no

Font
Theme

Chapter 12( ငရဲပြည်သို့ခရီးစဉ် )

ရန်မျန်က သူမ၏ ကျောပိုးအိတ်ထဲမှ ဓားရိုးတစ်ခုကို ဆွဲထုတ်လိုက်ရာ ၎င်းသည် သုံးပေခြောက်လက်မ ရှည်လျားသော သစ်သားဓားတစ်ချောင်းအဖြစ်သို့ ဖြည်းညှင်းစွာ ဆန့်ထွက်သွားလေသည်။ထိုနောက်  သူမက ဓားကို တစ်ချက်ဝှေ့ယမ်းကာ ဆိုဖာပေါ်သို့ ထိုးစိုက်ချလိုက်ရာ သားရေအဖုံးကို ဖောက်ထွက်ပြီး အပေါက်ကြီးတစ်ခု ဖြစ်သွားတော့သည်။

မြို့ပြမှ 'သာမန်' လူငယ်လေးဦးစလုံးသည် တစ်ကိုယ်လုံး တောင့်တင်းသွားကြပြီး သစ်သားဓားနှင့် ပိန်ပိန်ပါးပါး ချစ်စရာကောင်းသော ရန်မျန်ကို ကြည့်ကာ တစ်ပြိုင်နက်တည်း နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ကြသည်။

စုကျန်းက လက်ခုပ်တီးကာ "လန်းလိုက်တာ ဒါ ဘာဓားလဲ" ဟု မေးလိုက်သည်။

ရန်မျန်က "ဒါ မိစ္ဆာနှင်တဲ့ မက်မွန်သားဓားလေ။ သယ်ရလွယ်ကူအောင် ခေါက်သိမ်းလို့ရတဲ့ပုံစံ သီးသန့် အော်ဒါမှာလုပ်ထားတာ။ အိမ်ဖောက်ထွင်းတာတွေ ဒါမှမဟုတ် ကစားကွင်းထဲမှာ ဂိမ်းဆော့တဲ့အခါ ဒါက မရှိမဖြစ်ပဲ။ စိတ်ဝင်စားရင် နောက်မှ မှာရမယ့် လိပ်စာပေးမယ်လေ" ဟု ပြန်ဖြေသည်။

စုကျန်းက လက်ဝါးချင်း ပွတ်လိုက်ရင်း "ငါလည်း ဒင်္ဂါးပြားဓားတစ်ချောင်းလောက် လိုချင်တယ်" ဟု ဆိုသည်။

"ရတာပေါ့ အေးဆေးပဲ"

ရန်မျန်က လက်ဟန်ခြေဟန်ဖြင့် "ပြီးတော့ စွမ်းအားအကောင်းဆုံး မင်းငါးပါး ဒင်္ဂါးပြားဓားကို စကြဝဠာ အခါတော်ပေးနှစ်ရဲ့ ပဉ္စမမြောက်ပြက္ခဒိန်လ၊ ပဉ္စမမြောက်နေ့ မွန်းတည့်အချိန်မှာ အထူးပြုလုပ်ထားတာမို့ အစွမ်းကတော့ အထက်မြက်ဆုံးပဲ။ ငါတို့က ဒါမျိုးတွေဆို Professional တွေ" ဟု ရှင်းပြသည်။

"ပြဿနာမရှိဘူး၊ ပိုက်ဆံက အဓိက မဟုတ်ဘူး။ ငါ့အကောင့်ထဲမှာ တစ်သိန်းလောက်တော့ ရှိတယ်"

ထိုအချိန်တွင် အထက်တန်းလွှာအမျိုးသားနှင့် ရုံးဝန်ထမ်းအမျိုးသမီးတို့က အံကြိတ်ကာ ရှေ့သို့ တိုးလာကြသည်။ "လွန်ခဲ့တဲ့ နှစ်ရက်လုံးလုံး ငါတို့ စုဆောင်းထားတဲ့ အချက်အလက်တွေကို အကုန်မျှဝေပေးဖို့ အဆင်သင့်ပါပဲ။ ကျေးဇူးပြုပြီး ငါတို့ အသက်ရှင်အောင် ကူညီပေးပါဦး"

၎င်းတို့သည် ရူးသွပ်လုနီးပါး ဖြစ်နေကြပြီဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် သေဆုံးကုန်ကြသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါးဖြစ်ကာ အာရုံကြောများလည်း အမြဲတမ်း တင်းကျပ်နေခဲ့သည်။ ယခုအခါ ၎င်းတို့၏ တစ်ဦးတည်းသော အားကိုးရာဖြစ်သည့် ကျန်းဝေမင်းလည်း သေဆုံးသွားပြီဖြစ်ရာ အသက်ကယ်ကိရိယာလည်း မကျန်တော့ချေ။ သေမင်း၏ လည်ဖြတ်စက်က ၎င်းတို့၏ ခေါင်းပေါ်တွင် ချိတ်ဆွဲထားပြီး မည်သည့်အချိန်တွင်မဆို လည်ပင်းကို ဖြတ်တောက်ရန် အဆင်သင့်ဖြစ်နေသကဲ့သို့ ခံစားနေရသည်။

ဒီလူတွေသာဆိုရင် ဒီဂိမ်းအဆင့်ကို တကယ် ကျော်ဖြတ်နိုင်လောက်တယ်!

နုနယ်သောအမျိုးသမီးနှင့် လူပိန်ခြောက်တို့သည် ခဏမျှ ဝေခွဲမရဖြစ်နေပြီးနောက် ကောင်းယန်တို့ သုံးယောက်အား ၎င်းတို့ကို ကယ်တင်ပေးရန် လာရောက်တောင်းပန်ကြလေတော့သည်။

အလဲအလှယ်အနေဖြင့် ၎င်းတို့သည် အကြွင်းမဲ့ နာခံမည်ဖြစ်ပြီး ရှာဖွေရရှိထားသော သဲလွန်စအားလုံးကိုလည်း မျှဝေပေးမည်ဟု ကတိပြုကြသည်။

ကောင်းယန်က စိတ်ဝင်စားပုံမပြဘဲ "မင်းတို့သိတဲ့ သဲလွန်စတွေကို ငါတို့ဘာသာလည်း ရှာလို့ရတာပဲ" ဟု အေးတိအေးစက် ဆိုသည်။

ရုံးဝန်ထမ်းအမျိုးသမီးက ချက်ချင်း ဖြတ်ပြောလိုက်သည်။ "မဟုတ်သေးဘူး၊ မတူဘူး။ သဲလွန်စအချို့ကို ကျန်းဝေမင်းက ဖျက်ဆီးပစ်လိုက်ပြီ... ဟုတ်တယ်။ ဘယ်သူမှ ကိုယ်ကျိုးမရှာနိုင်အောင်လို့ဆိုပြီး တွေ့သမျှ သဲလွန်စတွေကို ချက်ချင်း ဖျက်ဆီးပစ်ဖို့ သူက ငါတို့ကို ခိုင်းခဲ့တာ။ ဟက်... အခုကြည့်တော့ တကယ့် ကိုယ်ကျိုးရှာသမားက သူကိုယ်တိုင် ဖြစ်နေတာပဲ"

စုကျန်းက "အစ်ကိုယန်?" ဟု လှမ်းမေးလိုက်သည်။

သူရော ရန်မျန်ပါ မည်သည့်ဆုံးဖြတ်ချက်မျှ မချကြဘဲ နောက်ဆုံး စကားဏ္ဍကို ကောင်းယန်တစ်ဦးတည်းကသာ အမြဲတမ်း ဆုံးဖြတ်လေ့ရှိသည်။

ကျန်ရှိသော လူလေးဦးစလုံးသည် ကောင်းယန်က သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြမည့်အချိန်ကို မျှော်လင့်ချက်အပြည့်ဖြင့် ဝိုင်းကြည့်နေကြသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကောင်းယန်က နှေးနှေးကွေးကွေးဖြင့် စကားစလာသည်။ "မင်းတို့ကို နှစ်ရက်လောက် အသက်ရှင်အောင် ထိန်းထားပေးဖို့က ပြဿနာမရှိပါဘူး။ ဒါပေမဲ့ မင်းတို့ ငါ့ကို အကြွင်းမဲ့ နာခံရမယ်"

လေးယောက်စလုံးက ဝမ်းသာအားရဖြင့် "ပြဿနာမရှိပါဘူး။ နာခံဖို့ ကတိပေးပါတယ်" ဟု အလောတကြီး သဘောတူလိုက်ကြသည်။

"ငါပြောတဲ့ နာခံမှုဆိုတာက ငါ့ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို မင်းတို့ ဘာမေးခွန်းမှ ထပ်မထုတ်ရဘူးလို့ ဆိုလိုတာ။ ငါ့ကို မယုံကြည်ရင် မင်းတို့ဘာသာ လမ်းခွဲသွားနိုင်တယ်။ အကယ်၍ တစ်ယောက်ယောက်က ငါ့ကွယ်ရာမှာ လှည့်ကွက်သုံးဖို့ ကြိုးစားရင်တော့... မင်းတို့ တကယ့် ကမ္ဘာစစ်စစ်ဆီ ပြန်ရောက်သွားရင်တောင် နောင်တရစေရမယ်လို့ ငါ အာမခံတယ်"

ကောင်းယန်၏ စကားလုံးများသည် တည်ငြိမ်ပြီး ညင်သာလုနီးပါး ဖြစ်သော်လည်း သူ၏ အေးစက်သော အကြည့်များက သူ နောက်ပြောင်နေခြင်း မဟုတ်ကြောင်း ထင်ရှားစေပေသည်။

လေးယောက်စလုံး ချက်ချင်း ကိုယ်ကို မတ်လိုက်ကြပြီး "နားလည်ပါပြီ။ ငါတို့ ဘာလှည့်ကွက်မှ မသုံးရဲပါဘူး" ဟု ကတိပြုကြသည်။

ကောင်းယန်က စိတ်ကျေနပ်သွားသည့်အလား ခေါင်းငြိမ့်ပြကာ "ကဲ အရင်ဆုံး အခန်းထဲ ဝင်ရအောင်"

သူက အားလုံးကို အခန်းထဲ ဝင်ခိုင်းလိုက်ပြီးနောက် ရန်မျန်နှင့် စုကျန်းကို ဧည့်ကြိုကောင်တာသို့ သွားရောက်၍ အရှေ့ကောင်တာမှ တိပ်ရီကော်ဒါကို သွားယူရန် ညွှန်ကြားလိုက်သည်။

သူတို့နှစ်ဦးလည်း အမိန့်အတိုင်း အောက်ထပ်သို့ ဆင်းသွားပြီး ရီကော်ဒါကို ယူဆောင်လာခဲ့ကြသည်။

ကောင်းယန်က ရီကော်ဒါကို ယူပြီး ဖွင့်လိုက်ရာ ပထမဆုံးနေ့က ကြားခဲ့ရသည့် စည်းမျဉ်းစည်းကမ်း ရှင်းလင်းချက် အသံဖိုင်က ထပ်မံ ထွက်ပေါ်လာသည်။

"နတ်ဘုရားများ၏ ဂိမ်းကမ္ဘာမှ ကြိုဆိုပါ၏~

အဆင့်မြင့်ဇုန် - ငရဲပြည်သို့ ခရီးစဉ်။

အသိပေးချက် - မသန့်ရှင်းသော အရာများနှင့် အလွန်အကျွံ နီးကပ်စွာ မနေထိုင်မိရန် သတိပြုပါ။ သင် သေဆုံးပါက နတ်ဘုရားများမှ တာဝန်ယူမည် မဟုတ်ပါ"

ရုတ်တရက် အားလုံး၏ မျက်နှာများ ပြာနှမ်းသွားကြသည်။ အကြောင်းမှာ ပုံမှန်မဟုတ်သော ထူးဆန်းသည့် အချက်တစ်ခုကို သတိပြုမိသွားခြင်းကြောင့် ဖြစ်သည် — 'အစပျိုးဇုန်' ဆိုသည့် နေရာမှာ ယခုအခါ 'အဆင့်မြင့်ဇုန်' အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သောကြောင့်ဖြစ်သည်။

