Chapter 11( ငရဲပြည်သို့ခရီးစဉ် )
ညနေစောင်းတွင် အိမ်ရှင်က ညစာလာပို့သည်။ သူက ကစားသမားတွေကို ကြည့်သည့်အခါ ဝက်သားတုံးတွေကို ကြည့်နေသည့်အလား စူးစူးဝါးဝါး စိုက်ကြည့်တတ်ပြီး ကောင်းယန်လည်း ထိုကဲ့သို့ အကဲခတ်သည့်အကြည့်ကို ခံလိုက်ရ၏။
ကောင်းယန်က “ကျွန်တော့်ကို ကုန်ပစ္စည်းတင်သွင်းတဲ့ လမ်းကြောင်းအကြောင်းလောက် မိတ်ဆက်ပေးလို့ ရမလား” ဟု မေးလိုက်သည်။
အိမ်လွှတ်ရှင်က လှောင်ပြုံးပြုံးရင်း — “မင်းက တော်တော် သတ္တိရှိတာပဲ”
ကောင်းယန်က “စီးပွားရေးလုပ်တယ်ဆိုတာ ပထမတစ်ခေါက်တော့ စိမ်းနေဦးမှာပဲ။ ဒုတိယတစ်ခေါက်ကျရင်တော့ ရင်းနှီးသွားမှာပါ။ တို့တွေလည်း အရင်က အချိန်ကောင်းတွေ အတူတူ ဖြတ်သန်းခဲ့ကြသေးတာပဲ။ အခုကစပြီး အဆက်အသွယ် ပိုလုပ်ကြပြီး ရင်းနှီးမှုကို ပိုခိုင်မြဲအောင် လုပ်ကြရင် မကောင်းဘူးလား” ဟု ပြန်ပြောလိုက်သည်။
အိမ်ရှင်က ဘာမှပြန်မပြောဘဲ သူ၏ တဂျိန်းဂျိန်းမြည်နေသော ထမင်းတွန်းလှည်းကို တွန်းကာ ထွက်သွားတော့သည်။ — ဒီလူတွေကတော့ တကယ့် ပြဿနာရှာကောင်တွေပဲ။
ကောင်းယန်က ခေါင်းခါရင်း — “ရှက်နေလို့တော့ မရဘူးလေ”
သူ့နောက်တွင်တော့ စုကျန်းနှင့် ရန်မျန်တို့နှစ်ယောက်လုံး ဆွံ့အလျက် ကျန်ရစ်ခဲ့ကြသည်။ အစ်ကိုကြီး... ခင်ဗျား မျက်စိကန်းနေတာလား။
ညဉ့်နက်ပိုင်းတွင် စုကျန်းက ပန်းကန်ခွက်ယောက်များကို ဆေးကြောပြီးနောက် တံခါးဝတွင် ဆန်စိမ်း ငါးကျပ်သားကို ချထားလိုက်သည်။ ရန်မျန်က ဘုရားအမွှေးတိုင် သုံးတိုင်ကို မီးထွန်းကာ ဆန်အိုးထဲသို့ ထိုးစိုက်လိုက်၏။ ထို့နောက် သူတို့သုံးယောက် ဧည့်ခန်းထဲတွင် စုထိုင်လိုက်ကြသည်။ မွန်းလွဲပိုင်းက အိပ်ရေးဝထားကြသဖြင့် အခုအချိန်တွင် သူတို့အားလုံး အိပ်ချင်စိတ် မရှိကြသေးပေ။
ကောင်းယန်က “စုကျန်း... စောစောက ငါ မင်းကို နေကြာစေ့နဲ့ လက်ဖက်စိမ်းရေနွေးကြမ်းအိတ်တွေ ယူခဲ့ခိုင်းတယ်မလား။ ထုတ်လိုက်ဦး” ဟု ဆိုသည်။
စုကျန်း ရေနွေးသွားတည်နေစဉ် ကောင်းယန်က အမွှေးတိုင် သုံးတိုင်ကို ယူကာ အပြင်သို့ ထွက်သွားခဲ့သည်။ လက်ဖက်စိမ်းရေနွေးကြမ်း အဆင်သင့်ဖြစ်ခါနီးအချိန်ကျမှ သူ အခန်းထဲသို့ ပြန်ဝင်လာခဲ့၏။
စုကျန်းက “အစ်ကိုကြီး... ခင်ဗျား ဘယ်သူ့ကို သွားပြီး ပြဿနာရှာခဲ့တာလဲ” ဟု မေးလိုက်သည်။
ကောင်းယန်က လက်ဖက်စိမ်းရေနွေးကြမ်းကို တစ်ငုံသောက်လိုက်ပြီး — “ကျန်းဝေမင်းကို သွားကိုင်တွယ်တာ။ သူက ပြဿနာကောင်ပဲ”
ရန်မျန်က အံ့ဩသွားပြီး — “သူက တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့သူ၊ ပြီးတော့ သူ့မှာ အသက်ကယ်ပစ္စည်းတွေ အများကြီးရှိတာ။ သူ သေမှာမဟုတ်ပါဘူး”
“မသေဘူးလို့ ပြောလို့မရဘူးလေ”
ကောင်းယန်က နေကြာစေ့တစ်ဆုပ်ကို လှမ်းယူလိုက်ရင်း — “ဖရွိုက် (Freud) ပြောဖူးတယ်... အတင်းအဖျင်းပြောတာက လူသားတွေရဲ့ သဘာဝတဲ့။ တို့တွေ မုန့်စားရင်း စကားစမြည် ပြောကြတာပေါ့။ အိပ်ရမယ့် အချိန်လည်း နီးနေပြီပဲဥစ္စာ”
စုကျန်းက စိတ်လှုပ်ရှားသွားပြီး အသိုင်းအဝိုင်းထဲက အတင်းအဖျင်းမျိုးစုံကို ချက်ချင်းပင် လိုလိုလားလား လျှောက်ပြောတော့သည်။ ရန်မျန်ကတော့ အစပိုင်းတွင် ‘ဖရွိုက်က ဒီလိုစကားမျိုး ဘယ်တုန်းကမှ မပြောခဲ့ပါဘူး’ ဟု ဝင်ပြောချင်ခဲ့သော်လည်း နေကြာစေ့လေးတဖျောက်ဖျောက်ဝါးရင်း နားထောင်နေရင်းမှ တဖြည်းဖြည်းနှင့် သဘောကျကာ စိတ်ဝင်စားသွားတော့သည်။
— ဖရွိုက်ရဲ့ စကားတွေက တကယ်ပဲ အမှန်တရားတွေပါလား။
စုကျန်းနှင့် ရန်မျန်တို့ အိပ်ပျော်သွားကြသော်လည်း ကောင်းယန်ကတော့ ထုံးစံအတိုင်း ညသန်းခေါင်ယံတွင် နိုးလာခဲ့သည်။ စင်္ကြံလမ်းတစ်ခုလုံးတွင် နားကွဲမတတ် ဆူညံသံများနှင့်အတူ ကျန်းဝေမင်း၏ ထိတ်လန့်တကြား အော်ဟစ်သံများနှင့် ကယ်ပါယူပါ တောင်းခံသံများ ပြည့်နှက်နေခဲ့သည်။ မိနစ်လေးဆယ်ခန့် ကြာပြီးနောက် အပြင်ဘက်က ဆူညံသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။
ထို့နောက်တွင်တော့ အသားကို ညှစ်ခြေဝါးမြိုနေသည့် ပလုပ်ပလတ်အသံများ၊ အရိုးကို ကိုက်ခဲဝါးစားနေသည့်အသံများနှင့် အစွယ်များကြားတွင် အသားစများကို ကြိတ်ဝါးနေသည့် ပျို့အန်ချင်စရာ အသံခပ်တိုးတိုးများ ထွက်ပေါ်လာခဲ့သည်။
ကောင်းယန်က မိုးလင်းခါနီးအထိ မအိပ်ဘဲ စောင့်နေခဲ့ပြီးမှ ခေတ္တမျှ မှေးစက်လိုက်သော်လည်း နှစ်နာရီပင် မပြည့်သေးခင်မှာပဲ အော်ဟစ်သံများကြောင့် ပြန်နိုးလာခဲ့ရသည်။ သူလည်း မတတ်သာဘဲ အိပ်ရာက ထခဲ့ရတော့သည်။
မျှော်လင့်ထားသည့်အတိုင်း ကျန်းဝေမင်း သေဆုံးသွားခဲ့လေပြီ။
သူ့ရုပ်အလောင်းက မျက်နှာကျက်ကနေ ဇောက်ထိုးဆွဲဆွဲထားခြင်း ခံထားရပြီး လက်မောင်းနှစ်ဖက်လုံး အစုတ်စုတ်အပြတ်ပြတ် အဖျက်ဆီးခံထားရကာ ပျောက်ဆုံးနေခဲ့သည်။ရင်ဘတ်ကလည်း ပွင့်ထွက်နေပြီး အတွင်းကလီစာ တဝက်ကျော်ကျော်မှာ အစားခံထားရ၏။
ဒါက ဝက်တစ်ကောင်ကို သတ်ဖြတ်သလိုမျိုး ရက်ရက်စက်စက် အသတ်ခံထားရတဲ့ ပုံစံမျိုး ဖြစ်နေတုန်းပင်။
ကျန်ရှိနေတဲ့ ကစားသမားလေးယောက်မှာ စိတ်ဓာတ်တွေ လုံးဝပြိုလဲသွားကြတော့သည်။ သူတို့ထဲတွင် အားအကိုးရဆုံး မဟာမိတ်ကြီး မရှိတော့သည့်နောက် သူတို့တွေ ဘယ်လိုလုပ်ပြီး အသက်ရှင်လျက်နှင့် ဒီနေရာကနေ ထွက်ခွာနိုင်ပါတော့မည်နည်း။
ထိုအချိန်တွင် လူကြီးလူကောင်းပုံစံနှင့် အမျိုးသားနှင့် အခြားအမျိုးသမီးတစ်ဦးတို့က ဘုရားအမွှေးတိုင် သုံးတိုင် ကျန်သေးသည်ကို ရုတ်တရက် သတိရသွားကြသည်။ သူတို့က ညှော်နံလှသော သွေးညှီနံ့ကို အောင့်အည်းသည်းခံကာ အခန်းထဲတွင် လိုက်လံရှာဖွေကြတော့သည်။
သို့သော်လည်း ကံဆိုးစွာဖြင့် ထိုအမွှေးတိုင် သုံးတိုင်ကို သူတို့ ရှာမတွေ့ခဲ့ကြပေ။
လူတိုင်းက ရုပ်အလောင်းကိုပဲ အာရုံစိုက်နေကြစဉ် ကောင်းယန်က ကျန်းဝေမင်း အခန်းတံခါးဝရှိ ဆန်စိမ်းခွက်ထဲကနေ ဝါးသားဖြင့် ပြုလုပ်ထားသော ဘုရားအမွှေးတိုင် သုံးတိုင်ကို အသာအယာ နှုတ်ယူလိုက်သည်။
ရန်မျန်တစ်ယောက်သာ ဤအပြုအမူကို သတိထားမိလိုက်ပြီး မူလက ကျန်းဝေမင်း တံခါးဝရှိ ဆန်စိမ်းခွက်ထဲတွင် အမွှေးတိုင် ခြောက်တိုင် ရှိနေခဲ့သည်ကိုပါ ရိပ်မိသွားသည်။
ထိုပိုနေသော အမွှေးတိုင် သုံးတိုင်ကတော့ မနေ့ညက ကောင်းယန် လာရောက်စိုက်ထူသွားခဲ့သည့် အမွှေးတိုင်များ ဖြစ်ရမည်။
တံခါးဝတွင် ဆန်စိမ်းငါးကျပ်သားချထားခြင်း၊ နတ်ဝိညာဉ်များကို စိတ်ကျေနပ်စေရန် ဘုရားအမွှေးတိုင် သုံးတိုင်ထွန်းခြင်းနှင့် မကောင်းဆိုးဝါး မိစ္ဆာကောင်များကို ဆင့်ခေါ်ရန်အတွက် ဘုရားအမွှေးတိုင် ခြောက်တိုင်ထွန်းခြင်း... ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်တော့သည်။
...........
ခဏအကြာတွင် အိမ်ရှင်က အမှိုက်ပုံးတစ်လုံးနဲ့ ကြမ်းတိုက်တံကို ကိုင်ပြီး "ဒုန်းဒုန်း" နဲ့ အသံမြည်အောင် ခြေလှမ်းကျဲကြီးတွေနဲ့ အခန်းထဲ အတင်းတိုးဝင်လာတော့သည်။ "မင်းတို့က တော်တော်ယဉ်ကျေးကြတာပဲ... ဟင်? ဒီနေ့ သွေးသားအဆီအနှစ်က တော်တော်လေး သန့်စင်ပါလား"
ကောင်းယန်က "တစ်ခုခု ထူးခြားလို့လား" လို့လားဟု လှမ်းမေးလိုက်သည်။
"အိမ်မွေးဝက်သားနဲ့ တောဝက်သား ဘာကွာလဲလို့မေးရင် မင်း ဘယ်လိုဖြေမလဲ" အိမ်ရှင်က ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်ပေမဲ့ ဒီနေ့ အဆင်ပြေပြေနဲ့ အထွက်ကောင်းတာမို့ သူ့စိတ်အခြေအနေက တော်တော်လေး ကောင်းနေပုံရသည်။
ကောင်းယန်က "တောဝက်က ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်လေ။ ကျွန်တော် တစ်ခါမှလည်း မစားဖူးတော့ ဘာကွာလဲ မသိဘူး" လို့ အေးအေးဆေးဆေးပဲ ပြန်ပြောလိုက်သည်။
ထင်မှတ်မထားတဲ့ စကားကြောင့် အိမ်ရှင်တစ်ယောက် ဆွံ့အသွားပြီး ကောင်းယန်ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။ ပြီးမှ ကျန်းဝေမင်းရဲ့ အလောင်းကို စီမံဖို့ လှည့်သွားရင်းနဲ့ "ရတနာထုပ်ကြီးပါလားဟေ့။ ဝါရင့်ကစားသမားတစ်ယောက်ရဲ့အသားက တကယ့်အားဆေးအကောင်းစားပဲ။ ဟီးဟီး... ဒီနေ့တော့ ငါ့ကံ ထူးပြီ။ ဝါရင့်ကစားသမားတစ်ယောက်က လူသစ်ဇုန်ထဲမှာ လာပုန်းနေတာလား။ ကောင်းကင်က ရွာတဲ့ မိုးပဲဗျာ... လာဘ်ကြီးပွတာပဲ" လို့ ဝမ်းသာအားရ တိုးတိုးလေး ရေရွတ်နေတော့သည်။
"ကျန်းဝေမင်းက ဝါရင့်ကစားသမားတစ်ယောက် ဟုတ်လား"
ကောင်းယန်က ဒီအရေးကြီးတဲ့ အချက်အလက်ကို ချက်ချင်း ဖမ်းဆုပ်မိသွားပြီး "ဝါရင့်ကစားသမားတစ်ယောက်က လူသစ်ဇုန်ရဲ့ ကစားကွင်းထဲမှာ ပေါ်လာတာဟာ မျှတမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ရာ မရောက်ဘူးလား" ဟု မေးခွန်းထုတ်လိုက်သည်။
အိမ်ရှင်က ကောက်ကျစ်တဲ့ အပြုံးတစ်ခု ပြုံးလိုက်ပြီး "သူက လူသစ်ဇုန်မှာ ပေါ်လာနိုင်တယ်ဆိုကတည်းက စည်းမျဉ်းတွေက ဒါကို တရားဝင်တယ်လို့ သတ်မှတ်ပေးထားလို့ပေါ့"
ထိုနောက် သူက နှာမှုတ်လိုက်ရင်း "သူသာ လူသစ်ဇုန်ကို အဆင့်လျှော့ မခံခဲ့ရရင် မင်းတို့လို အတွေ့အကြုံမရှိတဲ့ ကြက်ဖော်တွေ လွတ်ဖို့ လမ်းမရှိဘူး" ဟု ဆက်ပြောသည်။
ထိုစကားကို ကြားလိုက်ရသောအခါ အခြားသူများ၏ မျက်နှာများ ဖြူလျော်သွားကြသည်။ သို့သော် ကောင်းယန်ကဲ့သို့ အိမ်ရှင်ကို လွတ်လွတ်လပ်လပ် ရဲရဲဝံ့ဝံ့ ပြောဆိုရဲသူ တစ်ယောက်မှ မရှိချေ။
၎င်းတို့သည် ကောင်းယန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ဝိုင်းကြည့်ကာ မိမိတို့ကိုယ်စား အိမ်ရှင်ကို မေးခွန်းများ ထပ်မေးပေးရန်၊ အထူးသဖြင့် ဤဂိမ်းအဆင့်ကို မည်သို့ကျော်ဖြတ်ရမည်ကို မေးပေးရန် ဆန္ဒရှိနေကြသည်။
