no

Font
Theme

အပိုင်း (၇) - သခင်ကြီး ပြန်လာပြီ (၁)

ကျန့်ခန်းအန်း လက်ဖက်ရည်ဆိုင်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် စားပွဲဝိုင်းတွင် စုရုံး၍ စကားပြော‌ဆိုနေသော မိမိ၏ လက်အောက်ခံဟောင်းများကို မြင်လိုက်ရသဖြင့် မေးမြန်းလိုက်သည်။

“ဘာတွေဖြစ်နေကြတာလဲ။ ငါဖြင့် ခရီးထွက်သွားတာ ဘယ်နှစ်ရက်မှ မရှိသေးဘူး။ ဘယ်လိုထူးခြားတဲ့ ကိစ္စကြီးတွေများ ဖြစ်လို့လဲ။”

လူအုပ်ကြီးက လှည့်ကြည့်လိုက်ကြသည်တွင် ကျန့်ခန်းအန်းအား တွေ့လိုက်ရသဖြင့် မတ်တတ်ရပ်ကာ နှုတ်ဆက်ဂါရဝ ပြုကြလိုက်ကြသည်။

“သခင်ကြီး!”

ကျန့်ခန်းအန်းက လက်ဝှေ့ယမ်းပြရင်း ပြောလိုက်၏။

“မလိုဘူး။ အခုချိန်မှာ ငါတို့အားလုံးက တန်းတူတွေပဲ။ စစ်တပ်ကနေ အနားယူလာခဲ့ကြ ပြီးပြီပဲကို။ နောက်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလိုပဲ သတ်မှတ်ကြတာပေါ့။ အားမနာကြနဲ့။”

ကျန်ရှိနေသော လူအနည်းငယ်သည် ကျန့်ခန်းအန်း ငယ်စဉ်ကတည်းက စောင့်ရှောက်လာခဲ့ကြသည့် အိမ်တော်ပါ စစ်သားဟောင်းများ ဖြစ်ကြသဖြင့် သူတို့၏ သခင်လေးအား ညီအစ်ကိုဟု မခေါ်ဝံ့ကြပေ။ ထို့ကြောင့် ခေါင်းညိတ်ပြကာ မေးမြန်းလိုက်ကြ၏။

“ဟုတ်ကဲ့ သခင်ကြီး။ ဒါနဲ့ မြို့တော်ကို သွားခဲ့တဲ့ခရီးစဉ်က အဆင်ပြေချောမွေ့ခဲ့ရဲ့လား။”

“အင်း... အဆင်ပြေပါတယ်။ အိမ်တော်ဘက်ကိုလည်း တစ်ခေါက်တော့ ဝင်ကြည့်ခဲ့သေးတယ်။ အိမ်ကလူတွေအားလုံး ဘေးကင်းကြတာ မြင်ရတော့မှပဲ စိတ်အေးရတော့တယ်။ ဒါပေမဲ့ ဒီမှာက ဟိုဘက်ထက်စာရင် ပိုပြီး လွတ်လပ်တာပေါ့။ ဟိုကတော့ အာဏာလုပွဲတွေက တော်တော်လေး ပြင်းထန်နေတယ်။”

ထိုသို့ပြောရင်း သူက အထက်သို့ လက်ညှိုးညွှန်ပြလိုက်ရာ လူတိုင်းနီးပါး မျက်မှောင်ကြုတ်သွားကြသည်။

ကျန့်ခန်းအန်းသည် ဤစစ်သားအိုကြီးများ၏ ပင်ကိုစရိုက်ကို သိပြီးသား ဖြစ်သောကြောင့်လည်း အားလုံးကို ဤနေရာသို့ ခေါ်ဆောင်ကာ အခြေချနေထိုင်စေခဲ့ခြင်း ဖြစ်သည်။ အကယ်၍သာ မြို့တော်၌ ဆက်ရှိနေကြမည်ဆိုပါက ကျန့်အိမ်တော်တစ်ခုလုံး ပြာပုံအတိ ဖြစ်သွားလောက်ပေပြီ။

ထိုလူကြီးများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ပြောလိုက်ကြ၏။

“သခင်ကြီး... အရင်ထိုင်ပါဦး။ ဒီမှာ ပုံကြမ်းတစ်ခု ရှိတယ်။ တစ်ချက်လောက် ကြည့်ပေးပါဦး။ ဒါက ဘာအတွက် သုံးတာလဲဆိုတာ ကျွန်တော်တို့ အဖိုးကြီးတွေ တော်တော်နဲ့ စဉ်းစားလို့ မရနိုင်ဘဲ ဖြစ်နေလို့ပါ။”

ကျန့်ခန်းအန်းသည် ငယ်သားတစ်ယောက် ယူလာပေးသော မျက်နှာသုတ်ပဝါကို လှမ်းယူ၍ မျက်နှာသုတ်လိုက်ပြီးနောက် ထိုသူအား ပြန်ထွက်သွားရန် လက်ဟန်ပြလိုက်၏။ ထို့နောက် စားပွဲအနီးသို့ တိုးကပ်ကာ ထိုပုံကြမ်းအား အသေအချာ စစ်ဆေးကြည့်ရှုသည်။ အကြိမ်ကြိမ် အကဲခတ်ပြီးနောက်တွင် သူက ပြုံးလျက် ပြောလိုက်သည်။

“အဖိုးကြီးတို့ရာ... အားလုံးပဲ ထိုင်ပြီး အတူတူ စားသောက်ကြစမ်းပါ။ ဒီအရာက ဘာများ ကြည့်နေစရာ လိုလို့လဲ။ ဒါကို လုပ်ပြီးသွားတဲ့အခါကျမှပဲ လေ့လာကြည့်ကြတာပေါ့။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်လည်း အဲ့ဒီလူ နောက်ကို လိုက်ကြည့်ပြီး သူဘာအတွက် သုံးသလဲဆိုတာ စောင့်ကြည့်လိုက်ရုံပေါ့။ ဘာလို့ ဒီလောက်တောင် အပင်ပန်းခံပြီး စဉ်းစားနေကြတာလဲ။”

ထိုစကားကို ကြားရသည်တွင် လူအုပ်ကြီးက ခေါင်းညိတ်ထောက်ခံကြသည်။

“သခင်ကြီးပြောတာလည်း မှန်တာပဲ။”

ကျန့်ခန်းအန်းက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် မေးလိုက်၏။

“ဒါနဲ့... ဒီပုံက ဘယ်ကနေ ရလာတာလဲ။”

လူကြီးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း ပြောလိုက်၏။

“သခင်ကြီး... ရွာထဲကို ပြင်ပက လူစိမ်းတစ်ယောက် ရောက်နေတယ်။”

ထိုအခါ ကျန့်ခန်းအန်းက စိတ်ဝင်စားသွားကာ မေးလိုက်သည်။

“ဪ... သူက ဘယ်လိုလူမျိုးလဲ။ ဒါနဲ့ ဦးလေးကျောက်ကရော သူ့ကို ရွာထဲပေးဝင်ဖို့ သဘောတူလို့လား။”

ဤအချက်သည်သာ သူ အလေးအနက် စိတ်ပူမိသည့် ကိစ္စဖြစ်သည်။

ထိုစကားကြောင့် အခန်းထဲရှိ လူကြီးများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ထိုကိစ္စက သူ မြို့တော်သို့ သွားနေစဉ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ရာ ကျန့်ခန်းအန်းသည်လည်း လူသစ်အား စူးစမ်းလိုစိတ် ပြင်းပြလာသည်။

ထို့ကြောင့် လက်ဖက်ရည်ဆိုင်ကို တာဝန်ယူရောင်းချပေးနေသော စွန်းဖေးဟူက ဝင်ပြောလိုက်သည်။

“ဒါက နားလည်မှုလွဲတာပါ။ ဦးလေးကျောက်ရဲ့ အမှားကြောင့်လည်း ပါတာပေါ့။ ဒါပေမဲ့ အဲ့ဒီလူက တော်တော်လေး စွမ်းဆောင်ရည်ရှိပြီး ပိုက်ဆံလည်း ရှာနိုင်ပုံရတယ်။”

စွန်းဖေးဟူအနေဖြင့် ကျန့်ခန်းအန်း၏ ရှေ့မှောက်တွင် တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ်အဖြစ် ချီးမွမ်းခန်းဖွင့်ခြင်းပင်။ ကျန့်ခန်းအန်းက ခေါင်းညိတ်ပြလျက် ဆက်ပြောရန် အချက်ပြလိုက်သည်။ ထို့နောက်တွင် ထိုလူကြီးများက ယနေ့ မုယွီနှင့် ပတ်သက်၍ ဖြစ်ပျက်ခဲ့သမျှကို ဖောက်သည်ချလိုက်၏။ အထူးသဖြင့် ဦးလေးကျောက်က မုယွီ၏ ကျား၊ မ ခွဲခြားမှုကို မှားယွင်းစွာ မှတ်ယူခဲ့ပြီး ရုံးတော်တွင် သန်းခေါင်စာရင်း သွားသွင်းစဉ်က လွဲချော်လုနီးပါး ဖြစ်ခဲ့ရပုံကို ဟာသတစ်ခုနှယ် ပြောပြကြရာ လူအများအပြား ဆူဆူညံညံ ရယ်မောလိုက်ကြလေသည်။

ကျန့်ခန်းအန်းက ထိုစကားကို ကြားရသည်တွင် မေးလိုက်၏။

“အဲ့ဒီလူက ဘယ်လောက်တောင် ဝလို့လဲ။”

ဤသတင်းသည် တကယ့်ကို မျှော်လင့်မထားမိသော သတင်းဖြစ်သည်။ မိမိတို့ ထျန်းရှန့်မင်းဆက်သည် ကျယ်ပြောပြီး လူကောင်ထွားသူ၊ ဝဖြိုးသူများစွာ ရှိကြသည်ကို သူသိထား၏။ သို့သော်လည်း ဤလူကြီးများကို တအံ့တဩ ဖြစ်သွားစေလောက်အောင်အထိ အဆမတန် ဝနေသည်ဟူသော အချက်က သူ့ကို အနည်းငယ် စိတ်ဝင်စားသွားစေကာ အထူးအဆန်း ဖြစ်မိစေသည်။

ထိုအခါ အနီးနားတွင် ရှိနေကြသော လူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် သကြားလုံးဆိုင်ပိုင်ရှင် ဆိုင်ရှင်ကျန့်က မိမိကိုယ်ကိုယ် လက်ညှိုးထိုးပြကာ လက်နှစ်ဖက်ဖြင့် အရွယ်အစားကို အထူးတလည် ပုံဖော်ပြလေသည်။

“ကျွန်တော့်ကို ကြည့်လိုက်ပါဦး သခင်ကြီး။ သူက ကျွန်တော့်ထက် နှစ်ဆလောက် ပိုပြီးကြီးတယ်။”

ကျန့်ခန်းအန်းခမျာ မယုံနိုင်လောက်အောင် ဖြစ်သွားရပြီးမှ ပြုံးလျက် ပြောလိုက်၏။

“အဲ့ဒီလောက်အထိတော့ မပိုလွန်းဘူးလား။”

“တကယ်ပါ သခင်ကြီး။ မယုံရင် မနက်ဖြန် ရွာကိုပြန်တဲ့အခါကျရင် သိရမှာပေါ့။ ဦးလေးကျောက်က လီရွှေရှန့်ကို မြို့ထဲအထိ မြင်းလှည်းမောင်းခိုင်းတာ။ အဲ့ဒီကောင်လေးက လှည်းကျိုးသွားမှာနဲ့ မြင်းပင်ပန်းမှာကို ကြောက်တာနဲ့ လှည်းပေါ်ကို လုံးဝမတက်ရဲဘူး။ နောက်ဆုံးတော့ လျူတာရှန်းဆီက မြင်းနောက်တစ်ကောင်ကို လှည်းမှာတပ်လိုက်မှ မြို့ထဲအထိ လိုက်လို့ရခဲ့တာ။”

ထိုသို့ပြောရင်း လီတာ့ထိုတစ်ယောက် တဟားဟား ရယ်မောလိုက်ရာ ရေသီးလုနီးပါး ဖြစ်သွားရသည်။

စွန်းဖေးဟူက လီတာ့ထိုကို လက်ညှိုးထိုးလျက် ဝင်၍ နောက်ပြောင်လိုက်၏။

“ပန်းပဲဆရာကြီးရေ... တော်စမ်းပါ။ သူက မြင်းပင်ပန်းမှာကို ကြောက်တာ မဟုတ်ပါဘူး။ သူ လှည်းပေါ်တက်လိုက်ရင် ဝုန်းခနဲ ပြိုကျသွားပြီး အရှက်ကွဲမှာ စိုးလို့နေမှာပါ။”

ကျန်ရှိနေသော လူများက အော်ဟစ်ကာ ရယ်မောလိုက်ကြသည်။ လီတာ့ထိုက သူ့ခေါင်းကတုံးပြောင်ကြီးကို ပွတ်သပ်ရင်း “ဒါလည်း ဖြစ်နိုင်တာပဲ” ဟု ပြောလိုက်ရာ လူတိုင်း ပိုမိုကျယ်လောင်စွာ ရယ်မောမိသွားကြသည်။

ကျန့်ခန်းအန်းက ထိုစကားများကို ကြားပြီးနောက် ပြောလိုက်၏။

“တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ မနက်ဖြန် ရွာကို ငါပြန်ဦးမယ်။ အဲဒီလူနဲ့ တွေ့ကြည့်ချင်သေးတယ်။ မင်းတို့ ပြောသလောက် တကယ်ပဲ ဝသလားဆိုတာကို သိရတာပေါ့။”

ကျန်ရှိနေသော လူကြီးများအားလုံးက တူညီစွာ ခေါင်းညိတ်ပြကြရာ ထိုအချက်က အမှန်ဖြစ်ကြောင်း သက်သေပြနေသည်။

ထိုညတွင် ကျန့်ခန်းအန်းသည် မြို့ရှိ ဖူလိုင်တည်းခိုခန်း၌ အိပ်စက်အနားယူခဲ့ပြီး အိပ်ရာမဝင်မီအထိ ထိုလူသစ်က မည်မျှအထိ ဝဖြိုးနေသဖြင့် ဤလူကြီးများအား အားရပါးရ ဆွေးနွေးစေသနည်းဟု တွေးကြည့်နေမိသေးသည်။

တစ်ဖက်တွင် မုယွီတစ်ယောက် နေ့လယ်စာစားချိန်အထိ အိပ်မောကျနေခဲ့သည်။ သူ့မှာ တစ်ညလုံး ခြင်ကိုက်ခံခဲ့ရသဖြင့် အိပ်မရဘဲ ဖြစ်နေခဲ့ရကာ သန်းခေါင်ယံအချိန်၌ အိပ်ရာမှထပြီး ခြင်မောင်းရန်အတွက် ပြတင်းပေါက်အပြင်ဘက်တွင် ရေစိုပြန်နေသော ထင်းပုံကို မီးတင်၍ မီးခိုးတိုက်ခဲ့ရသည်။ မုယွီသည် မနက်ဖြန်ကျလျှင် တောင်ပေါ်သို့ တက်ကာ ခြင်ပြေးမြက်အချို့ သွားရောက်ခူးဆွတ်ရမည်ဟု တေးထားလိုက်သည်။ သို့မဟုတ်ပါက ညဘက်တွင် တကယ်ကို ဒုက္ခရောက်ပေလိမ့်မည်။ တစ်ညလုံး အကိုက်ခံရသဖြင့် မျက်နှာပေါ်တွင် အဖုအပိမ့်များ ထွက်ပေါ်နေခဲ့ပြီ ဖြစ်၏။

သူက အိပ်ရာမှထပြီးနောက် အိမ်ကို သန့်ရှင်းရေးလုပ်ကာ ပြတင်းပေါက်လိုက်ကာများ ပြုလုပ်ရန် ပြင်ဆင်သည်။ မနေ့က နောက်ကျမှ ပြန်ရောက်သဖြင့် အလုပ်များ မပြီးစီးခဲ့ရာ ယနေ့တွင်လည်း အိပ်ရာထ နောက်ကျသွားပြန်သဖြင့် နေရောင်ခြည်က အလွန်ပြင်းထန်နေလေပြီ။ ထိုသို့ နေပူရှိန်ပြင်းနေချိန်တွင် တောင်ပေါ်သို့ မတက်နိုင်သေးပေ။ အပင်ပန်းခံရမည်ကို ကြောက်၍မဟုတ်ဘဲ၊ ရေထွက်သောက်တတ်သည့် တိရစ္ဆာန်များနှင့် တိုးမိမည်အား စိုးရိမ်ရ၏။

ရှေးဟောင်းကျမ်းစာများမှ မှတ်တမ်းများအရ ရှေးခေတ်အခါက တောရိုင်းတိရစ္ဆာန်များ အလွန်ပေါများ၏။ အချို့သော တောရိုင်းကောင်များသည် တောင်ပေါ်မှ ရွာထဲအထိ ဆင်းလာကာ လူများကိုပင် ဝါးမျိုတတ်ကြသည်ဟု ဆိုကြသည်။ မုယွီမှာ သူ၏အသက်လေး ဘေးလွတ်ရန်အတွက် ထိုအစီအစဉ်ကို လက်လွှတ်လိုက်ရုံသာ။

လိုက်ကာများကို ချုပ်လုပ်ပြီးစီးသည်တွင် ဖြန့်ခါကြည့်လိုက်ရာ အ‌တော်လေး အဆင်ပြေသည်ကို တွေ့ရ၏။ မုယွီသည် မိဘမဲ့ဂေဟာတွင် ရှိစဉ်ကတည်းက အပ်ချုပ်တတ်ခဲ့သည်။ အတတ်ပညာ များများတတ်ထားခြင်းက ကောင်းမွန်သည်ဆိုသော စကားများက အမှန်ဖြစ်ပုံရ၏။ မည်သည့်အချိန်တွင် အသုံးဝင်လာမည်ကို မည်သူမျှ မသိနိုင်ပေ။

မုယွီက လိုက်ကာများကို ချိတ်ဆွဲပြီးနောက် အခန်းထဲမှ ထွက်လာကာ အိမ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုသည်။ ဟင်းသီးဟင်းရွက် စိုက်ခင်းဟောင်းထဲရှိ မြက်ခြောက်ပင်များက ဒူးဆစ်ခန့်အထိ မြင့်တက်နေကြသည်။ မုယွီသည် ရာသီဥတု ပူသည်၊ မပူသည်ကို ဂရုမစိုက်တော့ဘဲ ချွေးထွက်ပြီး ဝိတ်ကျသွားလျှင် တော်ပြီဟု သဘောထားလိုက်သည်။ သို့သော်လည်း အပူလျှပ်ခြင်း မဖြစ်စေရန်တော့ ကြိုတင်ကာကွယ်ရမည်။ ထို့ကြောင့် အိမ်ထဲသို့ ပြန်ဝင်ကာ ဦးထုပ်ကို လိုက်ရှာသည်။ ကံကောင်းထောက်မစွာဖြင့် ဤနေရာသို့ လာစဉ်က ဝိတ်ချစခန်းမှ ပေးလိုက်သော ဦးထုပ်ကို ဆောင်းလာခဲ့မိသဖြင့် ယခုအခါတွင် အသုံးတည့်သွားရသည်။

အချိန်အတော်ကြာ အပင်ပန်းခံ ကြိုးစားပြီးနောက်တွင် မြေကွက်အနည်းငယ်ကိုသာ ရှင်းနိုင်ခဲ့သည်။ ထို့ကြောင့် မုယွီသည် အလုပ်ကို ရပ်နားကာ လီရွှေရှန့်၏ အိမ်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်၏။ သူ့ထံမှ ပေါက်တူးတစ်လက် ငှားရမ်းကာ အိမ်ဝိုင်းကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး ဟင်းသီးဟင်းရွက်အချို့ စိုက်ပျိုးကာ မိမိကိုယ်ကိုယ် ထောက်ပံ့နိုင်ရန် တွေးလိုက်သည်။ သို့မဟုတ်ပါက ဆောင်းရာသီတွင် စားစရာ ရှိတော့မည်မဟုတ်ပေ။

ဤသို့ တွေးမိသည်တွင် မိမိ၏ နောက်ထပ်လုပ်ငန်းစဉ်က ဆောင်းတွင်းအတွက် ပြင်ဆင်ရမည် ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။ ယခုက ကမ္ဘာဦးခွေးရူးပြန်သည့် နေ့ရက်များကဲ့သို့ ပူအိုက်သော်လည်း ရာသီဥတုက မည်သည့်အချိန်တွင် အေးစိမ့်လာမည်ကို အာမခံချက် မရှိချေ။ အကယ်၍ ကြိုတင်ပြင်ဆင်မှုမရှိဘဲ ရုတ်တရက် ကြုံတွေ့ရပါက အခက်တွေ့နိုင်သဖြင့် မုယွီက ခြေလှမ်းများကို ပို၍ သွက်သွက် လှမ်းလိုက်သည်။

***

Aurora Novel Translation Team

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment