အပိုင်း (၂.၁) - ခရီးဦးစပြုချိန်
မုယွီ သတိပြန်လည်လာသောအခါ ဆူညံပွက်လောရိုက်နေသည့် ကြက်တွန်သံများနှင့် ခွေးဟောင်သံများကြောင့် နိုးထလာခဲ့သည်။ သူက ခေါင်းကို ဖွဖွလေး ပွတ်လိုက်ရင်း ထထိုင်ကာ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ ဂူအပြင်ဘက်တွင် မိုးတိတ်သွားခဲ့ပြီဖြစ်ပြီး ရှေ့မှောက်ရှိ သစ်ပင်ကြီးများသည် ယခင်အတိုင်းပင် ရှိနေသော်လည်း အနည်းငယ် ပိုမိုသန်မာကာ ထွားကျိုင်းနေသယောင်။
ခွေးဟောင်သံများက အနီးနားမှ ထွက်ပေါ်လာသည်ဟု ခံစားရသဖြင့် မုယွီတစ်ယောက် မိမိနှင့် အတူပါလာသော ပစ္စည်းများကို အလျင်အမြန် ထုပ်ပိုးကာ ဂူပြင်ပသို့ ထွက်လိုက်ပြီး ထိုအသံလာရာနောက်သို့ ဦးတည်လိုက်သည်။ မည်သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရပါစေ ကယ်ဆယ်ရေးအဖွဲ့ကို ထိုင်စောင့်နေမည့်အစား တောင်အောက်သို့ ဆင်းကာ လူသူရှိမည့်နေရာကို ရှာဖွေခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။ မည်သို့ဆိုစေကာမူ သူ့ခန္ဓာကိုယ်က အနည်းငယ် ဝဖြိုးနေခဲ့လျှင်ပင် သူသည် ယောက်ျားတစ်ယောက်ဖြစ်ပြီး မိမိကိုယ်ကိုယ်သာ အားကိုးချင်သူ ဖြစ်၏။
တောအုပ်ကို ခက်ခဲခဲခဲ ဖြတ်သန်းကျော်လွန်ပြီးနောက် သစ်တော၏ အစွန်အဖျားသို့ ရောက်ရှိလာခဲ့ရာ မုယွီက တောင်အောက်သို့ ငုံ့ကြည့်လိုက်မိပြီး ပြဿနာတစ်ခု ရှိနေကြောင်း ရုတ်တရက် သတိပြုမိသွားတော့သည်။
“ငါ ဘယ်နေရာကို ရောက်နေတာလဲ။”
မုယွီတစ်ယောက် ဝေခွဲမရ ဖြစ်သွားသည်မှာ ဆန်းကြယ်လှသည်တော့ မဟုတ်ပေ။
သူ့ရှေ့မှောက်၌ မြင်တွေ့နေရသော မြင်ကွင်းများသည် လက်တွေ့ကမ္ဘာတွင် သူ မြင်တွေ့ခဲ့ဖူးသမျှသော ကျေးရွာများနှင့် လုံးဝကို ကွဲပြားခြားနားနေသောကြောင့် ဖြစ်သည်။ စိုက်ပျိုးခင်းများ ဖြစ်ထွန်းအောင်မြင်နေသည့် ကျေးလက်ဒေသတစ်ခု ဖြစ်ရုံမျှမက ရွာအတွင်းရှိ အိမ်ခြေများသည်လည်း သူရိုးအီနေအောင် မြင်တွေ့ဖူးသည့် အိမ်များနှင့် မတူဘဲ ကွဲပြားလွန်းလှ၏။
ထိုအိမ်များသည် တီဗီ သို့မဟုတ် သမိုင်းစာအုပ်များထဲတွင်သာ မြင်တွေ့ဖူးသည့် လွန်ခဲ့သော ခေတ်ဟောင်းကာလတစ်ခုဆီမှ အဆောက်အအုံများသဖွယ် ဖြစ်နေသည်။ ယဉ်ကျေးမှုအရ စိတ်ဝင်စားဖွယ်ကောင်းပြီး ရှေးဟောင်းအငွေ့အသက်များ ရှိနေခြင်းကြောင့် ဤနေရာကို ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် သီးသန့် ဆောက်လုပ်ထားခြင်းများလားဟုပင် သူတွေးလိုက်မိသည်။
သို့သော်လည်း လောလောဆယ်တွင် အဓိက အရေးကြီးဆုံး အချက်မှာ လူသူရှာဖွေရန်ဖြစ်၏။ အခြေအနေကို စုံစမ်းသိရှိနိုင်ရန် ဝိတ်ချစခန်းသို့ ဆက်သွယ်ရမည်။ ထိုနေရာတွင် ဖြစ်ပျက်နေသည်များအား သူမသိရသေးသလို အခြားသူများကလည်း သူ့ကို လိုက်လံရှာဖွေနေကြလိမ့်မည်။
မိုးရေစိုစွတ်နေသော တောင်ပတ်လမ်းအတိုင်း လျှောက်လှမ်းရခြင်းမှာ အလွန် ပင်ပန်းလှသည်။ လမ်းခရီးက ရွှံ့ဗွက်ထူသလို သယ်ဆောင်လာသော ပစ္စည်းများကလည်း လေးလံလှသည်။ မုယွီက မနေ့က ဝတ်ဆင်ထားခဲ့သော အဝတ်ဟောင်းများကို ပလတ်စတစ်အိတ်တစ်ခုထဲသို့ ထည့်ထား၏။ ထိုအရာများသည် သူ၏ပိုင်ဆိုင်မှုများဖြစ်သည်။ ဝတ်ချစခန်းသို့ ပြန်ရောက်သည့်အခါ အဝတ်အသစ်များ ထပ်မံဝယ်ယူရမည်ကို စိုးရိမ်သဖြင့် ၎င်းတို့ကို လွယ်လွယ်နှင့် လက်မလွှတ်ရန် ဆုံးဖြတ်ထားသည်။
ဤဖြစ်ရပ် ဖြစ်ပွားပြီးနောက်ပိုင်းတွင် ဝိတ်ချစခန်းက ဆက်လက်ရှိနေဦးမည်လား ဆိုသည်ကိုတော့ သူမသေချာချေ။ လေ့ကျင့်ခန်းများ ပြန်လည်မစတင်မီ ရက်အနည်းငယ်မျှ ကြာမြင့်နိုင်ပေသည်။
တောင်ခြေသို့ ရောက်ရှိသောအခါ သူသည် ထူးဆန်းသော အချက်အလက်အချို့ကို သတိပြုမိလာသည်။ အလွန်ခေတ်နောက်ကျသော ဒေသများတွင်ပင် ယခုခေတ်၌ လယ်ထွန်ရန်အတွက် နွားများကို အသုံးပြုကြတော့မည် မဟုတ်ချေ။ ထို့အပြင် အချို့သောအိမ်များ၏ တံခါးအဟများကြားမှ လူအချို့သည် ရေတွင်းထဲမှ ရေကို ခပ်ယူရန် မောင်းတံနှင့် စက်သီးများကို သုံးစွဲနေကြဆဲဖြစ်ကြောင်း မုယွီ မြင်တွေ့ခဲ့ရသည်။
ထိုသို့သော လုပ်ဆောင်ချက်မျိုးမှာ ဟွာကော်တွင် တွေ့ရခဲလှ၏။ ရေပိုက်လိုင်း မရှိသည့် ဒေသများတွင်ပင် ရေတွင်းရေကို ရေစုပ်စက်ဖြင့်သာ မောင်းတင်လေ့ရှိကြသည်။
သူ မည်သည့်နေရာသို့ ရောက်ရှိနေပါသနည်း။
ဤနေရာသည် ဝိတ်ချစခန်း တည်ရှိရာ ရွာငယ်လေးထက်ပင် ပိုမိုခေတ်နောက်ကျနေသယောင် ရှိသည်။ သို့သော်လည်း ဤနေရာရှိ အဆောက်အအုံများသည် ယခင်က သူတည်းခိုခဲ့ဖူးသော အိမ်များထက် သာလွန်ကောင်းမွန်နေသည်။ အိမ်များအားလုံးကို အသစ်စက်စက် ဆောက်လုပ်ထားပြီး အုတ်၊ ဘိလပ်မြေတို့ဖြင့် အများဆုံး ဖွဲ့စည်းထားကာ မိုးရွာသွန်းချိန်တွင် မိုးယိုစိမ့်ခြင်း မရှိလောက်ပေ။
လမ်းလျှောက်နေရင်း ရေငတ်သလို ခံစားလာရသဖြင့် မုယွီက ရေတစ်ခွက် တောင်းသောက်ရန်နှင့် ဤနေရာအကြောင်းကို စုံစမ်းမေးမြန်းရန် အိမ်တစ်အိမ်၏ တံခါးကို ခေါက်လိုက်သည်။ သူ၏လက်ကိုင်ဖုန်းက လိုင်းမမိတော့ရာ အနီးဆုံး မြို့ပြဆီသို့ သွားရာလမ်းကို သူသိလိုသည်။ ဤနေရာတွင် သောင်တင်နေ၍ မဖြစ်ပေ။ ဝိတ်ချစခန်းမှ လူများသာ သူ့အတွက် လူပျောက်တိုင်ချက် ဖွင့်လှစ်လိုက်ပါက ကိစ္စအဝဝမှာ ပိုမိုရှုပ်ထွေးသွားနိုင်သည်။
ထိုခဏတွင် အနီးနားရှိ အိမ်တစ်အိမ်မှ ဓားမတစ်လက်ကို ကိုင်ဆောင်ထားသော ယောက်ျားတစ်ယောက် ထွက်လာလေသည်။ မုယွီသည် ထိုသူရှိရာသို့ အလျင်အမြန် လျှောက်လှမ်းသွားပြီးနောက် မေးမြန်းလိုက်၏။
“အစ်ကိုကြီး... ကျွန်တော့်ကို ရေတစ်ခွက်လောက် တိုက်လို့ရမလား။”
ထိုယောက်ျားသည် ရုတ်တရက် ချဉ်းကပ်လာမှုကြောင့် လန့်ဖျပ်သွားရပြီး ခပ်ကြမ်းကြမ်း အသံဖြင့် ပြောလာ၏။
“အမလေး... လန့်လိုက်တာ၊ စကားမပြောခင် အသံလေးဘာလေး ပေးလို့မရဘူးလား။ ငါက အဲ့လောက် သိပ်ကြောက်တတ်တဲ့သူ မဟုတ်ပေမဲ့ မင်းကတော့ ငါ့ကို တကယ် လန့်သွားစေတာပဲ။”
မုယွီသည် အိုးတိုးအမ်းတမ်း ဖြစ်သွားရပြီး ပျာပျာသလဲ တောင်းပန်လိုက်မိသည်။
“စိတ်မရှိပါနဲ့ အစ်ကိုကြီးရယ်... ကျွန်တော့်အမှားပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါဦး။”
သို့သော်လည်း ထိုယောက်ျား၏ ဝတ်စားဆင်ယင်ပုံမှာ အနည်းငယ် ထူးဆန်းနေသည်။
သူစိမ်းတစ်ယောက်နှင့် ငြင်းခုံနေရခြင်းမှာ အကျိုးမရှိဟု ယူဆသောကြောင့်ဖြစ်မည်၊ ထိုယောက်ျားသည် စကားအများကြီး ဆက်မပြောတော့ပေ။ သူသည် မုယွီကို ခေါင်းစခြေဆုံး အကဲခတ်သလို ကြည့်လိုက်၏။ မုယွီသည် ခန္ဓာကိုယ် အနည်းငယ် ဝဖြိုးနေသော်လည်း ဤရွာ၌ လူပျိုလူရွယ် များများစားစား မရှိဘဲ အများစုမှာ လူလွတ်များသာ ဖြစ်ကြသည်ကို သူ သတိပြုမိသွားသည်။
ရုတ်တရက်ဆိုသလို စိတ်လှုပ်ရှား တက်ကြွမှုတို့ဖြင့် ထိုယောက်ျားက ပြောလာ၏။
“ဒီမှာ ခဏစောင့်နေဦး... ငါ မင်းအတွက် ရေသွားခပ်ပေးမယ်၊ အထဲကို ဝင်ထိုင်ပါဦးလား။”
ထို့နောက် သူက တံခါးကို ဖွင့်ပေးကာ မုယွီကို ခြံဝင်းအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။
မုယွီသည် ထိုသူ၏ ရုတ်တရက်ဆန်စွာ ပြောင်းလဲသွားသော သဘောထားကြောင့် အံ့ဩသွားရပြီး အလျင်အမြန်ပင် ပြန်လည်ပြောဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ရေတစ်ခွက်ဆို ရပါပြီ။”
ညဦးပိုင်းမှစ၍ ယနေ့နံနက်ခင်းအထိ အစားအစာနှင့် ရေတစ်စက်မျှ မမြည်းစမ်းရသေးသဖြင့် မုယွီမှာ အလွန်ပင် ရေငတ်နေခဲ့သည်။ တစ်ဖက်မှ အမျိုးသား၏ စိတ်လှုပ်ရှားနေသော အမူအရာကိုမူ ဧည့်ဝတ်ကျေပွန်တတ်သည့် သဘာဝကြောင့်သာဟု သတ်မှတ်လိုက်ကာ မုယွီက အာရုံထားမနေတော့။
ထိုအမျိုးသားက အေးမြလှသော တွင်းရေတစ်ခွက်ကို ယူလာပေးသည်အား မြင်လိုက်ရသောအခါ မုယွီသည် အခြားကိစ္စရပ်တစ်ခုကို သတိပြုမိသွားပြန်သည်။ သူက ထိုသူ၏ ဝတ်စားဆင်ယင်ပုံကို အနီးကပ် သေချာကြည့်ရှုရင်း မျက်မှောင်ကြုတ်ကာ ခပ်အေးအေး မေးမြန်းလိုက်သည်။
“အစ်ကိုကြီး... ဒါက ဘယ်နေရာလဲဗျ။ အစ်ကိုတို့ရွာက အဆောက်အအုံတွေ အားလုံးက ကောင်းကောင်းမွန်မွန် ဆောက်ထားတော့ တော်တော်လေး ချမ်းသာမယ့်ပုံပဲနော်။”
ထိုလူက ပြုံးရွှင်စွာဖြင့် ပြန်ဖြေလာ၏။
“ဒီနေရာကို ခေါင်ရှန်းရွာလို့ ခေါ်တယ်။ ဒီကလူတွေက ဝီရိယရှိကြတော့ လူနေမှုဘဝက အဆင်ပြေကြတာပေါ့။ ညီလေးကရော ဘယ်ကများ လာတာလဲ။”
“အစ်ကိုကြီးရဲ့ စကားပြောသံက ဝဲနေပုံအရဆိုရင် ဒီဒေသက ဘယ်ခရိုင်ထဲမှာ ပါဝင်တာလဲဗျ။ ခရိုင်အရာရှိတွေက တော်တော်လေး သဘောကောင်းကြမှာ သေချာတယ်။ မဟုတ်ရင် အကျင့်ပျက်ခြစားတဲ့ အရာရှိတွေနဲ့ဆို အစ်ကိုကြီးတို့ ဒီလောက် ဝင်ငွေကောင်းကောင်း ရမှာမဟုတ်ဘူး။”
ထိုသို့ပြောပြီးနောက် မုယွီသည် ခွက်ထဲမှ အေးမြလှသော ရေကို ကြည့်ရင်း တုံ့ဆိုင်းခြင်းမရှိဘဲ မော့သောက်လိုက်သည်။
ထိုအမျိုးသားက တဟားဟား ရယ်မောလိုက်ပြီး ပြောလာ၏။
“ဟုတ်တာပေါ့... ငါတို့ခရိုင်ရဲ့ အရာရှိ'ဝူ'ဆိုတာ ထျန်းရှန့်မင်းဆက်မှာ နာမည်ကျော်တဲ့ အဂတိကင်းတဲ့ အရာရှိကြီးလေ။ ဧကရာဇ်မင်းမြတ်က သူ့ကို နန်းတော်ထဲအထိ ခေါ်ယူပြီး ရာထူးတိုးပေးဖို့တောင် ကြံရွယ်ခဲ့တာ။ ဒါပေမဲ့ အရာရှိဝူက ကိုယ့်ကိုယ်ကိုယ် အသက်ကြီးရင့်လှပြီလို့ ငြင်းပယ်ခဲ့ပြီး အချိန်တန်တော့ ဇာတိရပ်ရွာမှာပဲ အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက တကယ့်ကို လူကောင်းတစ်ယောက်ပဲ။"
ဤစကားကို ကြားလိုက်သောအခါ မုယွီတစ်ယောက် အခြေအနေကို သဘောပေါက်သွားပြီး မြေပြိုမှုကြီးက သူ့ကံကြမ္မာကို ပြောင်းလဲပစ်လိုက်ပြီဖြစ်ကြောင်း သိရှိသွားတော့သည်။ သူသည် သာမန်အတိုင်း အိပ်စက်ခဲ့ခြင်းသာဖြစ်ပြီး နိုးလာသောအခါတွင်မူ သမိုင်းစာမျက်နှာများတွင် မရှိခဲ့ဖူးသော ခေတ်ကာလနှင့် နေရာဒေသတစ်ခုသို့ ရောက်ရှိနေခဲ့ပြီဖြစ်ရာ ၎င်းမှာ သူ ဖတ်ရှုဖူးသည့် ကမ္ဘာကူးပြောင်းခြင်း ဝတ္ထုဇာတ်လမ်းများကဲ့သို့ပင်။
နှမြောစရာကောင်းသည်မှာ သူ၏ လတ်တလော ဝိတ်ချရန် ကြိုးပမ်းမှုများ ပြတ်တောက်သွားခဲ့ရခြင်းပင်။
သို့သော်ငြား သူ၏ ပေါင် ၁၉၀ နီးပါးရှိသော ခန္ဓာကိုယ်အလေးချိန်ကို ထောက်ထားပြီး ဘယ်နေရာသို့ရောက်ရောက် ဝိတ်ချရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။ ရှေးခေတ်လူနေမှုဘဝက ခက်ခဲကြမ်းတမ်းလှသည်ဟု သူကြားဖူးထားရာ ထိုအချက်က ဝိတ်ချရန်အတွက် အထောက်အကူ ဖြစ်စေလိမ့်မည်။ ပြန်လည်ထွက်ခွာရန် ကိစ္စကိုမူ အချိန်တန်မှသာ သူစဉ်းစားတော့မည်။ လောလောဆယ်တွင် သူ၏ အဓိကတာဝန်သည် အခြေချကာ နေထိုင်နိုင်မည့် နေရာတစ်ခု ရှာဖွေရန်ဖြစ်၏။
ရှေးခေတ်ကာလတွင် ခရီးသွားလာရန်အတွက် လမ်းခရီးသွားလာခွင့် လက်မှတ်များ လိုအပ်သည်ဟု သူကြားဖူးထားသဖြင့် အခြေချနေထိုင်ခွင့် ရရှိရေးကို အာရုံစိုက်ရပေမည်။ သူ၏ စိုးရိမ်ပူပန်မှုများနှင့် ကြောက်ရွံ့မှုများကိုမူ ယနေ့ညအတွက် အခြေချပြီးမှသာ ဖြေရှင်းတော့မည်။
မုယွီက စိတ်ပိုင်းဖြတ်လိုက်ပြီး ပြောလိုက်၏။
“အစ်ကိုကြီး... ရွာသူကြီးအိမ်ကို ဘယ်လိုသွားရမလဲဗျ။ ကျွန်တော် သူ့ကို သွားတွေ့ချင်လို့ပါ။”
ထို့နောက် သူက မတ်တတ်ထရပ်လိုက်သည်။
တစ်ဖက်မှ ရွာသားက ပြုံးရွှင်သော မျက်နှာဖြင့် အလျင်အမြန် တုံ့ပြန်လာသည်။
“ငါ မင်းကို ရွာသူကြီးဆီ လိုက်ပို့ပေးမယ်၊ သူ့ကို ဘာကိစ္စရှိလို့ တွေ့ချင်တာလဲ။”
မုယွီသည် ထိုသူနှင့် အကျွမ်းတဝင် မရှိသေးသဖြင့် မေးခွန်းများစွာ ထပ်မံမေးမြန်းရန် တုံ့ဆိုင်းနေမိသော်လည်း အဆုံးတွင်တော့ မေးမြန်းကြည့်ရန် ဆုံးဖြတ်ခဲ့သည်။
“အစ်ကိုကြီး... ရွာထဲမှာ အိမ်အလွတ်တွေရှိလားဗျ။ ကျွန်တော် ဒီမှာပဲ အခြေချ နေထိုင်ချင်လို့ပါ။”
ထိုအမျိုးသားက စိတ်လှုပ်ရှားသွားဟန်နှင့် ပြောလာ၏။
“မင်းက ဒီမှာ အခြေချချင်တာလား။ အဲ့ဒါဆို သိပ်ကောင်းတာပေါ့။ ငါတို့ဆီမှာ အိမ်အလွတ်တချို့ ရှိတယ်။ ရွာသူကြီးကိုတော့ မင်းက လာလည်တဲ့ ဆွေမျိုးတစ်ယောက်လို့သာ ပြောလိုက်။ သူက မင်းအတွက် အိမ်ထောင်စုစာရင်း အသစ်လုပ်ပေးဖို့ ကူညီပေးလိမ့်မယ်။ ငါ့အိမ်ဘေးနားတင်ပဲ အိမ်တစ်လုံးရှိတယ်၊ မင်း အဲ့မှာ နေလို့ရတာပေါ့။ ငါ မင်းကို စောင့်ရှောက်ပေးနိုင်ပါတယ်...”
ထို့နောက်တွင်မူ ထိုသူ၏မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့သည်။
မုယွီသည် ထိုသူ၏ တက်ကြွလှသော စေတနာကြောင့် ဝမ်းမြောက်သွားရပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ဒါနဲ့ ကျွန်တော် အစ်ကိုကြီးကို ဘယ်လိုခေါ်ရမလဲ။”
“ငါ့နာမည်က လီရွှေရှန့်လို့ ခေါ်တယ်၊ မင်းက ငါ့ကို ရွှေရှန့်လို့ပဲ ခေါ်ပါ။”
ထိုသူသည် ရှက်ကိုးရှက်ကန်းဖြင့် လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ဆိုလိုက်သည်။ သူက ဖြူဖွေးပြီး ဝဖြိုးနေသော လူငယ်လေးကို ကြည့်ကာ ကြည့်ကောင်းလှသည်ဟုလည်း တွေးနေ၏။
***
Aurora Novel Translation Team
အပိုင်း (၂.၂) - ခရီးဦးစပြုချိန်
မုယွီက ပြန်လည်ပြောဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ အစ်ကိုရွှေရှန့်။ ကျွန်တော့်နာမည်ကတော့ မုယွီလို့ ခေါ်ပါတယ်။ နောင်ဆိုရင် ကျွန်တော်တို့က အိမ်နီးနားချင်းတွေ ဖြစ်ကြတော့မှာပေါ့။ ရှေ့လျှောက် အစ်ကို့ကို ဒုက္ခပေးရဦးမှာပါဗျာ။”
လီရွှေရှန့်က ခေါင်းခါယမ်းလျက် ပြော၏။
“အားမနာပါနဲ့။ မင်းလို ‘ကောအာ’လေးတစ်ယောက်ကို စောင့်ရှောက်ပေးရတာက လုပ်သင့်လုပ်ထိုက်တဲ့ အရာပဲလေ။”
မုယွီသည် အနည်းငယ် အံ့ဩမှင်တက်သွားသော်လည်း ဤကမ္ဘာ၏ ထူးခြားချက်များကို လေ့လာစုံစမ်းနေဆဲ ဖြစ်နေသောကြောင့် ငြိမ်သက်စွာသာ နေလိုက်သည်။
လမ်းခရီး၌ ဆက်လက်လျှောက်လှမ်းရင်း မုယွီသည် လီရွှေရှန့်ထံမှတစ်ဆင့် ဤရွာသည် နယ်စပ်ဒေသများတွင် တိုက်ပွဲဝင်ခဲ့ကြပြီးနောက် အနားယူခဲ့ကြသော ခရိုင်အတွင်းမှ စစ်မှုထမ်းဟောင်းများ နေထိုင်ရာ အရပ်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ သူတို့သည် အနားယူပြီးသည့် နောက်ပိုင်းတွင် မိမိတို့၏ ရဲဘော်ရဲဘက်များနှင့်အတူ စုစည်းနေထိုင်လိုခဲ့ကြ၏။
ထို့ကြောင့် မြေကွက်ရရှိရန် ခရိုင်အရာရှိများထံ အသနားခံစာ တင်သွင်းခဲ့ကြပြီး အိမ်ခြေများကို စုပေါင်းဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ရွာသူကြီးဖြစ်သူ ကျောက်ချန်းရှန့်ပင်လျှင် ယခင်က တပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော စစ်သားဟောင်းတစ်ဦး ဖြစ်ပေသည်။
အဆုံးတွင် သူတို့သည် ရွာ၏အရှေ့ဘက်အစွန်းရှိ ပုပ္ပားပင်ကြီးအောက်တွင် တည်ရှိသော ရွာသူကြီးကျောက်၏ နေအိမ်သို့ ရောက်ရှိလာခဲ့ကြသည်။ သူတို့ ရောက်ရှိလာချိန်တွင် ကျောက်ချန်းရှန့်သည် ခြံထဲ၌ လမ်းလျှောက်နေ၏။ လီရွှေရှန့်နှင့်အတူ ဝဖြိုးသော လူငယ်လေးတစ်ဦး ပါလာသည်ကို သတိပြုမိလိုက်သဖြင့် သူက ခြေလှမ်းများကို ရပ်တန့်လိုက်၏။ လတ်တလောနှစ်များအတွင်း ထျန်းရှန့်မင်းဆက်တွင် ကောအာလေးများ မွေးဖွားနှုန်းမှာ တရိပ်ရိပ် နည်းပါးလာခဲ့သည်။ ရွာအတွင်း၌လည်း လတ်တလောတွင် ယောက်ျားလေးများသာ ရှိနေခဲ့ပြီး ကောအာလေးများ လုံးဝ မရှိခဲ့ချေ။ ဤလူငယ်လေးမှာ တကယ့်ကို ကံကောင်းခြင်း လက်ဆောင်မွန်တစ်ခုပင်။
ကျောက်ချန်းရှန့် တွေးတောနေစဉ်အတွင်း လီရွှေရှန့်နှင့် မုယွီတို့သည် သူ့အနီးသို့ ချဉ်းကပ်လာခဲ့ကြသည်။ နှုတ်ဆက်စကား ဆိုပြီးနောက် လီရွှေရှန့်က အခြေအနေအရပ်ရပ်ကို ရှင်းလင်းပြောပြခဲ့သည်။ မုယွီကလည်း ယဉ်ကျေးပျူငှာစွာဖြင့် တောင်းဆိုလိုက်၏။
“ရွာသူကြီး... ကျွန်တော့်ကို ကျေးဇူးပြုပြီး လက်ခံပေးပါဦး။ ကျွန်တော် တကယ်ပဲ ကျေးဇူးတင်မိမှာပါ။”
ကျောက်ချန်းရှန့်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မုယွီကို သေသေချာချာ စစ်ဆေးကြည့်ရှုလိုက်သည်။ မုယွီသည် ကိုယ်အလေးချိန် လွန်ကဲနေသော်လည်း ရွာအတွင်းရှိ လူငယ်များနှင့်မတူဘဲ အသားအရေက ထူးခြားစွာ ဖြူစင်ဝင်းပနေခဲ့သည်။ ကျောက်ချန်းရှန့်က မေးမြန်းလိုက်၏။
“လူငယ်လေးက အသက် ဘယ်လောက်ရှိပြီလဲ။”
မုယွီက ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။
“ကျွန်တော် ဒီနှစ် ၁၈ နှစ် ပြည့်ပါပြီ။”
ဤကမ္ဘာရှိ လူများသည် အသက်ကြီးရင့်သည်အထိ အိမ်ထောင်မပြုရသေးသော ယောက်ျားများကို အထင်အမြင် သေးသိမ်စွာ ကြည့်ရှုကြမည်စိုးသဖြင့် သူသည် မိမိ၏အသက်ကို တမင်သက်သက် လျှော့၍ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ အဓမ္မ အိမ်ထောင်ချပေးခြင်းခံရမည့် ဘေးရန်မှလည်း သူ ကင်းဝေးလိုသည်။ ကူးပြောင်းသော ဝတ္ထုများမှတစ်ဆင့် သိရှိထားသော အရာများအရ အသက်အရွယ် အနည်းငယ် ငယ်ရွယ်သည်ဟု ယူဆကြခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။
သူ့အသက်ကို ကြားသိရသောအခါ ကျောက်ချန်းရှန့်နှင့် လီရွှေရှန့်တို့သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ကြပြီး ကျောက်ချန်းရှန့်က ဆိုလာသည်။
“ကောင်းပြီလေ... မင်းအနေနဲ့ ဒီမှာ နေလို့ရပါတယ်။ ဒါပေမဲ့ ရွာရဲ့ စည်းကမ်းတွေကိုတော့ လိုက်နာရမယ်။ ပြဿနာတွေ မရှာနဲ့။ မဟုတ်ရင် ရွာသားတွေက မင်းကို ကြည်ဖြူမှာမဟုတ်ဘဲ နှင်ထုတ်ကြလိမ့်မယ်၊ နားလည်ရဲ့လား။”
“စိတ်ချပါ ရွာသူကြီး။ ကျွန်တော်က ပညာတတ်တစ်ယောက်မို့ ဒါတွေကို နားလည်ပါတယ်။ ကျွန်တော့်အတွက် နေစရာနဲ့ စားစရာရဖို့ နေရာတစ်ခုပဲ လိုအပ်တာပါ။ စည်းကမ်းဖောက်ဖျက်မဲ့ အပြုအမူမျိုး ဘာတစ်ခုမှ မလုပ်ပါဘူး။”
မုယွီက ကတိကဝတ်ပြုကာ အာမခံလိုက်သည်။
ကျောက်ချန်းရှန့်၏ မျက်ဝန်းများက ဝင်းပသွားရပြီး မေးမြန်းလိုက်သည်။
“မင်းက စာဖတ်တတ်တာလား။”
မုယွီက ခေါင်းညိတ်ပြလိုက်ပြီး ပြော၏။
“ဟုတ်ကဲ့... တောင်ပေါ်က ဆရာကြီးဆီကနေ အနည်းငယ် သင်ယူဖူးပါတယ်။”
ကျောက်ချန်းရှန့်နှင့် လီရွှေရှန့်နှစ်ဦးစလုံး မုယွီအပေါ် ပိုမို၍ သဘောကျ နှစ်သက်သွားကြသည်။ ကျောက်ချန်းရှန့်က ပြောလာ၏။
“ဒါဆိုရင် ငါ့အိမ်နောက်ဘက်က ဝင်းငယ်လေးထဲမှာပဲ နေလိုက်တော့။ အဲ့ဒါက အရင်က အဖိုးအိုတစ်ယောက်ရဲ့ အိမ်လေ။ ဒါပေမဲ့ သူ့သားက သူ့ကို ခေါ်သွားပြီ။ အိမ်က သေးပေမဲ့ နွေးထွေးပြီးတော့ မီးဖိုနဲ့ “ခန်း”လည်း ရှိတယ်။ အိမ်ထောင်စုစာရင်း ကိစ္စအတွက်ကတော့ မနက်ဖြန်ကျမှ မြို့ရုံးကိုသွားပြီး စီစဉ်ကြတာပေါ့။”
(T/N - ခန်း - တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ကျေးလက်ဒေသသုံး “အပူပေးစနစ်ပါဝင်သော ရိုးရာအုတ်ခုတင်”)
မုယွီက အလျင်အမြန်ပင် ပြန်လည်ပြောဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ် ရွာသူကြီး။ ရွာသူကြီးနဲ့ အစ်ကိုရွှေရှန့်တို့ရဲ့ ကူညီမှုသာ မရှိရင် ကျွန်တော် ဘယ်ကိုသွားရမှန်း သိမှာမဟုတ်ဘူး။ ကျွန်တော် အခြေချပြီးသွားတဲ့အခါ ခင်ဗျားတို့ နှစ်ယောက်စလုံးကို အိမ်ခေါ်ပြီး ထမင်းတစ်နပ်လောက် ကျွေးမွေးပါရစေဦး။ အခုလောလောဆယ်မှာတော့ ကျွန်တော့်ရဲ့ အခြေအနေကြောင့် အိုးတိုးအမ်းတမ်း ဖြစ်နေလို့ အားနာရပါတယ်။”
ရွာသူကြီးကျောက်က ပြုံးရွှင်စွာဖြင့် ပြောသည်။
“ဘာတွေ အားနာနေတာလဲ လူငယ်လေးရယ်။ မိုးမချုပ်ခင် လောလောဆယ် သွားပြီး ပြင်ဆင်လိုက်ပါဦး။ နောင်တစ်ချိန် အဆင်ပြေသွားတဲ့အခါကျမှ ငါ့ကို အရက်တစ်ခွက် ပြန်တိုက်ပေါ့။”
ထို့နောက်တွင်မူ သူသည် လီရွှေရှန့်ကို မျက်ရိပ်ပြလိုက်ပြီး ဝင်ရောက်ကူညီရန် အချက်ပြလိုက်သည်။ အမှန်စင်စစ် ဤကလေးတွင် ယခုထက်ထိ ဇနီးမယား မရှိသေးချေ။ စာရေးစာဖတ် တတ်မြောက်သည့် ဝတုတ်လေး မုယွီနှင့်သာ အိမ်ထောင်ကျသွားမည်ဆိုပါက လူပျိုကြီးဘဝဖြင့် ဖြတ်သန်းရခြင်းထက် များစွာသာလွန်ပေလိမ့်မည်။ ရွာအတွင်း၌ ယောက်ျားချင်း ပေါင်းဖော်နေထိုင်ကြသည့် အခြားသော စုံတွဲတစ်တွဲကို သူထပ်မံ၍ မမြင်တွေ့လိုတော့ပေ။
အဆုံးတွင် မုယွီသည် လီရွှေရှန့်၏ လမ်းပြမှုဖြင့် ထိုနေရာသို့ ရောက်ရှိလာခဲ့သည်။ လမ်းခရီးတွင်မူ လီရွှေရှန့်နှင့် ခဏတာ စကားပြောဆိုပြီး ပြန်လည်ထွက်ခွာသွားကြသော ယောက်ျားအချို့နှင့် ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း သူတို့သည် မုယွီ၏ ဘေးမှ ဖြတ်သန်းသွားကြရင်း ထူးခြားသော အကြည့်များဖြင့် ငေးမောကြည့်ရှုသွားကြသည်။
မုယွီကမူ သူတို့သည် ရွာသို့ အသစ်ရောက်ရှိလာသူအပေါ် စူးစမ်းလိုစိတ်ကြောင့်သာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ပြီး နောင်တစ်ချိန်တွင် မိမိအား ကောအာတစ်ယောက်အဖြစ် သတ်မှတ်တော့မည်ကိုမူ လုံးဝ သတိမထားမိခဲ့ချေ။
ဝင်းငယ်လေးထဲသို့ ရောက်ရှိသွားသောအခါ မုယွီမှာ စိတ်ကျေနပ်သွားရ၏။ ထိုဝင်းငယ်လေးအတွင်း လူမနေသည်က ကြာမြင့်ပြီ ဖြစ်သော်လည်း ပေါင်းမြက်များနှင့် တိရစ္ဆာန်အညစ်အကြေးများ ကင်းစင်ကာ သန့်ရှင်းနေဆဲဖြစ်သည်။
ထိုအိမ်၌ အခန်းသုံးခန်း ပါဝင်ပြီး အလယ်တွင် အဓိက ဧည့်ခန်းရှိကာ ဘေးတစ်ဖက်စီတွင် အိပ်ခန်းများ ရှိသည်။ မီးဖိုချောင်နှင့် ရေချိုးခန်းမှာမူ ထိုအခန်းနှစ်ခန်း၏ နောက်ကွယ်တွင် တည်ရှိသည်။ အိမ်၏ ဖွဲ့စည်းပုံသည် အလွန်ပင် ကောင်းမွန်သည်ဟု ဆိုရမည်။ အိမ်တွင်းရှိ ပရိဘောဂများမှာ အနည်းငယ် ရိုးရှင်းသော်လည်း ဘာမျှမရှိသည်ထက်စာလျှင် အဆပေါင်းများစွာ သာလွန်ကောင်းမွန်ပေသည်။ မုယွီမှာ မမေးဘဲ မနေနိုင်တော့သဖြင့် မေးမြန်းလိုက်၏။
“ဒီအိမ်ကို ဘယ်သူ ပုံစံဆွဲထားတာလဲဗျ။ အိမ်ရဲ့ ဖွဲ့စည်းပုံက တကယ်ကို ကောင်းတာပဲ။ ကျွန်တော် တော်တော် သဘောကျတယ်။”
ထို့နောက် သူသည် အိမ်ထဲ၌ ကြာမြင့်စွာ ရှိနေခဲ့သော အဝတ်စုတ်တစ်ခုကို ရှာဖွေကာ သန့်ရှင်းရေးကို စတင်လုပ်ဆောင်သည်။
အိမ်သန့်ရှင်းရေးကို ဝိုင်းဝန်းကူညီပေးနေသော လီရွှေရှန့်က ပြောလာ၏။
“ဒီမှာရှိတဲ့ အိမ်တွေအားလုံးကို ငါတို့ရဲ့ စစ်သူကြီးက ဆောက်လုပ်ပေးခဲ့တာလေ။ သူက ခရိုင်ပန်းချီဆရာကို အိမ်ရဲ့ ပုံကြမ်းကို ကြိုတင်ပြီး ဆွဲခိုင်းထားခဲ့တာ။”
မုယွီသည် ထိုစကားကို ကြားရသောအခါ လက်ရှိလုပ်နေသည်များကို ရပ်တန့်လိုက်ပြီး ပြောလိုက်သည်။
“သူက တကယ့်ကို အရည်အချင်းရှိတဲ့သူပဲနော်။”
ထို့နောက်တွင်မူ သူသည် သန့်ရှင်းရေးကိုသာ အလေးအနက်ထားပြီး ဆက်လုပ်နေခဲ့သည်။ သူသည် ယနေ့ည ဤနေရာ၌သာ အိပ်စက်ရပေမည်။ စစ်သူကြီးနှင့် သူနှင့် မည်သို့ရှိမည်ကိုမူ စိတ်မဝင်စားအားပေ။ သူ၏ စားဝတ်နေရေးအတွက်သာ စဉ်းစားနေရသည်။
မကြာမီ အချိန်အတွင်းမှာပင် သူတို့နှစ်ဦးသည် အနောက်ဘက်အခန်းနှင့် အဓိကဧည့်ခန်းမကြီးကို သန့်ရှင်းရေးလုပ်ပြီးသွားသဖြင့် လီရွှေရှန့်လည်း ပြန်လည်ထွက်ခွာသွားခဲ့သည်။ ခဏအကြာ၌ သူသည် အခြားသော ယောက်ျားအချို့နှင့်အတူ အစားအစာ၊ ထင်းများနှင့် နေ့စဉ်သုံးပစ္စည်းအချို့ တင်ဆောင်လာသော လှည်းတစ်စီးနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။
မုယွီခမျာ စိတ်လှုပ်ရှားကာ ဝမ်းသာသွားရ၏။ အားလုံးက ပစ္စည်းများကို ချပေးကာ သေသေချာချာ သိမ်းဆည်းပေးပြီးနောက် ပြန်လည်ထွက်ခွာသွားကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့၏အမြင်တွင် မုယွီသည် ကောအာလေးတစ်ယောက် ဖြစ်နေသဖြင့် မလိုအပ်ဘဲ ကောလာဟလ ဖြစ်ပွားမည့် ဘေးမှ ရှောင်ရှားလိုကြသည်။
သူတို့ ပြန်လည်ထွက်ခွာသွားသည်ကို မုယွီ မြင်တွေ့ရသောအခါ ခြံတံခါးကို ပိတ်လိုက်ပြီး မီးဖိုချောင်နှင့် ရေချိုးခန်းကို သန့်ရှင်းရေး စတင်လုပ်ဆောင်သည်။ ဤနေရာသည် နောင်တစ်ချိန်တွင် သူနေထိုင်ရမည့် နေရာဖြစ်ရာ သန့်ရှင်းနေရန် လိုအပ်ပေသည်။
တစ်ချိန်တည်းမှာပင် ရွာသူကြီး၏ အိမ်၌လည်း အစည်းအဝေးတစ်ခုကို ကျင်းပပြုလုပ်နေလေသည်။
***
Aurora Novel Translation Team