no

Font
Theme

Chapter 13( ငရဲပြည်သို့ခရီးစဉ် )

အထက်တန်းလွှာအမျိုးသားကလည်း "ကျွန်တော်က သတ္တမထပ်ကို ရောက်ခဲ့တာ၊ အဲဒီမှာလည်း လူမနေဘူး။ လူသွားလမ်းတစ်လျှောက်မှာ ပရိဘောဂဟောင်းတွေနဲ့ အမှိုက်တွေ ရှုပ်ပွနေပြီး ထောင့်တွေမှာလည်း ပင့်ကူအိမ်တွေ အပြည့်ပဲ။ ရေရှည် စွန့်ပစ်ထားတဲ့ ပုံစံမျိုး။ တံခါးတွေကလည်း အသေပိတ်ထားပြီး သော့ပေါက်တွေက သံချေးတက်နေတာမို့ သော့မရှိရင် ဖွင့်ဖို့ လုံးဝမဖြစ်နိုင်ဘူး။ ကျွန်တော် လူသွားလမ်းမှာ ခဏလောက် လျှောက်ကြည့်နေတုန်း..မြင်ခဲ့တာ"

သူက ထိုမြင်ကွင်းကို ပြန်လည်တွေးတောမိရင်း မျက်နှာ ဖြူဖျော့သွားကာ နဖူးပြင်တွင် အေးစက်သော ချွေးစေးများ ပြန်လာသည်။ "အခန်းတိုင်းရဲ့ တံခါးဝမှာ အမည်းရောင် အကွက်တွေ ပေကျံနေတာကို သတိထားမိလိုက်တယ်။ ဒါနဲ့ အဲဒါကို အနည်းငယ် ခြစ်ယူပြီး စစ်ဆေးကြည့်တော့ အားလုံးက သွေးခြောက်တွေ ဖြစ်နေတာ။ ဒါပေမဲ့ သတ္တမထပ်က ဆယ်စုနှစ်ပေါင်းများစွာ လူမနေတဲ့ ပုံစံမျိုးလေ။ သွေးတွေ ခြောက်နေရင်တောင် ဒီလောက်ကြာရင် ဆွေးမြည့်ပျောက်ကွယ်သွားရမှာ။ အဲဒီအချိန်မှာပဲ ကျွန်တော် တွေးမိတာက... ငါတို့လိုမျိုးပဲ တစ်ယောက်ယောက်က ဒီထဲကို မမျှော်လင့်ဘဲ ရောက်လာပြီး အသက်ပျောက်သွားခဲ့တာ ထင်တယ်"

"ကျွန်တော်လည်း ကြောက်ကြောက်လန့်လန့်နဲ့ အလန့်တကြား ထွက်ပြေးရင်း လမ်းမှာချထားတဲ့ သံပုံးတစ်ပုံးကို မတော်တဆ ကန်မိသွားတယ်။ ပုံးအဖုံးက သေသေချာချာ ပိတ်မထားတော့ အထဲက ပစ္စည်းတွေ အကုန်ဖိတ်ကျလာရော။ အထဲမှာ စုတ်ပြဲနေတဲ့ စာရင်းစာအုပ်ဟောင်းတစ်အုပ်၊ စုတ်ပြဲနေတဲ့ ငွေစက္ကူအချို့၊ အဝါရောင် ကာကွယ်ဂါထာတွေနဲ့ ဖန်ဂေါ်လီလုံး အနည်းငယ် ပါတာ။ အဲဒါနဲ့ သတိထားတဲ့အနေနဲ့ စစ်ဆေးကြည့်ချင်လို့ စာရင်းစာအုပ်ကို ကောက်ယူလာခဲ့တာ၊ ကျန်းဝေမင်းကိုတော့ အချိန်မီ မပြောလိုက်ရဘူး"

ကောင်းယန်က "အဲဒါကို ကြည့်ပြီးပြီလား" ဟု မေးလိုက်သည်။

အထက်တန်းလွှာအမျိုးသားက ခေါင်းငြိမ့်ပြသည်။

ကောင်းယန်က "ဘာတွေ တွေ့ခဲ့လဲ" ဟု ထပ်မံ မေးမြန်းလိုက်သည်။

အထက်တန်းလွှာအမျိုးသား ခဏမျှ ဆွံ့အသွားရသည်။ သူက ကျန်းဝေမင်း လုပ်ခဲ့သလိုမျိုး ကောင်းယန်က ထိုစာရင်းစာအုပ်ကို အတင်းအဓမ္မ လုယူလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ကောင်းယန်က ထိုသို့မလုပ်ခဲ့ချေ။

သူ့ကို ယုံကြည်မှုတစ်ခု ပေးထားသည့် လေသံမျိုးဖြင့်သာ မေးမြန်းနေခြင်း ဖြစ်သည်။

"စာရင်းစာအုပ်ရဲ့ အရှေ့ပိုင်းမှာတော့ ပုံမှန် နေ့စဉ်အသုံးစရိတ်လေးတွေကိုပဲ မှတ်ထားတာ။ ဒါပေမဲ့ လဆန်းပိုင်းနဲ့ လလယ်ပိုင်း စာမျက်နှာတွေကို လှန်ကြည့်လိုက်တော့ ထူးထူးခြားခြား မှတ်တမ်းနှစ်ခုကို သတိထားမိတယ်။ တစ်ခုကတော့ အမွှေးတိုင်တွေ၊ ကန်တော့ပွဲတွေနဲ့ စက္ကူရွှေပြား ငွေပြားတွေ ဝယ်ထားတာ။ စာအုပ်ပိုင်ရှင်က လစဉ် အပိုအသုံးစရိတ်တွေ များနေလို့ဆိုပြီး ညည်းတွားထားသေးတယ်။ နောက်မှတ်တမ်းတစ်ခုကတော့ သူ့သမီးအတွက် မွေးနေ့လက်ဆောင်ပေးဖို့ ထင်တယ်။ဘဒါပေမဲ့ ရေးထားတဲ့ ပုံစံက နည်းနည်း ထူးဆန်းနေတယ်"

ကောင်းယန်က "အဲဒါကို မှတ်မိသေးလား" ဟု မေးလိုက်သည်။

"မှတ်မိတာပေါ့"

အထက်တန်းလွှာအမျိုးသားက ခေါင်းငြိမ့်ပြရင်း "XX ခုနှစ်၊ ဇွန်လ ၈ ရက်၊ ရာသီဥတု အုံ့မှိုင်းတယ်။ ဝက်တစ်ကောင် ဝယ်ဖို့ ပိုက်ဆံအလုံအလောက် စုမိပြီ။ XX ခုနှစ်၊ ဇွန်လ ၁၄ ရက်၊ မိုးဖွဲဖွဲရွာတယ်။ ဝက်ကို ရွေးပြီးပြီ၊ အောက်ထပ်က အခန်းနံပါတ် ၅ မှာ ထားထားတယ်။ မနက်ဖြန်ကျရင် 'နန်နန်' ကို ပန်းခြံထဲ လိုက်ပို့လို့ရပြီ၊ သမီးလေး တော်တော်ပျော်မှာပဲ လို့ ရေးထားတာ"

စုကျန်းက သူ့လက်မောင်းကို သူ ပြန်ပွတ်ရင်း "အဲဒီ 'ဝက်' ဆိုတဲ့ စကားလုံးက ဘာလို့ ငါ့ကို ဒီလောက် စိတ်မသက်မသာ ဖြစ်စေတာလဲ" ဟု ဆိုသည်။

အနားတွင် ရှိနေသူအားလုံးလည်း ထိုစကားလုံးကြောင့် စိတ်ထဲ တစ်မျိုးကြီး ဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် လူများခေါ်လေ့ရှိသလို အိမ်မွေးဝက်၊ တောဝက် စသည်ဖြင့် သာမန်အတိုင်း မခေါ်ဘဲ၊ သတ်စားရန် သီးသန့်မွေးထားသည့် ဝက်ဟု သုံးနှုန်းထားသောကြောင့် ဖြစ်သည်။

ထိုသို့ 'အသားတိုးဝက်' ဟု အထူးပြု သုံးနှုန်းခြင်းသည် ပုံမှန်အားဖြင့် စားသုံးရန် သီးသန့်ရည်ရွယ်ချက်ကို ခွဲခြားလိုသည့် သဘောမျိုး ဖြစ်သည်။

"အောက်ထပ်က အခန်း ၅ ဆိုတာ ဆဋ္ဌမထပ်က အခန်း ၅ ဖြစ်ရမယ်။ ပြီးတော့ အဲဒီအခန်းထဲမှာ လူတွေ နေထိုင်ခဲ့တာ ဖြစ်ဖို့များတယ်။ ဒါဆိုရင် 'အသားတိုးဝက်' ဆိုတာက အပြင်ကနေ လာငှားနေတဲ့ အိမ်ငှားတွေကို ရည်ညွှန်းတာပဲ။ လွတ်လွတ်လပ်လပ် ဝယ်ယူ၊ ရောင်းချပြီး စားသုံးလို့ရတဲ့... လူသားတွေကို ပြောတာ!"

ရန်မျန်က ကောက်ချက်ချလိုက်သော်လည်း အခြားသူများအဖို့မူ ထိုစကားက တုန်လှုပ်ခြောက်ခြားစရာ ကောင်းလှသည်။

ဒါက ဘယ်လိုနေရာမျိုးလဲ။ ဒီအဆောက်အအုံမှာ အရင်က နေခဲ့တဲ့ ဒေသခံတွေက အတူတူနေထိုင်တဲ့ လူသားအိမ်ငှားတွေကို ဒီလောက်အထိ ပေါ့ပေါ့ဆဆ ဝယ်ယူရောင်းချရရုံတင်မကဘဲ...

၎င်းတို့ကို 'အသားတိုးဝက်' ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ကြသည်မှာ တွေးကြည့်ရုံမျှဖြင့် ကြက်သီးထစရာ ကောင်းလှပေသည်။

အထက်တန်းလွှာအမျိုးသားက တည်တည်ငြိမ်ငြိမ်ဖြင့် "ကျွန်တော် အဲဒါကို အစောဆုံး မြင်တုန်းက မျက်စိမှားတယ်မှတ်လို့ အကြိမ်ကြိမ် ပြန်ဖတ်ကြည့်ခဲ့တာ။ တကယ်ပဲ အဲဒီအတိုင်း ရေးထားတာ ဟုတ်တယ်။ ဒီအဆောက်အအုံက ဒေသခံတွေက တစ်ခုခုကို ကိုးကွယ်နေကြပြီး လစဉ် ကန်တော့ပွဲတွေအတွက် ပိုက်ဆံသုံးနေကြတာ။ ဒါပေမဲ့ အဲဒီလို လူသားတွေကို ဝယ်တာနဲ့ မွေးနေ့ပွဲ ကျင်းပတာကြားထဲမှာ ဘာဆက်စပ်မှု ရှိလဲဆိုတာတော့ ကျွန်တော် မသိဘူး။ သူတို့က လူသားချင်း ပြန်စားတဲ့ လူသားစားမျိုးနွယ်တွေ ဖြစ်နေတာလား"

ကောင်းယန်က လူပိန်ခြောက်နှင့် နုနယ်သောအမျိုးသမီးဘက်သို့ လှည့်ကာ "မင်းတို့ကော ဘာတွေသိလဲ" ဟု မေးလိုက်သည်။

လူပိန်ခြောက်က "ကျွန်တော်က ကျန်းဝေမင်းနဲ့အတူ ကိုးထပ်ကို သွားခဲ့တာ။ အိမ်ရှင်က အပေါ်ဆုံးထပ်မှာ နေတာဆိုတော့ ကျွန်တော်တို့ အပေါ်အထိ တက်လို့မရဘူး။ ကိုးထပ်က အခန်းတွေ သီးသန့် မဖွဲ့ထားဘဲ ကျယ်ကျယ်ဝန်းဝန်း အမိုးဖွင့် နေရာကြီးတစ်ခု ဖြစ်နေတာ။ အဲဒီမှာ ဘုရားကျောင်းဆောင်လိုမျိုးနဲ့ ယဇ်ပလ္လင်လိုဟာမျိုးတွေ ရှိပြီး 'ငရဲပြည်သို့ ခရီးစဉ်' အခမ်းအနား ကျင်းပတဲ့ နေရာနဲ့ တူတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး အဲဒီနေရာကို ဂူဗိမာန်တစ်ခုလိုမျိုး တဖြည်းဖြည်း ပြင်ဆင်နေကြတာ။

ဂူဗိမာန်ရဲ့ အလယ်ဗဟိုမှာ ခေါင်းတလားတစ်ခု ရှိပြီး အထဲမှာ အိမ်ရှင်ရဲ့အမေ ရှိနေတာ။ ကျွန်တော်တို့ အနီးကပ် သွားကြည့်ချင်ပေမဲ့ ခေါင်းတလားနား ကပ်သွားတိုင်း ဘာကြောင့်မှန်းမသိဘဲ ထိတ်လန့်ခြောက်ခြားမှုကို ခံစားရတယ်။ မကောင်းတာတစ်ခုခု ဖြစ်တော့မယ့်အတိုင်းပဲ။ အဲဒီကြောက်စိတ်ကြောင့်ပဲ ကျွန်တော်တို့ ခေါင်းတလားနဲ့ ဝေးဝေးမှာ နေခဲ့ရတာ" ဟု ပြောပြသည်။

၎င်းမှာလည်း အလွန်အရေးကြီးသည့် အချက်အလက်တစ်ခု ဖြစ်ပေသည်။ အိမ်ရှင်၏ သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်သော မိခင် ဖြစ်သည်။

နုနယ်သောအမျိုးသမီးက တုန်တုန်ရီရိ ဖြင့်ဝင်ပြောလာသည်။"ကျွန်မ... ကျွန်မက အဋ္ဌမထပ်ကို သွားခဲ့တာ။ ဒါပေမဲ့ အဲဒီထပ်က သတ္တမထပ်နဲ့ ပုံစံတူတူပဲမို့ အထဲဝင်ကြည့်ဖို့ အရမ်းကြောက်လို့ လှေကားထစ်အဝင်ဝမှာပဲ ပုန်းနေခဲ့တာ။ မနေ့က နေ့လယ်ပိုင်းတုန်းက အလုပ်သမားနှစ်ယောက် ဆင်းတုတော်တစ်ဆူကို ကိုးထပ်ဆီ ထမ်းတင်သွားတာ တွေ့လိုက်ရတယ်။ အခြေအနေကို စုံစမ်းပြီး ပြန်ပြောပြချင်လို့ သူတို့ကို လှမ်းစကားပြောမလို့ လုပ်သေးတယ်။ ဒါပေမဲ့..."

သူမက ကြောက်စိတ်ကြောင့် တံထွေးတစ်ချက်ကို ခက်ခက်ခဲခဲ မျိုချလိုက်ရင်း "အဲဒီအလုပ်သမားတွေဆီက ဘာအသံမှ ထွက်မလာတာကို ရုတ်တရက် သတိထားမိသွားတယ်။ ဒီလောက် လေးလံတဲ့ ဆင်းတုတော်ကြီးကို လှေကားငါးထပ်စာလောက် ထမ်းတက်လာတာတောင် အမောတကော အသက်ရှူသံဖြစ်ဖြစ်၊ ခြေသံဖြစ်ဖြစ် လုံးဝမကြားရဘူး—ဒါက အရမ်းထူးဆန်းလွန်းတယ်။ ကျွန်မလည်း အသံမထွက်ရဲတော့ဘဲ တံခါးကြားကနေပဲ ချောင်းကြည့်နေမိတော့တယ်။ ကျွန်မ မြင်လိုက်ရတာက... သူတို့ထမ်းသွားတဲ့ ဆင်းတုတော်ကြီးက အကြီးကြီးပဲ။ ကွမ်ရင်မယ်တော် ဆင်းတုတော်ကြီး ဒါပေမဲ့ အဲဒီမယ်တော်ဆင်းတုက ပုံမှန်မဟုတ်ဘဲ တစ်ကိုယ်လုံး မည်းမှောင်နေပြီး ကျောပြင်ကနေ လက်မောင်းပေါင်း ရာနဲ့ချီ ထွက်နေတာ။ တချို့လက်မောင်းတွေမှာဆိုရင် ဖောင်းကြွနေတဲ့ အဖုအကျိတ်ကြီးတွေနဲ့... တကယ့်ကို ခြောက်ခြားစရာကောင်းပြီး ရွံရှာဖို့ ကောင်းလှတယ်" ဟု ဆိုသည်။

"ဒီလောက်အထိ ရွံစရာကောင်းတဲ့ လက်တစ်ထောင် ကွမ်ရင်ဆင်းတုမျိုး တစ်ခါမှ မမြင်ဖူးဘူး"

သူမ ပြောပြသည့် ဖော်ပြချက်ကို ကြားရုံမျှဖြင့်တင် လူတိုင်း စိတ်ထဲ ပျို့အန်ချင်သလို ခံစားလိုက်ရသည်။

ကောင်းယန်ကတော့ တိတ်တဆိတ် စဉ်းစားခန်း ဝင်နေပြီး သူတို့လေးဦး ပေးခဲ့သည့် သဲလွန်စများကို စုစည်းကာ အဖြစ်အပျက်အားလုံးကို ခေါင်းထဲတွင် တဖြည်းဖြည်း ချိတ်ဆက်ရင်း အခြေအနေတစ်ခုလုံးကို သုံးသပ်ရန် ကြိုးစားနေခဲ့သည်။

"ဒါက 'ခေါင်းတလားအဆောက်အအုံ' ပဲ။ ယင်နဲ့ယန် ဒွန်တွဲနေပြီး လူနဲ့သရဲ တူတူနေထိုင်တဲ့နေရာ။ ဆောက်ကတည်းက မကောင်းဆိုးဝါး နိမိတ်တွေ ရှိခဲ့တာ။ဖူကျန့်နဲ့ ဂွမ်ဒေါင်းဘက်က တချို့ဒေသတွေမှာဆိုရင် လဆန်း ၁ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ သရဲတစ္ဆေတွေကို ပူဇော်ပသတဲ့ ဓလေ့ရှိတယ်။ ဒါက တစ်နေရာတည်းမှာ အတူရှိနေတဲ့ ရန်ငြိုးဖွဲ့ဝိညာဉ်တွေကို စိတ်ပြေလျော့စေဖို့ လုပ်တာ ဖြစ်နိုင်တယ်"

ကောင်းယန်၏ သုံးသပ်ချက်ကို အားလုံးက ငြိမ်သက်စွာ နားထောင်နေကြသည်။

"ဇာစ်မြစ်ကို လိုက်ကြည့်ရင် ဒီအဆောက်အအုံ မဆောက်ခင်ကတည်းကပဲ။ မူလနေရာက ဒေသခံတွေ ကိုးကွယ်တဲ့ ဆင်းတုတော်ရှိတဲ့ ဘုရားကျောင်းတစ်ခု ဖြစ်ခဲ့တာ။ အဲဒီဆင်းတုတော်က အခုမြင်ရတဲ့ ထူးဆန်းပြီး ကြီးမားတဲ့ ကွမ်ရင်ဆင်းတု ဖြစ်ရမယ်။ နောက်ပိုင်း ဘုရားကျောင်းကို ဖျက်ဆီးပြီး အဆောက်အအုံအခြေခံအုတ်မြစ် ချလိုက်ပေမဲ့ မိစ္ဆာကွမ်ရင်ကို ကိုးကွယ်တဲ့ဓလေ့က ရပ်မသွားဘဲ ဒီအဆောက်အအုံထဲမှာတင် ဆက်ရှိနေခဲ့တာ"

"အမွှေးတိုင်တွေနဲ့ စက္ကူရွှေပြား ငွေပြားတွေက ဒီမှာသေဆုံးသွားတဲ့သူတွေအတွက် ပူဇော်တာဖြစ်ပြီး ခေါင်းတလားအဆောက်အအုံကတော့ အဲဒီရန်ငြိုးဖွဲ့ဝိညာဉ်တွေကို နှိပ်ကွပ်ထားတာပေါ့"

စုကျန်းက နားမလည်နိုင်ဘဲ ခေါင်းကို ကုတ်ရင်း "သူတို့က မိစ္ဆာကွမ်ရင်ကို ကိုးကွယ်ရမှာ မဟုတ်ဘူးလား။ ဒါဆို သူမကို ဘယ်လို ပူဇော်ပသကြတာလဲ" ဟု မေးလိုက်သည်။

ရန်မျန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မျက်နှာအမူအရာက တည်တင်းခက်ထန်နေခဲ့သည်။

အထက်တန်းလွှာအမျိုးသားနှင့် ရုံးဝန်ထမ်းအမျိုးသမီးတို့လည်း ဤဓလေ့က ဘယ်လောက်အထိ ရွံရှာဖွယ်ကောင်းကြောင်း သဘောပေါက်သွားကြပြီ ဖြစ်သည်။

စုကျန်းသည် ခဏမျှ တစ်ကိုယ်တည်း ရေရွတ်နေပြီးနောက် အမှန်တရားကို တဖြည်းဖြည်း ရိပ်မိသွားကာ အလားတူ ရွံရှာစက်ဆုပ်မှုကို ခံစားလိုက်ရပြီး တိတ်ဆိတ်သွားတော့သည်။

ကောင်းယန်က "ပူဇော်သက္ကာတွေက... လူတွေ၊ အပြင်လူတွေပဲ" ဟု ပြောလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment