no

Font
Theme

အခန်း (၈) - သခင်ကြီး ပြန်လာပြီ (၂)

မုယွီက လီရွှေရှန့်၏ အိမ်သို့ ရောက်သည်တွင် ဝိုင်းထဲသို့ တန်းမဝင်ဘဲ တံခါးဝမှ လှမ်းခေါ်လိုက်သည်။

“အစ်ကိုရွှေရှန့်... အိမ်မှာ ရှိလား။”

လီရွှေရှန့်သည် တစ်စုံတစ်ယောက်၏ လှမ်းခေါ်နေသံကို ကြားရသဖြင့် လွှတစ်လက်ကို ကိုင်ကာ အိမ်ထဲမှ ထွက်လာ၏။ သူက လက်သမားတစ်ဦးဖြစ်ပြီး လက်မှုပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူပင်။ ရောက်လာသည်က မုယွီဖြစ်ကြောင်း သိလိုက်ရသည်တွင် သူက ပြောလိုက်၏။

“မုယွီ... အထဲဝင်ထိုင်ဦးလေ။ ဘာကိစ္စရှိလို့လဲ။”

မုယွီသည် လူကို မြင်ရမှသာ ဝိုင်းထဲသို့ လှမ်းဝင်ခဲ့ပြီး လီရွှေရှန့်၏ အိမ်ဝိုင်းထဲရှိ သစ်ပင်ရိပ်အောက်တွင် မတ်တတ်ရပ်လိုက်သည်။ ဤနေရာလေးက အနည်းငယ် အရိပ်ရကာ အေးမြသည်။

“အစ်ကိုရွှေရှန့်... ကျွန်တော်တို့ ရွာထဲမှာ လက်သမား ရှိလားဟင်။”

လီရွှေရှန့်က ခေါင်းညိတ်ပြကာ မေးလိုက်၏။

“ရှိတာပေါ့။ ငါက လက်သမားပဲလေ။ ဘာဖြစ်လို့လဲ။”

မုယွီသည် ထိုစကားကို ကြားရသည်တွင် မျက်လုံးများ ဝင်းလက်သွားကာ ပြောလိုက်သည်။

“ဟာ... သိပ်ကောင်းတာပဲ။ ဒီလိုပါ အစ်ကိုရာ၊ ကျွန်တော် ဗီရိုလေး ရိုက်ချင်လို့။ အစ်ကိုများ ကျွန်တော့်ကို ဝိုင်းလုပ်ပေးလို့ ရမလား။ နောက်ဆို နေထိုင်သွားဖို့အတွက် လိုအပ်တယ်လေ။”

လီရွှေရှန့်က နားထောင်ပြီးနောက် မေးလိုက်သည်။

“ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး။ ကောင်းပြီလေ၊ ငါ့လက်ထဲက အခု လုပ်လက်စအလုပ်တွေ ပြီးသွားရင် မင်းအတွက် လုပ်ပေးမယ်။ မင်းက ဘယ်လိုပုံစံမျိုး လိုချင်တာလဲ။”

မုယွီက ထိုအရာများကို ဇီဇာမကြောင်တတ်သဖြင့် ပြောလိုက်သည်။

“ရိုးရိုးရှင်းရှင်းနဲ့ အသုံးဝင်ရင် ရပါပြီ။ ပြီးတော့ နည်းနည်းကြီးကြီးလေး လုပ်ပေးရင် ပိုကောင်းမယ်။ ကျွန်တော့်မှာ တခြားတောင်းဆိုချက်တော့ မရှိပါဘူး။”

“အေး... နားလည်ပြီ။ ကဲ... သွားရအောင်၊ ငါက မင်းနဲ့အတူ လိုက်ကြည့်ပြီး အရွယ်အစားတွေ တိုင်းပေးမယ်။ ဒါမှ အချိန်ကျရင် မင်းအတွက် အဆင်သင့် လုပ်ပေးနိုင်မှာ။”

လီရွှေရှန့်က တက်ကြွစွာဖြင့် ပြောလာ၏။

မုယွီက သူ့ကို မေးကြည့်လိုက်သည်။

“ဟုတ်၊ ဒါပေမဲ့ သစ်သားတွေကိုရော ကျွန်တော် ဝိုင်းကူသယ်ပေးရမလား။”

လီရွှေရှန့်က ထိုစကားကို ကြားသည်တွင် တဟားဟား ရယ်မောလိုက်သည်။

“ငါတို့က တောင်နဲ့ နီးနီးလေးပဲဟာ။ တောင်ပေါ်မှာ သစ်သားတွေက ရှားမှမရှားတာ။ အချိန်ကျရင် တောင်ပေါ်တက်ပြီး သစ်ပင်နည်းနည်းလောက် သွားခုတ်လိုက်ရုံပဲပေါ့။”

မုယွီကလည်း ပြောလိုက်၏။

“အင်း... အချိန်ကျရင် ကျွန်တော့်ကိုပါ လှမ်းခေါ်လိုက်နော်။ ကျွန်တော်က လူကောင်ဝတော့ အားအင်တွေက သုံးလို့မကုန်နိုင်အောင် ရှိနေတာ။”

မုယွီသည် ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေသည့် သူဌေးတစ်ဦးကဲ့သို့ မနေချင်ပေ။

သူက လီရွှေရှန့်နှင့် တောင်ပေါ်တက်မည့်ရက်ကို ချိန်းဆိုပြီးနောက် ပေါက်တူးကို သယ်ဆောင်ကာ အိမ်သို့ ပြန်လာခဲ့သည်။ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးထဲတွင် အပြင်းအထန် အလုပ်လုပ်ပြီး ခြင်ပြေးမြက်အနည်းငယ် အပါအဝင် မြက်ရိုင်းအားလုံးကို ရှင်းလင်းနိုင်ခဲ့ပြီ ဖြစ်၏။ မုယွီသည် ထိုမြက်ပင်များကို တူးထုတ်ကာ ခြောက်သွေ့စေရန် ပြတင်းပေါက်ဘောင်ပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် စိုက်ခင်းလေးကို အကွက်များ ခွဲခြားကာ ရေတွင်းမှ ရေခပ်ယူ၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးလိုသည့် နေရာများကို ရေလောင်းပေးလိုက်သည်။

ညနေခင်း နေကျချိန်သို့ ရောက်သည်တွင် လီရွှေရှန့် ပေးလိုက်သော ဟင်းသီးဟင်းရွက်ပင်များကို စိုက်ပျိုးမည်ဖြစ်သည်။ ဤနည်းဖြင့် ရက်အနည်းငယ်ကြာလျှင် သူစားသုံးရန် ဂေါ်ဖီထုပ်များ ရရှိနိုင်လိမ့်မည်။ နောင်တွင် သူ၏ စိုက်ခင်းလေးထဲ၌ ဟင်းသီးဟင်းရွက်များ ပိုမိုစုံလင်လာပေလိမ့်မည်။ အကယ်၍ စား၍မကုန်ပါက မုန်ညင်းချဉ်၊ အသီးအရွက်ခြောက် သို့မဟုတ် သနပ်ချဉ်တို့ကို ပြုလုပ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူလည်း ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်ရမည်သာ။

မနက်ခင်းတစ်ခုလုံး အလုပ်ရှုပ်နေခဲ့သဖြင့် ချွေးများ ထွက်နေသော်လည်း မုယွီ၏ စိတ်ထဲတွင်တော့ ပျော်ရွှင်နေသည်။ ၎င်းကို ဝိတ်ချလေ့ကျင့်ခန်း လုပ်နေသည်ဟု မှတ်ယူ၍ ရနိုင်သည်။ နေ့လယ်စာ အနည်းငယ် စားသုံးပြီးနောက် သူက အနားယူရန် ခန်းခုတင်ပေါ်တွင် လဲလျောင်းလိုက်သည်။ သို့သော်လည်း ရုတ်တရက် အမိုးပေါ်တွင် မရှင်းလင်းရသေးသော ပင့်ကူအိမ်အချို့ကို လှမ်းမြင်လိုက်ရသဖြင့် အပြင်သို့ ထွက်ကာ တံမြက်စည်းတစ်ချောင်း ရှာဖွေပြီး ထပ်မံကာ သန့်ရှင်းရေး လုပ်ရပြန်သည်။

သန့်ရှင်းရေးများ ပြုလုပ်ပြီးနောက် မုယွီက မျက်နှာသစ်ရန် ရေတွင်းနားသို့ လျှောက်သွားလိုက်သည်။ သူ၏အသားအရေ အရောင်ပြောင်းနေသည်ကို သူသတိထားမိသည်။ ၎င်းက ဝိတ်ချစခန်းတွင် ပါဝင်ခဲ့ခြင်းနှင့် လွန်ခဲ့သည့် ရက်အနည်းငယ်က နေရောင်ခြည်ဒဏ်ကို ခံခဲ့ရခြင်းကြောင့် ဖြစ်လောက်သည်။ နောင်တွင် ဤမျက်နှာကို ဂရုစိုက်ရပေမည်။ မည်သို့ပင်ဖြစ်စေ နောင်၌ ဤမျက်နှာကို အမှီပြု၍ အသက်မွေးရမည်ပင်။ သူက ပုံပြောသူဖြစ်ရာ လူအများ မုန်းတီးစေမည့် မျက်နှာမျိုး ရှိနေပါက မည်သူက လာရောက်ပြီး နားထောင်တော့မည်နည်း။

မုယွီက မျက်နှာသစ်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်ကာ ခန်းခုတင်ပေါ်သို့ တက်လိုက်သည်။ အမှတ်မထင် သူ့လက်မောင်းက ဖျာနှင့် ပွတ်တိုက်မိသွား၏။ သူ ထိုင်ချလိုက်ပြီး ယခင်အိမ်ရှင် သုံးစွဲခဲ့သော ဖျာဟောင်းကို ကြည့်ကာ မျက်မှောင်ကြုတ်မိသွားသည်။ သူက ရွံရှာနေခြင်း မဟုတ်ဘဲ ဖျာက အနည်းငယ် ကြမ်းတမ်းနေ၍သာ။ သူ၏ ခန္ဓာကိုယ်က ဝဖြိုးသော်လည်း အရေပြားက နုနယ်သည်။

မုယွီက ထူထဲကြမ်းတမ်းသော အသားအရေရှိသူမဟုတ်ဘဲ ဖြူဖွေးနုနယ်သော အသားအရေနှင့် ဝတုတ်လေး ဖြစ်သည်။ ထို့ကြောင့် ညနေပိုင်းတွင် ဖျာအသစ် ရောင်းရန် ရှိ၊ မရှိ စုံစမ်းမေးမြန်းရန် ဆုံးဖြတ်လိုက်၏။ သူက ဖျာကို လဲလှယ်ချင်သည်။ အမြဲတမ်း ဤကဲ့သို့ ဖြစ်နေလျှင် အဆင်ပြေမည် မဟုတ်ပေ။

ခန်းခုတင်ပေါ်တွင် တစ်နာရီခန့် လဲလျောင်းပြီးနောက် မုယွီ၏ ဗိုက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်လာပြန်သည်။ သူက ဝိတ်ချရန် အစွမ်းကုန် ကြိုးစားနေသဖြင့် ဆီဦးထောပတ်ပါသော အရာများကို မစားဘဲ နေ့စဉ် ဆန်ပြုတ်အနည်းငယ်ကိုသာ သောက်သုံးခဲ့၏။ သူ၏ခန္ဓာကိုယ်ကို အချိန်အတော်ကြာ ညှဉ်းပန်းနှိပ်စက်နေခဲ့သဖြင့် နောက်ဆုံးတွင်တော့ ခန္ဓာကိုယ်က မခံမရပ်နိုင် ဖြစ်လာသည်။ ထို့ကြောင့် သူက တောင်ပေါ်တွင် ရှာဖွေတွေ့ရှိခဲ့သော အသီးတချို့ဖြင့် ဝမ်းဖြည့်ရန်အတွက် ခုတင်ပေါ်မှ ဆင်းလိုက်သည်။ သူက အသီးစားရင်း သူ့အဖြစ်ကို ပြန်စဉ်းစားကြည့်လိုက်သည်။

‘အချိန်ခရီးသွားတဲ့ လူတွေအားလုံးက ထူးခြားတဲ့ စွမ်းအားတွေ ဒါမှမဟုတ် လျှို့ဝှက်နေရာလွတ်တွေ ရတတ်ကြတယ်။ ဒါပေမဲ့ ငါ့ကျတော့ရော။ ငါ့ရဲ့ လျှို့ဝှက်နေရာလွတ်က ဘယ်မှာလဲ။ မိုးကောင်းကင်က တကယ်ကို မတရားဘူးပဲ။’

မုယွီသည် သူ့ကိုယ်သူ အတော်ကြာအောင် သနားကရုဏာ သက်နေပြီး နောက်ဆုံးတွင်တော့ မတ်တတ်ရပ်ကာ အိပ်ရာလိပ်ကို သိမ်းဆည်းလျက် ဖိနပ်စီးကာ အပြင်ထွက်လိုက်သည်။ ပိတ်ဖိနပ်အသစ်ကို စီးရသည်က တော်တော်လေး သက်သောင့်သက်သာရှိပြီး သူစီးလာခဲ့သော စနီကာဖိနပ်ကဲ့သို့ လူမြင်သူမြင် ထင်ရှားခြင်း မရှိချေ။

မုယွီသည် အိမ်အနီးအနားတွင် ခေတ္တမျှ လမ်းလျှောက်ရင်းမှ ယခုအချိန်တွင် တောင်ပေါ်သို့ တက်ပါက ထိုမျှလောက် ပူအိုက်တော့မည် မဟုတ်ဟု တွေးမိသွားသည်။ ထို့ကြောင့် သူက ပုဆိန်တစ်လက်ကို ယူဆောင်ကာ တောင်တက်ပြီး ထင်းခုတ်ရန် ပြင်ဆင်လိုက်သည်။ ယခုကဲ့သို့ ပူအိုက်သော အချိန်တွင် တောရိုင်းတိရစ္ဆာန်များ အပြင်သို့ ထွက်ကြလိမ့်မည် မဟုတ်ချေ။ ၎င်းတို့က အမွေးများ ထူထဲသဖြင့် သူ့ထက်ပိုကာ မသက်မသာ ဖြစ်နေကြလိမ့်မည်။ မုယွီက ပေါက်တူးကို လီရွှေရှန့်အား သွားပြန်ပေးပြီးနောက် တောင်ပေါ်သို့ စတက်သည်။

လီရွှေရှန့်သည် မုယွီတစ်ယောက် ထင်းခုတ်ရန် သွားမည်ဟု ကြားလိုက်ရသဖြင့် နောက်မှနေ၍ အော်ဟစ်ကာ ဂရုစိုက်ရန် လှမ်းပြောလိုက်၏။ မုယွီက နားထောင်ပြီးနောက် ခေါင်းညိတ်ပြကာ နားလည်ကြောင်း ပြသလိုက်၏။ လီရွှေရှန့်က သူ့အား ဤမျှအထိ ဂရုစိုက်ပေးလိမ့်မည်ဟု မမျှော်လင့်ထားမိသဖြင့် တစ်ဖက်လူက တကယ်ကိုပင် လူကောင်းတစ်ယောက် ဖြစ်လိမ့်မည်ဟု သူလက်ခံလိုက်သည်။

တောင်ခြေသို့ ရောက်သည်တွင် မုယွီက လွယ်အိတ်ကို ချလိုက်ပြီး သူမှတ်မိသလောက် စားသုံးနိုင်သည့် တောဟင်းရွက်များကို ခူးဆွတ်လိုက်သည်။ သူက နုနယ်သော အပင်များကို ရွေးချယ်ခူးဆွတ်သလို စားရလွယ်သော မှိုများကိုပါ ခူးယူခဲ့သည်။ တောအုပ်အစပ်သို့ ရောက်လာသည်တွင် ဤနေရာ၌ သစ်ပင်များစွာ ရှိသော်လည်း ထင်းခြောက်များ သိပ်မရှိကြောင်း တွေ့လိုက်ရသည်။ သို့သော်လည်း သူက ခုတ်ရလွယ်ကူသော သစ်ကိုင်းများကိုသာ ရွေးချယ်ခုတ်ထွင်ခဲ့ကာ သစ်ပင်ပင်စည်မကြီးကို မထိခိုက်စေခဲ့ပေ။

အကယ်၍ ပင်စည်မကြီးကိုပါ ခုတ်လှဲပစ်လိုက်ပါက ရေရှည်တွင် ဤနေရာ၌ သစ်ပင်များ ကင်းမဲ့သွားပြီး မြေဆီလွှာ ပြုန်းတီးမှုများ အပြင်းအထန် ဖြစ်ပေါ်လာလိမ့်မည်။ ခေတ်သစ်မှ လူတစ်ဦးဖြစ်ရာ ဤအချက်ကို သူ နားလည်ထား၏။ ထင်းများ အတော်အသင့်ရပြီးနောက်မှ မုယွီ အိမ်သို့ပြန်လာခဲ့သည်။ လမ်းခရီးတွင် လူအချို့နှင့် ဆုံတွေ့ခဲ့သော်လည်း သူတို့ကို မသိကျွမ်းသဖြင့် ရမ်းသန်း၍ စကားမပြောရဲပေ။ ထို့ကြောင့် သူအဆင်ပြေသည့်ဘက်မှ ရှောင်ကွင်းသွားခဲ့သည်။ ထိုသူတို့က ကြမ်းတမ်းသော အဝတ်များကို ဝတ်ဆင်ထားကြသဖြင့် ရိုးသားသော ရွာသားငယ်လေးများ ဖြစ်ပုံရသောကြောင့် ရှောင်ရှားလိုက်ခြင်းက ပို၍ ကောင်းမွန်သည်။

မုယွီက အိမ်သို့ ပြန်ရောက်သည်တွင် ထင်းများကို အိမ်ဝိုင်းအတွင်း နေရောင်အကောင်းဆုံးရသည့် နေရာတွင် ဖြန့်၍ လှန်းထားလိုက်သည်။ ထို့နောက် သူက ကျန်ရှိနေသော စားသုံးနိုင်သည့် တောဟင်းရွက်များကို ရွေးထုတ်ကာ ညစာအဖြစ် စားသုံးရန် ပြင်ဆင်သည်။ တိုက်ရိုက်စားသုံး၍ မရနိုင်သော မှိုများနှင့် ခြင်ပြေးမြက်များကို ပြတင်းပေါက်ဘောင်ပေါ်တွင် လှန်းထားလိုက်ပြီး ခြောက်သွေ့သွားသည့်အခါမှ သိမ်းဆည်းကာ ဆောင်းတွင်း၌ စားသုံးရန် ပြင်ဆင်ရမည်။

ထိုအရာအားလုံး ပြီးစီးသွားသည်တွင် ပြဿနာတစ်ခုကို သူ သတိပြုမိသွား၏။ လုပ်စရာ အလုပ်ဟူ၍ ဘာမှ မရှိတော့ပေ။ မနက်ဖြန်တွင် မြို့ထဲသို့ သွားရမည့် ကိစ္စသာရှိသည်။ သူမှာယူထားသော ပန်းပဲပစ္စည်းများက ယခုအချိန်တွင် ပြီးစီးလုနီးပါး ဖြစ်နေလောက်ပေပြီ။ တစ်လက်စတည်း၊ ပိုက်ဆံရှာနိုင်မည့် အလုပ်အချို့ကိုလည်း ရှာဖွေရပေမည်။ သူ့တွင်ရှိသမျှ ပိုက်ဆံများကို ဤအတိုင်း ထိုင်စားနေ၍ မဖြစ်ချေ။

ထိုအချိန်တွင် ကျန့်ခန်းအန်းသည် မြင်းလှည်းကို စီးနင်းလျက် ခေါင်ရှန်းရွာသို့ ဦးတည်ထွက်ခွာလာ၏။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment