင်းကို ပုတ်ကာ ကလေး၏အဖေဖြစ်သူ လျူတာရှန်းကို သွားရောက်ရှာဖွေရန် တိုက်တွန်းလိုက်၏။

အာဟုက အလျင်အမြန် ထွက်ပြေးသွားသည်။ သကြားလုံးဟူသော အရာက ကလေးငယ်အတွက် အလွန်ပင် ဆွဲဆောင်မှုရှိပေသည်။

မုယွီသည် သကြားလုံးဟူသော စကားကို ကြားလိုက်ရချိန်တွင် အကြံတစ်ခု ရသွားသည်။ ပထမဆုံးသော ဝင်ငွေရရန်အတွက် သကြားလုံးပြုလုပ်နည်းတစ်ခုကို သူရောင်းချနိုင်သည်။ ထိုမှတစ်ပါး အခြားဝင်ငွေရမည့် လမ်းစလည်း သူ့လက်ထဲတွင် မရှိပေ။ ပထမဆုံး အမြတ်ငွေရရန်မှာ အလွန်အရေးကြီးသည်။ မည်သည့်နေရာတွင်မဆို ငွေရှာရခြင်းမှာ ခက်ခဲပြီး ရှေးခေတ်တွင်မူ ပို၍ပင် ခက်ခဲလိမ့်မည်။

သူသိထားသော သကြားလုံးလုပ်နည်းမှာ မိဘမဲ့ဂေဟာ၌ နေစဉ်က သင်ယူခဲ့ခြင်း ဖြစ်သည်။ မုယွီလေးသည် သကြားလုံးစက်ရုံတွင် အလုပ်လုပ်ပြီး သကြားလုံးများကို စိတ်ကြိုက်စားချင်ခဲ့ဖူးသည်။ နောက်ပိုင်းတွင် စက်ရုံအလုပ်သမားတိုင်း သကြားလုံး မစားရသည်ကို သိသွားသည်တွင် လုပ်နည်းများကို မှတ်သားထားပြီး ပွဲတော်ရက်များတွင် မိဘမဲ့ကလေးများအတွက် သူကိုယ်တိုင် သကြားလုံးလုပ်ပေးခဲ့ဖူးသည်။ မိမိကိုယ်တိုင်လုပ်သော သကြားလုံးကို စားရသည့် အရသာမှာ ဘာနှင့်မျှ မလဲနိုင်ပေ။

မုယွီက စိတ်ပိုင်းဖြတ်လိုက်ပြီး တွန့်ဆုတ်မနေတော့ပေ။ မကြာမီအချိန်အတွင်းမှာပင် အာဟုသည် မြင်းတစ်ကောင်ကို စီးနင်းလာသော ယောက်ျားတစ်ယောက်နှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။ လျူတာရှန်းသည် အစပိုင်းတွင် မြင်းကို ငှားရမ်းရန် တုံ့ဆိုင်းနေခဲ့သော်လည်း ရွှေရှန့်ကို အသုံးပြုခွင့်ပေးရန် သဘောတူလိုက်ပြီး ဤမြင်းမှာ စစ်မြင်းတစ်ကောင်ဖြစ်ခြင်းကြောင့် သေသေချာချာ ဂရုစိုက်ရန် သတိပေးလိုက်သည်။

လီရွှေရှန့်က သူ့ကို တစ်ချက်စိုက်ကြည့်လိုက်သော်လည်း ဘာမျှမပြောဘဲ မြင်းကိုလှည်းတွင် အလျင်အမြန် တပ်ကာ မုယွီကို နေရာချပေးလိုက်သည်။ မကြာမီတွင် စစ်မြင်း၏ အရှိန်ဖြင့် မြင်းလှည်းကလေးမှာ အဝေးသို့ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင် အာဟုနှင့် သူ့အဖေတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ အာဟုက ပြောလာသည်။

“အဖေ... အဖေ တစ်ခုခုတော့ လုပ်ဦးမှ ဖြစ်မယ်နော်။ ဦးလေးရွှေရှန့်က အဲ့ဒီလူသစ်လေးအပေါ်ကို တရူးတမူး စိတ်ဝင်စားနေတာ။ တကယ်လို့ အဖေသာ ဘာမှမလုပ်ရင် ဦးလေးရွှေရှန့်က သူ့ကိုပဲ လက်ထပ်သွားလိမ့်မယ်။ အဲ့ဒါဆိုရင် ကျွန်တော့်အတွက် အဖေအသစ်တစ်ယောက် ဘယ်ကနေ သွားရှာရတော့မလဲ။ အဖေက တကယ်ကို အသုံးမကျဘူး။”

လျူတာရှန်းသည် သားဖြစ်သူ၏ စကားကြောင့် သိက္ခာကျသွားသလို ခံစားရသဖြင့် ဒေါသတကြီး ရယ်မောလိုက်သည်။

“စိတ်မပူပါနဲ့ အာဟုရယ်... ရွှေရှန့်က သူ့ကို လက်ထပ်မှာ မဟုတ်ပါဘူး။ မင်းရဲ့ အဖေအသစ် ရောက်လာမယ့် အချိန်ကိုသာ စောင့်နေလိုက်စမ်းပါ။”

အာဟု၏ မျက်ဝန်းများက ဝင်းပသွားရပြီး အလေးအနက် ဆိုလိုက်သည်။

“အဖေ... အဖေအသစ်ကို မြန်မြန်ရအောင် ခေါ်လာခဲ့ပေးနော်။ ဦးလေးရွှေရှန့်ရဲ့ ဟင်းချက်လက်ရာက အဖေ့ထက် အများကြီး ပိုကောင်းတာ။”

လျူတာရှန်း၏ ကောင်းမွန်နေသော စိတ်အခြေအနေမှာ သားဖြစ်သူ၏ စကားကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရသည်။ သူက အာဟုကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ပြောလိုက်၏။

“သွားစမ်း... ငါ ဒီနေ့ ထမင်းဟင်း ချက်မှာမဟုတ်ဘူး။ ရွှေရှန့် ပြန်လာပြီး မင်းကို ဟင်းချက်ကျွေးမယ့် အချိန်အထိသာ ထိုင်စောင့်နေလိုက်တော့။”

ဘေးနားရှိ ရွာသူကြီးအိမ်မှ သက်ကြီးရွယ်အို ကောအာကြီးသည် သားအဖနှစ်ဦး ခြံဝင်းတံခါးဝတွင် ပြောဆိုနေကြသည့် စကားများကို ကြားရသည်တွင် အလွန်အမင်း ရယ်ချင်မိသွားသဖြင့် လူးလှိမ့်မိလုနီးပါး ဖြစ်သွားရသည်။ ဤကလေးငယ်သည် အဘယ်ကြောင့် ဤမျှလောက်အထိ ရယ်စရာ ကောင်းနေရသနည်း။

နှမြောစရာကောင်းသည်မှာ ထိုကောအာဝတုတ်လေးကို မမြင်တွေ့လိုက်ရခြင်းပင်။ သူက မြစ်ဆိပ်သို့ အဝတ်အထည်များ သွားရောက်လျှော်ဖွတ်နေပြီး ပြန်ရောက်ခါစတွင် ထိုသူတို့က ထွက်ခွာသွားကြခြင်း ဖြစ်သည်။ မနေ့ကလည်း ထိုကလေးကို သူမတွေ့လိုက်ရပေ။

မုယွီနှင့် ရွာသူကြီးတို့သည် ရွာပြင်သို့ ထွက်ခွာခဲ့ကြသည်။ မြင်းလှည်းမှာ အလွန်လျင်မြန်စွာ ပြေးလွှားနေခဲ့၏။ ၎င်းမှာ တကယ်ကို အနားယူထားသော စစ်မြင်းဟောင်းတစ်ကောင် ဖြစ်ပေသည်။ စစ်မြေပြင်ပေါ်မှာကဲ့သို့ အဟုန်မျိုး မရှိတော့သော်လည်း သာမန်ထက် မြန်ဆန်သည်။ မုယွီက လှည်း၏ ညာဘက်လက်ရန်းပေါ်တွင် ထိုင်နေရင်းမှ ပြောလိုက်သည်။

“ဒီမြင်းက တကယ်ကို မြန်တာပဲနော်။”

လီရွှေရှန့်က ပြောလာ၏။

“ဟုတ်တယ်။ ဒါတွေက မြင်းကောင်းတွေချည်းပဲ။”

ရွာသူကြီးသည် မုယွီနှင့်အတူ စကားစမြည် ပြောဆိုလာခဲ့သည်။ သူသည် မုယွီ၏ အကြောင်းအရာတချို့ကို အနည်းငယ် သိရှိထားခဲ့ပြီ ဖြစ်၏။ မုယွီသည် သူ၏ဆရာကြီးနှင့်အတူ တောင်ပေါ်တွင် နေထိုင်ခဲ့ရသည်။ သူအဘယ်ကြောင့် ဆံပင်တိုနေရသနည်းဟူသော အချက်နှင့် ပတ်သက်၍ တောင်ပေါ်တွင် လူနေမှုဘဝ ခက်ခဲကြမ်းတမ်းသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ အဝတ်လျှော် ဆပ်ပြာမှုန့်များ မရှိသဖြင့် တောင်အောက်သို့ ဆင်းကာ ပစ္စည်းချင်း လဲလှယ်ရလေ့ရှိရာ အဆင်ပြေစေရန်အတွက် ဆံပင်ကို ခပ်တိုတို ဖြတ်တောက်ထားခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့ကို မည်သူမျှ မြင်တွေ့နိုင်ခြင်း မရှိပေ။

သို့သော်လည်း လွန်ခဲ့သော ကာလအပိုင်းအခြားတစ်ခုက သူ့ဆရာကြီးသည် ရုတ်တရက် ပြင်းထန်သော ရောဂါဝေဒနာကို ခံစားခဲ့ရသည်။ ခေတ္တမျှ ငိုက်မျဉ်းအိပ်စက်လိုက်ပြီးနောက် နောက်တစ်နေ့ နိုးလာသည်တွင်တွင်မူ ဆရာကြီးသည် ခုတင်ပေါ်၌ သေဆုံးနေခဲ့ပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ အဆုံးတွင် သူသည် ဆရာကြီး၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ပေးခဲ့ရသည်။

