Chapter 20( ငရဲပြည်သို့ခရီးစဉ် )
မထွက်ခွာခင်မှာ ကောင်းယန်က စုကျန်းကို ရန်မျန်ရဲ့ အထက်တန်းကျောင်းသူ ယူနီဖောင်း လဲဝတ်ခိုင်းလိုက်သည်။
စုကျန်းက သူ့အင်္ကျီကော်လံကို ခပ်လန့်လန့်ဖြင့် ဆွဲစိထားရင်း ငြင်းရှာသည်။ "ငါက လူကောင်းပကတိကြီးပါကွာ..."
"မင်းက အညစ်အကြေးတွေ စွန်းထင်နေပြီဥစ္စာ... ဘာလူကောင်း လာလုပ်နေတာလဲ"
ကောင်းယန်က လက်ဟန်ပြကာ ရန်မျန့်ကိုပါ လှမ်းခေါ်ပြီး စုကျန်းကို ယူနီဖောင်းထဲ အတင်းအတိုးခိုင်းဖို့ အကူအညီတောင်းလိုက်သည်။
စုကျန်းမှာ တစ်ချက်ညည်းတွားလိုက်ပြီးနောက် နောက်ဆုံးတော့ အလျော့ပေးကာ ယူနီဖောင်းကိုယူပြီး လဲဖို့ ရေချိုးခန်းထဲ ဝင်သွားတော့သည်
။
ရန်မျန်က မေးခွန်းထုတ်လာ၏။ "အစ်ကိုယန်... စုကျန်းကို ဘာလို့ ကျွန်မယူနီဖောင်း ဝတ်ခိုင်းရတာလဲဟင်"
ကောင်းယန်က "ဒါက ပိုပြီး အာနိသင်ရှိလို့ပေါ့" ဟု ပြန်ဖြေသည်။
သူ ဘာကိုဆိုလိုမှန်း ရန်မျန် တွေးမရခဲ့ချေ။
စုကျန်းတစ်ယောက် ရန်မျန့်ရဲ့ ကျောင်းဝတ်စုံကို ဝတ်ပြီး ထွက်လာတဲ့အခါမှာတော့ ရန်မျန်အပါအဝင် အဖွဲ့ထဲက ကျန်တဲ့ မိန်းကလေးနှစ်ယောက်ပါ ဆွံ့အပြီး ဝမ်းနည်းပက်လက် ဖြစ်သွားကြရသည်။
ကျိန်စာတိုက်စမ်းပါဦး... ယောကျာ်းလေးတစ်ယောက်က သူတို့ထက်တောင် ပိုပြီး ချစ်ဖို့ကောင်းကာ လှပနေရတယ်လို့!
ရန်မျန်မှာ မိမိကိုယ်ကိုယ်သာ ဖြေသိမ့်နိုင်တော့သည်။ "အနုပညာကျောင်းက ကျောင်းသားတွေက တကယ်ပဲ ရုပ်ရည်ပိုင်း အဆင့်အတန်း မြင့်ကြတာပဲ..."
ကောင်းယန်က စုကျန်းကို ကြည့်ပြီး ကျေနပ်သလို ခေါင်းညိတ်ကာ "သွားကြစို့" ဟု ဆိုသည်။
ကျန်တဲ့လူတွေလည်း ဘာမှနားမလည်ဘဲ ကောင်းယန်နောက်ကနေ လေးထပ်က အခန်းတစ်ခန်းဆီသို့ လိုက်လာခဲ့ကြသည်။ ထိုအခန်းက 'အိုတာကူ' ကောင်လေးရဲ့ အခန်းဖြစ်ကြောင်း ရန်မျန် မှတ်မိလိုက်သည်။
ကောင်းယန်က ညွှန်ကြားလိုက်သည်။ "စုကျန်း... သွားပြီး တံခါးခေါက်လိုက်"
အစကတော့ မိန်းကလေးလို ဝတ်ဆင်ရခြင်းကို အလွန်အမင်း တွန်းလှန်နေခဲ့သော်လည်း ရန်မျန်နှင့် ကျန်မိန်းကလေးနှစ်ဦး၏ မနာလိုဝန်တိုမှု၊ အားကျမှုနှင့် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သွားကြသည့် အကြည့်များအောက်တွင် စုကျန်းတစ်ယောက် အတိုင်းအဆမရှိ ယုံကြည်မှုများ ရုတ်တရက် တိုးပွားလာခဲ့သည်။
သူက ကိုယ်ကိုမတ်၊ ဆံပင်ကို ခါထုတ်လိုက်ပြီး လူတွေမြင်ရင် ရဲတိုင်ချင်စရာကောင်းလောက်အောင်အထိ ညုတုတု အမူအရာတစ်ကွက် ဖမ်းလိုက်လေသည်။
စုကျန်း တံခါးခေါက်လိုက်ရာ ခဏအကြာတွင် တံခါးချပ်က အက်ကွဲကြောင်းလေး ဟသွားသည်။ အိုတာကူကောင်လေးသည် ပြီးခဲ့သည့်အကြိမ်ကနှင့် မတူဘဲ အခြားချစ်ဖို့ကောင်းသော မိန်းကလေးတစ်ဦးကို မြင်လိုက်ရသဖြင့် သူ့ရဲ့ သတိကပ်မှုကို အနည်းငယ် လျှော့ချလိုက်သည်။
"ဟို... ဟုတ်ကဲ့၊ ဘယ်သူ့ကို ရှာနေတာလဲ ခင်ဗျာ..."
စုကျန်းက အိုတာကူကို လက်ညှိုးလေးထိုးပြကာ တွတ်တီးတွတ်တာ ပြောလိုက်သည်။ "အစ်ကိုကြီးကို ရှာတာလေ..."
ရန်မျန် စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။ 'နင်တို့ ဂေးတွေကတော့ တကယ် ကစားတတ်ကြတာပဲ' 'ငါတော့ လိုက်မမီတော့ဘူး'
တော်တော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကောင်းယန်က "အလုပ်အပေါ် စိတ်စေတနာ အပြည့်ရှိတာပဲ၊ ချီးကျူးဖို့ ကောင်းတယ်" ဟု ဆိုလိုက်သည်။
အိုတာကူက အပြင်ဘက် သံတံခါးကို ဖွင့်လိုက်ရုံရှိသေး၊ ရုတ်တရက် ရင်းနှီးနေသည့် အသံတစ်ခုကို ကြားလိုက်ရလေသည်။ သူ နှစ်စက္ကန့်မျှ ဝေခွဲမရဖြစ်နေတုန်းမှာပင် သံတံခါးရော သူပါ အခန်းထဲသို့ ကန်သွင်းခြင်း ခံလိုက်ရတော့၏။
သူ မော့ကြည့်လိုက်တော့ ကောင်းယန်နှင့် ရန်မျန်တို့၏ ရင်းနှီးနေသော မျက်နှာများကို မြင်လိုက်ရသည်။
အခြေအနေ မဟန်တော့မှန်း သိလိုက်သဖြင့် သူက ခေါင်းလှည့်ပြီး စုကျန်းကို စိုက်ကြည့်လိုက်သည်။
စုကျန်းက သူ့ရဲ့ ယောကျာ်းသံ အက်ရှရှကြီးဖြင့် ညည်းညူသည်။ "နွေရာသီကြီးမှာ အင်္ကျီသုံးလွှာ ဝတ်ထားရတာ ငါ့ကို သတ်နေတာပဲ!"
ထို့နောက် သူက ရုန့်ရင်းစွာ ရယ်မောလိုက်ပြန်သည်။ "ဟီးဟီး... ဒါပေမဲ့ မိန်းကလေးလို ဝတ်ရတာလည်း တမျိုးပျော်ဖို့ ကောင်းသားပဲ"
အိုတာကူကောင်လေးမှာ အောင့်ထားနိုင်တော့ဘဲ ငိုချပစ်လိုက်တော့သည်။
ကောင်းယန်က "နောက်မှငို... မင်းမှာ ပါဆယ်ပို့တဲ့ နံပါတ် ရှိတယ်မလား။ ငါတို့အတွက် စားစရာ တစ်ခုခု မှာပေးဦး" ဟု ပြောလိုက်သည်။
ထိုအခါ အိုတာကူ၏ မျက်ရည်များက ပို၍ပင် ပြင်းထန်စွာ စီးကျလာခဲ့သည်။ ပေါင် ၁၈၀ ရှိသည့် ယောကျာ်းကြီးတစ်ယောက်က ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုနေရှာသည်။ စားစရာမှာပေးရတာက ကိစ္စမရှိသော်လည်း... ချစ်ဖို့ကောင်းတဲ့ ကောင်မလေးက ဘာလို့ ယောကျာ်းလေး ဖြစ်သွားရတာလဲ ဆိုတာကို သူ လုံးဝ ခံစားမရနိုင် ဖြစ်နေခြင်းပင်။
ကောင်းယန်က ငိုနေသည့် အိုတာကူကို နူးညံ့သောအကြည့်၊ ပို၍ပင် နူးညံ့သောအသံတို့ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "မင်း စားစရာ မမှာပေးရင်... ငါ မင်းကို မက်မွန်သီးဓားနဲ့ ထိုးသတ်ပစ်မှာနော်"
အိုတာကူမှာ အလွန်အမင်း ကြောက်လန့်တကြားဖြင့် ပါဆယ်အမြန်လှမ်းမှာလိုက်ရသည်။ ထို့နောက်တွင်တော့ သူက ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေးထိုင်ရင်း ကောင်းယန်တို့အဖွဲ့ကို မကျေမနပ် စိုက်ကြည့်နေပြီး စုကျန်းဘက်ကိုလည်း မကြာခဏ လှမ်းလှမ်းကြည့်နေခဲ့သည်။
စုကျန်း စကားမပြောသရွေ့တော့ အိုတာကူ၏ အကြည့်များက စွဲလန်းရူးသွပ်နေဆဲ ဖြစ်သည်။ သို့သော် စုကျန်း စကားတစ်ခွန်း စပြောလိုက်သည်နှင့် သူက ပို၍ သနားစရာကောင်းအောင် ငိုပြန်တော့သည်။
အထက်တန်းလွှာလူကြီးနှင့် သူ့အဖွဲ့ကတော့ ဆွံ့အမှင်တက်နေကြသည်။ "ဒီတိုက်ထဲမှာ နေထိုင်သူတွေ ကျန်သေးတာလား... သူတို့က... လူတွေကော ဟုတ်ရဲ့လား"
"တစ်ချိန်က လူသားတွေပေါ့၊ အခုတော့ သူတို့က 'ပစ္စည်းတင်တဲ့ သင်္ဘော' တွေ ဖြစ်နေပြီ။ အသက်ရှင်နေတာလည်း မဟုတ်၊ သေနေတာလည်း မဟုတ်ဘဲ ဝိညာဉ်ချုပ်ခံထားရတဲ့ သရဲတွေလိုမျိုးပဲ"
ဝိညာဉ်ချုပ်ခံထားရသည့် သရဲဆိုသည်မှာ ဘာလဲဆိုတာကို အားလုံး သိကြသည်။ ၎င်းတို့သည် မပျောက်ကွယ်သွားမချင်း နေရာတစ်ခုတည်းမှာပဲ ထာဝရ ပိတ်မိနေမည့်အရာများ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အိုတာကူကောင်လေးသည်လည်း တစ်ချိန်က ကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးပြီး ခြောက်ရက်တိုင်တိုင် ရှင်သန်နိုင်ခဲ့သော်လည်း ဂိမ်းကို အောင်မြင်အောင် မဆော့နိုင်ခဲ့သဖြင့် ချန်ထားခြင်းခံရကာ NPC တွေထက်တောင် ပိုသနားဖို့ကောင်းသည့် 'ရုပ်သေးခန္ဓာ' ဖြစ်သွားရရှာခြင်း ဖြစ်မည်ဟု သူတို့ ခန့်မှန်းလိုက်ကြသည်။
သူတို့အားလုံး စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုနှင့်အတူ ရင်ထဲ၌ အေးစက်လှသော မျှော်လင့်ချက်မဲ့ခြင်း ဝေဒနာကို ခံစားလိုက်ရသဖြင့် နာကျင်စွာ အော်ဟစ်ပစ်လိုက်ချင်စိတ်များ ပေါက်လာကြသည်။
ကောင်းယန်က မပွင့်တပွင့်ဖြင့် မေးလိုက်သည်။ "မင်း ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
အိုတာကူမှာ ခဏမျှ ကြောင်အသွားပြီးမှ စကားတွေ ထစ်ထစ်အအဖြင့် ပြန်ပြောသည်။ "ဟို... ကျွန်တော့်အမေက ကျွန်တော့်ကို ကွမ်ရင်ဘုရားကျောင်းကို အမွှေးတိုင်သွားထွန်းဖို့ ခေါ်သွားတာ။ ရာသီဥတုက ပူတာနဲ့ နားဖို့ အရိပ်ကောင်းကောင်းလေး ရှာလိုက်မိတယ်။ အဲဒါ ဘေးဘက်က အဆောင်တစ်ခုပေါ့... တံခါးကတော့ သော့ခတ်ထားတယ်။ ဒါပေမဲ့ တံခါးအက်ကွဲကြောင်းကနေ အထဲက ရုပ်တုကို မြင်နေရတယ်။ ရုပ်တုက ကြည့်ရတာ နည်းနည်း ကြောက်စရာကောင်းတယ်။ ကျွန်တော် အဲဒါကို တစ်ချက်ပဲ လှမ်းကြည့်လိုက်မိတာ... ပြီးတော့ အရာအားလုံး မှောင်အတိကျသွားပြီး နိုးလာတော့ ဒီကို ရောက်နေတာပဲ"
ကောင်းယန်က "အခု မှတ်မိပြီလား" ဟု ထပ်မေးသည်။
အိုတာကူက သူ့ခေါင်းကို ကုတ်ရင်း "ပြီးခဲ့တဲ့အကြိမ်က အစ်ကိုတို့ကို တွေ့ပြီးတဲ့နောက်မှာ ကျွန်တော် ဖြည်းဖြည်းချင်း ပြန်မှတ်မိလာတာ။ ကျွန်တော် အရင်အဖွဲ့က ကစားသမားတစ်ယောက် ဖြစ်ခဲ့ရမယ်။ အဲတုန်းက ကျွန်တော်တို့ ကိုးယောက်ရှိတာ... နောက်ဆုံးမှာ ကျွန်တော်တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်"
သူက ဆက်ပြောသည်။ "အောက်ထပ်တွေမှာတော့ သရဲတွေ နေကြပြီး အပေါ်ထပ်တွေကတော့ ကစားသမားတွေ ဒါမှမဟုတ် ကစားသမားဟောင်းတွေအတွက်ပဲ"
ကောင်းယန်က စဉ်းစားစရာတစ်ခုခု ရသွားသလို စာပွဲခုံကို ခေါက်နေခဲ့သည်။ ကျန်တဲ့လူတွေကတော့ သူ့ကို မနှောင့်ယှက်ရဲကြသဖြင့် အခန်းထဲတွင် တိတ်ဆိတ်မှုကြီး စိုးမိုးသွားခဲ့သည်။
ခဏအကြာတွင် ကောင်းယန်က အကြံပြုလာသည်။ "ငါ မင်းကို ဒီငရဲတွင်းထဲကနေ ကယ်ထုတ်ပေးနိုင်ရင်... ငါ့ကို ကိစ္စတစ်ခု ကူညီပေးနိုင်မလား"
အိုတာကူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ရုတ်တရက် ထရပ်ကာ လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ပျာပျာသလဲ ပြောရှာသည်။ "တ... တကယ်ကြီးလား?! ကျွန်တော်သာ ဒီကနေ ထွက်သွားရမယ်ဆိုရင် အစ်ကိုခိုင်းတာ မှန်သမျှ အကုန်လုပ်ပါ့မယ်!"
သူ အိမ်ပြန်ချင်လှပြီ ဖြစ်သလို သူ့အမေကိုလည်း အလွန်အမင်း လွမ်းဆွတ်နေမိပြီ ဖြစ်သည်။
ကောင်းယန်က ခေါင်းညိတ်ပြီး "ကောင်းပြီ... အဲဒါကို နောက်မှ အသေးစိတ် ပြောကြတာပေါ့။ အခုတော့ မှာထားတဲ့ စားစရာ ရောက်ပြီလား" ဟု မေးသည်။
အစက စိတ်ကောက်ပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော အိုတာကူသည် ရုတ်တရက် အလွန်အမင်း တက်ကြွသွားကာ ပါဆယ်ကို ကိုယ်တိုင်ကိုယ်ကျပင် အပြင်ထွက်ယူလေသည်။ သူ မည်မျှအထိ အိမ်ပြန်ချင်နေသည်ကို အထင်အရှား မြင်နိုင်ပေသည်။
ရန်မျန်က တိုးတိုးလေး ကပ်မေးသည်။ "အစ်ကိုယန်... အစ်ကို့မှာ သူ့ကို ကယ်ထုတ်ဖို့ တကယ် နည်းလမ်းရှိလို့လားဟင်"
'ရုပ်သေးခန္ဓာ' ဖြစ်သွားတဲ့သူတစ်ယောက် ဂိမ်းထဲကနေ ထွက်သွားနိုင်တယ်ဆိုတာမျိုး သူမ တစ်ခါမှ မကြားဖူးခဲ့ချေ။ ထွက်သွားနိုင်ခဲ့လျှင်ပင် အသက်ရှင်လျက် ရှိနေပါဦးမလားဆိုသည်မှာ မသေချာလှပါ။
ကောင်းယန်က "စမ်းကြည့်ရမှာပေါ့" ဟု ပြန်ဖြေသည်။ ဒါက ခန့်မှန်းခြေသက်သက်သာ ဖြစ်ပြီး ရလဒ်ကတော့ စောင့်ကြည့်ရဦးမည် ဖြစ်သည်။
ရန်မျန်က ထပ်မေးသည်။ "ဟုတ်ပါပြီ... ဒါပေမဲ့ ကျွန်မတို့ ပါဆယ်မှာလို့ ရမှန်း အစ်ကို ဘယ်လိုသိတာလဲ။ ဒါက တကယ် အံ့ဩဖို့ကောင်းတယ်... ဝါရင့်ကစားသမားတွေတောင် ဒါကို သိချင်မှ သိကြတာ"
ကောင်းယန်က ပခုံးတွန့်ပြကာ "ငါလည်း မသိဘူး... စမ်းကြည့်လိုက်တာ အဆင်ပြေသွားတာပဲ"
အဓိကကတော့ သူ ဗိုက်ဆာတဲ့ ဒဏ်ကို မခံနိုင်ခြင်းကြောင့်ပင် ဖြစ်သည်။
ရန်မျန်က တွေဝေစွာဖြင့် "တစ်ကယ်လို့ ပါဆယ်က အလုပ်မဖြစ်ရင်ကော ဘာလုပ်မလဲ"
ကောင်းယန် ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။ "လက်ပြတ်နေတဲ့ ကွမ်ရင်ရုပ်တုကိုပဲ ပြန်ရောင်းရမှာပေါ့..."
ရန်မျန် ရယ်မောလိုက်မိသည်။ "ပြီးတော့ အဲဒါကို ပြန်ခိုးမလို့လား... လုံးဝ လန်းတယ်"
သူမကတော့ ထိုအကြံဉာဏ်ကို လက်ခုပ်တီးချီးကျူးရုံမှတစ်ပါး အခြားမရှိတော့ပေ။