အပိုင်း ၃၃ - ပြည်သူပိုင်နားနေခန်း (အခန်း ၄)
စျေးသည် ဧည့်ခန်းနှင့်ကပ်ရက် တံခါးနောက်တွင်ရှိသည်။ သစ်သားတံခါးလေးအား တွန်းဖွင့်လိုက်သည်နှင့် ယုတ္တိမကျလောက်အောင် ကြီးမားသော စျေးအားတွေ့ရမည်။
ဧည့်ခန်းဖက်မှကြည့်ပါက ထိုတံခါးနောက်၌ နေရာလွတ်လုံးဝ မရှိသည့်အတွက် ထိုနေရာ၌ စျေးရှိနေခြင်းက အတော်ထူးဆန်းသည်ဟု ပိုင်လော့ဖုန်း ထင်၏။
သို့သော် ထိုနေရာသို့ စရောက်လာကတည်းက သဘာဝကျသည့် ဖြစ်ရပ်မျိုး မကြုံဖူးသေးသဖြင့် အထွေအထူး မခံစားရပေ။ ပရိုပရမ်ရေးသူက နေရာအားချဲ့ထွင်လိုက်ခြင်းဖြစ်မည်။
ထိုကိစ္စနှင့်ပတ်သက်၍ သူအတွေးများနေ၍မဖြစ်သေးပါ။ စျေး၌ အဝတ်အစား၊ဖိနပ်၊ဦးထုပ်၊ဓာတ်မီးနှင့် ဓားအမျိုးမျိုးတို့အထိ ပစ္စည်းစုံလင်သည်။ ပစ္စည်းတိုင်းကိုလည်း အမှတ်များနှင့် တန်ဖိုးသတ်မှတ်ပြီးဖြစ်သည်။
ပိုင်လော့ဖုန်း အတွင်းထဲထိ လျှောက်ဝင်လာရင်းနှင့် ထောင့်တစ်နေရာရှိ စားပွဲငယ်တစ်လုံးတွေ့ရ၏။ စားပွဲပေါ်ရှိ မှန်ပုံးငယ်အထဲ၌ သေတ္တာငယ်တစ်လုံးရှိနေသည်။
ပိုင်လော့ဖုန်း အနီးသို့လျှောက်သွားပြီး ငုံ့ကြည့်လိုက်သောအခါ သေတ္တာငယ်၏တန်ဖိုး အမှတ် ၃၀၀၀ ဟုရေးထား၏။
"အိုး၊ စျေးကြီးလိုက်တာ။"
"ဟုတ်တယ်၊ ဒီတစ်ခုက စျေးကြီးလွန်းတယ်။" အနောက်မှ ကျန်းမုန့်ရီကပြောလာသည်။
"နောက်ဂိမ်းအတွက် သဲလွန်စဆိုတော့လည်း စျေးကြီးတာပေါ့။"
"ဟမ်၊သဲလွန်စ။" ပိုင်လော့ဖုန်းက ခါးကိုမတ်ကာ သေတ္တာငယ်အား လက်ညှိုးထိုးလျက် ပြန်မေးလာ၏။ "ဒါလေးကလား။"
ကျန်းမုန့်ရီခေါင်းငြိမ့်ပြလာသည်။
"ဒီသေတ္တာထဲမှာ နောက်ဂိမ်းအတွက် သဲလွန်စနဲ့ ကိရိယာတစ်ခုပါတယ်လို့ပြောတယ်။ ဒီသဲလွန်စက ဂိမ်းကိုအပြီးမြန်စေတဲ့အပြင် အမှတ်လည်းကောင်းစေနိုင်တယ်။"
"ဒါပေမယ့်စျေးက အမှတ် ၃၀၀၀ တောင်။ ပြီးတော့ ဂိမ်းကိုအမြန်ပြီးဖို့ ကစားသမားက သဲလွန်စရဲ့ အဓိပ္ပါယ်ကို သဘောပေါက်နိုင်တဲ့ စွမ်းရည်ရှိဖို့လိုတယ်။"
စုချာကဝင်ပြောလာသည်။ "သဲလွန်စက လျှို့ဝှက်လွန်းလို့ လူတိုင်းနားမလည်နိုင်ကြဘူး။ စျေးကလည်းများတော့ ဝယ်လည်းမထူးသလိုဘဲ။ ဝယ်တဲ့သူလည်းနည်းတယ်။"
"သိပြီ။" ပိုင်လော့ဖုန်း ပြန်ဖြေကာ သေတ္တာအားတစ်ချက်ကြည့်ပြီး ယ နောက်တစ်နေရာဆီလျှောက်လာခဲ့သည်။
စျေးထဲ၌ ကုန်ပစ္စည်းအစုံရှိသော်လည်း သူတို့အဖွဲ့သည် စာရင်းသွင်းပြီး အဆင့်၌သာရှိကြပြီး အမှတ်မရကြသေး၍ ပတ်ကြည့်ရုံသာတတ်နိုင်၏။
နာရီဝက်ခန့် ပတ်ကြည့်ပြီးနောက် ဘာမှမပါဘဲ ပြန်ထွက်လာကြရသည်။ ပိုင်လော့ဖုန်း ပတ်ကြည့်ရင်းနှင့် ငွေရှင်းကောင်တာ မတွေ့သောကြောင့် မေးလာ၏။ "အမှတ်တွေကို ဘယ်မှာပေးရတာလဲ။"
"ပစ္စည်းကိုယူလိုက်ရင် အက်ပ်ကအမှတ်ကို သူ့ဘာသာဖြတ်သွားတယ်။" စုချာကပြောပြလာသည်။
"မိုက်တာပေါ့။"
"ဟုတ်ပ"
စျေးမှထွက်သည်နှင့် ဧည့်ခန်းသို့ပြန်ရောက်လာ၏။ ပိုင်လော့ဖုန်း ဖုန်းကိုစစ်ကြည့်သောအခါ နားချိန်နာရီပေါင်း ၃၀ ကျော်ကျန်နေသေးသည်။
ဖုန်းမှာဘက်ထရီ ကုန်လုနီးဖြစ်ကာ သူ၏ ၀ မှတ်တန် အခန်းထဲ၌ အားသွင်းရန်နေရာ မရှိသောကြောင့် ကျန်းမုန့်ရီထံကပ်ကာ အားသွင်းရန်နေရာ ရှိမရှိမေးရ၏။
ကျန်းမုန့်ရီမှာ အဆင့် B ရကာ သူ့အခန်း၌ ပြတင်းပေါက်နှင့်ကပ်ရက်၌ သစ်သားကုတင်၊ နံဘေး၌စားပွဲတစ်လုံးနှင့် ဗီရိုတစ်လုံးပါသဖြင့် အတော်ကောင်းသည်ဆိုရမည်။ အခန်းမှာဟောင်းနေသော်လည်း ပိုင်လော့ဖုန်း အခန်းနှင့်ယှဥ်ပါက အဆများစွာသာသည်။
ပိုင်လော့ဖုန်း ကျန်းမုန့်ရီအခန်းထဲဝင်ကာ သူ့ကုတင်ဘေး၌ ဖုန်းအားသွင်းနေစဥ် အားသွင်းကြိုးနှင့် အလုပ်ရှုပ်နေသောသူ့အား ကျန်းမုန့်ရီကပြောလာ၏။ "ငါမင်းပြောစရာရှိတယ်။"
"ဟမ်"
"တောင်းပန်ပါတယ်။"
ပိုင်လော့ဖုန်း ခဏလောက်ကြောင်နေပြီးမှ ကျန်းမုန့်ရီ၏စကားကို သဘောပေါက်သည်။ ကျန်းမုန့်ရီ ခေါင်းကုတ်ရင်းဆက်ပြောလာ၏။ "ဒီကိစ္စကို ဒီထက်ပိုကောင်းတဲ့နည်းနဲ့ ဖြေရှင်းခဲ့သင့်တာ။ ငါမင်းအပေါ် အပြစ်ရှိသလို ခံစားရတယ်။ တောင်းပန်ပါတယ်။"
"ရပါတယ်။ မင်းလည်းကြိုးစားခဲ့တာပဲ။ မင်းကြိုးစားမှုက အရာမထင်ပေမယ့်လည်းပေါ့။"
ကျန်းမုန့်ရီ၏နှတ်ခမ်းထောင့်များ တုန်ရီလာ၏။
"တခြားနည်းဆိုတာကရော ရှိပါ့မလား။ သူကဂိမ်းဖန်တီးတဲ့သူ။ သူကိုယ်တိုင်ဂိမ်းကို သစ္စာတိုက်ပွဲအဖြစ် ပြောင်းလိုက်မှပေါ့ ရွေးချယ်စရာ ဘယ်ကျန်ဦးမလဲ။"
"ငါမင်းကို အပြစ်မမြင်ဘူး။ စိတ်ရင်းနဲ့ပြောတာ။"
ပိုင်လော့ဖုန်း ယခုရက်များအတွင်း စကားများများမပြောမိ။ အောက်ထပ်သို့လည်း စားသောက်ရန်မဆင်းလာပေ။ အမှတ်မရှိကြသည့် လူသစ်များမှာ အစားအသောက်ကိုပင် ဝယ်ယူနိုင်ခြင်းမရှိကြချေ။
သဘောကောင်းသည့် လျန့်ယွဲ့ရှစ်မှ အိတ်စိုက်ထုတ်ကာ သူတို့အားကျွေးမွေးနေသဖြင့် လီချန်စစ်မှာ ကျေးဇူးတင်စိတ်ကြောင့် မျက်ရည်ပင်ကျသည်။ ထမင်းစားပြီးတိုင်း "အမှတ်ရတာနဲ့ပြန်ဆပ်ပါ့မယ်။"ဟု အကြိမ်တိုင်း ပြောသည့်အကျင့်ပင်ပေါ်လာ၏။
နောက်တစ်နေ့မနက် မနက်စာစားချိန်၌
ပိုင်လော့ဖုန်းအား မတွေ့သဖြင့် လီချန်စစ်ကမေးလာသည်။ "ပိုင်လော့ဖုန်း ဘယ်သွားတာလဲ။"
"မနေ့ကတစ်ကြိမ်ပဲလာစားပြီး ခုထိမဆင်းလာတော့ဘူး။" စုချာက ပြန်ဖြေလာ၏။
လီချန်စစ် မျက်နှာပျက်ကာ တူကိုချပြီး ပြောလာသည်။ "သူငါတို့ကို ရှောင်နေတာဖြစ်မလား။"
"ဘာလို့ရှောင်ရမှာလဲ။" အသားဖတ်အားဝါးရင်း လျန့်ရိထုံကပြန်မေးလာ၏။ "ဒါငါတို့နဲ့မှမဆိုင်တာ၊ စည်းမျဥ်းကို ငါတို့ကပြောင်းတာလည်းမဟုတ်ဘူး။ သာတဲ့သူကစားစတမ်းပဲ။ လုပ်စရာရှိတာကို လုပ်ကြရမှာပဲ။ အိုကေလား။"
ကျန်းမုန့်ရီ မျက်မှောင်ကြုတ်မိသည်။
"ပြီးတော့သူ့ရည်းစားက သူ့သဘောနဲ့သူ အသေခံတာလေ။ ငါိတို့လည်းဘာမှမလုပ်မိဘူး။" လျန့်ရိထုံက နောက်အသားတစ်ဖတ်အား ကောက်ယူရင်းဆက်ပြော၏။ "ငါတို့လည်း ဘာမှမလုပ်မိဘဲ သူကဘာအတွက် ဒေါသထွက်နေတာလဲ။"
သူ့စကားများက အတုအယောင်ဆန်လွန်းပြီး ဖြစ်ရပ်အား အတိအကျမသိကြသည့် လူများက စိတ်ဝင်စားလာကြသည်။
စုချာသူ့စကားများအား သည်းမခံနိုင်တော့။ "နင်ဘာစကားပြော....."
သူ့စကားမဆုံးခင် ကျန်းမုန့်ရီက တူကိုဆောင့်ချကာ ဒေါသတကြီး ထရပ်လာ၏။
"နေ နေ နေပါဦး။" လီချန်စစ်က သူ့လက်မောင်းအား အတင်းဆွဲကာ ဖျောင်းဖျလာသည်။ "စိတ်လျော့ပါ အရာရှိကြီးရယ်.....အား......"
သူ့အားပြီးအောင် ပြောခွင့်မပေးဘဲ ကျန်းမုန့်ရီ တွန်းထုတ်လိုက်သဖြင့် အသံကြားရာသို့ အားလုံးလှည့်ကြည့်လာကြတော့၏။
ကျန်းမုန့်ရီအော်ပြောလာသည်။ "ငါဒီတစ်လျှောက်လုံး သည်းခံနေတာ။ မင်းထစမ်း။ မင်းအမေကမင်းကို စကားကောင်းပြောတတ်အောင် မသင်ပေးထားဘူးလား။"
လျန့်ရိထုံက ရုတ်တရက်ကြောင်နေပြီး ဒေါသထွက်ကာ ထရပ်လာ၏။ "ဘာဖြစ်လဲ။ ငါပြောတာမှားလို့လား။ အမှန်တွေမဟုတ်ဘူးလား။"
သူတို့နှစ်ဦးမှစကာ အားလုံးနှစ်ဖက်ကွဲကုန်ကြသည်။ ရှူရှင်းက ကျန်းမုန့်ရီအား စကားပြောရိုင်းသည်ဟု စွပ်စွဲပြီး အမှန်တရားက ခါးသည့်အကြောင်း ပြောလာသလို စုချာကလည်း သူတို့အား နှလုံးသားမဲ့သူ၊ ရက်စက်သူ၊ သေပြီးသည့် စပယ်ယာကိုပင် အလွတ်မပေးဘဲ ငြင်းခုန်နေကြသည်ကို အပြစ်တင်ပြန်၏။
ရန်ပွဲမှာပိုကြီးမားလာပြီး မည်သူကမှ ဝင်တားကြမည့်ပုံမရပေ။
ကျန်းမုန့်ရီမှာ ပိုဒေါသထွက်လာပြီး တားမည့်သူလည်း မရှိသဖြင့် အင်္ကျီလက်ကိုလုံးတင်၍ လျန့်ရိထုံအား ထထိုးတော့သည်။
ငြင်းခုန်ရင်း ရန်ပွဲတစ်ခုဖြစ်လာပြီး.....
အထိုးခံရသည့် လျန့်ရိထုံက ကျန်းမုန့်ရီ၏အမေအား ကျိန်ဆဲကာထိုးရန် ပြေးဝင်လာသော်လည်း နောက်တစ်ချက် အထိုးခံရပြန်သည်။
အခြေအနေအား လျန့်ယွဲ့ရှစ် မျက်လုံးမျက်ဆံပြူးကာ ကြည့်နေမိ၏။
နံဘေးမှရှစ်ယွမ်က သူနှင့်မဆိုင်သလို ထမင်းဆက်စားနေဆဲပင်။
"ဟေး" လျန့်ယွဲ့ရှစ် သူ့အားလှမ်းမေးသည်။ "မင်းအဖွဲ့ဝင်တွေ ရန်ဖြစ်နေကြတာ မင်းဝင်မပါဘူးလား။"
"ရန်ဖြစ်ရတာ ဝါသနာမပါဘူး။ အားလုံးကတော့ ကိုယ်မှန်တယ်ပဲ ထင်ကြမှာပဲ။ ဘာတွေဖြစ်ခဲ့လဲ ကိုယ်သိရင်ရပြီ။"
"ဒီတော့ မင်းရောဘယ်လိုထင်လို့လဲ။"
"သူ့အတွက် စိတ်မကောင်းဘူး။ သူ့ကိုအကြွေးတင်နေတယ်။ အသက်တစ်ချောင်း အကြွေးပြန်ဆပ်ရမယ်။"
"ဒီလိုလား။ နောက်ဂိမ်းကတော့ ပိုခက်တော့မှာပဲ။"
"ဘာဖြစ်လို့လဲ။"
"သူတို့စိတ်ဝမ်းကွဲနေပြီလေ။" ရန်ဖြစ်နေသည့်အဖွဲ့အား လျန့်ယွဲ့ရှစ်က မေးထိုးပြသည်။ "ဂိမ်းတောင်မစသေးဘဲ ရန်ဖြစ်နေကြမှတော့ ဂိမ်းကခက်မှာပဲ။"
ဆူညံပွက်လောရိုက်နေသည့် အဖွဲ့ကိုကြည့်ကာ ရှစ်ယွမ်ခေါင်းပင်ကိုက်လာ၏။
နှစ်ရက်အတွင်း ပိုင်လော့ဖုန်း ထမင်းတစ်ကြိမ်သာဝင်စားသည်။ ၄၈ နာရီပြည့်ရန် သုံးနာရီအလို၌ သူဗိုက်ဆာလာ၏။ အဆာလွန်၍ ဗိုက်အောင့်ကာခေါင်းမူးလာသည်။ ဆန္ဒပြနေသည့် ခန္ဓာကိုယ်အား မငြင်းနိုင်တော့သဖြင့် သူအောက်သို့ဆင်းလာရ၏။
ပိုက်ဆံမရှိသော်လည်း လျန့်ယွဲ့ရှစ်က ပိုသည့်အစားအသောက်များအား ရေခဲသေတ္တာထဲ၌ ထည့်ထားတတ်သဖြင့် ယူစားရန် စုချာကမှာထားသည်။
အချိန်နှင့်ရာသီအား ထိုနေရာ၌ ခန့်မှန်းရန်မလွယ်လှပေ။ နေ့နှင့်ညမှာ မကြာခဏပြောင်းလဲနေ၏။
ညနေ ၃ နာရီအချိန်ဖြစ်၍ နေ့ဖက်သာရှိသေးသော်ငြား အပြင်၌မှောင်မဲနေပြီဖြစ်သည်။
ပိုင်လော့ဖုန်း ဓာတ်မီးနှင့် အောက်ဆင်းလာသောအခါ ပထမထပ်၌ မီးမထွန်းထားသဖြင့် မှောင်မဲနေ၏။
ထမင်းစားစားပွဲအား မရှင်းလင်းထားကြဘဲ ဧည့်ခန်းနှင့် မီးဖိုခန်းကြားနေရာ၌ ရှိနေသည့်အပြင် ပန်းကန်းအကွဲများ ကြမ်းပြင်ပေါ်ကျနေပုံအရ ရန်ပွဲဖြစ်ခဲ့သည်မှာ အထင်အရှားပင်။
သူမျက်လုံးပြူးသွားပြီး မီးဖိုခန်းထဲဝင်ကာ ရေခဲသေတ္တာအား ဖွင့်ကြည့်လိုက်သည်။
အအေးခန်းထဲ၌ ကုန်စိမ်းများအပြည့်နှင့် အစားအသောက် အပိုများရှိနေ၏။ ထမင်းကြော်တစ်ပန်းကန်တွေ့၍ ယူထုတ်ကာ အပူပေးရန်ပြင်စဥ် အနောက်မှ အသံထွက်လာသည်။
"နွှေးမလို့လား။"
ပိုင်လော့ဖုန်းလန့်ကာ လက်ကိုရုတ်လိုက်မိ၍ ထမင်းကြော်များ ရေခဲသေတ္တာထဲ ပြုတ်ကျမလိုဖြစ်သွားသည်။ သူလှည့်ကြည့်သောအခါ လျန့်ယွဲ့ရှစ်က ဆိုဖာပေါ်လဲအိပ်ရင်း သူ့ဖက်လှည့်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
ပိုင်လော့ဖုန်း သူ့ဖက်သို့ မီးထိုးလိုက်သောအခါ လျန့်ယွဲ့ရှစ်ကရယ်မော၍ ဆိုဖာမှ ပျင်းရိပျင်းတွဲထကာ သူ့ဆီလျှောက်လာသည်။
"ဗိုက်ဆာလို့လား။"
"ဟမ်၊အင်း" ပိုင်လော့ဖုန်း ယောင်တောင်တောင်နှင့် ထမင်းကြော်ပန်းကန်ကိုင်ကာ ရပ်နေဆဲပင်။ "စားလို့မရဘူးလား။"
လျန့်ယွဲ့ရှစ်ကရယ်သည်။ "စားလို့ရတာပေါ့။ အထဲမှာလည်း အသီးအရွက်တွေရှိသေးတယ်။ နောက်ဂိမ်းစတော့မှာဆိုတော့ မင်းဗိုက်ဆာရင် ငါတစ်ခုခုပြင်ပေးမယ်လေ။"
"ရပါတယ်၊ ပိုတာပဲစားလိုက်တော့မယ်။"
"မရပါဘူး။ ငါမင်းကိုအကြွေးတင်နေတာ။ ငါမင်းကို ချက်ကျွေးသင့်တာပေါ့။"
"အကြွေး၊ ဘယ်တုန်းက အကြွေးတင်သွားတာလဲ။"
"ရှစ်ယွမ်လေ။" လျန့်ယွဲ့ရှစ်က တိုတိုတုတ်တုတ်သာ ပြန်ဖြေလာ၏။ "ဘာဖြစ်ခဲ့လဲ ငါသိပြီးပြီ။ ရှစ်ယွမ်ကငါ့အတွက် ညီလေးလိုပဲ။ စာရင်းသွင်းတဲ့ အဆင့်မှာ မင်းကသူ့ကိုကယ်ခဲ့တော့ ငါအကြွေးတင်သွားတာပေါ့။"
"မင်းကသူ့အစ်ကိုလား။"
"သွေးမတော်ပါဘူး။ ဒီတိုင်း ညီလေးလို သဘောထားတာ။" လျန့်ယွဲ့ရှစ်ကပြုံးပြလာသည်။ "မင်းလည်း ခက်ခဲခဲ့မှာပဲ။ အေးနေတာတွေ မစားနဲ့တော့။ ပူပူနွေးနွေးလေး ချက်ပေးမယ်။"
"မလုပ်ပါနဲ့၊ တကယ်မလိုအပ်......."
ပိုင်လော့ဖုန်းငြင်းနေစဥ် အပေါ်ထပ်မှ တဒုံးဒုံးအသံများ ထွက်လာ၏။ တစ်ယောက်ယောက် အောက်ဆင်းလာခြင်းဖြစ်မည်။
ကြည့်လိုက်သောအခါ ရွှမ်ချမ်ဖြစ်နေသည်။ သူမကအနက်ရောင်သာ ဝတ်ထားဆဲပင်။ သူမက ၎င်းတို့နှစ်ဦးအား ခေါင်းငြိမ့်ပြရင်းမေးလာသည်။ "စားစရာတစ်ခုခုရှိလား။"
"အပိုတွေတော့ရှိပေမယ့် ခုပဲချက်မလို့လုပ်နေတာ။" လျန့်ယွဲ့ရှစ်က ခါးထောက်ကာပြန်ဖြေ၏။ "ဟော့ပေါ့စားမလား။"
ပိုင်လော့ဖုန်း ခေါင်းပင်ကိုက်လာသည်။ "ထားလိုက်တော့၊ သုံးနာရီပဲကျန်....."
"စားမယ်လေ။ မြန်မြန်ချက်ပေးပါလား။ အမဲတုံယမ်းဟင်းရည်သောက်ချင်တယ်။"
ပိုင်လော့ဖုန်း - "........"
မိနစ်လေးဆယ်အကြာ၌
သန့်ရှင်းရေးလုပ်ပြီးသည့် စားပွဲ၌ထိုင်ကာ သူတို့သုံးဦး ပန်းကန်တစ်လုံးစီကိုင်၍ ဟော့ပေါ့စားနေကြသည်။
ပိုင်လော့ဖုန်းမှာ အခြေအနေများအား လိုက်မမီလိုက်သဖြင့် အခုထိကြောင်နေဆဲပင်။ ဘေးမှနှစ်ယောက်ကမူ အားရပါးရ စားသောက်နေကြ၏။
"ဘာလို့မစားတာလဲ။ အစပ်မကြိုက်လို့လား။" လျန့်ယွဲ့ရှစ်ကမေးလာသည်။
"မဟုတ်ဘူး၊အစပ်ကြိုက်ပါတယ်။"
"ဒါဆိုစားလေ။ ဟော့ပေါ့စားစေချင်ရုံပဲမဟုတ်ဘူး။ ငါပြောစရာလည်းရှိသေးတယ်။"
"ဘာပြောမလို့လဲ။"
"မင်းအပေါ်ရောက်နေတုန်း အောက်မှာ မင်းအဖွဲ့သားတွေ ရန်ဖြစ်ကြပြီးပြီ။"
".................."
ရွှမ်ချမ်ကမေးလာ၏။ "ဘာလို့ရန်ဖြစ်ကြတာလဲ။"
"သြော်၊ ဟုတ်သားပဲ။ မင်းလည်းမရှိဘူးကိုး။" လျန့်ယွဲ့ရှစ် ရေတစ်လုတ်သောက်ကာ ပိုင်လော့ဖုန်းအားမေးလာသည်။ "ငါပြောရင် မင်းစိတ်ခုမလား။ အရင်ဂိမ်းက စပယ်ယာနဲ့ ပတ်သက်တဲ့ကိစ္စပဲ။"
ပိုင်လော့ဖုန်း စိတ်မခုပါ။ "ပြောပါ၊ မင်းလေသံအရ အားလုံးသိပြီးတဲ့ပုံပဲ။"
လျန့်ယွဲ့ရှစ်ကရယ်ကာ သူ့ကျောအားပုတ်ပေးလာသည်။
ရွှမ်ချမ်အားအကျဥ်းချုံး ရှင်းပြပြီးနောက် ရန်ဖြစ်သည့် ဖြစ်စဥ်တစ်ခုလုံးအား လျန့်ယွဲ့ရှစ် အသေးစိတ်ပြောပြလာ၏။
"ဒီတစ်ခေါက်ဂိမ်းက ခက်တော့မှာပဲ။ စတောင်မစသေးဘူး။ သွေးကွဲနေကြပြီ။"
"ငါတောင်းပန်ပါတယ်။" ပိုင်လော့ဖုန်းက ပြောလာသည်။
"မဟုတ်တာ၊မဟုတ်တာ။ မင်းကို တောင်းပန်ခိုင်းနေတာမဟုတ်ပါဘူး။"
ရွှမ်ချမ်က အမဲသားဝါးရင်းပြောလာသည်။ "ကွဲသွားတော့လည်း ဘာဖြစ်လဲ။ အသုံးမဝင်တဲ့လူတွေပဲကို ကွဲကွဲမကွဲကွဲ အတူတူပဲမလား။"
"ဒါလည်းဟုတ်တာပဲ။" လျန့်ယွဲ့ရှစ်က သူမအားထောက်ခံ၏။
"တကယ်အဆင်ပြေလို့လား။" ပိုင်လော့ဖုန်းကမေးလာသည်။ "အခုကွဲသွားပြီဆိုတော့ သူတို့သာသဲလွန်စရရင် မပြောပြလောက်ဘူး။"
"အရင်ဂိမ်းမှာ သူတို့ထဲကတစ်ယောက်ယောက် သဲလွန်စရဖူးလို့လား။"
ပိုင်လော့ဖုန်း ပြန်မဖြေနိုင်ချေ။
"တွေ့တယ်မလား။ သူတို့ကဘာအဖြစ်မှကိုမရှိတာ။" ရွှမ်ချမ်က အားလုံးသိသလို အထာနှင့်ပြောလာ၏။
ပြောရင်းနှင့် အမဲသားတစ်တုံးကောက်ဝါးနေသည်။ အမဲသား အတော်ကြိက်သူဖြစ်မည်။
"ပိုင်လော့ဖုန်း ဟုတ်တယ်မလား။" လျန့်ယွဲ့ရှစ်က သူ့နာမည်အား ရုတ်တရက်ကြီးထခေါ်သည်။
"ဟုတ်ကဲ့။"
"ဒီကိစ္စအပေါ် မင်းဘယ်လိုမြင်လဲ။"
"ဘာကိုလဲ၊ ရန်ဖြစ်တာကိုလား။"
"မဟုတ်ဘူး မင်းကောင်လေးအကြောင်းပြောတာ။"
"သူဘာကြောင့် မင်းအတွက်နဲ့ သတ်သေသွားတယ်လို့ထင်လဲ။"
"ဘာကိုမေးတာလဲ။ ငါဘယ်လိုထင်လဲဆိုတာ။ ငါကဘယ်လိုထင်ရမှာလဲ။"
"အင်း၊အဲ့ဒါက ဘယ်လိုလဲဆိုတော့....." လျန့်ယွဲ့ရှစ်က နောက်ကိုမှီကာ လက်နှစ်ဖက်ကိုပိုက်ပြီး သူ့အားပြုံးပြကာ မေးလာသည်။ "ဥပမာကွာ တန်တယ်လို့မင်းထင်လား။"
ပိုင်လော့ဖုန်း၏ မျက်လုံးအိမ်များ အနည်းငယ် တုန်ရီလာ၏။
လျန့်ယွဲ့ရှစ်က ပန်းကန်လုံးကိုချကာ သူ့အား စိတ်ဝင်တစားကြည့်နေသည်။ "မင်းကောင်လေးက မင်းကိုကယ်ဖို့အတွက် သတ်သေခဲ့ပေမယ့် မင်းအဖွဲ့သားတွေကိုပါ ကယ်နိုင်ခဲ့တယ်မလား။ အခုသူကယ်ခဲ့တဲ့ အဖွဲ့က အခုလိုသွေးကွဲကုန်ပြီ။ ဒီတော့ တန်တယ်လို့မင်းထင်လား။"
ပိုင်လော့ဖုန်း အသံတိတ်ကာ အရှေ့မှ အသားနှင့်အသီးအရွက်များ ပေါလောပေါ်ကာ ဆူပွက်နေသည့် အနီရောင်ဟင်းရည်အား စိုက်ကြည့်နေမိသည်။
လျန့်ယွဲ့ရှစ် ဧည့်ခန်းမီးအား ဖွင့်ထားသော်လည်း မီးရောင်မှာ မှိန်ပျပျသာလင်း၍ အတော်လေးမှောင်မဲနေ၏။ အပြင်ဖက်မှ ကျီးအာသံ၊မြက်ပင်နှင့် သစ်ရွက်များကြား လေတိုးသံတို့ကို ကြားနေရသည်။
အတော်ကြာမှ ပိုင်လော့ဖုန်း ပြန်ဖြေလာ၏။ "မတန်ဘူးပေါ့။"
"သူတို့ကွဲကွဲမကွဲကွဲ....." သူ့အသံက အလွန်တိုးနေသည်။ "မတန်ဘူးလို့ပဲထင်တယ်။"
"လူကောင်းတွေလည်း ပါပေမယ့် တစ်ချို့ကတော့ သေသွားသင့်တယ်။"
"ဒါပေမယ့် လျန့်ရိထုံလိုလူကို ကယ်မိတာကတော့...ငါ....."
ပိုင်လော့ဖုန်း စကားမဆုံးလိုက်။
"စိတ်ပျက်စရာပဲပေါ့။" ရွှမ်ချမ်က မှတ်ချက်ပေးလာ၏။ "ဒါပေမယ့် မင်းကောင်လေးရဲ့ အဆင့်ကမနိမ့်ဘူးနော်။"
"ဟင်"
ရွှမ်ချမ်ကအသားတုံးကို မျိုချရင်း တူကိုသူ့ဖက်လှည့်ထိုးလာသည်။ "သေချာစဥ်းစားကြည့်လေ။ "နင့်ကိုပဲကယ်ချင်ရင် ကျန်တဲ့လူအားလုံးကို သူသတ်လိုက်မှာပေါ့၊ ဟုတ်တယ်မလား။"
"ဒါပေမယ့် သူမသတ်ခဲ့ဘူး။ လူသစ်အဖွဲ့ထဲမှာ အသုံးဝင်မယ့်လူတွေပါမှန်း သူသိနေလို့ပဲပေါ့။"
"NPC အနေနဲ့ သူကဂိမ်းထဲကို ကစားသမားအဖြစ် ပြန်လာဖို့ အလားအလာမရှိဘူး။ အားလုံးကိုသတ်ပြီး နင်နဲ့ထွက်ပြေးတာထက် သူ့ကိုယ်သူသတ်သေပြီး အားလုံးကိုအသက်ရှင်ခွင့်ပေးတာက ပိုကောင်းတယ်ဆိုတာ သူသိတယ်။"
"လျန့်ရိထုံလိုလူကို သူရထားပေါ်မှာ သတ်ပြီးမှ ကျန်တဲ့လူတွေကို လွှတ်ပေးခဲ့ရင် နင့်ကိုပြသာနာရှာမယ့်သူလည်း မရှိလောက်တော့ဘူး။"
"သူဘာလို့ မသတ်ခဲ့လဲသိလား။"
"ဘာလို့လဲ။"
"သူကနင့်အတွက် သင်ခန်းစာချန်ထားခဲ့တာ။ အချိန်တန်ရင် နင်နားလည်လာမှာပါ။"
ပြောပြီးသည်နှင့်သူမက ခေါက်ဆွဲတစ်ဖတ်အား ပါးစပ်ထဲကောက်ထည့်သည်။
သူမက စကားဆက်မပြောတော့ချေ။ သုံးယောက်သား ဟော့ပေါ့အိုးနှင့်ပန်းကန်များအား ဆေးကြောပြီး နေရာတကျ ပြန်ထားလိုက်ကြသည်။ အချိန်စေ့တော့မည်။
ပိုင်လော့ဖုန်း အပေါ်ပြန်တက်၍ ပစ္စည်းများအားသိမ်းကာ တူတစ်လက်ကိုယူပြီး သော့ကိုနံရံ၌ချိတ်ပြီးနောက် အောက်ပြန်ဆင်းလာသည်။
သူအဆောင်အပြင်ထွက်လာပြီး အပေါက်ဝ၌သာ ရပ်စောင့်နေ၏။
ယခုနက မှောင်မဲနေသော်လည်း ယခုလင်းထိန်နေပြန်သည်။ ပိုင်လော့ဖုန်း မော့ကြည့်လိုက်သောအခါ တိမ်ထူထူများ မှိုင်းညှို့နေသဖြင့် မိုးရွာတော့မည်ဟု ကောက်ချက်ချလိုက်၏။
ပိုင်လော့ဖုန်းက ပထမဆုံး ထွက်လာသူဖြစ်ကာ တံခါးဝ၌မည်သူမှမရှိချေ။
အက်ပ်မှအချက်ပေးသံ ထွက်လာချိန်တွင် သူတံခါးဝ၌ရပ်ကာ ဖုန်းပွတ်နေသည်။
(တင်းတောင်၊ ဂိမ်းစရန် ဆယ်မိနစ်သာလိုသည်။ အမြန်ဆင်းလာကြပါ။)
(ရေတွက်ချိန်မကုန်ဆုံးမီ နားနေခန်းမှ ထွက်ကြပါ။ အချိန်ကျော်သွားပါက နောက်ဆက်တွဲအား တာဝန်ယူရမည်။)
စာဝင်ပြီးသုံးမိနစ်အကြာ၌ အားလုံးအောက်ထပ်သို့ ရောက်လာကြ၏။
အများစုက ပိုင်လော့ဖုန်းအား နှုတ်ဆက်ကြသည်။ ပိုင်လော့ဖုန်း လေ့လာကြည့်သောအခါ ရင်းနှီးနေသည့် မျက်နှာများကြား လူစိမ်းနှစ်ဦးပါနေ၏။ သူ့အဖွဲ့ဝင် အသစ်များသာဖြစ််မည်။
တစ်ဦးကဝဖိုင့်ဖိုင့်နှင့်လူဖြစ်ပြီး တစ်ဦးက အတော်ကြည့်ကောင်းသည့်လူပင်။
ဝဝနှင့်လူသည် ဖန့်ရန်ယွိဖြစ်သည်။ လက်ရှိ၌ အဆင့်မသတ်မှတ်ရသေးသဖြင့် ဂိမ်းနှစ်ပွဲထက် ပိုမကစားဖူးသေးသည့် လူသစ်ဖြစ်မည်။
ခပ်ချောချောလူမှာ အဆင့် C78၊ ဖုန်းလိုင်ဖြစ်၏။ သူနှင့်အတူကျပါက အထူးဂရုစိုက်ရန် ကစားသမားတစ်ချိို့ ဖိုရမ်၌ ပို့စ်တင်ဖူးသည့်လူဖြစ်သည်။
ဖုန်းလိုင်သည် ကြည့်ကောင်းသည့်အလျောက် မဆင်မခြင်ပြုမူတတ်ကာ ညစ်ညမ်းသည့်အတွေးများ ပြည့်နေသည်ဟု နာမည်ကြီး၏။ ဂိမ်းတိုင်း၌ အမျိုးသား၊အမျိုးသမီး မရွေးတစ်ယောက်ယောက်နှင့် သာမန်ထက်ပိုသည့် ဆက်ဆံရေးမျိုး ဖန်တီးတတ်သည်။
ယခုဂိမ်း၌ သူမည်သို့လှုပ်ရှားမည်ကို အားလုံးစိတ်ဝင်စားနေကြ၏။
သူအကြောင်း တင်ထားသည့်ပို့စ်အောက်၌ သူဘာအမှားမှ မလုပ်ဖူးပါဟု ဖုန်းလိုင်ကိုယ်တိုင်က မှတ်ချက်ဝင်ပေးထားသည်။ ခက်ခဲသည့် ပတ်ဝန်းကျင်၌ သူအချစ်ငတ်ခဲ့မိကြောင်း သူကရှင်းပြထား၏။ လက်ရှိ၌ သူသုံးပွဲသာဆော့ပြီး၍ လူသုံးဦးခန့် သေခဲ့ပြီးသည့်သဘောပင်။
ထိုလူသုံးဦးလုံးသည် သရဲလက်ချက်နှင့်သေရပြီး သူကြောင့်မဟုတ်၊ သူနှင့်ဘာမှမဆိုင်ကြောင်းပင် ငြင်းဆိုထား၏။
မူလပိုစတာ၌လည်း ထိုလူများက သရဲလက်ချက်ဖြင့်သေကာ ဖုန်းလိုင်နှင့်မဆိုင်ကြောင်း အတည်ပြုထားသည်။
ထို့အပြင် တစ်စုံတစ်ဦးသေတိုင်း ဖုန်းလိုင်က ရင်ကွဲမတတ်ငိုယိုကာ သူ၏အဖွဲ့သားအချင်းချင်းကြားမှ အချစ်ဇာတ်လမ်းအား 'တစ်ရက်တွေ့၊ရက်တစ်ရာချစ်' ဇာတ်လမ်းဖြစ်အောင် ဖန်တီးတတ်သူဖြစ်၏။
သူ၏အချစ်ဇာတ်လမ်းများသည် ကြည့်ရှူသူနှုန်းတက်ရန် အတွက်ဖြစ်ကြောင်း ဖုန်းလိုင်က ထုတ်ပြန်ထားသည်။ ဂိမ်းရလဒ်စနစ်သည် 'ကြည့်ရှုသူစီမံခြင်း' ကဏ္ဍအား ထည့်တွက်ထား၏။
ထိုကိစ္စများအပြီး၌ အက်ဒမင်မှ ပို့စ်အားဖျက်ချလိုက်သဖြင့် ပို့စ်ပိုင်ရှင်မှာ မှတ်ချက်ပြန်ပေးခွင့် မရခဲ့ချေ။
ဇာတ်လမ်းမှာ အတော်ဟာသဆန်သော်လည်း လူအများမှ ကင်းကင်းနေရန် သတိပေးထားသူဖြစ်၍ ထိုလူနှင့် ကင်းကင်းနေခြင်းက အကောင်းဆုံးဖြစ်မည်ဟု ပိုင်လော့ဖုန်း ဆုံးဖြတ်ထားပြီးဖြစ်၏။
အဝေးကနေသာ ဖုန်းလိုင်အား တစ်ချက်လေ့လာပြီး ချက်ချင်းအကြည့်လွှဲပစ်လိုက်သည်။
နောက်ဆုံးထွက်လာသူမှာ လျန့်ရိထုံပင်။ သူ့မျက်နှာမှာ ဖူးယောင်ကာစုတ်ပြတ်နေ၏။
မည်သူ့လက်ချက်မှန်း ပိုင်လော့ဖုန်း ခန့်မှန်းနိုင်သည်။ သူနှုတ်ခမ်းလှုပ်ရုံသာ ကျန်းမုန့်ရီအားပြောလိုက်၏။ "နည်းနည်း များသွားတယ်မထင်ဘူးလား။"
"သူနဲ့တန်တယ်။ ပါးစပ်စည်းမစောင့်ဘဲ လူသားဆန်ဆန် မနေထိုင်တတ်ရင်တော့ စကားမပြောနိုင်တဲ့အထိ အရိုက်ခံသင့်တာပေါ့။"
ပိုင်လော့ဖုန်း ဘာမှဆက်မပြောနိုင်တော့ပေ။
လူအားလုံးစုံပြီး ခဏအကြာ၌ အချိန်ရေတွက်ခြင်း ပြီးဆုံးသွားသည်။