ဆရာကြီး မရှိတော့သည့်နောက်ပိုင်းတွင် တောင်အောက်သို့ ဆင်းကာ ရှင်သန်နေထိုင်ရန် စဉ်းစားခဲ့ရသည်ဟု မုယွီက လီဆယ်လိုက်၏။ မည်သို့ပင်ဆိုစေကာမူ တောင်ပေါ်တွင် တစ်ကိုယ်တည်း ဆက်လက်နေထိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။ အထီးကျန်ခြင်းအပြင်၊ ဆရာကြီး ရှိစဉ်ကမူ သားကောင်များကို အမဲလိုက်ခြင်းဖြင့် အသက်မွေးနိုင်ခဲ့သော်လည်း ယခုအခါတွင် တစ်ဦးတည်း ကျန်ရစ်ခဲ့သဖြင့် ထိုသို့လုပ်ဆောင်ရန် မဖြစ်နိုင်တော့ချေ။ သူ့တွင် ထိုသို့သော စွမ်းဆောင်ရည်မျိုး မရှိသလို သူ့ခန္ဓာကိုယ် အခြေအနေကလည်း အမဲလိုက်ရန် ခွင့်မပြု။

သူ့အနေဖြင့် သားကောင်များကို ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးရန် မဆိုထားနှင့်၊ တောရိုင်းတိရစ္ဆာန်များ၏ ဝါးမျိုခြင်းကို ခံရမည့် သားကောင်အဖြစ်သို့ပါ ပြောင်းလဲသွားနိုင်သည်။ အဆုံးတွင်တော့ ဝတုတ်လေးမှာ အသုံးအဆောင် ပစ္စည်းများကို ထုပ်ပိုးကာ တောင်အောက်သို့ ဆင်းလာခဲ့ရသည်။ ရလဒ်အနေဖြင့် တောင်ပေါ်မှ လိမ့်ကျခဲ့သဖြင့် ပိုင်ဆိုင်မှု ပစ္စည်းအများစုမှာ တောင်အောက်ရှိ မည်သည့်နေရာသို့ ဖိတ်စဉ်ပျောက်ကွယ်သွားမှန်း မသိရတော့ပေ။ အဆုံးတွင်မူ ကျန်ရှိနေသော ပစ္စည်းအနည်းငယ်ဖြင့်သာ တောင်အောက်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ရွာသူကြီးကျောက်သည် ဤစကားများကို နားထောင်ပြီးနောက် ဤအကြောင်းအရာများသည် အမှန်၊ အမှားဖြစ်စေကာမူ လောလောဆယ်တွင် ဤကလေး၌ မကောင်းသော ရည်ရွယ်ချက် ရှိနေသည်ဟု မယူဆနိုင်သဖြင့် ရွာအတွင်း၌ ခေတ္တမျှ ဆက်လက်နေထိုင်ခွင့်ပြုရန် ဆုံးဖြတ်လိုက်သည်။ မြို့ပေါ်သို့ ရောက်ရှိသွားသည်တွင် သူတို့သည် ရုံးတော်သို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့ကြပြီး အိမ်ထောင်စုစာရင်း တာဝန်ခံစာရေးနှင့် တွေ့ဆုံခဲ့ကြသည်။

သူသည် မုယွီကို အိမ်ထောင်စုစာရင်း သွင်းပေးခဲ့ပြီး မုယွီ၏ အထောက်အထားကိုမူ ကောအာလေးတစ်ယောက်အဖြစ် တိုက်ရိုက်ပင် သတ်မှတ်ပေးလိုက်သည်။ သို့သော်လည်း မုယွီကမူ ထိုအရာကို အာရုံမစိုက်မိခဲ့ချေ။ အိမ်ထောင်စုစာရင်း ရရှိရန်သာ အဓိကဟု တွေးတောထားခဲ့ပြီး အခြားသောအရာများကို အလေးအနက် မထားမိခဲ့ပေ။

ထို့ကြောင့် ဤကိစ္စရပ်များသည် နောင်တစ်ချိန်တွင် ဖြစ်ပျက်လာမည့် အကျိုးရလဒ်များ ဖြစ်လာခဲ့ရသည်။ ထိုအချိန်ကျမှသာ သူသည် ယနေ့တွင် အိမ်ထောင်စုစာရင်းကို သေသေချာချာ မကြည့်ရှုခဲ့မိခြင်းအတွက် တကယ့်ကို နောင်တကြီးစွာ ရရှိခဲ့ရသည်။ သို့မဟုတ်ပါက ထိုယောက်ျားထံမှ ခုတင်ထက်သို့ ဖိချခြင်းကို ခံရလိမ့်မည်မဟုတ်ပေ။

သို့သော်ငြား ၎င်းမှာ နောက်ပိုင်းမှ ဖြစ်လာမည့် ဇာတ်လမ်းတစ်ပုဒ်ပင်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment