Chapter 19( ငရဲပြည်သို့ခရီးစဉ် )
ရန်မျန်က "မွန်းလွဲ ၂ နာရီလောက်ကတည်းက။ သူ တံခါးဝမှာပဲ ဟိုဟိုဒီဒီ လျှောက်သွားနေပြီး ငါတို့ကို အလွန် မှုံမှိုင်းတဲ့ မျက်နှာပေးနဲ့ စိုက်ကြည့်နေတာ။ ဒါပေမဲ့ သူ အခြားလူ အချို့နဲ့တော့ စကားပြောခဲ့သေးတယ်။ ဘာတွေပြောလဲဆိုတာကိုတော့ ငါ အသေးစိတ် မသိဘူး" ဟု ပြန်ဖြေလေသည်။
ကောင်းယန်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အခန်းနံပါတ် (၅) တံခါးဝတွင် အနောက်သို့ လှည့်ကာ လူကြီးလူကောင်းနှင့် အခြားလူသုံးဦးကို တည်ငြိမ်သော မျက်နှာပေးဖြင့် စကားတစ်ခွန်းမှ မဆိုဘဲ စိုက်ကြည့်လိုက်သည်။
ထိုလူလေးဦးမှာ ခဏမျှ ကြောင်အသွားကြသော်လည်း ရုံးဝန်ထမ်း အမျိုးသမီးက ဦးစွာ စကားစလာကာ "အိမ်ရှင်က ငါတို့ကို 'လက်ရှစ်ဖက်ပြတ် ကွမ်ရင်ရုပ်ပွားတော်' နဲ့ သူ့ဆီက ပစ္စည်းချင်း လဲလှယ်ဖို့ လာပြီး ဖျောင်းဖျနေတာ။ သူက ဘုရားအမွှေးတိုင် ၁၅ တိုင် ပေးမယ်။ အဲ့ဒါတွေကို ဒီဂိမ်းထဲကနေ အပြင်အထိ ယူထုတ်သွားလို့ရတယ်လို့ ပြောတယ်"
အမွှေးတိုင် ၁၅ တိုင်တွင် ၆ တိုင်သာ အသုံးပြုရန် လိုအပ်သဖြင့် ဂိမ်းအပြင်ဘက်သို့ ၉ တိုင်တောင် ယူဆောင်သွားနိုင်မည် ဖြစ်ရာ မည်သူမဆို စိတ်လှုပ်ရှားသွားနိုင်စရာ ရှိပေသည်။
လူကြီးလူကောင်းကလည်း ထပ်လောင်း၍ "ငါတို့ တကယ်ပဲ စိတ်လှုပ်ရှားသွားမိတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ငါတို့က အသည်းနှလုံး မရှိတဲ့သူတွေ ဒါမှမဟုတ် အဲ့လောက်အထိ နုံအတဲ့သူတွေ မဟုတ်ကြပါဘူး။ ဘုရားအမွှေးတိုင် ၁၅ တိုင် ရှိနေရင်တောင်မှ ဂိမ်းကို မအောင်မြင်နိုင်ရင် ဒီကနေ ထွက်သွားနိုင်မှာ မဟုတ်ဘူးလေ။ ဒါ့အပြင် ဒီ လက်ပြတ်ကွမ်ရင်ရုပ်ပွားတော်က ဘုရားအမွှေးတိုင်တွေထက် ပိုပြီး အရေးကြီးပုံရတယ်" ဟု ရှင်းပြသည်။
လူပိန်ပိန်နှင့် နွဲ့နှောင်းသောအမျိုးသမီးတို့ကလည်း အလျင်အမြန် ခေါင်းငြိတ်ထောက်ခံကြသည်။ သူတို့သည် ယခင်က ကျန်းဝေမင်း နောက်သို့ လိုက်ခဲ့ကြသူများဖြစ်ပြီး ကောင်းယန်တို့အဖွဲ့အပေါ် အထင်ကြီးခြင်းမရှိဘဲ မိမိတို့ကိုပါ ဒုက္ခပေးမည်ကို စိုးရိမ်ခဲ့ကြသည်။ သို့သော် အခုအချိန်တွင်မူ ကောင်းယန်တို့အဖွဲ့က သာမန်မဟုတ်မှန်း သိသာသွားပြီဖြစ်၍ သူတို့နှင့်ပဲ အတူတူ ဆက်နေရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
အိမ်ရှင်၏ စကားကို နားထောင်မည့်သူမှာ လူအူသပ်သပ်သာ ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုအိမ်ရှင်က လူသားစား သတ္တဝါ ဖြစ်နေသောကြောင့်ပင်။
လူသားစားသတ္တဝါတစ်ကောင်၏ စကားကို မည်သို့ ယုံကြည်နိုင်ပါမည်နည်း? သူတို့အနေဖြင့် အမြဲတမ်း သတိအပြည့်ထားပြီး သူ့ကို အဝေးကနေပဲ စောင့်ကြည့်ရမည် ဖြစ်သည်။
ထို့ကြောင့် ကစားသမားများအကြား သွေးခွဲရန် ကြံစည်ခဲ့သော အိမ်ရှင်၏ အစီအစဉ်မှာ မစတင်ရသေးခင်မှာပင် ပျက်ပြယ်သွားခဲ့ရသည်။ မိမိကိုယ်ကို လူသားစားတဲ့ သရဲဘီလူးကြီးပါဆိုပြီး လာရောက် ကြွားဝါပြသခဲ့မိသည့် သူ့အမှားသာ ဖြစ်ပေလိမ့်မည်။
ကောင်းယန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး "ကဲ... အားလုံးပဲ ကိုယ့်အခန်းကိုယ်ပြန်ပြီး အိပ်ကြတော့" ဟု ပြောလိုက်သည်။
လူကြီးလူကောင်းနှင့် အခြားသုံးဦးမှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဝေခွဲမရဖြစ်နေကြပြီး "ငါတို့ ဘုရားအမွှေးတိုင် ထွန်းထားဖို့ မလိုဘူးလား... ဒါမှမဟုတ် တခြား ကာကွယ်ရေးပစ္စည်းတစ်ခုခု သုံးထားရမလား" ဟု တွန့်ဆုတ်စွာ မေးမြန်းကြသည်။
ကောင်းယန်က "မလိုဘူး" ဟု ပြန်ဖြေပြီးနောက် ခဏမျှ စဉ်းစားကာ "ထားလိုက်ပါတော့၊ မင်းတို့အားလုံး အထဲဝင်လာပြီး ကွမ်ရင်မယ်တော်ကို ဂါရဝပြုကြ" ဟု ထပ်လောင်းပြောကြားလိုက်သည်။
လူတိုင်း အခန်းထဲသို့ တန်းစီဝင်လာကြသည့်အခါ ကုတင်ဘေး စားပွဲတင်ခုံပေါ်တွင် ပူဇော်ထားရှိသော 'လက်ရှစ်ဖက်ပြတ် ကွမ်ရင်ရုပ်ပွားတော်' ကို မြင်တွေ့လိုက်ကြရသည်။ ယမန်နေ့ညက ကုတင်ခြေရင်းတွင် ပေါ့ပေါ့ဆဆ ချထားခဲ့ခြင်းနှင့် နှိုင်းယှဉ်လျှင် ယခုအခြေအနေမှာ အဆင့်အတန်း သိသိသာသာ မြင့်မားသွားခြင်း ဖြစ်သည်။
တံခါးအပြင်ဘက်တွင် ရှိနေသော ဆန်စိမ်း ငါးကျပ်သားခန့် ထည့်ထားသည့် ခွက်ကို အထဲသို့ ယူဆောင်လာပြီး ကွမ်ရင်ရုပ်ပွားတော်၏ ရှေ့တွင် အဆင့်သင့် ချထားလိုက်သည်။ ကောင်းယန်က ဘုရားအမွှေးတိုင် သုံးတိုင်ကို ထုတ်ယူကာ မီးညှိပြီးနောက် ရုပ်ပွားတော်ကို သုံးကြိမ်တိုင်တိုင် ဦးချ၍ ဆန်စိမ်းခွက်ထဲသို့ ထိုးစိုက်လိုက်သည်။
ထို့နောက် ကောင်းယန်က ဘေးသို့ ဖယ်ပေးလိုက်ရင်း "အားလုံးပဲ လာပြီး ဂါရဝပြုကြတော့" ဟု ဆိုသည်။
ထိုလူခြောက်ဦးမှာလည်း လိမ္မာယဉ်ကျေးစွာဖြင့် ကွမ်ရင်မယ်တော်ကို ဒူးထောက်၍ နဖူးနှင့် ကြမ်းပြင် ထိသည်အထိ ဝတ်ပြုကိုးကွယ်ကြရာ ကောင်းယန်ထက်ပင် ပိုမို ကြည်ညိုသပ္ပာယ်မှု ရှိနေကြသေးလေသည်။
ပူဇော်ပြီးနောက် လူကြီးလူကောင်းက "ငါတို့ ဒါပဲ လုပ်ဖို့ လိုတာလား" ဟု မေးမြန်းသည်။
ကောင်းယန်က "ဒါပါပဲ" ဟု ပြန်လည်ဖြေကြားခဲ့သည်။
ထိုလူလေးဦးမှာမူ ယခုလုပ်ရပ်က သူတို့၏ ညတာကို ဘေးကင်းလုံခြုံစေလိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်သေးဘဲ တွေဝေနေကြသည်။
ကောင်းယန်က "ကွမ်ရင်မယ်တော်က သရဲတစ္ဆေတွေနဲ့ မကောင်းဆိုးဝါး အားလုံးကို မောင်းထုတ်ပေးနိုင်စွမ်း ရှိတယ်။ မင်းတို့ ဂါရဝပြုပြီးပြီဆိုရင် အဆင်ပြေသွားလိမ့်မယ်" ဟု ပြောပြီးနောက် ခဏရပ်ကာ "ယုံတာ မယုံတာကတော့ မင်းတို့ သဘောပဲ" ဟု ဖြည့်စွက်ပြောလိုက်သည်။
သူတို့တွင် အသက်ရှင်သန်ရန် အခြားနည်းလမ်း မရှိတော့သဖြင့် ယုံကြည်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ သို့သော် ဤဂိမ်းထဲက ကွမ်ရင်မယ်တော်မှာ အမှောင်ထုများ ဖုံးလွှမ်းနေပြီး ခြောက်ခြားဖွယ်၊ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ကွမ်ရင်မယ်တော်ကို ဂါရဝပြုရုံမျှဖြင့် မိမိတို့ကို တကယ်ပဲ ကာကွယ်ပေးလိမ့်မည်ဟု ရင်ထဲကနေ အပြည့်အဝ ယုံကြည်နိုင်ရန် ခဲယဉ်းနေကြခြင်း ဖြစ်သည်။
လူကြီးလူကောင်းနှင့် ရုံးဝန်ထမ်း အမျိုးသမီးတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခဏမျှ စဉ်းစားကာ သွားကို တင်းတင်းကြိတ်ရင်း "ငါတို့ အစ်ကို့ကို ယုံပါတယ်" ဟု ပြောလိုက်ကြသည်။ သူတို့သည် ကောင်းယန်ကို ယုံကြည်ခြင်းအားဖြင့် ဤငရဲခန်းကဲ့သို့သော နေရာမှ အသက်ရှင် လွတ်မြောက်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်အပေါ် လောင်းကြေးထပ်လိုက်ကြခြင်း ဖြစ်ပေသည်။
အဖွဲ့ထဲတွင် အရည်အချင်းအရှိဆုံး လူနှစ်ဦးက ယုံကြည်ကြောင်း ဖော်ပြလိုက်သည့်အခါ လူပိန်ပိန်နှင့် နွဲ့နှောင်းသောအမျိုးသမီးတို့မှာလည်း မတတ်သာဘဲ သူတို့နောက်သို့ လိုက်ပါရန်သာ ရှိတော့သည်။
ထို့ကြောင့် သူတို့ လေးဦးစလုံးသည် မိမိတို့၏ သက်ဆိုင်ရာ အခန်းများသို့ ပြန်သွားကြပြီး ထိုည၏ ကံကြမ္မာကို စောင့်ဆိုင်းနေကြတော့သည်။
သူတို့ ထွက်သွားသည်နှင့် ရန်မျန်က "ကွမ်ရင်မယ်တော်ကို ဂါရဝပြုတာက တကယ်ပဲ အလုပ်ဖြစ်လို့လား" ဟု စူးစမ်းမေးမြန်းလာသည်။
"အဲ့ဒါက အဲ့ဒီလို သုံးရတာ မဟုတ်ဘူး" ဟု ကောင်းယန်က ပြန်ဖြေရင်း မက်မွန်သီးဓားကို သူမထံ ပြန်လည် ပေးအပ်လိုက်သည်။
ထို့နောက် သူသည် ဖိနပ်ကိုချွတ်ကာ အိပ်စက်ရန် ကုတင်ပေါ်တွင် လှဲချလိုက်ပြီး "ငါ တတိယထပ်က သံတံခါးသော့ကို ယူထားခဲ့တယ်။ အပေါ်ထပ်က အကောင်တွေက အချိန်မတန်မချင်း အောက်ကို ဆင်းလာလို့မရသလို၊ အောက်ထပ်က အကောင်တွေကလည်း အပြင်ကို ထွက်သွားလို့ မရတော့ဘူး" ဟု ပြောလိုက်လေသည်။
စုကျန်းနှင့် ရန်မျန်တို့သည် နားမလည်နိုင်သော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ စုကျန်းက နှုတ်ခမ်းလှုပ်ရုံမျှဖြင့် "မင်း နားလည်လား" ဟု မေးသည်။
ရန်မျန်က ပခုံးတွန့်ပြရင်း "မလည်ဘူး" ဟု ဆိုသည်။ သို့သော် ကောင်ယန်သည် ဂိမ်းအဆင့်ကို ကျော်ဖြတ်နိုင်မည့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားပြီ ဖြစ်ပုံရကြောင်း ခံစားမိကာ "ကဲ... အိပ်ကြရအောင်။ စောစောအိပ်ရင် ဗိုက်ဆာတာကို သိမှာမဟုတ်ဘူး" ဟု ပြောလိုက်သည်။
စုကျန်းကလည်း စဉ်းစားကြည့်ပြီးနောက် မိမိဝှက်ထားသော ညစာအပိုကို နောက်နေ့ မနက်စာအဖြစ် ချန်ထားရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူသည်လည်း ဆိုဖာပေါ်သို့ တက်ကာ လှဲအိပ်လိုက်တော့သည်။
ရန်မျန်သည် မက်မွန်သီးဓားကို သိမ်းဆည်းလိုက်ပြီး ကွမ်ရင်ရုပ်ပွားတော်ကို နောက်တစ်ကြိမ် ဂါရဝပြုကာ မီးများကို ပိတ်၍ အိပ်ရာဝင်ခဲ့သည်။
ထိုညသည် အိမ်မက်ဆိုးများ ကင်းဝေးစွာဖြင့် ကုန်ဆုံးသွားခဲ့ပြီး သူတို့သည် မိုးလင်းသည်နှင့် နိုးထလာခဲ့ကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကောင်းယန်သည် သန်းခေါင်ယံအချိန်၌ နိုးမလာခဲ့သလို၊ အရုဏ်တက်ချိန်တွင်လည်း ရုတ်တရက် ထွက်ပေါ်လာသော စူးစူးဝါးဝါး အော်ဟစ်သံများကြောင့် လန့်နိုးခြင်း မရှိခဲ့ပေ။ သူသည် နောက်ဆုံးတွင် ညတာကို ကောင်းမွန်စွာ အနားယူနိုင်ခဲ့ပြီ ဖြစ်သည်။
လူကြီးလူကောင်းက တံခါးဝတွင် ပေါ်လာပြီး ကောင်းယန်ကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် "ဘယ်သူမှ မသေဘူးဗျ" ဟု အော်ပြောလိုက်သည်။
ကျန်ရှိသော လူသုံးဦးလည်း အပြင်သို့ ထွက်လာကြပြီး လူတိုင်း အသက်ရှင်နေသေးသည်ကို သိလိုက်ရသည့်အခါ မျှော်လင့်ချက် ရောင်ခြည်သန်းလာသလို ခံစားလိုက်ရသည်။ သူတို့၏ စိတ်လှုပ်ရှားမှုမှာ သိသိသာသာ ထင်ရှားနေပြီး ကောင်းယန်၏ အနားတွင်ပဲ ကပ်နေရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်ကြသည်။
ကောင်းယန်ကမူ သကြားလုံးတစ်လုံးကို ပါးစပ်ထဲငုံထားပြီး ဗိုက်အနည်းငယ် ဆာနေသော်လည်း မည်သူမျှ မသေဆုံးဟူသော ရလဒ်အပေါ် အံ့ဩခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားအဆင့်ရှိသော ကစားသမားကြောင့် ကျန်းဝေမင်း ခိုးယူပြင်ဆင်ထားခဲ့သည့် အဆင့်တက်ပွဲစဉ်မှာ အစပြုသူများဇုန်အဖြစ်သို့ အဆင့်လျှော့ချခြင်း ခံလိုက်ရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ မသေဆုံးခြင်းမှာ သဘာဝကျလှပေသည်။
ရုံးဝန်ထမ်း အမျိုးသမီးက ကောင်းယန်အနားသို့ ချဉ်းကပ်လာပြီး ဒီနေ့အတွက် သူတို့ ဘာလုပ်ကြရမလဲဟု မေးမြန်းလိုက်သည်။ ကောင်ယန်က "လှဲနေရုံပဲ" ဟု လေသံအေးအေးဖြင့် ပြန်လည် ဖြေကြားခဲ့သည်။
" သူတို့တွေကို ပျင်းပျင်းရိရိ နေခိုင်းတာလား? ငါတို့ ဘယ်လိုလုပ်ပြီး..."
ကောင်းယန်က "လှဲနေတာက စွမ်းအင်ကို ထိန်းသိမ်းပေးတယ်။ ဘာအစားအစာမှ ကျွေးမှာ မဟုတ်ဘူး" ဟု သတိပေးလိုက်လေသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်ရှိသောလူများမှာ ရုတ်တရက် ဗိုက်ထဲက တဂွုတ်ဂွုတ် မြည်လာကြတော့သည်။ သူတို့သည် မနေ့ညကတည်းက ဘာမှ မစားရသေးဘဲ တစ်ချိန်လုံးလည်း စိတ်လှုပ်ရှား ရင်ဖိုနေခဲ့ကြရခြင်း ဖြစ်သည်။ ယခုအခါ စိတ်အနည်းငယ် လျှော့လိုက်နိုင်ပြီဖြစ်၍ မိမိတို့ မည်မျှအထိ ဆာလောင်နေကြသည်ကို သတိပြုမိသွားကြသည်။
လာမည့် နှစ်ရက်အတွင်း မည်သည့် အစားအစာမျှ ကျွေးမည်မဟုတ်ရာ တစ်ခုခု လုပ်ဆောင်ရန်အတွက် လိုအပ်သော ခွန်အားကို မည်သည့်နေရာမှ ရရှိနိုင်ပါမည်နည်း?
ကောင်းယန်သည် သကြားလုံး လေးလုံး စားထားခဲ့သဖြင့် မွန်းလွဲပိုင်းအထိ တောင့်ခံထားနိုင်သော်လည်း ယခုအခါတွင်မူ သူ၏ အမြင်အာရုံများမှာ စတင်ဝေဝါးလာခဲ့ပြီ ဖြစ်သည်။ သူသည် မတ်တပ်ရပ်လိုက်ပြီး ပျင်းရိစွာ လှဲလျောင်းနေကြသော အဖွဲ့သားများကို "သွားကြစို့" ဟု ဆိုလိုက်သည်။
စုကျန်းက "ဘယ်သွားမလို့လဲ" ဟု မေးသည်။
ကောင်းယန်က "အစာသွားစားမလို့" ဟု ပြန်လည် ဖြေကြားခဲ့လေသည်။