အပိုင်း ၃၂ - ပြည်သူပိုင်နားနေခန်း (အခန်း ၃)
ပိုင်လော့ဖုန်း အိပ်မက်မက်ခဲ့သည်။
အိပ်မက်ထဲ၌ ကောင်းကင်ကကြည်ရှင်း၍ လေတဟူးဟူးတိုက်ကာ နေသာသည့်နေ့တစ်နေ့ကို နောက်ခံထား၏။ အတွင်းလူနာဆောင်၏ အောက်ဖက်ရှိ ခုံတန်းလေးပေါ် သူထိုင်နေသည်။ နံဘေး၌ သစ်ပင်ကြီးတစ်ပင်ရှိနေ၏။ ဆေးရုံတက်ရသည့် ကာလများအတွင်း ပိုင်လော့ဖုန်းသည် သစ်ပင်အောက်၌ထိုင်ကာ အရွက်များကြားမှ နေပြောက်ကလေးများကို မော့ကြည့်ရခြင်းအား သဘောကျသည်။
အိပ်မက်ထဲ၌လည်း ထို့အတူပင်။ သူခေါင်းမော့ကာ နေပြောက်များအားကြည့်နေ၏။
ရုတ်တရက် တစ်စုံတစ်ဦး သူ့ဆီပစ်ဝင်လာပြီး ငုံ့ကြည့်လိုက်သောအခါ စုယွီဖြစ်နေသည်။
စုယွီက ထိုအဖြူအပြာစင်းကြား ယူနီဖောင်းကိုသာဝတ်ထားပြီး မြေကြီးပေါ်ထိုင်ကာ ပိုင်လော့ဖုန်း၏ ခြေထောက်ကိုဖက်လျက် ဒူးကိုမှီနေ၏။
စုယွီသည် အတိတ်ဘဝ၌ ဝါသာနာပါသည့်အလုပ် များများစားစား မရှိသည့်အပြင် ပိုင်လော့ဖုန်း၏ လက်မောင်းပေါ်မှီခြင်းနှင့် ပေါင်ပေါ်လဲအိပ်ခြင်းက သူအကြိုက်ဆုံး အလုပ်များဖြစ်သည်။ ပုံမှန်အတိုင်း ပိုင်လော့ဖုန်း လက်ကိုဆန့်ကာ ကြောင်လေးများအား ပွတ်သပ်သလို စုယွီ၏ဆံပင်များအား ပွတ်သပ်ပေးနေ၏။
"အားဖုန်း" စုယွီကခေါ်လာသည်။ "ဟင်"
"အားဖုန်း" စုယွီကသူ့အား တင်းတင်းကျပ်ကျပ်ဖက်လာ၏။ "ကိုယ့်မှာမင်းပဲရှိတာပါ အားဖုန်း"
ပိုင်လော့ဖုန်းပြုံးကာ တစ်ခုခုပြောရန်ပြင်လိုက်စဥ် ခြေထောက်ဆီမှ စိုစွတ်မှုအား သူခံစားလိုက်ရသည်။
စုယွီ၏လက်များ သွေးစွန်းနေ၏။
စုယွီ၏အသံ အက်ကွဲနေပြီး ခန္ဓာကိုယ်အနှံ့မှ သွေးများစီးကျနေသည်။ သူ့ကိုယ်ပေါ် မည်သည့်ဒဏ်ရာမှ မတွေ့သော်လည်း သွေးများအဆက်မပြတ် ကျဆင်းကာ ကြက်သွေးရောင်ပင် ပြောင်းနေပြီဖြစ်၏။
အသက်ရှင်ရန် နောက်ဆုံးကောက်ရိုးမျှင်လို ပိုင်လော့ဖုန်းအနား သူပိုတိုးကပ်လာပြီး သူ့ခေါင်းအား ပိုင်လော့ဖုန်း၏ ခန္ဓာကိုယ်အတွင်း တိုးဝင်နေသဖြင့် ဆေးရုံဝတ်စုံ၌ သွေးများစိုရွှဲလာသည်။
"အားဖုန်း၊အားဖုန်း" သူခေါ်နေ၏။ "အားဖုန်း၊ ကျေးဇူးပြုပြီး ကိုယ့်ကိုကယ်ပါ။"
ရုတ်တရက် ကြွက်အော်သံကြားကာ ပိုင်လော့ဖုန်း အိပ်မက်မှလန့်နိုးလာသည်။
မျက်လုံးဖွင့်လိုက်သည်နှင့် အနက်ရောင်ကြွက်ကြီး နှစ်ကောင်သည် ကြွက်ကလေးသုံးကောင်ကို ဦးဆောင်၍ တံခါးဝကနေ ကြမ်းပြင်ကိုဖြတ်ပြီး မျက်နှာချင်းဆိုင်မှ အပေါက်ဆီသို့ သုတ်သုတ်ပြာပြာ ပြေးနေသည်ကိုတွေ့ရ၏။
ပိုင်လော့ဖုန်း - ".........."
အိပ်နေရာမှ အမြန်နိုးလာသည့်အပြင် ယခုအခါ အခန်းထဲ၌ ကြွက်ကြီး၊ကြွက်ကလေးများက ပြေးနေကြလေပြီ။
ပိုင်လော့ဖုန်း ကောက်ရိုးပုံမှ ထလိုက်သောအခါ တစ်ကိုယ်လုံးကိုက်ခဲနေပြီး နောက်ကျောမှာ ထုံကျင်နေ၍ ခေါင်းကထိုးကိုက်နေ၏။ မျက်နှာကျက် တစ်ဝက်သာရှိ၍ လေစိမ်းများဝင်ရောက်နေသဖြင့် သူခေါင်းကိုက်သည်မှာ မဆန်းပေ။
အပြင်ဖက်ရှိ မီးခိုးရောင်ကောင်းကင်သည် လင်းစပြုနေသဖြင့် မနက်ရောက်တော့မည်။ မနက်ခင်းလေက ပို၍ပြင်းထန်သဖြင့် ခေါင်းတရိပ်ရိပ်မူးကာ နာကျင်လာသည်။
ကျောနာနေလျက်က သူထထိုင်လိုက်၏။ ခေါင်းထဲ၌ ယခုနကအိပ်မက်မှာ စွဲနေဆဲပင်။
အတော်ကြာအောင် သူငြိမ်သက်နေပြီးနောက် ဂျတ်ကက်ကိုယူကာ ရှုပ်ပွနေသည့် ဆံပင်ဖြူများပေါ် အုပ်လိုက်သည်။ ခပ်ထူထူ အဝတ်အောက်ရောက်သွားသဖြင့် ပတ်ဝန်းကျင်မှ အသံများကို သဲသဲကွဲကွဲ မကြားရတော့။
ခေါင်းပေါ်ဂျတ်ကက်တင်ကာ နဖူးကိုလက်နှင့်ထောက်၍ ရှေ့ကိုင်းကာထိုင်ရင်း မထုံတတ်တေး မျက်နှာပေးနှင့် သူအတော်လေးကြာအောင် ထိုင်နေမိသည်။
စုယွီ၏ 'အားဖုန်း'ဟူသည့်ခေါ်သံအား သူ့နားထဲ၌ ထပ်ခါထပ်ခါကြားနေ၏။
ကျစ်ကျစ်ဆုပ်ထားသည့် လက်သီးများကြောင့် လက်သည်းများမှာ အသားထဲ စိုက်ဝင်နေပြီဖြစ်သည်။
ထိုအချန်၌ ရထားပေါ်တွင် စပယ်ယာပြောခဲ့သည့် စကားများကို သူသတိရလာ၏။
(အားဖုန်း၊ ကိုယ့်မှာမင်းပဲရှိတယ်။)
(ကိုယ့်ကိုကယ်ပါ။)
(အားဖုန်း၊ ကိုယ်မင်းအတွက် အားလုံးပေးနိုင်တယ်။)
(အားဖုန်း)
ပိုင်လော့ဖုန်း စကားသံမထွက်သော်လည်း အိပ်မက်ဆိုးထဲရောက်နေသလို မျက်နှာကပိုပို ရှုံ့မဲ့လာ၏။
စကားလုံးများက သူ့နားထဲပဲ့တင်ထပ်နေ၍ အစစ်အမှန်လား၊ မှတ်ညဏ်လား မခွဲခြားနိုင်သည်အထိ သူစိတ်ချောက်ချားနေသည်။
တံခါးခေါက်သံ ထွက်လာ၏။
ပိုင်လော့ဖုန်း အသိပြန်ကပ်လာပြီး ခေါင်းပေါ်မှ အင်္ကျီကိုဆွဲချကာ စိတ်ကူးလား၊ အမှန်လား မသဲကွဲစွာနှင့် တံခါးပေါက်ဆီ ကြည့်နေမိသည်။
သူမတုံ့ပြန်သောအခါ တံခါးခေါက်သံ ခဏရပ်သွားပြီး နောက်ထပ်နှစ်ကြိမ် ထပ်ခေါက်လာ၏။
နားကြားမှားခြင်း မဟုတ်မှန်းသေချာမှ ပိုင်လော့ဖုန်း ထရပ်ကာ တံခါးဆီလျှောက်သွားရင်း ခပ်တိုတိုသာ တုံ့ပြန်လိုက်သည်။ "ဘယ်သူလဲ။"
"ငါပါ။"စုချာ၏အသံပင်။
ပိုင်လော့ဖုန်း စိတ်အေးသွားကာ တံခါးနားကပ်၍မေးလိုက်၏။ "ဘာဖြစ်လို့လဲ။"
"အစ်ကိုယွဲ့က ထမင်းကျွေးမယ်ပြောလို့။ သူအခုခေါက်ဆွဲပြုတ်နေတယ်။ အခုလောက်ဆို နင်နိုးလောက်ပြီထင်လို့ လာခေါ်တာ။ နင်လိုက်မယ်မလား။" စုချာ၏အသံသည် အတော်လေး သတိထားနေဟန်ရကာ ငြင်သာလွန်းနေ၏။
သူစကားဆုံးသည်နှင့် အချိန်ကိုက်ပင် ပိုင်လော့ဖုန်း၏ဗိုက်မှာ တဂွီဂွီမြည်လာသည်။
အသံမှာအတော်ကျယ်၍ အပြင်မှ စုချာလည်းကြားလိမ့်မည်။
သို့သော် နှစ်ဦးစလုံး ဘာမှဆက်မပြောဖြစ်ကြချေ။
စုချာရယ်ချင်လျက်နှင့် မရယ်ရဲသဖြင့် ထိန်းထားသည်ဟု ပိုင်လော့ဖုန်း ယူဆမိသည်။ လက်ရှိတွင်သူသည် အားလုံးအတွက် ယောက်ျားဖြစ်သူအား ပူဆွေးရသည့်သောကကို ထပ်မံကြုံတွေနေရခြင်းဖြစ်၏။
ပိုင်လော့ဖုန်း တံခါးဖွင့်လိုက်သည်။ "လိုက်စားမယ်။"
ပထမ၌ စုချာကြောင်နေပြီး လိုက်စားမည့်အကြောင်းကြားမှ သူ့အားပြုံးပြလာ၏။
နှစ်ဦးသား အောက်ထပ်ကို အတူတူဆင်းလာကြသည်။
ဒုတိယထပ်ရောက်ကတည်းက ပထမထပ်မှ ခေါက်ဆွဲနံ့အား ရနေပြီဖြစ်၏။ အနံ့မှာအတော်မွှေးကာ ခရမ်းချဉ်သီး၊ ကြက်ဥ၊ဝက်သားတုံးများနှင့် ပဲစိမ်း၏အနံ့များ ရောထွေးနေသည်။
လျန့်ယွဲ့ရှစ်နှင့် ရှစ်ယွမ်တို့ မီးဖိုခန်းထဲ၌ အလုပ်ရှုပ်နေကြပြီး ငှက်သိုက်ခေါင်းနှင့် ဆင်းလာသည့် ပိုင်လော့ဖုန်းအား တွေ့သောအခါ လျန့်ယွဲ့ရှစ်က ပြုံးပြကာမေးလာ၏။ "နိုးနေပြီလား။ ခေါက်ဆွဲဝင်စားလေ။"
ပိုင်လော့ဖုန်း လှေကား၌ရပ်ရင်း လည်ပင်းကိုပွတ်သပ်လျက် ပြန်မေးလိုက်သည်။ "ခေါက်ဆွဲအေးလား။ အနံ့အစုံရနေလို့။ တွဲစားဖို့အစာရော လုပ်နေတာလား။"
"ဟုတ်တယ်၊ ဆင်းလာစားလေ။ အစာတွေလည်းပြင်လို့ပြီးနေပြီ။"
ပိုင်လော့ဖုန်း အောက်သို့ရောက်လာသည်။
ကျန်းမုန့်ရီက လောလောလတ်လတ် ချက်ပြုတ်ပြီးသည့် ခေါက်ဆွဲအေးတစ်ပန်းကန် ကိုင်ကာထွက်လာ၏။ "နိုးနေပြီလား။" ကျန်းမုန့်ရီက မေးခြင်းပင်။ "အိပ်ရေးမဝတဲ့ပုံပဲ။ အမှတ် ၀ ရတဲ့လူရဲ့အခန်းက တော်တော်ဆိုးတယ်မလား။"
"အဲ့လောက်လည်း မဆိုးပါဘူး။"
"ညကျငါ့အခန်းမှာလာအိပ်။ အိုး မရဘူးပဲ။ သူများအခန်းမှာ ညအိပ်ခွင့်မပေးထားဘူး။ ခဏလောက်တော့ လာနားလေ။"
"တော်ပြီ၊ အိပ်ပြီးပြီ။"
လျန့်ရိထုံက စားပွဲ၌အကျအနထိုင်ကာ ခေါက်ဆွဲစားနေပြီဖြစ်၏။ ခေါက်ဆွဲအားစုပ်ယူရင်း သူကပိုင်လော့ဖုန်းအား မေးလာသည်။ "မင်းကဘာလို့ ၀ မှတ်ရတာလဲ။ ဘာပဲပြောပြော ဒီလောက်တော့ မနိမ့်သင့်ဘူးမလား။"
"ငါ့လက်နဲ့ သူ့ကိုမသတ်လို့ ဒေါသထွက်သွားပုံပဲ။"
ပိုင်လော့ဖုန်း ပေါ့ပေါ့ပါးပါးသာပြန်ဖြေပြီး ခုံဆွဲထုတ်ကာ ဝင်ထိုင်လိုက်သည်။
အဖြစ်မှန်သိကြသူများကမူ မျက်နှာမကောင်းကြတော့။
လျန့်ရိထုံကဝေဖန်သည်။ "ပရိုဂရမ်ရေးသူက သဘောထားအရမ်းသေးတာပဲ။"
လျန့်ယွဲ့ရှစ်က လှည့်မကြည့်ဘဲမေးလာ၏။ "ဘယ်သူ့ကို ဒေါသထွက်နေတာလဲ။ တစ်ယောက်ယောက် သေသွားလို့လား။"
"ပါးစပ်ပိတ်ပြီး ဟင်းသာချက်စမ်းပါ။" ရှစ်ယွမ်ကသူ့အား ဆူပူသည်။
လျန့်ယွဲ့ရှစ်က စကားနားထောင်သည့် လူမျိုးဖြစ်ပုံရ၏။ "ဟုတ်ပါပြီ၊ဟုတ်ပါပြီ"
စုချာက ပိုင်လော့ဖုန်း နံဘေးခုံ၌ဝင်ထိုင်ပြီး သူ့အားအားတုံ့အားနာနှင့် ပြုံးပြလာသည်။ "တော်ပြီ၊တော်ပြီ၊ ပြီးသွားတဲ့ဂိမ်းအကြောင်း ပြန်မပြောကြနဲ့တော့။ ဒီလောက်ပြသာနာတွေများခဲ့တာ။ ပြန်တွေးနေလည်း ဘာမှမထူးဘူး။"
ပိုင်လော့ဖုန်း တံတောင်ဆစ်ကို စားပွဲပေါ်တင်လိုက်ပြီး နားရွက်အားပွတ်နေသည်။ ဤမျှကြီးသည့် ထမင်းစားပွဲကို ဘယ်ကရလာမှန်း မသိရပေ။ ဧည့်ခန်းနှင့် မီးဖိုခန်းကြားနေရာ၌ သူတို့နေရာယူထားကြပြီး စားပွဲမှာအတော်ကြီးကာ ခုံတစ်ဆယ့်သုံးလုံးရှိနေ၏။ စားသောက်မည့်သူ ဆယ့်သုံးဦး ရှိသည့်သဘောပင်။
ရှစ်ယွမ်ကခေါက်ဆွဲအေး ချက်နေကာနံဘေးမှ လျန့်ယွဲ့ရှစ်သည် အားကြိုးမာန်တက်နှင့် အစာပလာများ ပြင်ဆင်နေသည်။ ကျန်းမုန့်ရီက ပန်းကန်အလွတ်တစ်လုံးယူကာ ပိုင်လော့ဖုန်း နံဘေး၌လာရပ်ပြီး ခေါက်ဆွဲအေးများ အပြည့်အမောက် ထည့်ပေးနေ၏။
ခေါက်ဆွဲထည့်ရင်း သူကပြောလာသည်။ "စားပြီးရင် စျေးကိုခေါ်သွားပေးမယ်။"
"စျေးကို။" ထိုစကားကြားမှ မနေ့က ရှင်းလင်းချက်များကို သူပြန်သတိရလာသည်။ စျေးဇုန်သည် ရိက္ခာများနှင့် ပစ္စည်းများဝယ်ယူရန် အမှတ်ကိုအသုံးပြုနိုင်သည့် နေရာပင်။
"ဒါပေမယ့် ငါ့မှာအမှတ်မှမရှိတာ။"
"ငါတို့မှာလည်း အမှတ်မရှိပါဘူး။ လူသစ်အဆင့်မှာ အမှတ်မှမပေးတာ။" ကျန်းမုန့်ရီကပြောလာသည်။ "ဒါပေမယ့် သွားကြည့်လို့ အရှုံးမှမရှိတာ။ ဘာတွေရှိလဲ ကြိုသိရတာပေါ့။ မဟုတ်လည်း လုပ်စရာမှမရှိကြတာ။"
ပိုင်လော့ဖုန်းခဏတွေးကာ လက်ခံလိုက်၏။
သူတို့စကားပြောနေစဥ် အောက်ထပ်သို့နှစ်ယောက် ဆင်းလာကြသည်။ နှစ်ဦးအနက် တစ်ဦးမှာ wolf-cut ညှပ်ထားသည့် မိန်းကလေးဖြစ်ကာ လှေကားမှခြေသံ စည်းချက်မှန်မှန်နှင့် ဆင်းလာနေ၏။ တစ်ကိုယ်လုံး အနက်ရောင်သာဆင်ထားပြီး ခပ်မိုက်မိုက် မိန်းကလေးဖြစ်သည်။
နောက်တစ်ဦးမှာ သက်လက်ပိုင်းအရွယ် မုတ်ဆိတ်ငုတ်တိုနှင့် လူမိုက်ရုပ်ထွက်နေသည့် အမျိုးသားဖြစ်၏။
"အစ်မနာမည်က ရွှမ်ချမ်၊ မုတ်ဆိတ်တွေနဲ့ ညစ်ညစ်ပတ်ပတ်တစ်ယောက်ကတော့ ဟောက်ဖုန်း။" စုချာက ခေါက်ဆွဲအေးပန်းကန်ကိုမွှေရင်း ပိုင်လော့ဖုန်းအား တိုးတိုးလေးပြောပြလာသည်။ "နင်တက်သွားပြီး ခဏအကြာမှပဲ ရောက်လာကြတာ။ နောက်ဂိမ်းအတွက် ငါတို့နဲ့တစ်ဖွဲ့တည်းပဲ။"
"နှစ်ယောက်လုံးက စကားသိပ်မပြောကြဘူး။ ရောက်ကတည်းကနေ အိပ်ရာဝင်တဲ့အထိ ဘာမှကိုမပြောတာ။ ဒါပေမယ့် အဆင့်တွေကတော့ အပျံစားတွေ။ ရွှမ်ချမ်က A19၊ ဟောက်ဖုန်းက B10။"
ပိုင်လော့ဖုန်း စိတ်ဝင်စားသွားသည်။ "အဆင့်တွေကို ဘယ်လိုသိတာလဲ။"
"အက်ပ်ထဲမှာပြထားတယ်လေ။" စုချာက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြောလာ၏။ "နင်ဝင်မကြည့်ဘူးလား။"
"နင်ပြောမှသတိရတယ်။ မနေ့က စာရင်းသွင်းခြင်းအဆင့် အောင်တာနဲ့ လုပ်ဆောင်ချက်တစ်ချို့ ဖွင့်ပေးထားတဲ့ အကြောင်းပြောပြီး စာရင်းစစ်ဖို့ပြောပေမယ့် ငါမကြည့်ဖြစ်လိုက်ဘူး။ ပင်ပန်းလွန်းလို့ အိပ်ပျော်သွားတယ်။"
စုချာက ခဏလောက်စဥ်းစားကာ ခေါင်းငြိမ့်ပြ၏။ မည်သို့ဆိုစေ မနေ့က သူ့ပုံစံသည် စာရင်းစစ်နေနိုင်မည့် အနေအထားမျိုးမရှိချေ။
စုချာကဖုန်းယူထုတ်ရင်း ပြောသည်။ "အထွေအထူးတော့ မဟုတ်ပါဘူး။ အဓိကလုပ်ဆောင်ချက်လေးတွေ စစ်ရုံပါပဲ။ ကိုယ့်အမှတ်ကိုယ်စစ်တာ၊ နားနေခန်းကိုရောက်လာတဲ့ ကိုယ့်အဖွဲ့သားရဲ့ ပရိုဖိုင်တွေကြည့်တာနဲ့ အဆင့်သတ်မှတ်ချက်တွေ ကြည့်လို့ရတယ်။"
"အဆင့်ရောလား။"
"ဟုတ်တယ်။" စုချာက သူ့ဖုန်းအားပြလာသည်။
သူမ၏ 'My'ဟူသည့် ဇယားကွက်အောက်၌ အမှတ်ဖော်ပြသည့် နေရာရှိသော်လည်း လောလောဆယ်အမှတ်မှာ ၀ ဖြစ်နေ၏။ ထိုအောက်၌မူ အကွက်သုံးကွက်ပေါ်နေသည်။ ပထမကွက်မှာ - ဆန္ဒရွေးချယ်ခြင်း၊ ဒုတိယကွက်မှာ - ခေါင်းဆောင်ဇယားအကျဉ်းချုပ်နှင့် တတိယမှာ - နားနေခန်းတို့ဖြစ်ကြ၏။
စုချာက နားနေခန်းအကွက်အား ထိလိုက်သည်။ အတွင်းဖက်၌ လက်ရှိနားနေခန်းသို့ ရောက်နေကြသူများ၏ ဓာတ်ပုံ၊ ID နှင့် အဆင့်များပါဝင်၏။ လူသစ်များပြည့်နေသော အုပ်စုပီပီ ၎င်းတို့အားလုံး၌ အဆင့်သတ်မှတ်ချက် မရှိသေးသော်လည်း ဝါရင့်ကစားသမားများ၏ အဆင့်များကိုမူ အထက်ဆုံး၌ ဖော်ပြထားသည်။
စုချာက အောက်ထိဆွဲချပြလာသဖြင့် ကြည့်ရင်းနှင့် လျန့်ယွဲ့ရှစ်၏ အဆင့်အား တွေ့လိုက်ရသည်။ B79 သည် အမြင့်ပိုင်းအဆင့်ထဲ၌ မပါပေ။
"ထုတ်လွှင့်သူအဆင့် စာရင်းကဘယ်လိုတွက်တာလဲ။" ပိုင်လော့ဖုန်း မေးလိုက်သည်။
"အမှတ်နဲ့တွက်တာပေါ့။" ကျန်းမုန့်ရီကဖြေလာ၏။
ပိုင်လော့ဖုန်း သူ့အားမော့ကြည့်လိုက်သည်။ ကျန်းမုန့်ရီက ပဲစိမ်းနှင့်အသားများ ထည့်ထားသည့်ခေါက်ဆွဲအေးပန်းကန်ကို ရှေ့၌ထားကာ သူ့အားရှင်းပြလာ၏။ "ဂိမ်းတစ်ပွဲပြီးသွားတိုင်း သတ်မှတ်ချက်အလိုက် အမှတ်တွေရတယ်။ အဆင့်တွေကတော့ ဒီအမှတ်တွေအားလုံး ပေါင်းပြီးမှရလာတာ။"
"ထုတ်လွှင့်သူစာရင်းမှာ အဆင့် S ကနေ D ထိရှိတယ်။ S မှာက အဆင့် ၁ ကနေ ၁၀ ထိပေါ့။ A မှာက ၁၁ ကနေ ၆၀ ထိ လူ ၅၀ ပဲ။ B မှာက ၆၁ ကစပြီး လူ ၁၀၀ ပါတယ်။ ပြီးရင် C မှာတော့ လူ ၁၅၀ ဖြစ်သွားတယ်။"
