အပိုင်း ၄၁ - ဘုရားပွဲတော် (အခန်း ၈)
"ဒီရွာကရော ဘယ်လိုရွာမျိုးလဲ။"စုယွီကမေးလာသည်။
ထိုမေးခွန်းသည် ဂိမ်းထဲမှ NPC တစ်ဦး မေးသင့်သည့်မေးခွန်းမျိုးမဟုတ်။ ပိုင်လော့ဖုန်း နှလုံးခုန်ပင်မြန်လာ၏။
ပြန်ဖြေရန် ပါးစပ်ဟလိုက်သော်လည်း အတော်ကြာအောင် အသံမထွက်နိုင်ဘဲ အဝေးသို့ငေးကာ ပြန်ဖြေရသည်။
"ဒါဝူပူရွာလေ။ မင်းကဒီမှာနေတာပဲ။ ဒီရွာအကြောင်း ငါ့ထက်ပိုသိမှာပေါ့။"
စုယွီက အဖြေအား သဘောမကျသလို မျက်မှောင်ကြုတ်နေ၏။
"မင်းလိမ်နေတယ်။"
"လိမ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် မင်းကိုအမှန်ပြောပြလို့မရဘူး။ မင်းဘာသာသိအောင်လုပ်။"
"ဘာလို့ပြောလို့မရတာလဲ။"
"ငါလည်းမသိလို့ပေါ့။"ပိုင်လော့ဖုန်းက တောက်တောက်ပပပြုံးရင်း ပြန်ဖြေလိုက်သည်။
သူဘာမှမသိသလို လက်နှစ်ဖက်ကိုပင် မြှောက်ပြလိုက်၏။
စုယွီကမျက်နှာပုပ်သိုးနေပြီး ဘာမှဆက်မပြောပေ။
"မင်းငါ့ကိုအိပ်မက် မက်တယ်ပေါ့။ ထူးတော့ထူးသားပဲ။ ဘယ်တုန်းကမက်တာလဲ။"
"မင်းမလာခင် နှစ်ရက်သုံးရက်လောက်က။"
ကစားသမားမရောက်ခင်က မက်သည့်အိပ်မက်ပင်။ ပိုင်လော့ဖုန်းက ပြုံးစိစိမျက်နှာပေးအား မပြင်သေးပေ။ စိတ်ရင်းအမှန်အားဖုံးရန် အတင်းလုပ်ပြုံးနေရ၍ သူ့မျက်လုံးများက မှေးကျဥ်းနေ၏။
"အိပ်မက်ပဲဟာ။ အတည်ယူမနေပါနဲ့။" သူစပ်ဖြဲဖြဲလုပ်ပြရင်း ပြောလိုက်သည်။
"ပေါက်ကရတွေ အိပ်မက်မက်တာက အမြဲဖြစ်နေကျပဲမလား။ မင်းငါ့အကြောင်းမက်တာက ငါတို့ရေစက်ပါလို့နေမှာပေါ့။ အတွေးမလွန်နဲ့။ လူတွေကအသက်ကြီးရင် အတွေးလွန်တတ်ကြတယ်။"
စုယွီက နှုတ်ခမ်းတွန့်ရုံပြုံး၏။
"ဒီတိုင်းအိပ်မက်လေးကို မင်းအရမ်းတွေးနေရင် မင်းမိန်းမကြိုက်မှာ မဟုတ်ဘူးနော်။ ဟုတ်တယ်မလား။ မင်းမိန်းမက ဆုံးသွားပြီမလား။"
"အင်း၊ ဆယ်နှစ်ကျော်ပြီ။"
"သြော်၊ ငါစိတ်မကောင်းပါဘူး။ ငါသွားတော့မယ်။ မင်းလည်းမတွေးမများနေနဲ့။ အိပ်ရေးပျက်မယ်။ လုပ်သင့်တာကိုပဲလုပ်။"
"အင်း"
ပိုင်လော့ဖုန်းသူ့အား လက်ပြနှုတ်ဆက်ပြီးနောက် လှည့်ထွက်လာသည်။ လှည့်လိုက်သည်နှင့် သူ၏မျက်နှာပေါ်၌ ဟန်ဆောင်အပြုံးများ မရှိတော့ချေ။
လက်နှစ်ဖက်အား အိတ်ကပ်ထဲထည့်ကာ အသားထဲလက်သည်း စိုက်ဝင်သည်အထိ ကုတ်ခြစ်နေမိသည်။ ထိုနာကျင်မှုက သူ့အား အိပ်မပျော်သွားစေသည့်အပြင် စိတ်တည်ငြိမ်စေ၏။ ပြောချင်သည့်စကားများအား နှလုံးသားထဲ၌ပင် သိမ်းကာ ဝမ်လူကြီး၏ အိမ်ကနေ တစ်လှမ်းချင်း ထွက်လာခဲ့ရသည်။
သူပြန်လှည့်မကြည့်မိပေ။ လှည့်ကြည့်ရန် အားမရှိသောကြောင့်ပင်။
သူစုယွီအား ထပ်ရင်မဆိုင်ရဲပါ။ စုယွီအားထပ်တွေ့ပါက သူ့ကိုယ်သူ မရပ်တန့်နိုင်ဖြစ်မည်ကို သူအလွန်ကြောက်သည်။
ပိုင်လော့ဖုန်း ထွက်သွားပြီးနောက်
စုယွီတံခါးကိုဆွဲဖွင့်ကာ အိမ်ထဲပြန်ဝင်ပြီး တံခါးကိုပြန်ပိတ်လိုက်၏။
တံခါးပိတ်လိုက်သည်နှင့် တံခါးဘောင်မှ ဖုန်များထောင်းကနဲကျဆင်းလာသည်။ ပိတ်သွားသည့်တံခါးနှင့်အတူ တစ်စုံတစ်ခုအား ချိတ်ပိတ်လိုက်သည့်ပုံရ၏။
ဝမ်လူကြီးတစ်ဖြစ်လဲ စုယွီ မျက်လုံးမှိတ်ကာ ဆေးတံအား အတော်ကြာအောင် ရှိုက်ဖွာနေသည်။
ဆေးတံကိုပြန်ချ၍ အမှောင်ထုထဲသို့ မီးခိုးငွေ့များမှုတ်ထုတ်ရင်း မျက်လုံးပြန်ဖွင့်ချိန်၌ သူ၏မျက်နှာထားမှာ ရေခဲပြင်လို အေးစက်ခက်ထန်နေ၏။
သူအခန်းထဲဝင်လာသည်။
မှိန်ပျပျမီးရောင်အောက်၌ ခွက်ထဲရှိ လူခေါင်းပြတ်ကြီးမှာ လှိမ့်ထွက်ကာကြမ်းပြင်၌ ခုန်နေ၏။
ကြောက်ရွံ့မှုကြောင့် ခေါင်းပြတ်ကြီး၏ မျက်လုံးများက ပြူးကျယ်နေပြီး တစာစာညည်းညူနေသည်။ "အား....အား..."
ထိုလူအခုထိမသေသေးပါ။
ဝမ်လူကြီး ထိုနေရာဆီလျှောက်သွားပြီး ခေါင်းပြတ်အား ဆံပင်မှဆွဲကာ ကောက်ကိုင်လိုက်သည်။ အခုတ်ခံထားရသဖြင့် ခေါင်းနောက်၌အပေါက်ကြီးဖြစ်နေ၏။ ခေါင်းများသွေးများစိုရွဲနေပြီး ကြောက်ရွံ့နေသည့် မျက်လုံးများနှင့် သူ့အားကြည့်နေသည်။ ဝမ်လူကြီးက ဘာမှမပြောဘဲ ခေါင်းအားစားပွဲပေါ်ရှိ စဥ်းတီတုံးပေါ်တင်ပြီး ဓားအစား ပုဆိန်ကိုမကာ ခေါင်းထက်၌နေရာယူ၏။
လျန့်ရိထုံ၏ မျက်လုံးများက အလွန်ပြူးကျယ်လျက် ခေါင်းထက်ကပုဆိန်အား မော့ကြည့်နေသည်။ သူအော်ချင်သော်လည်း ခပ်ဖွဖွညည်းသံများသာ ထွက်နိုင်တော့၏။
ဒုတ်
ပိုင်လော့ဖုန်း ကျောင်းဝင်းအတွင်း ရောက်လာပြီး ဘုရားကျောင်းထဲ အမြန်ဝင်သည်။ အဖွဲ့ဝင်များအားလုံး အိပ်ပျော်နေကာ ဟောက်ပင်ဟောက်နေလေပြီ။ အထဲရောက်မှသာ သူသက်ပြင်းချနိုင်ပြီး ဂျက်ကတ်နှင့်ထုတ်လွှင့်ရေး ကိရိယာများကိုချွတ်ကာ ဖုန်းကိုခေါင်းအုံးနံဘေးထား၍ မျက်နှာကြည့်အားငေးကာလဲအိပ်ရင်း သူအတွေးများနေ၏။
ရုတ်တရက် ဖုန်းတုန်လာသဖြင့် သူကောက်ယူကြည့်သောအခါ စကားပြောခန်း၌ စာတစ်စောင်ဝင်နေသည်။
(ဖန်တီးရှင် 01 ဆီမှ လျှို့ဝှက်စာလက်ခံရရှိသည်။ ချက်ချင်းစစ်ဆေးပါရန်။)
ပရိုဂရမ်ရေးသူ ပြန်ပေါ်လာလေပြီ။ ခရီးတလျှောက်လုံး သူအတူရှိနေခဲ့လေသလား။
ပိုင်လော့ဖုန်း မတုန်လှုပ်သွားပါ။ စာရင်းထဲမှ တိုက်ရိုက်ကြည့်ရှုသူများအား ဦးစွာစစ်ကြည့်လိုက်သည်။ ပုံမှန်အားဖြင့် ဖန်တီးသူပေါ်လာတိုင်း သူ၏အဆင့်အတန်း အနေအထားအရ ထိပ်ဆုံးအဆင့်၌ရှိရမည်။ သို့သော် တိုက်ရိုက်ကြည့်ရှုသူများထဲ၌ သူ့အားမတွေ့ပေ။ အထူးခွင့်ပြုချက်အား အသုံးပြုကာ သူ့ကိုယ်သူကွယ်ဝှက်ထားပုံရ၏။ ထိုအရူး၏လုပ်ရပ်များအား လိုက်လံတွေးတောရန်အထိ ပိုင်လော့ဖုန်း စိတ်လည်းမဝင်စားချေ။
ထိုအရူးဆီမှ ပို့လာသည့်စာကိုသာ စစ်ကြည့်ရန်ဖုန်းကို အောက်သို့ဆက်ဆွဲလိုက်သည်။
(ဖန်တီးသူ 01 - သိပ်ကောင်းတဲ့ဆုံးဖြတ်ချက်ပဲ၊ ချီးကျူးခိုက်ပါပေတယ်။)
(ဖန်တီးသူ 01 - မင်းဘာလိုချင်လဲ ငါသိသွားပြီ။)
ဖန်တီးသူက စုယွီနှင့်ပိုင်လော့ဖုန်းကြားမှ စကားများအားလုံးကို ကြားသိနေပြီး ပိုင်လော့ဖုန်းက အမှန်အတိုင်း ထုတ်မပြောမိခဲ့ပေ။ ထိုအတွက် ပိုင်လော့ဖုန်း သူ့ကိုယ်သူ စိတ်ထဲမှချီးကျူးကာ စာပြန်ပို့သည်။
(ငါဘာလိုချင်လဲ ပြောကြည့်ပါဦး။)
ဖန်တီးသူစာရိုက်နေသည့်အတွက် အစက်ငယ်သုံးစက်ပေါ်လာ၏။
(ဖန်တီးသူ 01 - မင်းကအမှန်တရားကိုလိုချင်တာ။)
(ဖန်တီးသူ 01 - မင်းကောင်လေးဘာဖြစ်သွားလဲ၊ ဒဏ်ရာဗရပွနဲ့ မင်းရှေ့မှာဘာကြောင့်သေခဲ့ရလဲ၊ သေလူအဖြစ်နဲ့ ငါ့ဆီဘာလို့ခစားနေရလဲဆိုတာ အမှန်တရားကိုမင်းသိချင်နေတာပဲ။)
(ဖန်တီးသူ 01 - ငါပြောတာမှားလား။)
(ဖန်တီးသူ 01 - ^ ^)
ပိုင်လော့ဖုန်း မျက်နှာပုပ်သိုးလျက် စာတစ်ကြောင်းသာပြန်ပို့လိုက်သည်။
(မင်းဘာပြောချင်နေတာလဲ။)
(ဒီတိုင်း စကားပြောရုံသက်သက် လာတာမဟုတ်ဘူးမလား။ လိုရင်းကိုပြော။)
(အလျင်စလို မလုပ်ပါနဲ့။) ဖန်တီးသူက လိုရင်းကိုမပြောဘဲ အချိန်ဆွဲကာ ပိုင်လော့ဖုန်း၏ စိတ်အခြေအနေအား သုံးသပ်နေသည်။
(မင်းကစိတ်ဝင်စားဖို့ကောင်းတယ်။ မင်းကောင်လေးရဲ့ ကိစ္စကတော့ မှန်းရလွယ်ပါတယ်။ မင်းကိုကယ်ဖို့လာရင်း ကျရှူံးတော့သေပြီးနောက် ဒီမှာ NPC ပြန်ဖြစ်လာပြီး မင်းကိုအသက်ရှင်စေခဲ့တာ။)
(ဒီအပိုင်းမှာ နားမလည်နိုင်စရာ အချက်များပါလို့လား။ ဒါကအမှန်ပဲမလား။)
(အားလုံးကဒီလိုတွေးရင်တောင် မင်းကဒီလိုမထင်ပုံပဲ။ ဒါကအမှန်ဆိုတာ သိရင်တောင်မှ မင်းကအမှန်တရားထက် သူ့ကိုပိုဂရုစိုက်တယ်။)
(မင်းကစုယွီ ဘာဖြစ်နေတာလဲဆိုတာကို သိချင်နေတာပဲ။ သူ့ဒဏ်ရာတွေ ဘယ်ကရလဲ၊ သူဘယ်လိုသေလဲ၊ ဘယ်မှာသေလဲ၊ မသေခင် ဘာဖြစ်ခဲ့လဲ၊ ဘာကြောင့်ဖြစ်ရတာလဲ၊ သူဖြတ်သန်းခဲ့ရတဲ့ အဆင့်တွေနဲ့ သူကြုံတွေ့ခဲ့ရသမျှပေါ့။)
(တစ်နည်းပြောရရင် မင်းကအမှန်တရားကို လုံးဝဂရုမစိုက်ဘူး။)
(အမှန်တရားကသာ စုယွီအတွက် ဘာအကျိုးမှမရှိရင် မင်းလှည့်တောင်ကြည့်မှာမဟုတ်ဘူး။ မင်းက 'စုယွီ'ဆိုတဲ့လူကိုပဲ ဂရုစိုက်တယ်။ မင်းကအမှန်တရားထက် စုယွီရဲ့အကြောင်းကိုပဲသိချင်တာ။)
(ငါပြောတာမှန်ရဲ့လား။)
(မင်းထင်ချင်သလိုထင်။) ပိုင်လော့ဖုန်း စာပြန်လိုက်ခြင်းပင်။
စမ်းသပ်ခန်းထဲရှိ ဆုံလည်ထိုင်ခုံပေါ်မှ ဖန်တီးသူက ထိုစာအားတွေ့သောအခါ ခြေနှစ်ဖက်ကိုချိတ်ကာ လေထဲလွဲမြှောက်ရင်း ထိုင်ခုံကိုတစ်ပတ်မွေ့ကာ တဟားဟားအော်ရယ်တော့၏။ သူကတစ်ခုခုအား ဝေဝေဝါးဝါးရေရွတ်ရင်း လက်ကလည်းစာအရိုက်မပျက်ပေ။
"ငါမှန်တယ်ကွ၊ မင်းသိလား။ ငါမှန်တယ်။"
(မင်းငါ့အပေါ် တစ်ခုခုအထင်မှားနေပုံပဲ။)
ဖန်တီးသူက ပိုင်လော့ဖုန်း၏ ထုတ်လွှင့်ခန်းထဲ စာဆက်ပို့လာသည်။
(ရထားပေါ်မှာတုန်းက သူ့ရဲ့အသိဉာဏ်နိုးထမှုက ဂိမ်းကိုအနှောင့်အယှက်ဖြစ်စေပြီး ဆက်ဆော့လို့မရ ဖြစ်စေတဲ့အတွက် မင်းတို့ကိုသုံးပြီး သူ့ကိုသတ်ခိုင်းတယ်လို့ မင်းထင်နေတာမလား။)
(မဟုတ်လို့လား။)
(လုံးဝ လုံးဝ လုံးဝ မဟုတ်ဘူး။)
(မင်းနားလည်မှုလွဲနေပြီ။ ငါကဒီလို ငကြောက်မဟုတ်ဘူး။)
ပိုင်လော့ဖုန်းက စိတ်ထဲကနေ 'မင်းကသောက်ကြောက်ပဲကို'ဟုရေရွတ်နေ၏။
(စပယ်ယာရဲ့ ရုတ်တရက်အသိဝင်မှုက ဂိမ်းကိုစည်းလွတ်ဝါးလွတ် ဖြစ်စေတဲ့အတွက် ငါကြောက်ကြောက်လန့်လန့်နဲ့ ဂိမ်းကိုဆက်ထိန်းချုပ်လို့ရအောင် သူ့ကိုသတ်လိုက်တာလို့ မင်းထင်နေတာမလား။)
(နားလည်မှုအကြီးကြီးကို လွဲနေပြီ မစ္စတာပိုင်။)
(တကယ်တော့ ဂိမ်းကိုထိန်းချုပ်လို့မရတာကို ငါဂရုမစိုက်ဘူး။)
(မင်းငါ့အကြောင်းမသိပါဘူး။ ငါအသက်ရှင်နေရတာ ကြာပြီဆိုတော့ အပျော်ရှာရတာပေါ့။)
(ကံကြမ္မာကို ပြောင်းလဲနိုင်မယ်လို့ ထင်တဲ့အရူးတွေ အုပ်လိုက်ပြေးလွှားနေတာကို ကြည့်ရတာပျင်းနေပြီ။ ငါကနိုင်လမ်းမရှိတဲ့ဂိမ်းထဲမှာ အားလုံးကိုပိတ်ထားဖို့ ကြိုးစားနေတဲ့ လူယုတ်မာမဟုတ်ပါဘူး။)
(ဆုတောင်းတွေကို ငါအမှန်တကယ် ဖြည့်ပေးနိုင်တယ်။ မင်းလိုချင်နေတဲ့ အမှန်တရားကိုလည်း ငါပေးနိုင်တယ်။ အကြောင်းကတော့ မင်းကိုငါသဘောကျမိလို့ပဲ။)
'ပေါက်ကရတွေ' ပိုင်လော့ဖုန်းက ထိုပေါက်ကရများအားဖတ်၍ မျက်လုံးစွန်တတ်သလို မျက်လုံးအားမှေးကျဥ်းထား၏။
(ဘယ်လိုလဲ မစ္စတာပိုင်။ မင်းဂိမ်းတိုင်းမှာ အဆင့် A နဲ့အထက်ရတိုင်း ငါမင်းကိုသဲလွန်စ တစ်ခုစီပေးမယ်။)
"သဲလွန်စ"
(ဘယ်လိုသဲလွန်စလဲ။)
(မင်းလိုချင်တာပေါ့။ ငါ့ကိုယုံစမ်းပါ။ မင်းသဘောကျမှာသေချာတယ်။)
ထိုစကားမျိုးသည် စိတ်ထားပြည့်ဝသူဆီက ထွက်လာတတ်သည့် စကားမျိုးမဟုတ်နေပါ။ ပိုင်လော့ဖုန်း တွေဝေနေသည်ကို ရိပ်မိကာဖန်တီးသူက ဆက်ပြောလာသည်။
(ကတိမတည်ရင် စိတ်ပျက်စရာကောင်းနေမှာပေါ့။ ပထမဆုံးသဲလွန်စကိုပေးမယ်။ မင်းသိချင်နေတဲ့ အမှန်တရားက အစစ်အမှန်နဲ့ သွေဖယ်နေတယ်။)
ပိုင်လော့ဖုန်း အမှန်တကယ်ကြောင်သွားသည်။ (မင်းဘာကိုပြောချင်နေတာလဲ။)
(စုယွီက မင်းကိုကယ်ဖို့အတွက် ဝင်လာပြီးဂိမ်းရှုံးလို့ သေသွားတယ်လို့ပဲ မင်းတွေးထားတာမလား။ ဒါပေမယ့် တကယ့်ဖြစ်ရပ်က ဒီထက်ပိုရှုပ်ထွေးတယ်။)
(ငါမင်းကိုလှည့်ဖြားနေတယ်လို့ မင်းထင်ကောင်းထင်နိုင်ပေမယ့် သူ့သေဆုံးမှုအတွက် မင်းမှာတာဝန်ရှိတယ်။)
ပိုင်လော့ဖုန်းကရယ်၏။ (ငါခန့်မှန်းကြည့်ပါဥိီးမယ်။ ငါနေမကောင်းလို့ သူဒီကိုလာရပြီး ငါ့အတွက်နဲ့သေရတာလို့ မင်းပြောချင်နေတာမလား။)
(မဟုတ်ဘူး။ ^-^)
ဖန်တီးသူက ထိုမျှသာပို့လာ၏။ နောက်ဆုံးမှအီမိုဂျီပုံသည် သာမန်ပို့နေကျအကြိမ်များထက် ဖိအားပိုများနေသည်။ ပိုင်လော့ဖုန်း၏ ခြေထောက်အောက်ကနေ အေးစက်မှုများ လှိုက်ကနဲတက်လာ၏။ ခန္ဓာကိုယ်တုန်ရီလာပြီး ဖုန်းအားလွတ်ထွက်သွားတော့မလို ဆုပ်ထားမိသည်။
ထိုအချိန်၌ ဖန်တီးသူက ထိုင်ခုံကိုမှီကာ ကော်ဖီအေးတစ်ငုံသောက်ပြီး အေးအေးလူလူနှင့် စာဆက်ပို့လာ၏။
(မင်းကြောင့်သာမဟုတ်ရင် သူကဒီဂိမ်းရဲ့ အောင်နိုင်သူအနည်းငယ်ထဲက တစ်ယောက်ဖြစ်လာနိုင်တယ်။)
(မင်းကသာအပြစ်ရှိနေတာ၊ မစ္စတာပိုင်။)
(ငါဘာအမှားလုပ်ခဲ့မိလို့လဲ။)
(အလကားတော့ မပြောပြနိုင်ဘူး။)
ပိုင်လော့ဖုန်း စာပင်မပြန်နိုင်တော့။
သူနှင့်သဘောတူညီချက် ရယူခြင်းက သူကြိုးဆွဲရာကပေးသည်နှင့် တူနေသော်လည်း ပိုင်လော့ဖုန်း၌ ရွေးစရာမရှိချေ။
(မင်းငါ့ကိုဘာလုပ်စေချင်တာလဲ။)
ဖန်တီးသူက အထိန်းအကွပ်မဲ့စွာ ရယ်သည်။
(ဂိမ်းလမ်းကြောင်းလွဲသွားရင်တောင် ဂရုမစိုက်ပါဘူးလို့ ငါပြောသားပဲ။ ငါကပျော်စရာလေးတွေဖန်တီးချင်တာ။ အခုလိုက်ဖက်တဲ့ အတွဲကိုလည်းတွေ့ပြီဆိုတော့ မင်းနဲ့သူနဲ့ တွဲပြီးကစားကြရင်ရော ဘယ်လိုလဲ။")
(ကစားသမားရဲ့ ဂိမ်းအမှတ်ကို ကြည့်ရှူသူအရေအတွက်၊ လက်ဆောင်၊ ပူးပေါင်းလုပ်ဆောင်မှု၊ ပရိသတ်ရဲ့အကဲဖြတ်မှုတွေနဲ့ တွက်ချက်တယ်ဆိုတာ မင်းသိပြီးသားဖြစ်မှာပါ။ ငါမင်းအတွက် နောက်ထပ်ကဏ္ဍတစ်ခု ပေါင်းထည့်ပေးမယ်။)
(အဲ့ဒီ NPC မင်းအတွက် ဘယ်လောက်အထိ ပေးဆပ်ချင်တဲ့အပေါ်မူတည်ပြီးပေါ့။)
(ငါမင်းတို့နှစ်ယောက် ပြောဆိုဆက်ဆံကြတာကို မြင်ချင်တယ်။)
ဆိုတော့ ဒါကဖန်တီးသူရဲ့ ပျော်စရာရှိုးပွဲအသစ်များလား။
(မင်းသူ့ကိုသေစေချင်တာလား။)
(အဲ့ဒါလည်းမဆိုးပါဘူး။)
(ရိုးရိုးသားသားပြောရရင် ငါဒီဇာတ်လမ်းကြီးကို ပျင်းရိနေပြီ။ သူဘယ်လိုသေလဲ၊ မင်းအတွက်သူ ဘယ်လောက်ထိအကောင်းဆုံး ကြိုးစားခဲ့လဲဆိုတာငါသိပြီးပြီ။)
(သူဘယ်တော့မှ မတုံ့ဆိုင်းသလို နှစ်ကြိမ်တောင်မစဥ်းစားခဲ့ဘူး။ မင်းအတွက်ဆို သူဘာကိုမှမရွေးချယ်တတ်ဘူး။ မင်းတို့နှစ်ယောက်က ကောင်းကင်ဘုံကရွေးချယ်ပေးတဲ့ မိတ်ဖက်တွေပဲ။)
(ဒါပေမယ့် ဒီဇာတ်လမ်းကရိုးနေပြီ။ သူနှစ်ခါတောင်သေပြီးမှတော့ ဒီဇာတ်လမ်းကိုပဲ ပြန်မကစေချင်ဘူး။ တစ်ခါတစ်လေသာဆို ပျော်ဖို့ကောင်းလောက်ပေမယ့် အကြာကြီးအသက်ရှည်နေတဲ့ လူတစ်ယောက်အနေနဲ့ အတိတ်ကိုပဲပြန်သွားနေရတာကို စိတ်မပါတော့ဘူး။)
(ငါဒီထက်ဆန်းသစ်တာ၊ ထူးခြားတာလေးလိုချင်တယ်။ ဇာတ်လမ်းအသစ်၊ ကစားနည်းအသစ်လေးဖန်တီးစေချင်တယ်။)
(ငါပြောတာသဘောပေါက်လား။ ငါတောင်းဆိုတာ များနေပြီလား။ မင်းလိုငယ်ငယ်ရွယ်ရွယ်နဲ့ သေသင့်တဲ့အချိန် မသေခဲ့တဲ့လူကတော့ ဒီခံစားချက်ကို နားမလည်လောက်ဘူးပေါ့။)
( ^-^ )
ပိုင်လော့ဖုန်း ဖုန်းအားကြိုးကြေမတတ် ဆုပ်ထားမိ၏။
(စကားပြောရိုင်းသွားရင် တောင်းပန်ပါတယ်ကွာ။)
(ဒါပေမယ့်လူတစ်ယောက် ထပ်ခါထပ်ခါ သေနေတာကိုကြည့်ရတာ တကယ်စိတ်ကုန်နေပြီ။ ဒါပေမယ့် မင်းကိုယ်တိုင်က သူ့ကိုသတ်ဖို့ဆန္ဒရှိရင်တော့ ဇာတ်လမ်းအသစ်လေးကြည့်ရတာပေါ့။)
ပိုင်လော့ဖုန်း၏ သည်းခံနိုင်စွမ်း ကုန်ဆုံးနေလေပြီ။ (မင်းဘာဖြစ်စေချင်လဲသာပြော။ ငါသူ့ကို လက်ဖျားနဲ့တောင် မထိနိုင်တာမင်းသိပါတယ်။)
(မသိပါဘူး။)
(ဒါမင်းရဲ့ မေးခွန်းနှစ်ခုလုံးအတွက် ငါပေးနိုင်တဲ့အဖြေပဲ။ မင်းဘယ်လို ဆက်သရုပ်ဆောင်မလဲဆိုတာ။ မင်းဒီဂိမ်းကိုဘယ်လို ပျော်စရာကောင်းအောင်ဆော့ပြီး ဘယ်လိုအမှတ်မြင့်မြင့် ရအောင်ယူမလဲဆိုတာ ငါဘယ်သိနိုင်မလဲ။ ဒါမင်းရဲ့အလုပ်ပဲ။ ဖန်တီးရှင်တစ်ဦးအနေနဲ့ ကစားသမားတစ်ဦးကို အဖြေအတိအကျပေးလို့ ဘယ်ရပါ့မလဲ။)
(ပြီးတော့နောက်တစ်ခုက မင်းအနေနဲ့ ဒီလျှို့ဝှက်တာဝန်ကို ဂိမ်းမပြီးမချင်း အဖွဲ့ဝင်တွေကိုမသိစေရဘူး။)
(မင်းကောင်လေး မှတ်ဉာဏ်ပြန်ရတာကို မင်းပဲသိထားရမယ်။ တစ်ယောက်ယောက်ဝင်ပါရင် မင်းကိုအမှတ်နုတ်မှာမလို့ နောက်ဆုံးရလဒ်ကလည်း ကောင်းကောင်းထွက်မှာမဟုတ်ဘူး။)
(သိပ်မခက်ဘူးမလား။ သူပြောထားတွေ မင်းလည်းကြားသားပဲ။ မင်းဂိမ်းထဲတောင်ရောက်ဖို့ ရက်ပိုင်းအလိုကတည်းက သူကမင်းအကြောင်း အိပ်မက်မက်နေပြီ။ ဒါဘာသဘောလဲသိလား။)
ပိုင်လော့ဖုန်း ပြန်မဖြေချင်ပါ။ သို့သော် ဖန်တီးသူက ထိုစာအားပို့ပြီးသည်နှင့် လုံးဝအသံတိတ်ကာနေခြင်းဖြင့် ပိုင်လော့ဖုန်းဖက်က စကားပြောလာရန် ဖိအားပေးတော့သည်။
ပိုင်လော့ဖုန်း ဒေါသအားမြိုချကာ ထိန်းထိန်းသိမ်းသိမ်းနှင့် စာရိုက်လိုက်၏။ (ရထားပေါက်ကွဲမှုလား။)
(ဘင်ဂို၊ တွေ့ပြီမလား။ မင်းကအကုန်လုံးကို သိနေပြီးသားပဲ။)
(စပယ်ယာရဲ့မှတ်ဉာဏ်နိုးထမှုက ကမ္ဘာတစ်ခုတည်းမှာရှိတဲ့ NPC အားလုံးအပေါ်သက်ရောက်နေပြီ။)
(မင်းကိုမှတ်မိအောင်လုပ်ဖို့က ဒီလောက်မခက်ပါဘူး။ ဒါပေမယ့် မင်းနဲ့ပြောဆိုဆက်ဆံရင်း အားလုံးသတိပြန်ရသွားရင်လည်း ပျော်ဖို့မကောင်းပြန်ဘူး။)
(ဒီတော့ ငါတကယ်စိတ်ပျော်စေမယ့် ဖန်တီးမှုမျိုးလေး ပြပေးပါဦး။)
(အားဖုန်း)
ပိုင်လော့ဖုန်း၏ အမြင်အာရုံ အမှောင်ကျသွားလေ၏။
သူမျက်လုံးအား အမြန်ပိတ်ချသော်လည်း နောက်ဆုံးစာလုံးနှစ်လုံးက သူ့ခေါင်းထဲဆက်တိုက် တိုးဝင်လာနေပြီး ဒေါသကြောင့်သူဘာကိုမှ မမြင်နိုင်တော့ပေ။
စုယွီသာလျှင်သူ့အား အားဖုန်းဟုခေါ်လေ့ရှိသည်။
သူမျက်လုံးပြန်ဖွင့်ချိန်၌ ဖန်တီးသူက ( ^-^ ) ထိုအီမိုဂျီအားပို့ကာ ပျောက်သွားလေပြီ။ သီးသန့်စကားပြောခန်းထဲ၌ အချက်ပေးစာတက်လာသည်။
(သီးသန့်စကားပြောခန်းပိတ်ပါပြီ။)
ပိုင်လော့ဖုန်း အိပ်ရာဝင်ပြီးနောက် ကြည့်ရှူသူအရေအတွက်မှာ တဖြည်းဖြည်းလျော့ကျလာခဲ့သည်။ သို့သော် သူနှင့်စုယွီကြားမှ ဆက်ဆံရေးမှာအတော်လေး နက်နဲစွာကျန်ခဲ့သဖြင့် ဖုန်းမျက်နှာပြင်ပေါ် ၌ သူနှင့်စုယွီအကြောင်း သို့လောသို့လော ခန့်မှန်းနေကြသည့် မှတ်ချက်များသာကျန်ခဲ့၏။
(ထူးဆန်းတယ်၊ ဘာလို့သူ့အပေါ် NPC ကအရမ်းကောင်းနေတာလဲ။)
(ဒီထုတ်လွှင့်သူကို ငါတို့စုံစမ်းသင့်လား။)
(ဒီအဆင့်ကိုငါတို့ အကြိမ်ကြိမ်ကြည့်ဖူးပါတယ်။ NPC ကညဆို လူသတ်လေ့ရှိပေမယ့် ဘာလို့သူ့အလှည့်ကျ ကောင်းပေးနေရတာလဲ။)
(အိပ်မက်အကြောင်းကရော ဘာကိုပြောချင်တာလဲ။)
(ဒီစာသားတွေ အရင်ကမကြားဖူးဘူး။ အခုဂိမ်းအသစ်များလား။)
(အဓိပ္ပါယ်မရှိတာ။ တိုင်ကြားစာပို့မယ်။)
ပိုင်လော့ဖုန်း စာများအားဖတ်သော်လည်း တုံ့ပြန်ရန်ဆန္ဒမရှိချေ။ ဖုန်းကိုနံဘေးချကာ စောင်ကိုခေါင်းမြီးခြုံ၍ ပြန်အိပ်လိုက်တော့သည်။
သူအိပ်မပျော်ပါ။ မအိပ်နိုင်ဟု ပြောခြင်းက ပိုမှန်လိမ့်မည်။
သက်ပြင်းအခါခါချကာ ခဏလောက်မှေးရန် ကြိုးစားရတော့သည်။
နောက်တစ်နေ့မနက်၌ ရွှမ်ချမ်ကြောင့် သူလန့်နိုးလာ၏။
ပိုင်လော့ဖုန်း ညကောင်းကောင်းမအိပ်ရသဖြင့် ကျန်းမုန့်ရီသူ့အား ဖွဖွလာပုတ်နိုးချိန်၌ မထနိုင်ဘဲညည်းတွားကာ စောင်ထဲပြန်တိုးဝင်သွားခဲ့သည်။ ကျန်းမုန့်ရီ မထိတထိလုပ်နေသည်ကို စိတ်မရှည်တော့သည့်ရွှမ်ချမ်က ခြေသံပြင်းပြင်းနင်းကာ လျှောက်မှသာသူနိုးလာရခြင်းပင်။
သူမက ပိုင်လော့ဖုန်း ထထမထထ ဂရုမစိုက်ဘဲ စောင်အားအတင်းဆွဲကာ မထထအောင်ဖိအားပေးတော့သည်။
ပိုင်လော့ဖုန်းမှာ လေးလံလှသည့် မျက်ခွံများအား အတင်း မ တင်ရန်ကလွဲ ရွေးချယ်စရာမရှိတော့ချေ။
သူအိပ်ရာပုံထဲမှ ဒေါသတကြီးတွားထွက်လာပြီး မှုန်ကုပ်ကုပ်နှင့်မေးလိုက်၏။ "ဘယ်သူလဲ။"
"ငါ။" ရွှမ်ချမ်ကစောင်အားကိုင်ထားဆဲပင်။ "ဘာလို့အိပ်နေသေးတာလဲ။ အားလုံးကနိုးနေပြီ။ အိပ်ရာမထနိုင်တဲ့လူက နင်ဖြစ်နေမယ်မထင်ထားဘူး။ ထတော့၊ ဒီနေ့အလုပ်လုပ်ရဦးမယ်။"
"ငါ့ကိုနင်နဲ့ တူတူပဲလို့ ထင်နေတာလား။ ညကြီးစက္ကူရုပ်ကလာခေါ်ပြီး အဖိုးကြီးအသားခုတ်နေတာကို နင်သွားကြည့်ဖူးလို့လား။"
ရွှမ်ချမ်တုံ့ခနဲရပ်သွားသည်။
"မင်းဘာပြောလိုက်တယ်။" ဟောက်ဖုန်းကမေးလာ၏။
အစ်ကိုဟိုင်ကလည်း သူ့အားလှည့်ကြည့်ကာ မေးလာသည်။ "ညကမင်းကို စက္ကူရုပ်ကလာခေါ်တာလား။"
"အင်း"
အားလုံးနိုးနေကြပြီဖြစ်၍ ပိုင်လော့ဖုန်း ဆက်အိပ်ချင်စိတ်မရှိတော့။ သူ့ကံကိုသာလက်ခံလိုက်ပြီး အိတ်ထဲမှ ခေါင်းဖြီးနှင့်တစ်ကိုယ်ရည် သန့်ရှင်းရေးပစ္စည်းများသာ ယူထုတ်လိုက်သည်။ "ညက ညလယ်ခေါင်ကြီး တံခါးကနေဝင်လာပြီး အိပ်ရာဘေးမှလာရပ်ရင်းနဲ့ သူ့နောက်လိုက်ခဲ့ဖို့လာခေါ်တာပဲ။"
"သူကစကားလည်းပြောတာလား။" တစ်ယောက်ကမယုံနိုင်သလိုမေးလာသည်။
"စကားတော့မပြောဘူး။ ဒါပေမယ့်ညလယ်ခေါင်ကြီး ကိုယ့်အိပ်ရာဘေးမှာ မလှုပ်မယှက်လာရပ်နေရင် ဘာသဘောလဲဆိုတာ အားလုံးသိကြမှာပဲမလား။"
ရှစ်ယွမ်ကမျက်မှောင်ကြုတ်သည်။ "ငါတို့ကဘာလို့ မသိရတာလဲ။ ငါတို့ကိုရောမနိုးဘူးလား။"
"အင်း၊ မင်းတို့အားလုံး သစ်တုံးတွေလိုအိပ်နေကြတာ။"
ရွှမ်ချမ်ကဖုန်းကိုသာကြည့်နေသည်။ "ဒါကြောင့်နင့်အဆင့်က ရုတ်တရက်ကြီး ထိုးတက်သွားတာကိုး။"
"ဘယ်လောက်မြင့်သွားလို့လဲ။"
"ငါလောက်နီးနီးပဲ။ လက်ခံပေးလို့ရပါတယ်။ သရဲတစ်ကောင်က နင့်ကိုပစ်မှတ်ထားပြီး သေစေနိုင်တဲ့ ဇာတ်ကွက်ထဲဆွဲခေါ်သွားရင် နင်ကချက်ချင်း ပရိသတ်တွေရဲ့ 'အန္တရာယ် အကြံပြုချက်'ဆိုတဲ့ စာမျက်နှာဆီ ရောက်သွားပြီပဲ။ ဒ်ီစာမျက်နှာမှာ ကြည့်ရှုသူကပိုများတယ်။"
ကျန်းမုန့်ရီကမေးလာသည်။ "ဘာကြီးလဲ ဒါက။"
"စာမျက်နှာလေ။ အကြံပြုထားတဲ့စာမျက်နှာ။ ကြည့်ရှုသူတိုက်ရိုက် ဝင်တဲ့နေရာပဲ။" ရွှမ်ချမ်ကပခုံးတွန့်၏။ "နားမလည်သေးဘူးလား။ ထုတ်လွှင့်ရေးအက်ပ်တိုင်းမှာ ဒီစာမျက်နှာပါတယ်မဟုတ်ဘူးလား။"
"မဟုတ်ဘူး၊ ငါမေးတာက သေစေနိုင်တဲ့ ဇာတ်ကွက်ဆိုတာကို။ သူ ညက သေတွင်းနဲ့ ခြေတစ်လှမ်းအကွာထိ ရောက်သွားတဲ့သဘောလား။"
"ဟုတ်တယ်၊ နင်ဒါမျိုးတွေနဲ့ အသားကျအောင်လုပ်ထား။ ဒီမှာကဒါမျိုးတွေ ဖြစ်နေကျပဲ။ ကစားသမားအားလုံးက ဓားသွားထက်ကပျားရည်ကို ယက်နေကြရတာပဲ။"
ပိုင်လော့ဖုန်း တစ်ခုခုပြောရန်ပြင်လိုက်စဥ် အခန်းထဲသို့တစ်ယောက်ယောက်ဝင်လာ၏။
ခြေသံကြောင့် သူစကားပြတ်သွားပြီး ကြည့်လိုက်သောအခါ လျန့်ယွဲ့ရှစ်ကိုတွေ့ရသည်။
လျန့်ယွဲ့ရှစ် မျက်နှာမကောင်းပေ။ သူကခေါင်းကိုခါလာပြောလာ၏။ "ရှာပြီးပြီ၊ ဘယ်မှာမှမတွေ့ဘူး။"
"ဘုန်းကြီးကိုမေးပြီးပြီလား။"
"မေးပြီးပြီ၊ သူလည်းမတွေ့ဘူးတဲ့။"
"ကိစ္စတုံးသွားပြီထင်တယ်။"
ပိုင်လော့ဖုန်းကသူမအားမေးလာသည်။ "ဘာတွေပြောနေကြတာလဲ။"
"လျန့်ရိထုံပျောက်နေတယ်။" ရွှမ်ချမ်ကပြန်ဖြေ၏။ "ငါတို့ဒီမနက်နိုးကတည်းက သူအိပ်ရာထဲမှာမရှိဘူး။"
"နေရာအနှံ့ရှာပြီးမတွေ့မှတော့ ကိစ္စတုံးသွားလို့ပဲပေါ့။"
လျန့်ယွဲ့ရှစ်က စိုးရိမ်တကြီးနှင့် ရှစ်ယွမ်ဆီလျှောက်လာပြီး သူ့အားပြောလာသည်။ "မင်းလည်းသူ့လို မဖြစ်စေနဲ့နော်။ ကြားလား။"
"ငါကဘာဖြစ်ရမှာလဲ။ ငါကသူ့လိုစောက်ရူးမှမဟုတ်တာ။"
လျန့်ယွဲ့ရှစ် ကြောင်နနနှင့်ရယ်ပြရုံသာတတ်နိုင်တော့၏။
ရွှမ်ချမ်က ပိုင်လော့ဖုန်းနားကပ်ကာ တိုးတိုးလေးမေးလာသည်။ "မနေ့ညကအပြင်သွားတာ နင်တစ်ယောက်တည်းလား။"
"ဟုတ်တယ်၊ ငါတစ်ယောက်တည်း။"
ပြောပြီးမှ သူနေရာ၌ငြိမ်ကျသွားတော့သည်။ ဝမ်လူကြီး စဥ်းတီတုံးပေါ်မှ တစ်စုံတစ်ခုအား တဒုတ်ဒုတ်မြည်အောင် ခုတ်နေသည့်မြင်ကွင်းကို သူပြန်သတိရလာ၏။
သူခဏလောက်ရပ်နေပြီးမှ ဆက်ပြောလိုက်သည်။ "ငါတစ်ယောက်တည်း မဟုတ်ဘူးထင်တယ်။"
"ဘာဖြစ်လို့လဲ။"
"စက္ကူရုပ်ကငါ့ကို ဝမ်လူကြီးဆီခေါ်သွားတာ။ ငါရောက်သွားတော့ သူခန္ဓာကိုယ်တစ်ခုကို ခုတ်ထစ်နေတုန်းပဲ။"
"............"
မည်သူမှ အသံမထွက်ကြတော့။
လီချန်စစ်မျက်လုံးအိမ်များ တုန်ရီသည်အထိကြောက်လာ၏။ သို့သော် သူစကားလုံးဝမထွက်နိုင်ခဲ့ပေ။
ရှူရှင်းက မတင်မကျနှင့်မေးလာသည်။ "နေဦး၊ နင်ထင်တာက ငါထင်နေတာပဲလား။"
"မသေချာဘူး။" ပိုင်လော့ဖုန်း သူမကိုကြည့်ပင်မကြည့်ချေ။ ရွှမ်ချမ်ဖက်ကိုသာလှည့်ကာ သူဆက်ပြောသည်။ "ဒါပေမယ့် ခုတ်ထစ်ခံနေရတဲ့ ခန္ဓာကိုယ်က လျန့်ရိထုံနဲ့ တော်တော်လေးကိုတူတယ်။"
"ဖြစ်နိုင်တယ်။ သူ့ကိုနင့်ထက်အရင် ခေါ်သွားပုံပဲ။ သူသေမှအရုပ်က နင့်ဆီလာတာထင်တယ်။ နင်ကတော့ တကယ့်ကောင်ပဲ။ လူသတ်နေတာတွေ့လာတာတောင် အသက်ရှင်ရက် ပြန်ထွက်လာနိုင်သေးတယ်။"
"ကံကောင်းလို့ပါ။"
"ဘယ်လိုဖြစ်နိုင်....." လီချန်စစ်မှာ စက္ကူလိုဖြူဆွဆွမျက်နှာနှင့် လဲကျသွားသည်။ "တစ်ညပဲအိပ်ရသေးတယ်။ လူတစ်ယောက်သေသွားပြီ။"
"ဒါပုံမှန်ပါပဲ။" လျန့်ယွဲ့ရှစ်ကပြန်ဖြေ၏။ "ကဲအခု ဘာလုပ်မလဲ။ ဆက်သွားကြမလား။ ကြည့်ရတာစက္ကူရုပ်လုပ်တဲ့ကောင်က လူသတ်ရတာကြိုက်တဲ့ အရူးထင်တယ်။"
"သွားရမှာပေါ့။ ရွာကငါတို့ကို ဘယ်သူမှသတိမထားမိအောင် တတိတိသတ်ချင်ပုံပဲ။ သူတို့အလုပ်ကို လျှို့လျှို့ဝှက်ဝှက်လုပ်ကြလိမ့်မယ်။ ငါတို့အားလုံး စုပြီးနေရင်သူတို့မသတ်နိုင်သလို နေ့ဖက်လည်းသူတို့ ဘာမှမလုပ်လောက်ဘူး။"
လီချန်စစ်က ကြောက်အားလန့်အားနှင့် မေးလာ၏။ "ဟိုကိုထပ်သွားရဦးမှာလား။"
"သွားရမှာပေါ့။ စဥ်းစားကြည့်လေ။ သူဘာလို့လူသတ်တယ်လို့ထင်လဲ။"
လီချန်စစ် ပိုဒေါသထွက်လာ၏။ "စောက်ရူးလူသတ်ကောင်ရဲ့ ဦးနှောက်ထဲဘာရှိမလဲ ငါဘယ်လိုသိမလဲ။"
"စောက်ရူး၊ အခုဂိမ်းက လွတ်မြောက်ခြင်းဂိမ်း၊ နင်ဦးနှောက်သုံးကိုသုံးမှရမယ်။" ရွှမ်ချမ်ကပြောလာသည်။ "သူသာဒီတိုင်း လူသတ်ရတာကြိုက်ရင် သတ်ပြီးသစ်တောထဲ သွားပစ်လိုက်မှာပေါ့။ ဒီလောက်ခေါင်တဲ့နေရာမှာ ခရီးသွားတွေကိုလည်း ဘုန်းကြီးနဲ့ရွာသားတွေက မျက်စိဒေါက်ထောက်ကြည့်နေကြတာ။ သူဘယ်သူ့ကိုမှ ကြောက်စရာမလိုဘဲ။"
"ပြီးတော့ ခရီးသွားတွေက နှစ်တိုင်းပျောက်နေကျပဲ။ ဒီကာလမှာ တစ်ခုခုထလုပ်တဲ့သူက သံသယဝင်စရာမကောင်းနေဘူးလား။"
လီချန်စစ် ပါးစပ်ပိတ်နေ၏။
"အလောင်းကိုဖျောက်လို့ရတဲ့ နည်းလမ်းအများကြီးရှိသားနဲ့ အစိတ်အပိုင်းတွေကို ခုတ်ထစ်နေတာဆိုတော့ ဒီအစိတ်အပိုင်းတွေကို ရည်ရွယ်ချက်ရှိရှိ အသုံးချမလို့ပဲ။"
"ဟုတ်တယ်။ ဘယ်အစိတ်အပိုင်းကို ဘယ်မှာသုံးမလဲဆိုတာ ငါသိသလိုပဲ။" ပိုင်လော့ဖုန်းကပြောသည်။ "ဘာပဲဖြစ်ဖြစ် ငါတို့သူ့ဆီသွားမှဖြစ်မယ်။ စက္ကူရုပ်တွေလည်း လုပ်ရဦးမယ်။ ပြီးတော့ မေးစရာတွေလည်းရှိတယ်။"
ဟောက်ဖုန်းကမေးလာ၏။ "အရေးကြီးလို့လား။"
"ကျွန်တော့်ကိစ္စပါ။ ဂရုမစိုက်ပါနဲ့။"
"ဒီလိုလား၊ ဒါဆို ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သူဘယ်မှာသုံးမလဲဆိုတာတော့ပြောပြဦး။"
ပိုင်လော့ဖုန်းက သူ့အနားကပ်ရန် လက်ယပ်ခေါ်သောအခါ အားလုံးသူ့နားဝိုင်းအုံလာကြ၏။
ပိုင်လော့ဖုန်း ဖုန်းကိုယူထုတ်သည်။
ထုတ်လွှင့်ခန်းအား ဖွင့်ထားပြီး ကင်မရာအားအပေါ်သို့ ချိန်ထားသည်ကို သူမေ့နေသဖြင့် သူဖုန်းဖွင့်လိုက်သောအခါ ဖုန်းအထက်၌ စုဝေးနေသည့်လူမျက်နှာများ မျက်နှာပြင်၌ ရုတ်တရက်ပေါ်လာသောကြောင့် မြင်ကွင်းမှာရယ်စရာကောင်းနေ၏။
ပိုင်လော့ဖုန်းရှက်ရှက်နှင့် တောင်းပန်စကားပြောလိုက်ပြီး ကင်မရာကိုအောက်ဖက်သို့ချိန်၊ ထုတ်လွှင့်ခန်းအား အသေးစားမျက်နှာပြင်ပြောင်း၊ မူလစာမျက်နှာသို့သွားပြီး ဓာတ်ပုံပြခန်းအားနှိပ်ကာ ညကရိုက်ကူးခဲ့သည့် ဓာတ်ပုံများအားဆွဲပြလိုက်သည်။