ကောင်းယန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး "ခင်ဗျားပြောတာ အမှန်ပဲ" ဟု ဆိုလိုက်သည်။
အိမ်ရှင်သည် ခဏမျှ ကြောင်အသွားပြီးနောက် နှာမှုတ်ကာ ကျန်းဝေမင်း၏ အလောင်းကို ဆွဲယူ၍ ထွက်ခွာသွားတော့သည်။ မထွက်ခွာမီ သူက ကြင်နာတတ်သည့် လေသံမျိုးဖြင့် "သုံးရက်ပဲ ကျန်တော့တယ်" ဟု အသိပေးခဲ့၏။
ကျန်ရှိနေသော ကစားသမားများ၏ စိတ်ထဲတွင် လေးလံထိုင်းမှိုင်းသွားကြသည်။ ရုတ်တရက် နုနယ်ပျော့ပျောင်းသော ပုံစံရှိသည့် အမျိုးသမီးငယ်က "ငါ မသေချင်ဘူး!!" ဟု အော်ဟစ်ကာ ငိုကြွေးလေတော့၏။
မည်သူမျှ မသေချင်ကြပေ။
အထက်တန်းလွှာ လူကုံထံဟန်ရှိသော အမျိုးသားနှင့် ရုံးဝန်ထမ်း အမျိုးသမီးတို့သည် အမွှေးတိုင်များကို ရှာမတွေ့တော့သည့်နောက်တွင် အဖွဲ့ထဲ၌ လူရာမဝင်သလောက် ဖြစ်နေသည့် လူပိန်ခြောက်ကို ဒေါသတကြီးဖြင့် အတင်းဆွဲခေါ်လိုက်ကြသည်။ "မင်းက ကျန်းဝေမင်းနဲ့ အနီးကပ်ဆုံးနေတာ။ဘကျန်တဲ့ အမွှေးတိုင် သုံးတိုင်ကို မင်းပဲ ခိုးယူထားတာ မဟုတ်လား"
လူပိန်ခြောက်က ၎င်းတို့၏လက်များကို ရုန်းဖယ်လိုက်ပြီး "အနီးကပ်ဆုံးနဲ့ အမိန့်အနာခံဆုံးအကြောင်း ပြောကြေးဆိုရင် မင်းတို့နှစ်ယောက်က ငါ့ထက်တောင် သာသေးတယ်။ ကိုယ့်ကိုယ်ကိုယ်ကျ မစွပ်စွဲဘဲ ဘာလို့ ငါ့ကို လာပြောနေတာလဲ။ ပြီးတော့ အလောင်းကို အရင်ဆုံး တွေ့တာလည်း ငါမှ မဟုတ်တာ ကလိန်ကကျစ်တွေ! ကျန်းဝေမင်း အမွှေးတိုင်တွေကို ဘယ်မှာ
ဝှက်ထားတတ်လဲဆိုတာ ဘယ်သူက သိမှာလဲ။ ငါတို့အားလုံး သူ့ကြောင့် ဒုက္ခရောက်ကုန်ပြီ။ ငါတို့ရဲ့ အသက်ကယ်ပစ္စည်း သုံးခုလုံး ပျက်ပြယ်သွားပြီ။ မနေ့ကလည်း ဘာပစ္စည်းမှ ရှာမတွေ့ခဲ့ဘူး..."
သူက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ကောင်းယန်နှင့် ကျန်နှစ်ယောက်ကို ဒေါသတကြီး လှည့်ကြည့်လိုက်သည်။ "မင်းတို့ သုံးယောက်မှာ အမွှေးတိုင် မရှိဘဲနဲ့ အခုထိ အသက်ရှင်နေတုန်းပဲ။ မင်းတို့တွေ တိတ်တဆိတ်နဲ့ အသက်ကယ်ပစ္စည်းတချို့ ရှာတွေ့ထားတာ သေချာတယ်"
ထိုစကားက အခြားသုံးယောက်ကိုပါ သတိဝင်သွားစေခဲ့သည်။
မူလက ကျန်းဝေမင်း နောက်သို့ လိုက်ပါခဲ့ကြသော ကစားသမားလေးဦးစလုံးသည် ယခုအခါ ကောင်းယန်နှင့် သူ၏အဖော်များထံသို့ အကြည့်များ လွှဲပြောင်းလိုက်ကြ၏။ ၎င်းတို့၏ မျက်နှာအမူအရာများမှာ အမျိုးမျိုး ပြောင်းလဲနေပြီး မျက်ဝန်းများတွင်လည်း မရေမရာ အကြံအစည်များဖြင့် လှုပ်ခတ်နေကြသည်။
ကောင်းယန်က ပြုံးလိုက်ပြီး "ငါတို့ဆီမှာ အသက်ကယ်ပစ္စည်းတွေ ရှိနေရင်တောင် မင်းတို့ ငါတို့ဆီကနေ လုယူလို့ရမှာ မဟုတ်ဘူး" ဟု ဆိုလိုက်သည်။