"အဆင့်သတ်မှတ်ချက်နံပါတ်က ၁၁ ဆိုပေမယ့် A မှာက အဆင့် ၁၁ ကနေစတာမလို့ A မှာစာရင်းဝင်ရင် A1 လို့ပဲသတ်မှတ်တယ်။"
ပိုင်လော့ဖုန်း သဘောပေါက်သွား၏။ "ဒါဆို ပုံမှန်အဆင့်က ဘယ်လောက်ပဲဖြစ်ဖြစ် ABC အဆင့်သတ်မှတ်ချက်အရ ကိုယ်ကပထမနေရာရောက်နေရင် ဒီအဆင့်မှာ နံပါတ်တစ်လို့ သတ်မှတ်ခံရတာလား။"
"မှန်တယ်။" ကျန်းမုန့်ရီကထောက်ခံလာ၏။
ပိုင်လော့ဖုန်း သဘောပေါက်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။
သူတို့စကားပြောနေစဥ် ဝင်လာထိုင်သည့် လူနှစ်ဦးသည် ကြားရသည့်သတင်းအတိုင်း အတော်စကားနည်းကာ စားသောက်နေသည့်တောက်လျှောက် လုံးဝစကားမပြောကြချေ။
ပိုင်လော့ဖုန်းမှာ စုချာဖုန်း၌တွေ့ခဲ့ရသည့် ဆန္ဒရွေးချယ်ခြင်း အကွက်အကြောင်းကိုသာ တွေးနေမိသည်။ သူစားသောက်ရင်း ဖုန်းထုတ်ကာ ကိုယ့်အဆင့်ကိုယ် စစ်ကြည့်လိုက်၏။
ဆန္ဒရွေးချယ်ခြင်း အကွက်အားသူထိလိုက်သည်။
အတွင်း၌ ဂိမ်းဆိုင်မျက်နှာပြင်တစ်ခုရှိပြီး ဆန္ဒ ၇-၈ မျိုးခန့်အား ပေးချေရမည့် အမှတ်နှင့် ယှဥ်တွဲဖော်ပြထား၏။
ပြန်လည်ရှင်သန်စေခြင်း - ၁၈၀၀၀၀ မှတ်
ရောဂါကုသခြင်း - ၁၅၀၀၀၀ မှတ်
အတိတ်သို့သွားခြင်း - ၁၆၀၀၀၀ မှတ် အစရှိသဖြင့် စျေးကွက်ထဲမှ ပစ္စည်းများကဲ့သို့ အမှတ်များ သတ်မှတ်ပေးထားသည်။
ထိုမြင်ကွင်းက သူ့အတွက် ဆန်းကြယ်လွန်းနေ၏။
ပိုင်လော့ဖုန်း နှုတ်ခမ်းထောင့်များတွန့်ကွေးရင်း ဖုန်းကိုပြန်ချလိုက်သည်။
စားသောက်ရင်းနှင့် စားပွဲကိုတစ်ချက် လေ့လာကြည့်သောအခါ လီချန်စစ်နှင့် ရှူရှင်းအား မတွေ့ရသဖြင့် စုချာဖက်လှည့်ကာမေးကြည့်ရ၏။ "ဟိုနှစ်ယောက်က ဘယ်သွားတာလဲ။"
"မစားချင်ဘူးလို့ပြောတာပဲ။"
ပိုင်လော့ဖုန်း ခေါင်းငြိမ့်ပြလိုက်ပြီး ထပ်မမေးတော့။
စားသောက်ပြီးသောအခါ အားလုံးသည် လျန့်ယွဲ့ရှစ်အား အိုးများ၊ ပန်းကန်များနှင့် မီးဖိုချောင်သန့်ရှင်းရေးလုပ်ရန် ကူညီပေးကြသည်။ ထို့နောက် ကျန်းမုန့်ရီက စျေးသို့သွားကြည့်ရန် ပိုင်လော့ဖုန်းအား ခေါ်ထုတ်လာခဲ့လေ၏။