အပိုင်း ၃၅ - ဘုရားပွဲတော် (အခန်း ၂)
"ပေါ်လာပြီ။" စုချာထအော်သောအခါ ဝါရင့်ကစားသမားများက သူမအား နားမလည်ဟန်နှင့်ကြည့်လာကြသည်။ ပိုင်လော့ဖုန်း လှည့်ကြည့်လိုက်ပြီးနောက် ထိတ်လန့်မှုကြောင့် မျက်လုံးများပြုးကျယ်သွား၏။
ဝမ်လူကြီး၌ စုယွီ၏မျက်နှာရှိနေသည်။ ပို၍တိတိကျကျပြောရပါက ထိုမျက်နှာသည် လူအိုတစ်ယောက်၌ ရှိရမည့်မျက်နှာမျိုးမဟုတ်ချေ။
သူသာမက လူသစ်ပွဲစဥ်မှ တက်လာသည့်လူအားလုံး အလန့်တကြားဖြစ်ကုန်ကြ၏။
လျန့်ရိထုံမှာ ကြောက်ကြောက်နှင့် ထအော်သည့်အထိပင်။ "မင်းဒီမှာ ဘာလုပ်နေတာလဲ။" သူ့အသံက စုချာထက်ပင်ကျယ်သည်။
ဝမ်လူကြီး၊စုယွီမှာ အသံများကြောင့် လှုပ်လှုပ်ရှားရှားဖြစ်လာ၏။ မျက်ခွံများကိုပိတ်ကာ ခေါင်းကိုပို့ငုံ့၍ နားထင်မှလက်များကို ပိုတင်းတင်းဖိညှစ်လာပြီး အက်ရှရှညည်းတွားလာသည်။
"မင်းတို့တွေရူးနေတာလား။ စောက်ပါးစပ်ပိတ်ထားလို့ရမလား၊ ငါခေါင်းမူးနေပြီ။"
စုယွီအရက်နာကျနေ၏။
ပိုင်လော့ဖုန်း၏မျက်လုံးများ ဝေဝါးလာလေသည်။
သူတို့အား ဖော်ရွေစွာဆက်ဆံသည့် အမျိုးသမီးက တံခါးဆီအပြေးသွားကာ စုယွီအား သူ့အသက်အရွယ်နှင့် အရက်နာမကျသင့်ကြောင်း၊ ယခုလိုမပေါ့ဆသင့်ကြောင်း၊ သွေးတိုးရောဂါရှိ၍ သတိထားသင့်ကြောင်း၊ ရွာဘုရားပွဲ စတော့မည့်အကြောင်း၊ အရက်မသောက်နေဘဲ ပွဲအတွက်ကြိုပြင်ဆင်သင့်ကြောင်း အစရှိသဖြင့် ဆူဆဲနေသောကြောင့် ပိုင်လော့ဖုန်း နားမလည်နိုင်စွာနှင့် ကြည့်နေမိ၏။
စုယွီက ဂရုပင်မစိုက်ချေ။ နားထင်ကိုကိုင်ထားသည့်လက်ထဲ ဟိုဖက်လက်မှ အရက်ပုလင်းကိုထည့်ကာ ခေါင်းကိုနောက်လှန်အောင်မော့၍ အရက်နောက်တစ်လုတ်ပင် ထပ်သောက်ပြသည်။
ပိုင်လော့ဖုန်း အခြေအနေအား လိုက်မမီပါ။ စုယွီက စပယ်ယာမဟုတ်ဘူးလား။ ဒီကိုဘယ်လိုရောက်လာတာလဲ။ ဂိမ်းထဲစုယွီနှစ်ဦး ပါလေသလား။ သို့မဟုတ် ဖန်တီးသူမှ သူ့အားနှစ်ကိုယ်ခွဲကာ ဂိမ်းနှစ်ခုလုံးဆီ ပို့ခဲ့လေသလား။
လျန့်ယွဲ့ရှစ်က ထမေးလာသည်။ "သူကဘယ်လိုဖြစ်ပြီး အဖိုးကြီးဖြစ်သွားပြန်တာလဲ။"
ပိုင်လော့ဖုန်း - "?"
ရွှမ်ချမ်က လက်ပိုက်လျက် ပေါ့ပေါ့ပါးပါးပြောလာ၏။ "အဖိုးကြီးနဲ့လည်း မတူဘူး။ ဘယ်သူကများသူ့ကို ဒီဂိမ်းထဲပို့လိုက်တာလဲ။"
ပြင်ပဂိမ်းမှ ဝါရင့်ကစားသမားဖြစ်သူ ဟောက်ဖုန်းက မှတ်ချက်ပေးလာသည်။ "အရံဇာတ်ကောင်ပေးရင်တောင် ပိုလိုက်ဖက်ဦးမယ်။"
"သူတစ်ခါမှ အရံဇာတ်ကောင်မရဖူးဘူး။ အမြဲအရေးကြီးဇာတ်ကောင်ပဲလုပ်ခဲ့တာ။"
"ဒါလည်းဟုတ်သားပဲ။" ဟောက်ဖုန်းအိတ်ထဲမှ စီးကရက်ယူထုတ်၍ မီးငြှိကာတစ်ဖွာရှိုက်ပြီး ဆက်ပြောလာ၏။
"သူကခက်ထန်တဲ့ပုံပေါက်နေတော့ အရံနေရာထားရမှာ နှမြောလို့နေမှာပေါ့။"
"ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် သူ့ခန္ဓာကိုယ်မှာ ဘယ်နေရာကများ အဖိုးကြီးနဲ့တူနေလို့ ဒီဇာတ်ကောင်ပေးထားရတာလဲ။"
"နေပါဦး" ပိုင်လော့ဖုန်းက အလန့်တကြားဖြစ်နေဟန်နှင့် သူတို့စကားဝိုင်းထဲဝင်လာ၏။
"ဟို၊ ဘာတွေပြောနေကြတာလဲ။ သူ့ကိုအရင်ကတွေ့ဖူးလို့လား။"
"အင်း" ရွှမ်ချမ်ကပြန်ဖြေသည်။ "ဒီ NPC ကို ငါတို့အဆင့်တိုင်းမှာ တွေ့နေကျပဲ၊ ဟုတ်တယ်မလား။" အနီးနားမှလူများကလည်း ခေါင်းတငြိမ့်ငြိမ့်နှင့် အတည်ပြုပေးကြ၏။
"အဆင့်တိုင်းပေါ်လာတဲ့ NPC တွေက သူမဟုတ်ရင်တောင်မှ ပေါ်လာသမျှ NPC အားလုံးက ဒီမျက်နှာနဲ့ပဲ။" ဖန့်ရန်ယွိကပြောလာသည်။ ဝဝနှင့်ဖော်ရွေသည့် မျက်နှာထားရှိသော်လည်း သူစကားပြောသောအခါ အသံမှာအတော်သြ၍အက်ရှရှရှိ၏။ "အဆင့်တိုင်းမှာတော့ ဒီမျက်နှာနဲ့ NPC က အမြဲပါတယ်။"
ရွှမ်ချမ်က သဘောတူကြောင်းလက်ထောင်ပြကာ ခေါင်းငြိမ့်ပြသည်။ "ဟုတ်တယ်၊ဒါပေမယ့်......"
"ဒီ NPC ကတော့ အဆင့်တိုင်းမှာကိုပါနေတာ။ ဟောက်ဖုန်းက ထိုကိစ္စအားဆက်ပြောနေဆဲပင်။ "NPC မျက်နှာတွေက တစ်ခါတစ်လေ ထပ်သွားတတ်ပေမယ့် ဒီတစ်ယောက်ကတော့ တကယ်ကိုအဆင့်တိုင်းမှာပါတယ်။ ပြီးတော့အမြဲတမ်း အင်အားကြီးတဲ့၊ အရေးပါတဲ့ NPC ပဲ။ အရင်ပွဲမှာဆိုသူက စိတ်ရောဂါကုဆေးရုံရဲ့ ဆေးရုံအုပ်ဖြစ်ခဲ့တာ။"
လျန့်ယွဲ့ရှစ်ကလည်း သူ့အားလက်ညှိုးထိုးကာ ရယ်ရယ်မောမောနှင့် ပြောလာသည်။ "ငါ့အရင်ပွဲမှာတော့သူက ရွာမှာအရုပ်ရောင်းတဲ့လူလေ။"
ပိုင်လော့ဖုန်း စိတ်ကူးပင်ယဥ်ကြည့်၍မရပါ။ သူ့အမူအရာအားကြည့်ကာ ရွှမ်ချမ်တဖြည်းဖြည်းနှင့် နားလည်သွားပုံရ၏။
"နေဦး၊သူက....." သူမကစုယွီအားထိုးပြကာ အသံတိုးတိုးနှင့်မေးလာသည်။ "သူဟုတ်တယ်မလား။"
ပိုင်လော့ဖုန်းသာမက အဖြစ်မှန်အားသိကြသည့် လူတိုင်းကခေါင်းငြိမ့်ကြ၏။
ရွှမ်ချမ်သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ "ဖာ့ခ်"
သူမစကားဆက်ပြောရန်ပြင်စဥ် ရွာမှအမျိုးသမီးက အသံအားပိုမြင့်ကာ အော်ပြောလာ၏။
"ဘာပဲပြောပြော ဝမ်လူကြီး၊ ရှင့်အလုပ်ရှင်သိမှာပဲ။"
"ပွဲကစတော့မယ်။ ဒီခရီးသွားတွေကို နေရာတကျအသုံးချလိုက်ဦး။"
ထိုအမျိုးသမီးက သူ့ပခုံးအားဆွဲလှုပ်ကာ အသိပေးလာ၏။
ပြီးနောက် ခရီးသွားများဖက်ပြန်လှည့်ကာ အင်မတန်ခယသည့် အပြုံးမျိုးနှင့်ပြုံးပြလာသည်။
"အခုတော့ဒီမှာ ကူညီပေးလိုက်ကြနော်။ နေဝင်မှတည်းရမယ့်အိမ်ဆီခေါ်သွားပေးမယ်။"
အမျိုးသမီးကြီး ပြန်သွားပြီဖြစ်၏။ သူမထွက်သွားသည်နှင့် ဖုန်းများအားလုံး တစ်ပြိုင်တည်းအသံမြည်လာကြသည်။
အားလုံးဖုန်းများအား စစ်ကြည့်ကြသောအခါ ထုတ်လွှင့်ခန်းမျက်နှာပြင်၌ ဒိုင်ခွက်တစ်ခုရှိနေ၏။ ပိုင်လော့ဖုန်း သူ၏ထုတ်လွှင့်ခန်းထဲ ဝင်လိုက်သည်။
(ဒီအဆင့်ရောက်လာတဲ့ ကစားသမားအားလုံးအတွက် ဂုဏ်ယူပါတယ်။)
(ဂိမ်းစတင်ပါပြီ။ အောက်ပါအချက်များအား တစ်ခါသာဖော်ပြမည်ဖြစ်၍ ဂရုတစိုက်ဖတ်ရှုကြပါ။)
(ဂိမ်းအမည် - ဗုဒ္ဓဘုရားပွဲတော်)
(ဂိမ်းအမျိုးအစား - လွတ်မြောက်ခန်း)
(သင်နှင့်အဖွဲ့သားများသည် ဝူပုဘုရားပွဲသို့ အလည်လာသည့် ခရီးသွားများဖြစ်သည်။)
(အတိအကျပြောရပါက တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး ကျောင်းမှခရီးသွားများ ထိုရွာ၌ထူးဆန်းစွာ ပျောက်ဆုံးကုန်ကြသည့် သတင်းကိုကြားသိပြီးနောက် တိတ်တဆိတ်ထောက်လှမ်း၍ ပျောက်ဆုံးခရီးသွားများအား ကယ်တင်ရန် ဆုံးဖြတ်ခဲ့ကြ၏။ ဝူပုရွာ၏ သရုပ်မှန်ကိုဖော်ကာ ပျောက်ဆုံးသူများအားကယ်၍ ရွာမှထွက်ခွာပါ။)
(Wish)
ဒိုင်ခွက်ပျောက်သွားလေပြီ။ အချက်အလက်များအား သူတို့မှတ်သားနေစဥ် စုယွီကသူတို့အား လှမ်းခေါ်လာ၏။
အားလုံးသူ့အား လှည့်ကြည့်ကြသောအခါ သူသည်လက်ထဲမှ ပုလင်းအလွတ်နှင့် တံခါးအားတဒေါက်ဒေါက်မြည်အောင်ခေါက်၍ ရပ်နေသည်ကိုတွေ့ရသည်။
"ဘာရပ်လုပ်နေကြတာလဲ။ ဝင်လာကြလေ။"
အားလုံးအထဲဝင်လိုက်ကြ၏။
ဝမ်လူကြီး၏ခြေထောက်မှာ ထိခိုက်ထားပုံရသည်။ တံခါးဖွင့်ပေးကာ အဖွဲ့သားများအား အထဲဝင်ခိုင်းချိန်၌ သူ့ခြေလှမ်းများက သေးငယ်၍ယိမ်းထိုးကာ ခြေတဆာဆာနှင့် လျှောက်နေ၏။ စုယွီ၏မျက်နှာနှင့် ထိုမြင်ကွင်းအားတွဲကြည့်ရခြင်းက ပိုင်လော့ဖုန်းအတွက် စိတ်မသက်သာမှုအား နှစ်ဆတိုးစေသည်။
ပိုင်လော့ဖုန်း ထုတ်မေးလိုက်တော့၏။ "ခြေထောက်ကဘာဖြစ်တာလဲ။"
"ဘာမှမဖြစ်ဘူး၊ ဒီတိုင်းအသက်ကြီးလာလို့။" အဖိုးကြီးဝမ်ကပြန်ဖြေသည်။
ပိုင်လော့ဖုန်း၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးလာလေ၏။
ဝမ်လူကြီးကသူ့အား အခုမှသတိထားမိသလို လှည့်ကြည့်ကာပြောလာသည်။ သူ၏မျက်လုံးများက ပြူးကျယ်သွားပြီး နောက်ခဏအကြာ၌ ပြန်၍မှေးကျဥ်းသွားပြန်သည်။ ဝမ်လူကြီးသည် အဝေးမှုန်သမား ဖြစ်ပုံရပြီး သူ၏မျက်လုံးမှေးမှေးများအား ကြည့်ရုံဖြင့် ပိုင်လော့ဖုန်းအား မည်သူမည်ဝါ ခွဲခြားနေမှန်းသိနိုင်၏။
သူကအတော်ကြာစိုက်ကြည့်နေပြီးမှ အနားသို့တိုးကပ်လာသည်။
အနောက်မှလူများသည် သတိကြီးစွာနှင့် ခြေလှမ်းအနည်းငယ် ဆုတ်ကုန်ကြ၏။
စုချာ၊ရှစ်ယွမ်၊ကျန်းမုန့်ရီနှင့် လျန့်ယွဲ့ရှစ်တို့သာ နေရာမှမရွေ့ကြ။
ပိုင်လော့ဖုန်းလည်း ထို့အတူပင်။
ဝမ်လူကြီးသည် ဖိနပ်သံတရှပ်ရှပ်နှင့် အိတ်ကပ်ထဲလက်ထည့်လျက် လျှောက်လာပြီး နှာခေါင်းချင်းထိလုမတတ် ငုံ့ကြည့်လာ၏။
အကွာအဝေး စိုးစဥ်းမျှမကျန်သည်အထိ ပိုင်လော့ဖုန်းအနီးကပ်ကာ အတော်ကြာအောင် ငေးကြည့်နေပြီးမှ သူ့ဆီမှအသံထွက်လာသည်။ "မင်း"
လေထုမှာအတော်လေး ဝိရောဓိဆန်သဖြင့် အားလုံးအသင့်အနေအထား ရှိနေကြ၏။ ပိုင်လော့ဖုန်း အိတ်ကပ်ထဲမှလက်သီးအား တင်းနေအောင်ဆုပ်ထားမိသည်။
ဝမ်လူကြီးကမေးလာ၏။ "ငါမင်းကို တစ်နေရာရာမှာတွေ့ဖူးလား။"
ဘယ်သူမှပြန်မဖြေကြ။
ဝမ်လူကြီးကမျက်လုံးမှေးကာ ရုပ်တည်သွားတော့သည်။ သူ၏အမူအရာအရ စပယ်ယာကဲ့သို့ပင် သူ့အားမမှတ်မိသေးပုံပင်။ အရာအားလုံးကို အစမှပြန်စရတော့မည်။
ပိုင်လော့ဖုန်းသက်ပြင်းချ၍ လှောင်ပြုံးနှင့်မေးလိုက်သည်။ "အချစ်ဦးနဲ့တူနေလို့လား။"
ဝမ်လူကြီးက အဖြေအားသဘောကျပုံမရ။ ပိုင်လော့ဖုန်းအား အတော်ကြာအောင်ကြည့်နေပြီးနောက် လည်ချောင်းမှထုတ်သည့် အသံနှင့်ခနဲ့သလိုရယ်သည်။
ကျောကိုပြန်မတ်ကာ တစ်ဖက်သို့လှည့်၍ သူ့ကိုမကြည့်ဘဲ ပြန်ဖြေလာ၏။ "ငါ့မိန်းမက မင်းထက်ပိုလှတယ်။"
"အဲ့လိုလား။" ပိုင်လော့ဖုန်းက နည်းနည်းမှမူမပျက်ဘဲ ရှေ့သို့တိုးကာသူ့အားဆက်စသည်။ "လွန်ခဲ့တဲ့ငါးနှစ် ငါ့ကိုရည်းစားစကားပြောတုန်းက ဒီအကြောင်းလည်း မပြောပြပါလား။"
ဝမ်လူကြီးကမတုံ့ပြန်ပေ။
နံရံမှကြိမ်တုတ်အားယူကာ မြေကြီးပေါ်ထောက်လျက် အထဲသို့ခြေလှမ်း ငယ်များယိမ်းထိုးကာ ဝင်သွားတော့သည်။
ဝမ်လူကြီး၏အိမ်က အတော်ကျယ်၏။ အရှေ့ဖက်ရှိ မီးဖိုချောင်၌ မီးဖို၊ရေပူစက်နှင့် အတော်ဟောင်းနေသည့် ဆိုဖာတစ်လုံးရှိ၏။
သူကထိုအခန်း၌ မရပ်သွားဘဲ သူတို့အဖွဲ့အား အထဲခန်းသို့ခေါ်သွားသည်။
အထဲခန်းအား ဖန်စေ့ခန်းဆီးစနှင့် ကာထားသဖြင့် မတင်လိုက်သောအခါ ဂလောက်ဂလက်အသံများ ထွက်လာ၏။
သူတို့ခန်းဆီးကိုဖြတ်ကာ ဝမ်လူကြီးနောက်မှ လိုက်လာကြသည်။
အခန်းထဲရောက်သောအခါ အားလုံးအလန့်တကြားဖြစ်ကာ မျက်လုံးသူငယ်အိမ်များပင် ကျုံ့ဝင်သွားကြ၏။
အခန်းတစ်ခန်းလုံး၌ စက္ကူရုပ်များပြည့်နေသည်။
ခြေချရန်နေရာ မကျန်အောင်ပင်ပြည့်နေ၏။ ရှေးခေတ် အစေခံဝတ်စုံများနှင့် အမျိုးသား၊အမျိုးသမီး ရုပ်များဖြစ်ကြသည်။ အသက်အရွယ်နှင့် လိင်အမျိုးအစားအား တိတိပပခွဲခြားထားပြီး ရှေးခေတ်တရုတ်နတ်သမီးများ၏ ဖြူမဲအရုပ်များပင် ရှိနေ၏။
ဝမ်လူကြီး၏ အထဲခန်းမှ မီးမထွန်းထားသည့်အပြင် ဖျတ်ခနဲကြည့်ပါက အမှောင်ထဲရှိအရုပ်များမှ ခပ်ဖျော့ဖျော့ အလင်းရောင်အား ထုတ်လွှတ်နေသလို မြင်တွေ့ရသဖြင့် အတော်ကျောချမ်းစရာကောင်းသည်။
ပိုင်လော့ဖုန်းသာ ဝမ်လူကြီးနောက် ဝင်လိုက်ရဲပြီး ကျန်သည့်လူများအားလုံး အပေါက်ဝ၌ရပ်နေကြ၏။
ဝမ်လူကြီးက အမှောင်ထဲဖြတ်ကာ ခလုတ်တစ်ခုကိုရှာ၍ ခလုတ်ဖွင့်လိုက်သောအခါ နှစ်ကြိမ်ခန့် တဖျတ်ဖျတ်ဖြစ်ပြီးမှ မီးလင်းလာသည်။
မီးသီးသည်နံရံမျက်နှာကျက်မှ တွဲလောင်းချထားပြီး အကာအရံမပါဘဲ ဖုန်များစွဲကပ်နေ၏။ မီးရောင်ကအတော်အားနည်းပြီး အခန်းတွင်း၌ ခပ်မှိန်မှိန်သာဖြာကျနေသည်။ နံရံလေးဖက်စလုံးအား အုတ်ဖြင့်မဆောက်ဘဲ အင်္ဂတေကိုင်ထားသဖြင့် အရုပ်များအား ပို၍ကြောက်စရာကောင်းစေ၏။
အခန်းမှာ ကြောက်စရာကောင်းသလို လေထုထဲ၌လည်း လျစ်လျူရှူရန်ခက်သည့် အနံ့အသက်တစ်မျိုးရနေသည်။
ပိုင်လော့ဖုန်း အခန်အားပတ်ကြည့်သောအခါ လေအဝင်အထွက်ရှိမည့် တံခါးတစ်ချပ်ပင် မတွေ့ရချေ။ သူနှာခေါင်းအားအုပ်ထားရင်း မေးလိုက်သည်။ "ပြတင်းပေါက်မရှိဘူးလား။ ဒါဘာအနံ့ကြီးလဲ။"
"ဘာအနံ့မှမရပါဘူး။"
"ပုပ်နံ့ရနေတယ်လေ။ မင်းကအသားကျနေလို့ မရတော့တာနေမှာပေါ့။"
"ဘာအနံ့မှမရဘူး။" ဝမ်လူကြီးကငြင်းဆိုလာ၏။
"မင်းဘာလို့ဒီလောက်တောင် ခေါင်းမာနေတာလဲ။"
"ခေါင်းမာတာမဟုတ်ဘူး။ ငါဘာအနံ့မှမရဘူး။"
ပိုင်လော့ဖုန်း အငြင်းမပွားချင်တော့။
ဝမ်အဖိုးကြီးကလည်း သူ့အားအဖက်မလုပ်တော့ပေ။ ကြိမ်တုတ်ကိုအားပြု၍ နံရံကပ်ဗီရိုကြီးဆီလျှောက်သွားပြီး အောက်ထပ်အံဆွဲကိုဖွင့်၊ ဆေးတံနှင့်မီးခြစ်ဆံများကိုယူထုတ်၍ ဆေးရွက်လိပ်သည့် ကိရိယာအားယူထုတ်ပြီးနောက် ထိုင်ချလိုက်သည်။
ဆေးတံအားပါးစပ်၌တေ့ကာ တစ်ဖွာရှိုက်သွင်းပြီး မီးခိုးငွေ့များအား မှုတ်ထုတ်လာ၏။ အားလုံးက သူ့လုပ်ရပ်များကို မမှိတ်မသုန် လိုက်ကြည့်နေကြသည်။
ဆေးလိပ်ဖွာပြီးမှ သူသည်လက်ချောင်းများကို ဒူးပေါ်တင်၍ နှစ်ချက်ခန့်တောက်ကစားပြီးမှ အခန်းအပြည့် စက္ကူရုပ်များအား မျက်စပစ်ပြကာ စကားစလာ၏။
"ဒီအခန်းထဲကဟာတွေကို မင်းမြင်တယ်မလား။"
"မြင်တယ်။" ပြန်ဖြေသူက ပိုင်လောဖုန်းဖြစ်၏။
"ဒီအရုပ်မျိုးလုပ်ကြ။ ဘုရားပွဲမစခင် ကိုယ်နဲ့ချွတ်စွပ်တူတဲ့ အရုပ်ပြီးအောင်လုပ်ရမယ်။"
"မင်းတို့အားလုံး လုပ်ရမှာ။ ချွတ်စွပ်တူတဲ့ စက္ကူရုပ်ကို။"
ထိုစကား၌ပါသည့် စကားလုံးတစ်လုံးချင်းစီသည် သရဲကားတစ်ကားလို ကြောက်စရာကောင်းသည်။
လေထုသည် ရေခဲမှတ်ရောက်သွားသလို အေးစက်နေ၏။
မိနစ်ဝက်အကြာမှ အဖွဲ့ထဲမှတစ်ဦးကထအော်သည်။ "ဘာ"
"ကိုယ်နဲ့တူတဲ့အရုပ်ကို ဘာအတွက်လုပ်ရမှာလဲ။"
လျန့်ရိထုံ စိတ်ဆိုးမာန်ဆိုးအော်မေးလာ၏။ "ဒါဘာသဘောလဲ။ မင်းငါတို့ကို သတ်ချင်နေတာလား။"
"နင့်ပါးစပ်ပိတ်ထား။" ရွှမ်ချမ်ကသူ့အား ပိတ်ဟောက်လိုက်သည်။
လျန့်ရိထုံက ဂရုမစိုက်ဘဲ ဆက်အော်နေဆဲပင်။ "စိတ်ကူးယဥ်မနေနဲ့။ မင်းငါတို့ကို အရူးမှတ်နေလား။ လူနဲ့ချွတ်စွပ်တူတဲ့ အရုပ်လုပ်ပြီး ဘယ်နေရာသုံးကြမှာလဲ။"
သူကသာအော်ဟစ်နေသော်လည်း ဝမ်လူကြီးကသူ့အား ရှိသည့်လေဟုပင်သဘောမထားဘဲ ဆေးလိပ်သာဆက်ဖွာနေသည်။
လျန့်ရိထုံက စိတ်လိုက်မာန်ပါ လုပ်တတ်သူဖြစ်သော်ငြား သူပြောလာသည်များက အားလုံးတွေးနေသည့် အကြောင်းအရာများပင် ဖြစ်နေ၏။
အားလုံးက ဝမ်လူကြီး၏ တုံ့ပြန်မှုအားစောင့်နေကြသည်။
သူကဆေးလိပ်တစ်ဖွာဆက်ဖွာ၍ မီးခိုးငွေ့များအားမှုတ်ထုတ်ပြီးမှ လှည့်ကြည့်လာ၏။ "ရွာနောက်ပိုင်းမှာ ဘုရားပွဲတော်ရှိတာ မင်းတို့သိပြီးကြပြီမလား။"
"ဒီလိုခေါ်လာတဲ့သူက ပြောပြပြီးပြီ။" ပိုင်လော့ဖုန်း၏အသံက အလွန်တည်ငြိမ်နေသည်။
"ဒီပွဲမှာဗုဒ္ဓရုပ်ပွားကို ပူဇော်ပသကြတယ်။ အစားအသောက်တွေ အမျိုးမျိုးနဲ့ပေါ့။"
"ဒါပေမယ့် ဒီကမ္ဘာမှာ ဗုဒ္ဓကိုကိုးကွယ်တဲ့သူ ဘယ်လောက်ရှိမယ်ထင်လဲ။ ဗုဒ္ဓကမင်းကို သတိပြုမိဖို့ ဘယ်လောက်အထိဆက်ကပ်ရမလဲ။"
"ငါတို့ရွာကသေးသေးလေး။ ဘယ်အရာဝတ္ထုကိုပဲ ဆက်ကပ်ပါစေ၊ မြို့ကလူချမ်းသာတွေကို မမီနိုင်ဘူး။ ဒါကြောင့်ဘုရားပွဲကျင်းပတိုင်း အဆိုအကအခုန်၊အတီးအမှုတ်တွေနဲ့ ဗုဒ္ဓသတိထားမိအောင်၊ ကိုယ့်ဆုတောင်းကိုကြားနိုင်အောင် ကျင်းပကြတယ်။"
"ဒီလောက်လုပ်တာတောင် မလုံလောက်သေးဘူး။"
ဝမ်လူကြီးက နှုတ်ခမ်းဝ၌ဆေးတံကိုတေ့ကာ ဆက်ပြောလာ၏။ "သူသတိထားမိဖို့ဆိုရင် ကိုယ့်ကိုကိုယ် သူ့ရှေ့အရောက် ပို့ရမှာပဲ။"
"ဒီအရုပ်တွေကိုလည်း ပူဇော်ဖို့သုံးတာ။ မင်းတို့ကိုသတ်ဖို့မဟုတ်ဘူး။ အရုပ်ကိုမီးရှိူ့လိုက်ရင် ဗုဒ္ဓကကိုယ့်ကိုမြင်ပြီး ကိုယ့်ဆန္ဒကိုဖြည့်ပေးလိမ့်မယ်။"
"ဒါငါတို့ဓလေ့ပဲ။ မင်းတို့ ဘုရားပွဲကိုလာကြတာမဟုတ်လား။ ဘာလဲ၊ စိတ်မပါကြဘူးလား။"
အားလုံးမှာပြန်မဖြေနိုင်ကြဘဲ အချင်းချင်းသာ အကဲခတ်နေကြ၏။
"ဒီအရုပ်တွေလုပ်ရတာက စိတ်ကသိကအောက် ဖြစ်စေတာတော့အမှန်ပဲ။" ဝမ်လူကြီးက ဒူးကိုင်ကာထရပ်ရင်းပြောလာသည်။ "မလုပ်ချင်ရင်မလုပ်နဲ့။ ငါဖိအားမပေးဘူး။ ကိုယ့်အရုပ်ကိုယ် မလုပ်ချင်ရင် ရွာသားတွေအတွက် အရုပ်လုပ်ဖို့ကူပေးကြပေါ့။"
"ဟေး၊ ရွာသားတွေကလည်း ကိုယ့်အရုပ်ကိုယ် လုပ်ကြတာပဲလား။" လျန့်ရိထုံကမေးလာ၏။
"အင်း၊ နှစ်တိုင်းဒီကိစ္စက ငါ့ကိုစိတ်အနှောင့်အယှက်အရမ်းပေးနိုင်တယ်။ ဒီအရုပ်တွေကို အလကားမလုပ်ပေးခဲ့သင့်ဘူး။" ဝမ်လူကြီးကရေရွတ်ရင်း သူ့နောက်ကလိုက်ခဲ့ရန် အချက်ပြသည်။
ပိုင်လော့ဖုန်း ရှေ့သို့အနည်းငယ်လျှောက်ပြီးနောက် တစ်ယောက်ယောက်သူ့လက်အား ဖမ်းဆွဲလာ၏။ ကြည့်လိုက်သောအခါ ဖုန်းလိုင်ဖြစ်နေပြီး သူရုတ်တရက်ကြီး ရှေ့တိုးလာသဖြင့် ကျန်းမုန့်ရီ သတိလက်လွတ် ဖြစ်သွားခဲ့ပုံပေါ်သည်။
ဖုန်းလိုင်အားတွေ့သည်နှင့် ကျန်းမုန့်ရီ၏မျက်နှာမှာ မှုန်ကုပ်သွားပြီး ရှေ့သို့အမြန်လိုက်လာ၏။
"နေဦး" ပိုင်လော့ဖုန်းက သူ့အား ဆက်မတိုးလာရန် လက်ထောင်ပြကာ တားလာသည်။
ကျန်းမုန့်ရီနားမလည်သော်လည်း ဆက်တိုးမလာခဲ့ပေ။
ပိုင်လော့ဖုန်း ဖုန်းလိုင်အားမေးလိုက်သည်။ "အခုဘာလုပ်နေတာလဲ။"
"ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးကြမယ်လေ အချစ်လေး။" ဖုန်းလိုင်ကပြုံးစိစိနှင့် ခေါင်းစောင်းကာမေးလာ၏။ "ဒါမင်းရည်းစားလား။"
ပိုင်လော့ဖုန်း နောက်သို့တစ်ချက်ကြည့်လိုက်သည်။
စုယွီကတုတ်ကိုအားပြု၍ အထဲသို့ဝင်သွားပြီး အရုပ်တစ်ရုပ်ကိုကောက်ကိုင်ကာ သေချာလေ့လာနေ၏။ "ငါကတစ်ခြားသူမှတ်နေတာ။ ဒီလူကိုမြင်ဖူးတာ အခေါက်ပေါင်းမနည်းတော့ဘူး။"
ဖုန်းလိုင်၏လက်က ပိုင်လော့ဖုန်း၏ လက်မောင်းတစ်လျှောက်ပွတ်သပ်ရင်း အထက်သို့တက်လာသည်။ ပိုင်လော့ဖုန်းက ကျန်းမုန့်ရီအား တိုးမလာရန်တားဆီးသည်ကို သူ့အားခွင့်ပြုသည်ဟု မှတ်ယူလိုက်ပုံရ၏။
"သူကဘာများကောင်းနေလို့လဲ။ ရုပ်ကြီးကတည်နေတဲ့အပြင် မင်းကိုလည်းမမှတ်မိဘူး။ သူနဲ့ကြုံတိုင်း အမြဲဒေါသထွက်နေတာချည်းပဲ။ ငါကပိုနူးညံ့တဲ့ပုံ မပေါက်ဘူးလား။ သူမင်းကိုမမှတ်မိမှတော့ ဒါကိုအခွင့်အရေးလို့ မှတ်လိုက်ပေါ့။ ဒီသစ္စာမရှိတဲ့ ခွေးသားကိုမေ့လိုက်တော့။"
ပိုင်လော့ဖုန်း လှည့်ကြည့်သောအခါ စုယွီကသူတို့အား မျက်လုံးမှေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ အဖိုးကြီးဇာတ်ဆောင် စုယွီမှာ အမြင်အာရုံ အတော်ဆိုးဝါးပုံရ၏။
ပိုင်လော့ဖုန်း ပြန်မဖြေသောအခါ ဖုန်းလိုင်က ရယ်ကျဲကျဲနှင့်မေးလာသည်။ "ရှက်လို့လား။"
ပိုင်လော့ဖုန်း စိတ်အလိုမကျမှုကြောင့် မျက်မှောင်ကြုတ်လာ၏။
"မင်းအခုစမ်းကြည့်တော့ သိပြီမလား။ ကြည့်လေ။" ဖုန်းလိုင်က ပိုင်လော့ဖုန်း၏ ထုတ်လွှင့်ခန်းမျက်နှာပြင်အား ဆွဲပြလာသည်။
ပိုင်လော့ဖုန်း၏ ကြည့်ရှူသူဦးရေ ရုတ်တရက်ထိုးတက်သွားပြီး အယောက် ၂၀၀ ခန့်ရှိနေ၏။
"ဒီလူနှစ်ရာလုံးက ငါ့ကြောင့်ရောက်လာကြတာပဲ။"
ဝမ်လူကြီး၏မျက်နှာ ပုပ်သိုးလာသည်ကို ရွှမ်ချမ်သတိထားမိနေသည်။ သူ့လက်ထဲမှ စက္ကူရုပ်ကိုပင် လွှတ်ပစ်ချလာ၏။
"ဘယ်လိုလဲ။ ငါနုဲ့ပတ်သက်တာက အကျိုးတော့ရှိတယ်မလား။ ဒီကောင်တွေက ဘယ်သူတွေမှန်း ငါမသိပေမယ့် ကြည့်ရှုသူတွေက လူသေတာအပြင် ချစ်ကြည်နူး၊တစ်တီတူးတာကိုလည်း ကြည့်ရတာဝါသနာပါကြပုံပဲ။"
ဝမ်လူကြီးကရုတ်တရက် လက်ထဲကတုတ်အား အသံကျယ်ကျယ် ထွက်သည်အထိပစ်ချကာ ယိမ်းထိုးနေသော်လည်း အမြန်ဆုံးခြေလှမ်းများနှင့် လျှောက်လာပြီး အနီးမှတူးရွှင်းအား ကောက်ကိုင်လိုက်သည်။
ရွှမ်ချမ်၏မျက်လုံးများ ပြူးကျယ်လာ၏။ ဝမ်လူကြီးသည် ချက်ချင်းဆိုသလို စက်ယန္တရားတစ်ခုလို လျင်မြန်သွက်လက်လာသည်။
သူက တူးရွှင်းအားကောက်ကိုင်ကာ အလျင်စလို လျှောက်လာနေ၏။
"ငါ့ကိုယုံပါ။ ငါက C အဆင့် ထုတ်လွှတ်သူပဲ။ ယုံကြည်လို့ရတယ်။ အနည်းဆုံးတော့ သေပြီးတဲ့လူထက်တော့ ယုံကြည်လို့ရတာပေါ့။"
ကျန်းမုန့်ရီ၊စုချာနှင့် ရှစ်ယွမ်တို့မှာ ခြေဆာနေသော်လည်း လမ်းကိုအမြန်လျှောက်ကာ တူးရွှင်းကိုကိုင်လျက် သူတို့ဆီလာနေသည့် လူအားထိတ်လန့်စွာ ကြည့်နေကြ၏။
ဖုန်းလိုင်က ပိုင်လော့ဖုန်း၏ နားရွက်နားကပ်ကာ ပြောလာသည်။ "ဒီနေရာမှာ ငါကမင်းကိုပိုပျော....."
'ပျော်'ဟူသည့် စကားလုံးကိုပင် သူပြီးအောင်မပြောရသေးခင် သူနှင့်ပိုင်လော့ဖုန်းကြား တူးရွှင်းတစ်လက်ရောက်လာသည်။
တူးရွှင်းမှာဖုန်များ ပေကျံနေပြီး ဖုန်းလိုင်၏နှာခေါင်းနှင့် ထိကပ်တော့မည်။
ဖုန်းလိုင်အတော်လေးလန့်ကာ ကြောင်အနေ၏။
သူဘာမှမတုံ့ပြန်ရသေးခင် တူးရွှင်းကသူ့မျက်နှာကို အားပြင်းပြင်းနှင့် ထိမှန်ကာ သူ့အားလေထဲမြှောက်တက်သွားပြီး ၃၆၀ ဒီဂရီခန့်လှည့်သွားပြီးမှ နံရံနှင့်ဝငိဆောင့်သည်။
ကျယ်လောင်လှသည့်အသံနှင့်အတူ ဖုန်မှုန့်များ ထောင်ကနဲထလာ၏။
ပိုင်လော့ဖုန်း - "........."
ကျန်သည့်လူများ - "........."