ရုံးဝန်ထမ်းအမျိုးသမီးက ဝင်ပြောသည်။ "ကျွန်မ မှတ်မိသလောက်တော့ ဒါက မူလက လူသစ်တွေအတွက် အစပျိုးဇုန်ပါ။ ဒီကလူတွေအားလုံး ဂိမ်းဆော့ဖူးကြတယ်မလား။ မဆော့ဖူးရင်တောင်မှ အစပျိုးဇုန်နဲ့ အဆင့်မြင့်ဇုန်ရဲ့ ကွာခြားချက်ကိုတော့ အနည်းဆုံး သိကြမှာပါ။ ဒါက နံပါတ် ၁ နဲ့ ၁၀ လို ကွာခြားသလို၊ Zero Level နဲ့ Max Level လိုမျိုး ကြားထဲမှာ ကောင်းကင်နဲ့မြေကြီးလို ကွာဟချက်ကြီး ရှိနေတာ။ ပြီးတော့ ကစားကွင်း တွေဆိုတာက ပုံမှန်အားဖြင့် အတွေ့အကြုံ နဲ့ ဆုလာဘ်တွေ ရဖို့အတွက်ပဲလေ။ဘအခုလိုမျိုး အသက်အန္တရာယ်ဖြစ်လောက်အောင် အကြီးအကျယ် ပျက်စီးဖို့ မဟုတ်ဘူး"

အထက်တန်းလွှာအမျိုးသားကလည်း ကောင်းကောင်း သဘောပေါက်သွားပုံရသည်။ သူက မျက်နှာပျက်ပျက်ဖြင့် "ကျန်းဝေမင်း ပြောခဲ့တဲ့အထဲက တစ်ချက်တော့ မှန်တယ် — ကစားကွင်းက လူကို တိုက်ရိုက် မသတ်ဘူး။ ဒါပေမဲ့ ဒီဂိမ်းက ကစားကွင်း အဆင့်ပဲ မဟုတ်တော့တာ။လတကယ့်ကို အခက်အခဲဆုံးနဲ့ အန္တရာယ်အရှိဆုံး ဝါရင့်ကစားသမားဇုန် ဖြစ်နေတာပဲ!" ဟု ဆိုလိုက်သည်။

စုကျန်းက ရုတ်တရက် အခြေအနေကို ရိပ်မိသွားပြီး ကောင်းယန်နှင့် ရန်မျန်ကို လှမ်းကြည့်လိုက်ရာ ၎င်းတို့နှစ်ဦးမှာမူ ဘာမှမထူးခြားသည့်အလား တည်ငြိမ်နေကြသည်။ ဤအခြေအနေကို ၎င်းတို့ ကြိုတင်မျှော်လင့်ထားပြီးဖြစ်ကြောင်း ထင်ရှားလှပေသည်။

အမှန်တော့ ၎င်းတို့နှစ်ဦးသည် ဂိမ်း၏ ခက်ခဲမှုအဆင့်အပေါ် စောစောကတည်းက သံသယဝင်ခဲ့ကြခြင်းဖြစ်ပြီး အခုတော့ တကယ်ပဲ ပြဿနာရှိနေကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်သွားပေသည်။

ဤအဆင့်ကို တိတ်တဆိတ် လက်ဝါးကြီးအုပ် ခြယ်လှယ်နိုင်ခဲ့သူမှာ ကျန်းဝေမင်းတစ်ဦးတည်းသာ ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူက ဂိမ်းသက်တမ်း အနည်းဆုံး နှစ်ပွဲ၊ သုံးပွဲထက်မက ဆော့ဖူးသည့် တစ်ဦးတည်းသော ဝါရင့်ကစားသမား ဖြစ်နေသောကြောင့်ပင်။

ကောင်းယန်က "ဒါက အရင်က ဝါရင့်ကစားသမားဇုန် ဖြစ်ခဲ့ပေမဲ့ အခုတော့ လူသစ်ဇုန်အဖြစ် အဆင့်လျှော့ချခံလိုက်ရတာ။ သူတို့က ကစားကွင်းရဲ့ အကျိုးခံစားခွင့်တွေနဲ့ မူလကတည်းက မရှိခဲ့တဲ့ အဆင့်မြင့်စည်းမျဉ်းတွေရဲ့ အကာအကွယ်တွေကိုပဲ ဖယ်ရှားပစ်လိုက်တာမို့ တကယ့် လက်တွေ့ခက်ခဲမှုအဆင့်က လျော့ကျသွားတာ" ဟု ရှင်းပြသည်။

ထိုစကားကို ကြားသောအခါ အချို့သူများသည် မနေ့က မနက်ပိုင်းက ကြားခဲ့ရသည့် သတင်းကို ပြန်လည်အမှတ်ရသွားကြသည်။

'အဆင့်မြင့်ဇုန်ကို လူသစ်ဇုန်အဖြစ် အတင်းအကျပ် အဆင့်လျှော့ချလိုက်ပါတယ်'

စည်းမျဉ်းများအရ ဝါရင့်ကစားသမားဇုန်ကိုလည်း အတွေ့အကြုံမရှိသေးသည့် လူသစ်ဇုန်အဖြစ်သို့ အတင်းအကျပ် အဆင့်နှိမ့်ချလိုက်ခြင်း ဖြစ်ပေသည်။

၎င်းတို့အားလုံး သက်ပြင်းတစ်ချက်ကို အသာတကြည် ချလိုက်မိကြသည်။ အခြေအနေက အကောင်းကြီး မဟုတ်သေးသော်လည်း အန္တရာယ်ကြီးမားလှသည့် ဝါရင့်ကစားသမားဇုန် မဟုတ်တော့သရွေ့ ၎င်းတို့အတွက် အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာရစေသည်။

ကောင်းယန်က "ကဲ... အခု မင်းတို့ စုဆောင်းထားတဲ့ သဲလွန်စတွေကို ပြောပြကြစို့" ဟု ဆက်ပြောသည်။

ထိုလူလေးဦး — အထက်တန်းလွှာအမျိုးသားနှင့် အခြားသူများသည် ခဏမျှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီးနောက် ရုံးဝန်ထမ်းအမျိုးသမီးက စတင်၍ "ကျွန်မက ဆဋ္ဌမထပ်ကို ရှာခဲ့တာ။ အဲဒီမှာ ဘယ်သူမှ မနေဘူး။ အခန်းတွေထဲ ဝင်ကြည့်တော့ ဒီအဆောက်အအုံကို မူလက ၁၉၃၀ ပြည့်လွန်နှစ်တွေကတည်းက ဆောက်ခဲ့တာလို့ သိရတယ်"

"အဲဒီတုန်းက ဒေသခံတွေနဲ့ အပြင်လူတွေ စုပေါင်းပြီး ငှားနေကြတာတဲ့။ ပဉ္စမထပ်နဲ့ ဆဋ္ဌမထပ်ကိုတော့ အပြင်လူတွေအတွက် သီးသန့် သတ်မှတ်ပေးထားတာ။ နောက်ပိုင်းကျတော့ လူတွေက မိမိတို့အခန်းထဲမှာတင် တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက် သေဆုံးကုန်ကြရော။ သေတဲ့ပုံစံကလည်း လက်နှစ်ဖက်လုံး မရှိတော့ဘဲ မျက်နှာကျက်ကနေ ဇောက်ထိုးဆွဲလောင်း ဆွဲထားခံရတာ။ အဲဒီသတင်းက သတင်းစာတွေထဲအထိ ပါသွားပြီး လူပြောသူပြောများလာတော့ ဒီအဆောက်အအုံက သရဲခြောက်တဲ့နေရာအဖြစ် နာမည်ကြီးသွားပြီး ဘယ်သူမှ မနေရဲကြတော့ဘူး။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်အထိတော့ စူးစမ်းချင်စိတ်ရှိတဲ့ ကျောင်းသားလူငယ်တချို့၊ Live လွှင့်တဲ့သူတွေနဲ့ သတင်းထောက်တချို့ပဲ လာခဲ့ကြပြီး...သူတို့အားလုံးလည်း ပျောက်ချင်းမလှ

ပျောက်ဆုံးသွားခဲ့ကြတယ်"

၎င်းမှာ ရုံးဝန်ထမ်းအမျိုးသမီး ရှာဖွေတွေ့ရှိခဲ့သည့် အဆောက်အအုံ၏ အတိတ်သမိုင်းကြောင်းပင် ဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment