အပိုင်း ၃၆ - ဘုရားပွဲတော် (အခန်း ၃)
လေထဲဖုန်မှုန့်များ ထောင်းကနဲထလာ၏။
ဖုန်းလိုင် လေထဲဖင်ထောင်လျက် မြေကြီးပေါ်ပြုတ်ကျလာသည်။
ထောင့်တစ်နေရာရှိ အရုပ်များမှာ ခါးကနေအထက်ပိုင်းအထိ ဖုန်မှုန့်များကင်းစင်သွား၏။ ဖုန်းလိုင်ပြုတ်ကျသည့်နေရာရှိ သစ်သားစင်၏ အထက်တွင်တင်ထားသည့် ပန်းအိုးမှာ လှုပ်ခါသွားပြီး ဂလောင်ဂလင်အသံနှင့်အတူ ဖုန်းလိုင်၏ကျောပေါ်ပြုတ်ကျလာသည်။
နာကျင်မှုကြောင့် ဖုန်းလိုင်ထအော်မိ၏။
ဝမ်လူကြီးခဏလောက်ငြိမ်ကျသွားပြီး သူ့လက်ထဲမှတူးရွှင်းမှာ ခွပ်ကနဲအသံနှင့် ကြမ်းပေါ်ပြုတ်ကျသည်။ သူကတူးရွှင်းအားပြန်ကောက်၊ လက်ကိုင်ကိုဆုပ်ကိုင်ကာ ထောင်၍တုတ်လိုအသုံးပြုပြီး ချောင်းတရစပ်ဆိုးတော့၏။ ချောင်းအလွန်ဆိုးနေသဖြင့် အားနေသည့်လက်က ရှေ့မှဖုန်များအား ရိုက်ပုတ်နေသည်။
ဝမ်လူကြီး၏ အဆုတ်များ ကျန်းမာရေးကောင်းပုံမရပါ။ သူရှေ့နှစ်လမ်းတိုးလာပြီး ပိုင်လော့ဖုန်း၏ ကော်လံကိုဆွဲကာ သူ့ပခုံးအား စူးစမ်းသလိုကြည့်သည်။ ထိုမျှနှင့်မပြီးသေးဘဲ သူ့လက်မောင်းအားဆွဲကာ ပခုံးမှလက်အထိအား အသေအချာကြည့်နေ၏။ ကြည့်ရင်းနှင့် သူ၏မျက်နှာအမူအရာက ပိုပျက်ယွင်းလာသည်။ အသေအချာကြည့်ပြီးနောက် သူကပိုင်လော့ဖုန်းအား နောက်သို့ပြန်တွန်းထုတ်လာ၏။
ဝမ်လူကြီးချောင်းဆိုးနေသည့်ကြားမှ အက်ကွဲနေသည့် အသံနှင့်ပြောလာသည်။ "အဝတ်တွေချွတ်လိုက်။"
ပိုင်လော့ဖုန်း - "..........."
"ချွတ်လိုက်တော့။" အဖိုးကြီးဝမ် စိတ်မရှည်တော့။ "ညစ်ပတ်ကုန်ပြီ၊ချွတ်။"
"မညစ်ပတ်ပါဘူး။" ပိုင်လော့ဖုန်း ဂျက်ကတ်၏ညာဖက်လက်အား ပွတ်ပြကာ နားမလည်ဟန်နှင့်ပြန်ပြော၏။ "တွေ့လား၊ ဘာမှမဖြစ်ဘူး။"
"ငါကညစ်ပတ်တယ်ဆို ညစ်ပတ်လို့ပဲပေါ့၊ အခုချွတ်လိုက်။"
သူကသွေးများ အန်ထွက်မတတ် ဒေါသတကြီးအော်ပြောသည်။ အော်ပြီးသည်နှင့် မျက်ရည်များကျသည်အထိ ချောင်းဆိုးတော့၏။
အတော်လေးဒေါသထွက်နေပုံပင်။
ပိုင်လော့ဖုန်း သိရသလောက် စုယွီ(လက်ရှိဝမ်အဖိုးကြီး)၏စိတ်အရ သူ့ဒေါသအရ သူ့အားနေရာ၌ပင် သတ်ပစ်နိုင်ကြောင်းသူသိသည်။
ပိုင်လော့ဖုန်း သွက်လက်စွာပင် "ဟုတ်ပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ။"ဟုပြောကာ ဂျက်ကတ်အား ချွတ်ပေးလိုက်ရ၏။
ဝမ်လူကြီးမှာ ချောင်းဆိုးနေဆဲဖြစ်သော်လည်း မျက်နှာကြောအတော် ပြေလျော့သွားသည်။
ဂျက်ကတ်ချွတ်လိုက်သောအခါ လက်ရှည်အင်္ကျီတစ်ထည်သာ ဝတ်ထားသည့်ပိုင်လော့ဖုန်းမှာ ပို၍ပိန်သွယ်သည့်ပုံ ပေါက်နေ၏။ အင်္ကျီမှာလျော့တိလျော့ရဲ ဖြစ်နေ၍သူ့အား စက္ကူတစ်ချပ်လို ပါးလှပ်သည်ဟုထင်ရစေသည်။
ဝမ်လူကြီးက ပါးစပ်အုပ်ကချောင်းဆိုးရင်း မျက်မှောင်ကြုတ်၏။
အတော်ကြာအောင်ချောင်းဆိုးပြီးနောက် ပန်ကာဒလက်သံလို အသံများထွက်လာကာ လက်ထဲက တူးရွှင်းအား ခွပ်ဟူသည့်အသံနှင့် ကြမ်းပေါ်လွှတ်ချလိုက်သည်။
ပြီးနောက်သူ့ကုတ်အားချွတ်ကာ ပိုင်လော့ဖုန်းအားပေးလာပြီး ပိုင်လော့ဖုန်းလက်ထဲက ဂျက်ကတ်ကိုဆွဲယူသွား၏။
"ငါ့ဟာဝတ်လိုက်။ မင်းဟာကတော့ ပြန်ဝတ်လို့မရတော့ဘူး။"
"ဒီဂျက်ကတ်က ငါးရာတောင်ပေးထားရတာ။"
"လျော်ပြီးမှပြန်ပေးမယ်။"
"ဒီလိုဆိုရတာပေါ့။"
ပိုင်လော့ဖုန်း ဝမ်လူကြီးအားကြည့်လိုက်သောအခါ လက်မောင်းနှစ်ဖက်လုံးပေါ်နေသည့် ဝါညစ်ညစ်အဖြူရောင် စွပ်ကျယ်တစ်ထည်ကိုသာ ဝတ်ထားသည်ကိုတွေ့ရ၏။
စုယွီယခင်ကထက် ပိုကြံ့ခိုင်လာသည်။ ကြံ့ခိုင်သည်ဟုဆိုရာ၌ ယခင်ထက်ပိုပိန်လာပြီး ကြွက်သားများသာ ပိုတောင့်တင်းလာခြင်းဖြစ်သည်။
"Wish" ဂိမ်းအားကစားရင်း အတော်လေးဒဏ်ခံခဲ့ရပုံပေါ်၏။ လက်မောင်း၌ခြစ်ရာများ၊ အမာရွတ်များပင်တွေ့နေရသည်။
ပိုင်လော့ဖုန်း မတုန်လှုပ်သွားပါ။ စုယွီ၏အလောင်း၌လည်း ထိုအရွတ်များရှိနေ၍ ထိုခြစ်ရာနှင့်အမာရွတ်များအား သူအသားကျနေပြီဖြစ်၏။ စုယွီ၏အမာရွတ်များအကြောင်း သူကောင်းကောင်းသိသည်။
"ဘာကြည့်နေတာလဲ။"
"မဟုတ်ပါဘူး။ ကြွက်သားတွေက တော်တော်လေး ကြည့်ကောင်းနေလို့ပါ။"
ဝမ်လူကြီးက ဟန့်ခနဲတစ်ချက်ရယ်ကာ ပြောလာသည်။ "မင်းငါ့အချိန်ကို လာဖြုန်းနေတာပဲ။ မင်းဘယ်သူနဲ့မှ စကားမပြောနဲ့တော့။"
"ငါကလား။" ပိုင်လော့ဖုန်း သူ့ကိုယ်သူထိုးပြကာမေးလိုက်သည်။
"မင်းမဟုတ်ရင် ဘယ်သူဖြစ်ရဦးမှာလဲ။"
"ခုတော့ စကားပြောခွင့်တောင် မပေးတော့ဘူးပေါ့။ ဒီလောက်တောင် ထိန်းချုပ်တတ်နေပြီလား။ အခန်းတစ်ခန်းရှာပြီး ငါ့ကိုသော့ခတ်ထားလိုက်ပါလား။"
ဝမ်လူကြီးက သူ့အားတစ်ချက်ကြည့်ကာ ပါးစပ်ကိုလက်သီးအုပ်၍ ချောင်းဆိုးရက်နှင့် အထဲပြန်ဝင်သွား
ပိုင်လော့ဖုန်း သူပေးသည့်အင်္ကျီအား ဝတ်လိုက်သည်။
ဖုန်မှုန့်များငြိမ်သက်သွားပြီးနောက် စက္ကူစများ၊ ကွဲသွားသည့်ပန်းအိုး အစများအားဖယ်ကာ ဖုန်းလိုင်ဖရိုဖရဲနှင့်ထလာ၏။
လက်တစ်ဖက်အားထောက်ကာ နောက်တစ်ဖက်က နောက်ကျောကိုထိန်းလျက်တုန်ရီနေသည့် ခြေထောက်များနှင့် အတင်းထရပ်ကာ ဘာမှမဖြစ်ခဲ့သလို အခန်းထဲပြန်ဝင်သွားသည့် ဝမ်လူကြီးကို လိုက်ကြည့်ရင်း ဖုန်းလိုင်ရေရွတ်နေသည်။ "ဘာတွေဖြစ်ကုန်တာလဲ။ သူက NPC မဟုတ်ဘူးလား။"
ရွှမ်ချမ်က "အချစ်ဆိုတာဗီဇလိုပဲ။"ဟု အဓိပ္ပါယ်ပါပါပြောလာသည်။
"လူသေမှာဗီဇဆိုတာ ရှိပါဦးမလား။"
"သူကအသက်ရှူနေသေးတယ်လေ။ မဟုတ်ဘူးလား။"
ဖုန်းလိုင်ကပခုံးတွန့်ပြကာ နာကျင်စွာနှင့်ညည်းတွားလာသည်။ "အဖိုးကြီးက အားအတော်ကျန်သေးတာပဲ။"
"ဟီး" ပိုင်လော့ဖုန်း ခပ်ဖွဖွတစ်ချက်ရယ်မိသည်။
"မင်းဘာရယ်နေတာလဲ။" ဖုန်းလိုင်က သူ့အားမေးလာ၏။
"ပျော်လို့ပါ။ ငါ့ကောင်လေးက မှတ်ဉာဏ်ပျောက်ဆုံးသွားတာတောင် ငါ့ကိုသူများနှောင့်ယှက်တာ မကြည့်ရက်ပုံပဲ။ NPC ဖြစ်နေတာတောင် ဟိုကောင်ကို တူးရွှင်းနဲ့ရိုက်ချလိုက်တာ။ မင်းဆိုရင်ရော မပျော်လောက်ဘူးလား။"
ဖုန်းလိုင်က ပြောစရာစကား မရှိတော့သလို စုတ်သပ်ကာမျက်နှာလွဲသွား၏။
"မင်းငါ့ကို လာရှုပ်ဦးမလား။"
ဖုန်းလိုင်သူ့အား တစ်ချက်ကြည့်ကာ "စောက်ရူး"ဟု ခပ်တိုးတိုးကျိန်ဆဲပြီး နေရာမှလှည့်ထွက်သွားသည်။
ဝမ်လူကြီးက ပိုင်လော့ဖုန်း၏ အင်္ကျီကိုအသေအချာခေါက်ကာ သစ်သားအံဆွဲကိုဖွင့်၍ထည့်နေ၏။
ပြီးနောက် စက္ကူရုပ်အား လွှတ်ချခဲ့သည့်နေရာကိုပြန်လာပြီး အရုပ်အားပြန်ကောက်သည်။
"ကောင်းပြီ၊ လိုရင်းကိုပြောကြတာပေါ့။ မင်းတို့ ဒီအရုပ်တွေအားလုံး ပြီးတဲ့အထိလုပ်ကြရမယ်။"
သူကိုင်ထားသည့်အရုပ်မှာ ခုနကသူတို့အဖွဲ့အား ခေါ်လာပေးသည့် ဝဖိုင့်ဖိုင့်အမျိုးသမီး၏ အရုပ်ပင်။ အကြမ်းဖျဥ်းသာဆေးခြယ်ထားသော်လည်း မျက်နှာအသွင်အပြင်များက သူမ၏ရုပ်ရည်အား ဖမ်းမိစေ၏။ တစ်ဝက်ခန့်သာပြီးသေးသော်လည်း ပုံမှန်ထက်ပိုကြီးသည့် အရွယ်အစားအရ မည်သူ၏အရုပ်မှန်း သူတို့အားလုံး ပြောနိုင်ကြသည်။
"အရုပ်လုပ်ရမယ်။" တစ်ယောက်ကမေးလာ၏။
"ငါပြောချင်တာက အရုပ်ဖန်တီးရမယ်လို့။" ဝမ်လူကြီးက အနီးဆုံးမှ ထုတ်လွှင့်သူအား လက်ထဲကအရုပ်ပိုင်းပြတ်ကို ကမ်းပေးလာသည်။
ထိုကံကောင်းသူမှာ ဖန့်ရန်ယွိဖြစ်ပြီး အရုပ်အား ကြောင်အအနှင့် လက်လွှဲယူလာ၏။
"အရုပ်လုပ်တယ်ဆိုတာ အပြင်လူတွေရဲ့ အသုံးအနှုန်းပဲ။ သင့်တော်တဲ့အသုံးအနှုန်းက ဖန်တီးတယ်လို့ပြောရမယ်။ မင်းတို့က ကိုယ့်အရုပ်ကိုယ် မလုပ်မှတော့ ဒီအရုပ်တွေပဲလုပ်ပေါ့။ ငါသင်ပေးမယ်။"
ဝမ်လူကြီးကသူ၏ ခွေးခြေခုံ၌ထိုင်ကာ ဆေးတံအား စိမ်ပြေနပြေသောက်သည်။ အဖွဲ့ဝင်များ၏မျက်နှာအား တစ်ယောက်ချင်းကြည့်ကာ ဆေးတံလိုလက်ဆစ်များနှင့် နှစ်ချက်ပွတ်သဖြင့် 'ဂျစ်ဂျစ်'ဟူသည့် အသံနှစ်ချက်ကြားရ၏။
ဝမ်လူကြီး၏ မျက်လုံးများကမှုန်ဝါး၊ အရောင်အဆင်းကင်း၊ အေးစက်သဖြင့် လူအားကြည့်နေသော်လည်း အလောင်းများအား ကြည့်သလိုခံစားရစေသည်။
တစ်ယောက်ယောက်ကသာ 'မလုပ်ဘူး'ဟုထပြောပါက သူ့လည်ပင်းအား ဆေးတံကိုပွတ်သလို ညှစ်ကာသူ့အား အရုပ်ဘဝသို့ ပြောင်းပေးလိမ့်မည်။
ပိုင်လော့ဖုန်းအား စနောက်စဥ်က ခံစားမှုများပျောက်ကွယ်သွားပြီး အားလုံးကျောချမ်းလာကြသည်။
တစ်ဖွဲ့လုံးအသံတိတ်သွားမှ ဝမ်လူကြီးကစကားပြောလာ၏။ "အရုပ်တွေသွားယူကြ။ ပုံထားတဲ့ဟာတွေက မပြီးသေးဘူး။ ကြိုက်တဲ့အရုပ်သာယူကြ။"
စက္ကူရုပ်ဖန်တီးခြင်းကမခက်လှ။ အလွန်ရိုးရှင်းစွာနှင့် မမျှော်လင့်ထားသည့် ဖြစ်ရပ်များလည်း မပေါ်လာဘဲ အားလုံးညနေရောက်သည်အထိ ပေါ့ပါးစွာ ဖြတ်သန်းနိုင်ခဲ့ကြသည်။
နေဝင်သည်ကိုပင် သူတို့သတိမထားမိကြပေ။
ဝမ်လူကြီးအိမ်သို့ ပို့ပေးခဲ့သည့် အမျိုးသမီး တံခါးဝသို့ရောက်လာပြီး အသံပေးမှသာ ညရောက်မှန်းသိကြ၏။
ဝမ်လူကြီး တံခါးဖွင့်ပေးသောအခါ အမျိုးသမီးကြီးသည် နေဝင်ပြီဖြစ်၍ အလုပ်ကိုရပ်ရန်နှင့် ခရီးသွားများအား ညစာစားရန်နှင့် နေရာထိုင်ခင်းပေးရန် ခေါ်သွားမည့်အကြောင်း ပြောလာသည်။
အဖွဲ့သားများက နေရာမှထကာ တံခါးဝသို့ ထွက်လာကြ၏။
မထွက်ခွာခင် ပိုင်လော့ဖုန်းက သူမအားမေးလိုက်သည်။ "မနက်ဖြန်လည်း အရုပ်လုပ်ဖို့ ထပ်လာရမလား။"
"ဟင်၊ သြော် အေး။ အဖိုးကြီးဝမ်ကြောင့်ပေါ့။ အလုပ်ကိုပစ်ပြီး အရက်ပဲသောက်နေတယ်။ အရက်ကြောင့် ခြေလက်တွေသုံးမရတော့လို့ ပါးစပ်သုံးပြီး သူများကိုခိုင်းနေရတယ်။ သနားစရာအဖိုးကြီး၊ မင်းတို့ကပဲ သူ့ကိုကူပေးလိုက်ကြဦးနော်။"
တူးရွှင့်နှင့် အရိုက်ခံထားရ၍ မျက်နှာတစ်ခြမ်းရောင်ရမ်းနေသည့် ဖုန်းလိုင်ကပြောလာသည်။ "ကျွန်တော့်အတွက်ကတော့ လွယ်ပါတယ်။"
စုချာကတခစ်ခစ်ထရယ်၏။
"ဒီတော့ မင်းအခုဘာဆက်လုပ်မလဲ။" လျန့်ယွဲ့ရှစ်က သူ့အားစနောက်သည်။ "အချစ်ဆရာကြီးဆိုပြီး ဂိမ်းအစမှာတင် ရည်းစားရှိပြီးသားလူကို ရွေးမိလို့ အငြင်းခံလိုက်ရပြီမလား။ အခုလက်လျော့ပြီလား။ ဒါမှမဟုတ် ပစ်မှတ်ပြောင်းသွားပြီလား။"
"ငါ့ကိစ္စကိုဝင်မပါနဲ့။ ဘာလဲ၊မင်းငါ့ကိုကြိုက်လို့လား။"
လျန့်ယွဲ့ရှစ်က ဘာမှပြန်မပြောဘဲ ရယ်သာရယ်နေတော့၏။
အမျိုးသမီးကြီးက သူတို့အား ဝမ်လူကြီးအိမ်မှခေါ်ကာ ရွာထဲပြန်ဝင်လာသည်။
ရွာအတွင်း အိမ်စုအိမ်ဝိုင်းများပေါသော်လည်း ရွာသူရွာသားများ သိပ်မတွေ့ရပေ။
နေဝင်စဖြစ်သော်လည်း မီးအိမ်များထွန်းညှိကာ ပွဲတော်အတွက် ပြင်ဆင်နေကြပြီဖြစ်သည်။
ရယ်စရာကောင်းသည်မှာ သူတို့ရောက်လာကြသည့် လွန်ခဲ့သောနာရီပိုင်းက ထိုအပြင်အဆင်များ လုံးဝမရှိနေခဲ့ခြင်းပင်။
ကျန်းမုန့်ရီက စကားဝိုင်းတစ်ခုအား စတင်ရန်ကြိုးစားသည်။
"အစ်မ၊ ရွာသားတွေအလုပ်များနေကြပုံပဲနော်။"
"ဟုတ်တယ်။" ထိုအမျိုးသမီးက ယခင်အတိုင်း နွေးထွေးဖော်ရွေဆဲပင်။
"ပွဲကအရမ်းနီးနေပြီမလား။ ပွဲစဖို့ ခရီးသွားတွေကိုလည်း စောင့်ရသေးတယ်။ မင်းတို့ရောက်လာမှ ပွဲအတွက်ပြင်ဆင်ကြရတာ။"
"အဖိုးကြီးဝမ်နဲ့ အရုပ်တွေလုပ်ပြီးရင် မီးအိမ်နဲ့ခေါင်းလောင်းတွေချိတ်ဖို့ ကူပေးကြပါဦး။"
"သြော်၊ဒါဆို အရုပ်တွေချည်းပဲ လုပ်ရမှာမဟုတ်ဘူးပေါ့။"
"မလုပ်ရပါဘူး။ ဝမ်လူကြီးအိမ်မှာပဲ အမြဲမနေခိုင်းပါဘူးကွယ်။ သူ့အိမ်ကပျင်းစရာကြီး။" သူမကရယ်သည်။ "ဘုရားပွဲအတွက်လာမှတော့ စည်ကားတဲ့နေရာကို သွားရမှာပေါ့။ လာကြ၊လာကြ။ ဒီနေ့အတွက်ညစာကို ဒီအိမ်မှာစားရမှာ။"
သူမကပြောဆိုရင်း ရွာသားတစ်ဦး၏ ခြံဝင်းအတွင်းခေါ်လာ၏။
ခြံဝင်းထဲရောက်သည်နှင့် ခြံထဲ၌ရေသွန်နေသည့် မိန်းကလေးတစ်ဦးကို တွေ့ရသည်။
သူမက ၁.၆မီတာ(၅ပေ နှင့် ၃ လက်မ)ခန့်ရှိပြီး အသားဖြူဖြူ၊ နူးညံ့သည့်ဟန်ပန်နှင့် ရိုးစင်းစွာဝတ်စားထား၏။
သူတို့အားတွေ့သည်နှင့် ခေါင်းငြိမ့်ပြပြီးနောက် အိမ်အတွင်း ကပြာကယာပြေးဝင်သွားတော့သည်။
"သူကရှက်တတ်လို့ပါကွယ်။" အမျိုးသမီးကြီးက အိမ်အတွင်းသို့အော်ပြော၏။ "အစ်မကျန်း၊ ဧည့်သည်တွေရောက်နေပြီ။"
"လာပြီ၊လာပြီ။" အထဲမှ အမျိုးသမီးတစ်ဦး၏ အသံကျယ်ကျယ်အားကြားရသည်။ အရပ်မြင့်မြင့်၊ပိန်ပိန်ပါးပါးနှင့် အသားညိုညို အမျိုးသမီးတစ်ဦးထွက်လာကာ သူတို့အားနှုတ်ဆက်လာ၏။
သူမကပါးရိုးမြင့်ကာ အပေါ်သို့တက်သည့် မျက်လုံးများနှင့် မျက်ခုံးတိုတိုထူထူများရှိသည်။ မျက်နှာ၌ ကျောက်ပေါက်ရာများပြည့်နေပြီး ခုနကမိန်းကလေးနှင့်ယှဥ်ပါက ချီးကျူးစရာအချက် ရှာမတွေ့ပေ။
အစ်မကျန်းက ဝမ်းသာအယ်လဲပြုံး၍ ခေါင်းငြိမ့်ပြကာအားလုံးကို အထဲဝင်ရန်ဖိတ်ကြားလာသည်။
ခြံဝင်းထဲမှ ခုံ ၁၅-၁၆ ခုံခန့်ချထားသည့် စားပွဲအားကြည့်ရုံနှင့် ညစာစားပွဲအတွက် ပြင်ဆင်ထားမှန်းသိနိုင်၏။
အားလုံးစားပွဲ၌ ဝင်ထိုင်လိုက်ကြသည်။
အစ်မကျန်းက ညစာမကြာမီ ပြီးမည့်အကြောင်းပြောပြီးနောက် အတော်အလုပ်ရှုပ်နေ၏။ အမျိုးသမီးကြီးက သူမအားဝင်ကူပေးသည်။
သူမတို့နှစ်ယောက် အထဲဝင်သွားသည်နှင့် စကားသံများပျောက်ကာ မီးဖိုခန်းထဲမှ ရံဖန်ရံခါအိုးသံခွက်သံများကိုသာ ကြားရတော့၏။
ရွှမ်ချမ်ကစားပွဲကိုခေါက်ကာပြောလာသည်။ "ခုနကခြံထဲမှ ရေသွန်နေတဲ့ကောင်မလေးက သူ့သမီးများလား။"
"ရုပ်မတူကြဘူး။" ဟောက်ဖုန်းကမှတ်ချက်ချ၏။
"ဒီထက်အရေးကြီးတာက ဒီညဘယ်မှာ အိပ်ရမလဲဆိုတာပဲ။" လျန့်ယွဲ့ရှစ်ကပြောလာသည်။ "ဒီဂိမ်းကရက်အတော်ကြာမယ့်ပုံပဲ။ ငါတို့ကိုလူခွဲပစ်လိုက်မယ်လို့ မင်းတို့ထင်ကြလား။"
ရွှမ်ချမ်ကပူပင်နေပုံမရ။ "ကိစ္စမရှိဘူး။ အရေးကြုံရင်အားလုံး ကိုယ့်ကိစ္စကိုယ်ရှင်းကြရမှာပဲ။ စုနေလို့ အားလုံးအသက်ရှင်မယ်ဆိုတဲ့ အာမခံချက်မှမရှိတာ။"
တစ်ခြားသူများမှာ ဟန်လုပ်ကာပြုံးနေကြရသည်။
ပိုင်လော့ဖုန်းသူ၏ ထုတ်လွှင့်ခန်းအား ကြည့်လိုက်သောအခါ ကြည့်ရှုသူထောင်ချီနေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားရ၏။ အလန့်တကြားနှင့် သူပိုနီးကပ်ကာ ကြည့်လိုက်သည်။
(NPC ကသူ့ရည်းစားဆိုတာ အမှန်ပဲလား။)
(NPC နဲ့ကြိုက်နေတဲ့သူ ရှိလာပြီပေါ့၊ မယုံနိုင်စရာပဲ။)
(မင်းအဖိုးကြီးကို လုပ်ကြံဇာတ်တွေပြောပြီး လှည့်စားနေတာမလား၊ ရယ်ရသားပဲ။)
(စောက်ရမ်းမိုက်တယ်၊ ဒရမ်မာဆန်တဲ့ ထုတ်လွှင့်သူအသစ်ပေါ်လာပြီ။)
(မင်းကြည့်ရတာ လူသစ်နဲ့တူလို့ ငါပြောပြလိုက်မယ် ထုတ်လွှင့်သူ - ငါတို့ကဒရမ်မာ ကြည့်ရတာမကြိုက်ဘူး။ သေကွဲကွဲကြတာကိုပဲ ကြည့်ချင်တာကွ၊ ဟားဟားဟား။)
(သူပြောတာအမှန်ပဲ။)
(လူသေတာကို ကြည့်ရတာမကြိုက်တဲ့သူ ရှိလို့လား၊ ဟားဟားဟားဟား။)
(ထုတ်လွှင့်သူ၊ မင်းစက္ကူရုပ်ဘဝကိုပြောင်းပြီး အဆုတ်ဖြဲခံကြည့်ပါလား။)
(မင်းကိုကြိုးနဲ့ဆွဲပြီး သေတဲ့အထိ နှိပ်စက်ခံရတာမျိုးဆို ပိုတောင်ကြိုက်သေးတယ်။)
(ဟားဟားဟား ဟားဟားဟား။)
ထုတ်လွှင့်ခန်းမှမှတ်ချက်များက ရိုင်းစိုင်းခက်ထန်လွန်း၍ ပိုင်လော့ဖုန်း နှစ်ချက်ခန့်ဆွဲပြီးနောက် ထပ်ကြည့်ရန်စိတ်မပါတော့ချေ။
သူဖုန်းအားချလိုက်သည်နှင့် မျက်စောင်းထိုးမှ လျန့်ရိထုံကစားပွဲအား ထရိုက်သည်။
ပိုင်လော့ဖုန်း သတိလက်လွတ်နှင့် မော့ကြည့်သောအခါ လျန့်ရိထုံက သူ့အားမေးလာ၏။ "မင်းဘယ်လိုထင်လဲ၊ ပိုင်လော့ဖုန်း။"
"ဘာကိုလဲ။"
"ဒီတစ်ခေါက်ပေါ်လာတဲ့ မင်းရဲ့သေပြီးတဲ့ယောကျ်ားကိုလေ။ သူ့ကိုထပ်အားကိုးမလား။"
ပိုင်လော့ဖုန်း သူ့အားမျက်စောင်းထိုးလိုက်သည်။ "ဘာကိုအားကိုးမှာလဲ။ သူလမ်းတောင်မလျှောက်နိုင်တာ မင်းမတွေ့ဘူးလား။"
"ဒါပေမယ့် သူက NPC လေ။ အရုပ်တွေလုပ်တဲ့ အရေးပါတဲ့ NPC ပဲ။ မင်းတစ်ခုခုတော့ ကြိုးစားကြည့်သင့်တာပေါ့။"
"ငါကကြိုးစားရမယ်ဆိုတာ ဘာသဘောလဲ။ မင်းတို့ကရော ထုတ်လွှင့်သူတွေ မဟုတ်ကြဘူးလား။ ဘာလို့ NPC ကိုအားကိုးနေလဲ။ ကိုယ့်အမှတ်ကိုယ်ရအောင် လုပ်ကြပါလား။"
"အမှတ်ကတော့ ကိုယ့်ဘာသာပဲလုပ်ယူရမှာပေါ့။ ဒါပေမယ့် အသုံးချစရာလေးရှိနေရင်တော့ ဖြစ်အောင်အသုံးချရမှာပေါ့။ အသုံးမချရင်တော့ မင်းကအရူးပဲ။ မင်းမှာဒီလို ထူးခြားတဲ့ဆက်ဆံရေးမျိုးရှိမှတော့ အားလုံးအကျိုးရှိအောင် လုပ်ပေးရမှာမဟုတ်ဘူးလား။ အရင်တစ်ခါက စပယ်ယာလိုပေါ့။ သူအများကြီး အကူအညီပေးခဲ့တာပဲ။ ဒီအဖိုးကြီးကိုလည်း မှတ်ညဏ်ပြန်ရအောင် လုပ်နိုင်ရင်....."
"ငါမလုပ်ဘူး။" ပိုင်လော့ဖုန်းက ပိတ်ပြောလာသည်။
"ဘာလို့လဲ။"
"သူအားလုံးကိုမှတ်မိသွားရင် ဒီနေရာက လူသတ်ပွဲအဖြစ် မပြောင်းသွားဘူးလို့ ဘယ်သူအာမခံနိုင်လဲ။"
"မှတ်မိသွားလို့ သူ့ကိုသေစေမယ့်အစား မေ့လျော့ပြီး အေးအေးချမ်းချမ်း နေရတာကသူ့အတွက် ပိုကောင်းဦးမယ်။"
လျန့်ရိထုံ၏မျက်နှာက ဖြူဖျော့သွားပြီးနောက် ဒေါသတကြီးပြောလာသည်။ "ဒီတော့ မင်းကငါတို့အားလုံးကို သေခိုင်းမလို့လား။"
အခုထိဘာမှဝင်မပြောဖူးသည့် သက်လက်ပိုင်းအရွယ် အစ်ကိုဟိုင်ဆီမှ စကားသံထွက်လာ၏။ "ဟေး၊ မင်းစကားပြောရင် ငါတို့ဆိုတာကြီး ထည့်ထည့်မပြောနဲ့။"
"ဟုတ်တယ်။ ငါကဘယ်သူ့ကိုမှ အားမကိုးဘဲ A19 အဆင့်ကိုရောက်လာတာ။" ရွှမ်ချမ်ကသူ့အားထောက်ခံလာသည်။
"သူက NPC သက်သက်ပဲလေ။" ပျင်းရိပျင်းတွဲနှင့် ခြေနှစ်ဖက်အား ရှေ့နောက်လွှဲနေသည့် လျန့်ယွဲ့ရှစ်က သူအားတစ်ချက်ကြည့်ကာပြောလာ၏။ "ဂိမ်းကိုအနိုင်ရဖို့ သူသနားအောင်လုပ်ပြီးတောင်းဆိုလို့မှမရတာ။"
"SS အဆင့်ရောက်အောင် လုပ်မယ်လို့ မင်းပဲကြွားထားတာမဟုတ်ဘူးလား။ SS အဆင့်ကိုရချင်ရင် ဘာအမှားမှမပါတဲ့ လုံးဝမထင်မှတ်ထားရလောက်အောင် ထူးခြားတဲ့နည်းလမ်းလိုတယ်လို့ ပြောမိပေမယ့် ငါပြောတဲ့အထဲမှာ NPC ကိုခယပြီး ကိုယ့်ကိုချစ်လာအောင် အတင်းလုပ်ယူတဲ့နည်းတော့ မပါဘူး။"
စုချာကမေးအားလက်နှစ်ဖက်နှင့်ထောက်ကာ မထီမဲ့မြင်အသံနှင့် ပြောလာ၏။ "SS အဆင့်ဆိုတာက သေပြီးယောက်ျားဆီက တောင်းဆိုလို့ရတဲ့ အရာမျိုးမဟုတ်ဘူးလေ သိတယ်မလား။"
စုချာက လျန့်ရိထုံ၏အကြံအား ဖော်ထုတ်နေခြင်းပင်။ "အရင်တစ်ခါကလို သူ့ကိုမှတ်ဉာဏ်ပြန်ရအောင်လုပ်၊ စနစ်က ဂိမ်းကိုနိုင်ချင်ရင် ငါတို့အားလုံး သူ့ကိုသတ်ရမယ်ဆိုတဲ့ ဂိမ်းမျိုးပြန်ဖြစ်အောင်ဖို့ တွေးနေတာဆိုရင်တော့ နင်အခုဒီနေရာမှာပဲ သေလိုက်တော့၊ နှလုံးသားမဲ့တဲ့ကောင်။"
လျန့်ရိထုံအတော်ဒေါသထွက်သွား၏။ "မင်းဘာစကားပြောတာလဲ။ မင်း....."
ရုတ်တရက် အစ်မကျန်း၏အသံပေါ်လာသည်။ "ဟင်းတွေရပါပြီ။"
သူမပန်းကန်လုံး အကြီးကြီးကိုကိုင်ကာ ထွက်လာ၏။
လျန့်ရိထုံ ပေါက်ကွဲတော့မည့်အချိန်၌ လျန့်ယွဲ့ရှစ်က အခြေအနေအား ဖုံးကွယ်ရန်ကြိုးစားတော့သည်။ "ဟုတ်ပြီဟုတ်ပြီ။ စားကြသောက်ကြမယ်။ နောက်ဘာဆက်ဖြစ်မလဲဆိုတာ ဘယ်သူကများ ကြိုသိလို့လဲ။"
"ဘာကိုစားမှာလဲ။ သူကငါ့ကိုစွပ်စွဲ။"
"လာပါကွာ၊ သူကလျှာသွက်အာသွက်ရှိရုံပါ။ ဒီသဘောပြောတာမဟုတ်ပါဘူး။ ဘာလို့အတည်ယူနေတာလဲ။ စားကြရအောင်။ လျန့်မျိုးနွယ်စုဝင်ဖြစ်တဲ့ ငါတို့နှစ်ယောက်အတွက်ပေါ့။ ငါ့ကိုမျက်နှာပျက်အောင် မလုပ်ပါနဲ့ကွာ။"
တရုတ်လူမျိုးများက မိသားစုအားတန်ဖိုးထားကာ အရာရာနှင့်ယှဥ်ပါက ဂုဏ်သိက္ခာကိုသာ ရွေးချယ်လေ့ရှိကြသည်။ အလုပ်၌ဖြစ်စေ၊ ညစာစားချိန်၌ဖြစ်စေ မိသားစုအကြောင်း ပြောပါကအများစုမှာ စိတ်လျော့နိုင်ကြ၏။
လျန့်ရိထုံလည်းငြိမ်ကျသွားသည်။ နေရာ၌ပြန်ထိုင်ရင်း စားပွဲ၏အလယ်၌ အစ်မကျန်းချထားသည့် မာလာဟင်းခွက်ကိုသာ စိုက်ကြည့်နေသည်။
အစ်မကျန်းက ဟင်းခွက်ပို့ပြီးသည်နှင့် ထမင်းယူရန် အထဲပြန်ဝင်သွား၏။ သူတို့အားခေါ်လာပေးသည့် အမျိုးသမီးကြီးက ငါးချဥ်ရည်ဟင်းခွက်ကြီး ယူထုတ်လာနေသည်။
ကျန်းမုန့်ရီက ပိုင်လော့ဖုန်းနား ကပ်ကာမေးလာ၏။ "ဒီတစ်ခါ မင်းသူ့ကိုတကယ်မရှာဘူးလား။"
"အင်း၊မသေချာဘူး။ အားလုံးကို ကိုယ့်ဘာသာဖြေရှင်းမယ်။ သူနဲ့မှမဆိုင်တာ။"
"မင်းသူသေမှာကို ကြောက်နေတာမလား။"
ပိုင်လော့ဖုန်း ခေါင်းငြိမ့်ပြလိုက်သည်။
"သူမမှတ်မိရင်တော့ စနစ်ကသူ့ကို မသတ်ခိုင်းလောက်ပါဘူး။ ရထားပေါ်မှာ သူ့ကိုသတ်ခိုင်းတာက သူ့မှတ်ညဏ်ပြန်ရသွားတော့ NPC အနေနဲ့ အလုပ်မပြီးမြောက်တဲ့အပြင် ဂိမ်းကိုဆက်သွားလို့ မရတော့လို့။"
"ဒါတော့ဟုတ်တယ်။" ကျန်းမုန့်ရီက ခေါင်းငြိမ့်နေ၏။
"နင်ကရော။" နံဘေးမှစုချာကမေးလာသည်။ "စိတ်မညစ်ရဘူးလား။ သူ့နာမည်လေးတောင် ခေါ်ခွင့်မရတဲ့အပြင် ငါတို့ သွားလိုက်လာလိုက် လုပ်နေတာကို သူကဒီအတိုင်း ကြည့်နေရုံပဲတတ်နိုင်မှာ။"
"သူ့ကိုသတ်ရတာထက်စာရင်တော့ ပိုကောင်းတယ်ထင်တာပဲ။"
စုချာဘာမှဆက်မမေးတော့။ ပိုင်လော့ဖုန်း၏စိတ်ထဲ မှန်တံခါး၌ကပ်ထားသည့် သွေးထွက်နေသည့်လက်ကိုသာ မြင်နေရသဖြင့် သူခေါင်းအားငုံ့ထားမိသည်။
"အစားအသောက်တွေစုံပြိီ။" အစ်မကျန်း၏အသံဖြစ်၏။
အားလုံးကြည့်လိုက်သောအခါ သူမကထမင်း ၈ လုံးအား လင်ဗန်းနှင့်သယ်လာကာ စားပွဲပေါ်ချပေးနေသည်။ ထမင်းလုံးများ၏အလယ်၌ အမွှေးတိုင်များ ထောင်မတ်နေအောင်စိုက်ထား၏။ သေသူများအတွက် စိုက်ထူရသည့် အမွှေးတိုင်များပင်။
ကစားသမားများ - "............"
တစ်ခြားသူများ မည်သို့ခံစားရသည် မသိသော်ငြား ပိုင်လော့ဖုန်း ငယ်ငယ်က ထိုကိစ္စမျိုးကို နားမလည်သဖြင့် ဆေးရုံတက်နေစဥ်၌ ထမင်းလုံးတွင် အမွှေးတိုင်ထွန်းကာ စားခဲ့ဖူးသည်။ သူ့အဖွားက အားကစားသမား တစ်ဦးထက်ပင်မြန်သည့် အရှိန်နှင့်ပြေးလာပြီး အမွှေးတိုင်အားယူထုတ်ကာ သူ့အားဆူဆဲဖူး၏။ "နင်ဒီလိုစားလို့ရမလား။ ဆေးရုံကလာဘ်ပိတ်တဲ့အပြင် နင်ကနေမကောင်းဖြစ်နေပါတယ်ဆိုမှ။ အခုကတည်းကကြိုပြီး ကိုယ့်အတွက်ကိုယ် အမွှေးတိုင်ထွန်းနေတာလား။"
ပိုင်လော့ဖုန်း အစ်မကျန်းအား 'ကျွန်တော်တို့ကို အမွှေးတိုင်ပူဇော်နေတာလား။'ဟု မေးလိုက်ချင်သည်။
သို့သော်လက်ရှိ၌ သူအသံကျယ်ကျယ်ပင် မပြောရဲပေ။
အစ်မကျန်းက ပြုံးရယ်ကာအားလုံးကို ထမင်းလုံးများကမ်းပေးလာသည်။
ထမင်း ၈ လုံးသာပါ၍ လူတိုင်းအတွက် မလောက်ငှသလို ထမင်းလုံးရသူများကလည်း သေသူအတွက် အစားအသောက်များ ဖြစ်နေမလားဟုပူပန်ကာ ထမင်းလုံးအားထိုအတိုင်း ကြည့်နေကြ၏။ ထိုထမင်းလုံးများအား မြင်လိုက်ချိန်၌ အသက်ရှင်နေသူများအတွက် ကြိုတင်ကျင်းသည့် စျာပနာပွဲကဲ့သို့ ခံစားရသည်။
ဖုန့်ရန်ယွိ လက်ထောင်လာခေါ်လိုက်၏။ "တစ်ဆိတ်လောက်..."
အစ်မကျန်းက ပြန်ဖြေသည်။ "ပြောလေ၊ လူချောလေး။"
"ကျွန်တော်ထင်တာမမှားရင်..." သူထမင်းလုံးအား လက်ညှိုးထိုးပြလိုက်၏။ "ဒီလိုအမွှေးတိုင်ထွန်းတာက ကံညံ့တယ်မဟုတ်ဘူးလား။"
"သြော်၊ဟုတ်သားပဲ။ ဒါကငါတို့ရွာဓလေ့လေ။ လူချောလေး၊ တစ်မျိုးမထင်ပါနဲ့။ ဒါကရွာဓလေ့ပါကွယ်။
"ဘယ်လိုဓလေ့မျိုးလဲ။"
"ဘုရားပွဲနီးရင် ငါတို့ကထမင်းအေးဟင်းအေးပဲစားကြတာ။ ရွာကိုအသက်မဲ့အောင်လုပ်ဖို့ ဓာတ်ရိုက်ဓာတ်ဆင်သဘောပေါ့။ ဒါမှဘုရားပွဲစရင် အသက်ဝင်မှုက ပိုထင်ရှားပြီး ရွာရဲ့ပွဲတော်ကလည်း ပိုစည်ကားမှာပေါ့။ ဗုဒ္ဓလည်းရွာကို ပိုသတိထားမိဖို့လွယ်သွားတာပေါ့။"
ရွှမ်ချမ်က မျက်နှာသေနှင့် မျက်ချက်ပေးလာ၏။ "ကလေးတွေ လူကြီးတွေဆီက အာရုံစိုက်ခံရအောင် ကြိုးစားနေကြသလိုပဲ။"
"သိပ်ကောင်းတဲ့စကားပဲ A19 ရေ။" ရွှမ်ချမ်ကရယ်ကာ အမွှေးတိုင်ကိုဆွဲထုတ်ပြီး ထမင်းတစ်ဇွန်းခပ်စားလိုက်၏။