no

Font
Theme

Chapter 14( ငရဲပြည်သို့ခရီးစဉ် )

အပြင်ကလာသည့် အိမ်ငှားများက ဒေသခံအိမ်ငှားများကို အပြင်လူမုန်းတီးပြီး အယူသီးသူများဟုသာ ထင်မှတ်နေကြချိန်တွင် ဒေသခံများကမူ ၎င်းတို့ကို ပူဇော်ရန်အတွက် တိတ်တဆိတ် အကဲဖြတ်နေကြခြင်းကို မသိခဲ့ကြချေ။

၎င်းတို့၏ တန်ဖိုးက လုံလောက်ပြီဟု သတ်မှတ်လိုက်သည်နှင့် အိမ်ငှားဝယ်ယူပြီး မိမိတို့၏ ဆန္ဒများ ပြည့်ဝစေရန် မိစ္ဆာကွမ်ရင်ထံ ပူဇော်ပသလိုက်ကြတော့သည်။

" ' ငရဲပြည်သို့ ခရီးစဉ်' က ကွမ်ရင်ကို ကိုးကွယ်တာနဲ့ မသက်ဆိုင်လှပေမဲ့ ဒီဂိမ်းထဲမှာတော့ ဘော့စ်က မိစ္ဆာကွမ်ရင် ဖြစ်နေတာမို့ သူမကို ကိုးကွယ်ပူဇော်ဖို့က မလွဲမသွေ ဖြစ်လာတာပဲ—ဒါကြောင့်လည်း ကျန်းဝေမင်းက ဒါကိုပဲ ထပ်ခါတလဲလဲ အလေးပေး ပြောနေခဲ့တာ။ ဝါရင့်ကစားသမားတစ်ယောက်အနေနဲ့ သူ ဒါကို တစ်ခုခု သိထားလို့ ဖြစ်ရမယ်"

ကောင်းယန်က စကားလမ်းကြောင်း လွှဲလိုက်ပြီး "ငရဲပြည်သို့ ခရီးစဉ်ဆိုတာ သေလွန်သူတွေနဲ့ ဆက်သွယ်ဖို့ ဒါမှမဟုတ် ငရဲပြည်ဆီ သွားရောက်လည်ပတ်ဖို့အတွက် ဝိညာဉ်တွေကို ပင့်ဖိတ်တဲ့ နည်းလမ်းတစ်ခုပဲ" ဟု ဆိုသည်။

"ငရဲပြည်ကို သွားတာကို 'ပန်းခြံထဲ လည်ပတ်ခြင်း' လို့လည်း ခေါ်တယ်"

အထက်တန်းလွှာအမျိုးသားက ရုတ်တရက် ခေါင်းမော့လာပြီး "ပန်းခြံထဲ လည်ပတ်ခြင်း ဟုတ်လား?! စာရင်းစာအုပ်ထဲမှာ ဇွန်လ ၁၅ ရက်က 'နန်နန်' ရဲ့ မွေးနေ့မို့လို့ သူမကို ပန်းခြံထဲ လိုက်ပို့ဖို့ စီစဉ်ထားတယ်လို့ ရေးထားတာ! ဒါဆိုရင် ဘာလို့ အဲဒီခရီးစဉ်အတွက် 'အသားတိုးဝက်' တွေ လိုအပ်လဲဆိုတာ ရှင်းသွားပြီ—သူတို့က မိစ္ဆာကွမ်ရင်ကို သုံးပြီး ငရဲပြည်ဆီ လိုက်ပို့ခိုင်းချင်တာ။ အဲဒီအတွက် ပေးဆောင်ရတဲ့ အခကြေးငွေ ဒါမှမဟုတ် ပူဇော်သက္ကာကတော့ လူရှင်တစ်ယောက်ပေါ့!" ဟု ဆိုလိုက်သည်။

ထိုအသိကြောင့် လူတိုင်း ကြက်သီးတဖြန်းဖြန်း ထသွားကြတော့သည်။

"ယုတ်မာလိုက်တာ! ငရဲပြည်က ဘာများ ပျော်စရာကောင်းလို့လဲ"

"သူတို့ ရူးနေကြတာလား။ ငရဲပြည်ကို သွားလည်ဖို့အတွက်တင် လူရှင်တွေကို သတ်ပြီး ပူဇော်တယ် ဟုတ်လား"

အထက်တန်းလွှာအမျိုးသားနှင့် အခြားသူများမှာမူ ၎င်းကို ရူးသွပ်မှုတစ်ခုဟု ထင်မှတ်ကာ ဝေခွဲမရ ဖြစ်နေကြသည်။

သို့သော် ရန်မျန်က ခေါင်းငြိမ့်ရင်း "အဲဒါက တကယ်ပဲ ပျော်စရာကောင်းတယ်" ဟု ဆိုလိုက်သည်။

ထိုအခါ အထက်တန်းလွှာအမျိုးသားနှင့် အခြားသူများသည် ရန်မျန်နှင့် ခပ်ခွာခွာဖြစ်အောင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြပြန်သည်။

စုကျန်းက ရန်မျန်ကို ခေတ္တမျှ လှမ်းကြည့်လိုက်ပြီးနောက် အထီးကျန်ဆန်လှသည့် ကျောပြင်ကြီးဖြင့် တစ်ဖက်သို့ လှည့်ကာ "နောက်ထပ် အန္တရာယ်ရှိတဲ့ မိန်းမလှလေးတစ်ယောက် ပဲ" ဟု ရေရွတ်လိုက်သည်။

ရန်မျန်ကတော့ စိတ်ထဲမှ... ဘာလို့ 'နောက်ထပ်' လို့ သုံးတာလဲ ဟု တွေးနေမိသည်။

ကောင်းယန်က "ဖုန်းတုငရဲပြည်ဆိုတာ တကယ့်ငရဲမျိုး မဟုတ်ဘူး... အရှေ့ကနေရာက မီးလျှံသစ်ပင်တွေ၊ ငွေရောင်ပန်းပွင့်တွေ၊ မိုင်ထောင်ချီကျယ်ပြောတဲ့ မက်မွန်ပွင့်တောအုပ်တွေနဲ့ ပြည့်နှက်နေပြီး နတ်ပြည်ထက်မညံ့တဲ့ အလှအပမျိုး ရှိတာ။ ဒါကြောင့် အချို့ဒေသတွေမှာ အဲဒီနည်းလမ်းကနေတစ်ဆင့် ငရဲပြည်ကို သွားတာကို 'ပန်းခြံထဲ လည်ပတ်ခြင်း' လို့ ခေါ်တာ" ဟု ရှင်းပြသည်။

ရန်မျန်က ခေါင်းငြိမ့်ကာ "ငါပြောချင်တာ အဲဒါကိုပဲ" ဟု ဆိုသည်။

လူအများစုက ငရဲပြည်ကို တကယ့်ပြစ်ဒဏ်ပေးရာငရဲနှင့် မှားယွင်းတတ်ကြပြီး မှောင်မိုက်ခြောက်ခြားစရာ နေရာတစ်ခုဟု ထင်တတ်ကြသည်။

အမှန်တော့ စစ်မှန်သော တာအိုကျမ်းစာများ အရ ၎င်းတို့က ကွဲပြားခြားနားသော နေရာနှစ်ခု ဖြစ်သည်။ တကယ့်ပြစ်ဒဏ်ပေးရာငရဲက အကျဉ်းထောင်နှင့် တူသော်လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ငရဲပြည်ကမူ ရုံးလုပ်ငန်းသဘောမျိုးဆောင်သည့် နေရာမျှသာ ဖြစ်ပေသည်။

ကောင်းယန်က အဓိကအကြောင်းအရာဆီ ပြန်လှည့်လာကာ "မိစ္ဆာကွမ်ရင်ကို ကိုးကွယ်တဲ့ အဲဒီဒေသခံဓလေ့က ဆက်ရှိနေခဲ့ပြီး နေထိုင်သူတွေကလည်း အလွန်အမင်း သက်ဝင်ယုံကြည်ပြီး အယူသီးကြတာကြောင့် အပြင်လူ အများအပြား သေဆုံးခဲ့ရတာ။ ဒါပေမဲ့ အမှန်တရားကို ထာဝရ ဖုံးကွယ်ထားလို့မရဘူး။ လူတွေ ပိုသေလာလေလေ၊ သံသယတွေ ကြီးထွားလာလေလေဖြစ်ပြီး နောက်ဆုံးမှာတော့ ဘယ်အပြင်လူမှ ဒီမှာလာမနေရဲကြတော့ဘူး။ လူနည်းသွားတော့ ဒေသခံတွေပဲ ကျန်တော့တယ်။ ဒါပေမဲ့ လူ့လောဘဆိုတာ အတိုင်းအဆမှ မရှိတာ"

"ဒါကြောင့် အခြားအထပ်တွေက ဒေသခံတွေဟာ အချင်းချင်း သတ်ဖြတ်ရာကနေ သေဆုံးကုန်ကြတာ ဖြစ်နိုင်သလို၊ သွေးနဲ့အသား ဆာလောင်မှု မပြေနိုင်တဲ့ မိစ္ဆာကွမ်ရင်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာလည်း ဖြစ်နိုင်တယ်"

"ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးက လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ဖြစ်ပျက်ခဲ့တာ"

"အခု ဒီအိမ်ရာအိုကြီးထဲမှာ ကျန်ရှိပြီး ပုန်းအောင်းနေတာကတော့ 'ပူဇော်ခံသက်ရှိကိုယ်ထည်' တွေ၊ ကစားသမားတွေ၊ ရန်ငြိုးဖွဲ့ဝိညာဉ်တွေနဲ့ အဲဒီ မိစ္ဆာကွမ်ရင်ပဲ ရှိတော့တယ်"

......…..

ကောင်းယန်က “နေ့လယ်နဲ့  ညနေ ၆ နာရီဆိုရင် အိမ်ရှင်က ထမင်းတွန်းလှည်းတွန်းပြီး အချိန်မှန် ရောက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းတို့နှစ်ယောက် သူ့ကို ခြေချုပ်မိအောင် အချိန်ဆွဲထားပေးဖို့ လိုမယ်” ဟု ပြောလိုက်သည်။

ရန်မျန်က “ရှင် ဘာလုပ်မလို့လဲ” ဟု မေးရာ ကောင်းယန်က “တစ်ခုခု သွားခိုးမလို့” ဟု ခပ်အေးအေး ပြန်ဖြေလာသည်။

လူတိုင်း အံ့အားသင့်သွားပြီး “ဘာ... ဘာပြောတယ်” ဟု ပြိုင်တူ အာမေဍိတ် ညံသွားကြသည်။

ကောင်းယန်က ဆက်ပြီး ရှင်းပြသည်။ “ပထမထပ်က သံတံခါးသော့လေ။ အဲဒါကို ဖွင့်ပြီး အထဲမှာ ဘာရှိလဲဆိုတာ သွားကြည့်ရမယ်”

အဖြူထည် ရုံးဝန်ထမ်းအမျိုးသမီးက မဝံ့မရဲဖြင့် “ဒါပေမဲ့... အဲဒါ အိမ်ရှင်လေ။ သူက လူသားစားတာ မဟုတ်ဘူးလား။ တကယ်လို့ သူကသာ ဒီနေရာရဲ့ ဘော့စ်ဖြစ်နေပြီး ငါတို့ သူ့ဆီက ပစ္စည်းခိုးတာ သိသွားရင် စိတ်တိုပြီး အကုန်လုံးကို သတ်ပစ်လိုက်လိမ့်မယ်” ဟု ဆိုသည်။

ကောင်းယန်က သူမကို စိတ်အေးသွားစေရန် “မလုပ်ပါဘူး။ သူက စည်းစနစ်ရှိပြီး သဘောကောင်းတဲ့သူပါ။ ငါ သူ့အကြောင်း သိပါတယ်” ဟု နှစ်သိမ့်လိုက်သည်။

သဘောကောင်းတယ်? စည်းစနစ်ရှိတယ်? သူ့အကြောင်း သိတယ် ဟုတ်လား? သူတို့နှစ်ယောက်က ဘာပတ်သက်မှု ရှိလို့လဲ။

“...”

အဖြူထည် ရုံးဝန်ထမ်းအမျိုးသမီးနှင့် ကျန်တဲ့သုံးယောက်မှာ ဆွံ့အသွားကြသည်။ သုံးရက်လေးအတွင်းမှာပဲ ကောင်းယန်နဲ့ အိမ်ရှင်တို့အကြား ဘာလိုလိုနဲ့ သံယောဇဉ်တစ်ခုခုများ ရှိနေခဲ့သလားဟု မတွေးမိဘဲ မနေနိုင်ကြတော့ပေ။ သူကတော့ တကယ်ကို ဒဏ္ဍာရီဆန်တဲ့ လူထူးလူဆန်းပါပဲ။

အဲဒီ ‘သံယောဇဉ်’ ဆိုတာကို ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသည့် ရန်မျန်နှင့် စုကျန်းတို့ကတော့ နှုတ်ခမ်းကို မသိမသာ မဲ့လိုက်ကြသည်။ အိမ်ရှင်က ‘လက်မောင်းရှစ်ဖက်ပြတ် ကွမ်ရင်ရုပ်ပွားတော်’ ကို ဝယ်ဖို့အတွက် ဘုရားကပ် အမွှေးတိုင် အချောင်း ၂၀ ပေးခဲ့တဲ့အချိန်အထိ သူတို့လည်း အိမ်ရှင်ကို ကြောက်နေခဲ့ကြတာ ဖြစ်သည်။ ထိုအချိန်မှစ၍ သူတို့မျက်လုံးထဲတွင် အိမ်ရှင်၏ ပုံရိပ်မှာ တောင်ကြီးတစ်လုံးလို ခန့်ညားထည်ဝါသွားခဲ့သည်။

ခဏတာ တိုင်ပင်ပြီးနောက် အထက်တန်းလွှာလူကြီးနှင့် ရုံးဝန်ထမ်းအမျိုးသမီးတို့က နေ့လယ်ဘက်တွင် အိမ်ရှင်ကို အချိန်ဆွဲထားရန်နှင့် ကောင်းယန်နှင့် ရန်မျန်တို့က မြေအောက်ထပ်က သံတံခါးသော့ကို သွားခိုးရန် ခေါင်မိုးထပ်သို့ တိတ်တဆိတ် တက်သွားကြဖို့ ဆုံးဖြတ်လိုက်ကြသည်။

မထွက်ခွာမီ ကောင်းယန်က “ငါ့အတွက် နေ့လယ်စာ ချန်ထားဖို့ မမေ့နဲ့ဦးနော်” ဟု လှမ်းသတိပေးလိုက်သည်။

ရုံးဝန်ထမ်းအမျိုးသမီးနှင့် ကျန်တဲ့သူများမှာ သူ၏ အူကြောင်ကြောင် အပြုအမူများကို ရိုးအီနေပြီမို့ ဘာမှမပြောတော့သော်လည်း စုကျန်းကမူ “စိတ်ချပါ အစ်ကို၊ ကျွန်တော် နှစ်ပွဲစာရအောင် ယူထားပေးမယ်” ဟု တက်တက်ကြွကြွပင် ကတိပေးလိုက်သည်။

ကောင်းယန်နှင့် ရန်မျန်တို့ အပေါ်သို့ တက်လာကြစဉ် ၆ ထပ်၊ ၇ ထပ်နှင့် ၈ ထပ်တို့မှာ ထိုအမျိုးသမီးတို့ ပြောခဲ့သည့်အတိုင်းပင်—ခြောက်ကပ်၊ စုတ်ပြတ်ပြီး ကျောချမ်းစရာ ကောင်းနေသည်ကို တွေ့ရသည်။

၉ ထပ်ကို ရောက်သောအခါ မည်သည့်အခန်းမှမရှိဘဲ ကွင်းပြင်ကျယ်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သံတံခါးကြီးကို တွန်းဖွင့်၍ ရနိုင်သော်လည်း သော့ခလောက် အကြီးကြီးဖြင့် ခတ်ထားသောကြောင့် ကောင်းယန်နှင့် ရန်မျန်တို့ ဖွင့်၍မရ ဖြစ်နေခဲ့သည်။

ရန်မျန်က တံခါးကို ဟဟလေးတွန်းပြီး အထဲသို့ ချောင်းကြည့်လိုက်သည်။ “ဒီနေရာက ယဇ်ပလ္လင်နဲ့ ဂူဗိမာန်ကို ရောမွှေထားသလိုပဲ။ ခေါင်းတလားက တံခါးနဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေပြီးတော့ ပုံမှန်ထက် အများကြီး ပိုကြီးနေတယ်”

“ပုံမှန်ထက် ပိုကြီးတယ် ဟုတ်လား” ကောင်းယန်က အထဲကို မချောင်းဘဲ သူမဘေးတွင် ရပ်ကာ မေးလိုက်သည်။ “ဘာကို ဆိုလိုတာလဲ”

“ပုံမှန် ခေါင်းတလားတွေက ၇ ပေ ၃ လက်မ၊ ဆိုလိုတာက ၂.၁ မီတာလောက်ပဲ ရှိတာ။ အထဲကဟာက ၃ မီတာကျော်လောက် ရှိမယ်။ ပြီးတော့ ထောင်လိုက်မဟုတ်ဘဲ ဂူဗိမာန်ထဲမှာ အလျားလိုက်ကြီး ချထားတာ။ ဂူဗိမာန်ရဲ့ ဘယ်ဘက်မှာတော့ ရုပ်တုအမြင့်ကြီးတစ်ခုရှိတဲ့ ယဇ်ပလ္လင် ရှိတယ်။ ရုပ်တုကို အဝတ်ဖြူနဲ့ အုပ်ထားလို့ ခြေထောက်မည်းမည်းကြီးတွေကိုပဲ မြင်ရတယ်”

ရန်မျန်က သုံးသပ်ချက် ထပ်ပေးလိုက်သည်။  “ကျောချမ်းစရာကြီး၊ တကယ် ကျောချမ်းဖို့ကောင်းတယ်။ ကြည့်နေရင်းနဲ့တင် ရင်တုန်ပြီး ကြောက်လာတယ်”

“ရုပ်တုနဲ့ ခေါင်းတလား၊ ဘယ်ဟာက ပိုကြောက်ဖို့ကောင်းလဲ”

ရန်မျန် ခဏမျှ စိုက်ကြည့်နေပြီးမှ “မပြောတတ်ဘူး။ အဲဒီနှစ်ခုက တစ်ခုနဲ့တစ်ခု အရမ်းနီးကပ်လွန်းနေတယ်” ဟု ဆိုသည်။

အဲဒီအချိန်မှာတင် အပေါ်ထပ်ကနေ ဂျိန်းဂျိန်းဂျုန်းဂျုန်း အသံတစ်ခု ထွက်ပေါ်လာသည်။အိမ်ရှင်က သူ့ရဲ့ တဂျိန်းဂျိန်းမြည်နေတဲ့ ထမင်းတွန်းလှည်းကို တွန်းပြီး အောက်ကို ဆင်းလာနေပြီ ဖြစ်သည်။

ထိုကြောင့် ကောင်းယန်နှင့် ရန်မျန်တို့က မီးသတ်တံခါးနောက်ကွယ်တွင် အမြန်ပုန်းလိုက်ကြ၏။ မကြာမီမှာပင် အိမ်ရှင်က တွန်းလှည်းကိုတွန်းကာ ဆင်းလာရာ သူ၏ပုံစံမှာ ‘အဆင့်မြင့်ကစားသမား’ တစ်ယောက်ကို စားသောက်ပြီးခါစမို့ ကျေနပ်ပီတိဖြစ်နေသည့် မျက်နှာပေးမျိုး ရှိနေလေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment