no

Font
Theme

အပိုင်း ၃၇ - ဘုရားပွဲတော် (အခန်း ၄)

ရွှမ်ချမ်ထမင်းတစ်စွန်းခပ်ကာ ပါးများဖောင်းသည်အထိ နှစ်ချက်ခန့်ဝါးပြီးပြောလာသည်။ "အေးနေတာပဲ။"

"ထမင်းအေးဟင်းအေးစားတာက ဓလေ့ပါဆိုမှ။" ဟောက်ဖုန်းကရှင်းပြ၏။

အစ်မကျန်းက ကျန်သည့်လူများအတွက်ပါ ထမင်းလုံးများချပေးလာပြီး အားလုံးအမွှေးတိုင်များကိုဖြုတ်ကာ ထမင်းစားကြသည်။

လျန့်ယွဲ့ရှစ်က မာလာဝက်အူချောင်းဟင်းအား တစ်ဇွန်းခပ်စားရင်း မျက်မှောင်ကြုတ်နေ၏။

"ဘာဖြစ်လို့လဲ။" ရှစ်ယွမ်ကမေးလာသည်။

"ဟင့်အင်း၊ ဒီတိုင်းမာလာဟင်းကို အေးစက်စက်ကြီးမစားဖူးလို့။"

ဟင်းများအားလုံးကအေးနေသည်။ သို့သော် အချိန်အကြာကြီး အအေးခံထား၍ အေးခြင်းမျိုးမဟုတ်ဘဲ ရေခဲတိုက်မှစိမ့်ထွက်နေသည့် အေးစက်မှုမျိုးနှင့်အေးနေခြင်းပင်။

အစ်မကျန်းက စားပွဲဘေး၌ရပ်ရင်း ခါးစည်း၌လက်သုတ်ကာမေးလာ၏။ "ဘယ်လိုနေလဲ။"

အားလုံးက စကားမမှားအောင်ဂရုစိုက်ကာ အရသာရှိဟုသာ ပြန်ဖြေကြသည်။

"ကောင်းတယ်ဆိုမှတော့ တကယ်ကောင်းပုံပဲ။ အေးဆေးစားကြနော်။" သူမကထိုမျှသာပြောပြီး အခန်းထဲပြန်ဝင်သွား၏။

စားသောက်ပြီးနောက် နေလုံးဝ ဝင်သွားလေပြီ။ ညရောက်သည်နှင့် အစ်မကျန်း၏ခြံဝင်းထဲ၌ မီးတစ်လုံးသာထွန်းထားသည်။ အဖြူရောင်မီးသီးမှ အလင်းရောင်သည် ခြံဝင်းအတွင်းအေးစက်စွာဖြာကျနေပြီး ထိုနေရာအား အသက်မဲ့နေစေ၏။

ရွာမှအမျိုးသမီးကြီးက ထွက်လာပြီး သူတို့အားလုံး စားပြီးသည်ကိုတွေ့သည်နှင့် တည်းခိုရမည့်နေရာအား ခေါ်သွားပေးမည်ဖြစ်ကြောင်း ပြောလာသည်။

အားလုံးထရပ်ကာ သူမအနောက်မှ လိုက်လာကြ၏။ "ပျော်ပျော်နေကြနော်။ မနက်ဖြန်မှ ထပ်လာခဲ့ကြ။" အစ်မကျန်းကနှုတ်ဆက်လာသည်။

"ဟုတ်ပြီ၊ဟုတ်ပြီ။ ခုက သွားရမယ့် အချိန်ရောက်နေပြီ။" အမျိုးသမီးကြီးက အစ်မကျန်းအားလက်ဝေ့ရမ်းကာ နှုတ်ဆက်ရင်းပြော၏။

ရွာသားများသည် ဖော်ရွေကာအသံကျယ်ကျယ် စကားပြောသည့်အကျင့်ရှိကြပြီး သူမတို့နှစ်ဦး နှုတ်ဆက်နေကြသည်ကပင် အတော်ကြာသည်။

ပိုင်လော့ဖုန်း အပြင်ထွက်လာပြီး နောက်သို့ပြန်လှည့်ကြည့်သောအခါ ခြံထဲ၌ရေသွန်နေသည့် မိန်းကလေးအား အတွင်းဖက်ရှိအခန်း၏ တံခါးနောက်တွင်ရပ်နေသည်ကိုတွေ့ရ၏။ ခန္ဓာကိုယ်တစ်ဝက်သာ အပြင်ကိုထွက်နေပြီး တစ်ဝက်ကအထဲရောက်နေသည့် တံခါးကသူမ၏ခန္ဓာကိုယ်အား နှစ်ပိုင်းဖြတ်ထားသလို မြင်ရစေ၏။ အစ်မကျန်းက တံခါးအပြင်ဖက်၌ရပ်ကာ အော်ဟစ်ပြောဆိုနေပြီး မိန်းကလေးက သူမနံဘေး၌ မျက်နှာသေနှင့် သူတို့အားရပ်ကြည့်နေသည်။

ခြံထဲမှမီးရောင်မှာ အဖြူရောင်ဖြစ်၍ သူမအား အသွေးအသားမရှိသလိုဖြူစေပြီး အဖိုးကြီးဝမ်အိမ်မှ စက္ကူရုပ်နှင့်တူစေ၏။

အစ်မကျန်းနှုတ်ဆက်ပြီးသည်နှင့် သူတို့အဖွဲ့ခြံထဲမှထွက်လာကြသည်။

အမျိုးသမီးကြီးက ရွာနောက်ပိုင်းသို့ ဆက်ဦးတည်နေ၏။

ညရောက်ပြီဖြစ်၍ ခြံဝင်းအားလုံး၌ မီးထွန်းထားကြသည်။ အများစုကညဖက် လေညှင်းထွက်ခံနေကြပြီး သူတို့အားတွေ့သောအခါ နှုတ်ဆက်လာကြ၏။

ရုတ်တရက် တစ်ခုခုမူမမှန်သည်ကို ပိုင်လော့ဖုန်းခံစားမိလာသည်။ ထိုသို့ထင်နေသည်မှာ သူတစ်ယောက်တည်းမဟုတ်ပါ။

ရွှမ်ချမ်ကအရင်စကားစလာသည်။ "နည်းနည်းထူးဆန်းတယ်လို့ မထင်ဘူးလား။"

လျန့်ယွဲ့ရှစ်က ဘာမှမထူးခြားသလို ပြန်မေးလာ၏။ "ဟင်၊ ဘာဖြစ်လို့လဲ။"

"ဒီလူတွေလေ၊ ငါတို့ဖြတ်လာသမျှအိမ်တိုင်းက လူတစ်ယောက်၊နှစ်ယောက်လောက်က ခုထိခြံထဲမှာ အလုပ်လုပ်နေကြတုန်းပဲ။"

ဟောက်ဖုန်းကမေးလာသည်။ "ဒါပုံမှန်ပဲမဟုတ်ဘူးလား။"

"သူတို့ရဲ့အသားအရေ ရွာသားတွေနဲ့မတူဘဲ ဖြူစင်ဝင်းမွတ်နေတာက ကြောက်စရာကောင်းတယ်။"

"ဟိုရှေ့ကအိမ်ကိုပဲကြည့်။" သူမထိုးပြသည့်နေရာအား အားလုံးကြည့်လိုက်ကြ၏။

ခြံဝင်းထဲရှိအိမ်ငယ်တစ်လုံးဖြစ်ပြီး ခြံဝင်းထဲ၌ ရိုးရိုးရှင်းရှင်း ဝတ်စားထားသည့်လူငယ်က ဖိနပ်ပါးကိုစီး၍ ရေတွင်းထဲကြိုးချကာ ရေငင်နေသည်။

ဟောက်ဖုန်းကပြောလာ၏။ "ရေငင်နေတယ်လေ၊ ဘာလွဲနေလို့လဲ။"

"သူ့မျက်နှာကိုသေချာကြည့်။"

အားလုံးကလူငယ်၏ မျက်နှာအားတွေ့ရရန် မျက်လုံးမှေးကာကြည့်ကြသည်။

နောက်ကျောပေးကာ ရေငင်နေ၍ သူ့မျက်နှာအား ရှင်းရှင်းလင်းလင်းမတွေ့ရပေ။ အသေအချာကြည့်မှ သူ့မျက်နှာက ခံစားချက်ကင်းမဲ့ကာ ပွင့်နေသည့်မျက်လုံးများက ထုံထိုင်း၍ အသက်မဲ့နေသည်ကို တွေ့ရလိမ့်မည်။

ကြိုးကိုအောက်ပြန်ချပြီးတိုင်း သူကစက်တစ်လုံးကဲ့သို့ ခဏလောက်ရပ်သွားသည်။ ဖယောင်းပြတိုက်မှ ဖယောင်းရုပ်အား စက်ကိရိယာတပ်ကာ အလုပ်လုပ်ခိုင်းထားသည်နှင့်တူ၏။

သူတို့အားလုံး ကြောက်လန့်တကြားနှင့် နေရာ၌ရပ်နေမိကြသည်။

ရွှမ်ချမ်တစ်ဦးတည်းကသာ ဘာမှမထူးခြားသလို ဆက်လျှောက်နေ၏။

"တွေ့ကြပြီမလား။"

"အင်း။"

ခြေသံများတဖြည်းဖြည်း ရပ်ကုန်ကြသည်ကို ခံစားမိသဖြင့် အမျိုးသမီးကြီး လှည့်ကြည့်သောအခါ သူတို့တစ်ဖွဲ့လုံး ရပ်နေကြသည်ကို တွေ့လိုက်ရ၏။ "ဘာဖြစ်နေလို့လဲ။"

"အာ၊ မဖြစ်ပါဘူး၊ မဖြစ်ပါဘူး။" လျန့်ယွဲ့ရှစ်က လက်ခါပြကာပြန်ဖြေသည်။ "ရေတွင်းကိုခုမှတွေ့ဖူးလို့ စပ်စုနေတာပါ၊ ဟဲဟဲ။"

အမျိုးသမီးကြီးက ရယ်၏။"ဘုရားရေ၊ ပေါက်ပေါက်ရှာရှာ။ လာတဲ့လမ်းတစ်လျှောက်လုံး ရေတွင်းတွေမတွေ့လာဘူးလား။"

လျန့်ယွဲ့ရှစ်ခေါင်းကုတ်ရင်း ပြန်ဖြေလာသည်။ "ဟို၊ သတိမထားမိလို့ထင်တယ် ဟီးဟီး။"

"သြော်၊ဒီလိုလား။ ဘာမှမဖြစ်ပါဘူး။ အလည်လာမှတော့ နေရာစုံပတ်ကြည့်သင့်တာပေါ့။ ရွာမှာကဒါတွေပဲ ကြည့်စရာရှိတာ။ ပတ်ကြည့်ပြီး ရွာသားတွေနဲ့စကားပြောလေ။ အရှုံးမှမရှိတာ။ အချိန်ကျရင် ကိုယ်သဘောကျတဲ့မိသားစုက ကိုယ့်ကိုရမှာကိုး။"

ပိုင်လော့ဖုန်းက စကားလုံးများအား သေချာဆန်းစစ်နေ၏။

"အချိန်ကျရင်.....ဘယ်အချိန်လဲ။ အချိန်ကျရင်ဘာဖြစ်မှာလဲ။"

အမျိုးသမီးကြီး၏ အပြုံးကအနည်းငယ် တောင့်ခဲသွားသည်။ "သြော်၊ မင်းတို့နေရမယ့် နေရာကိုပြောတာ။ အခုသွားမယ့်နေရာမှာက နှစ်ရက်ပဲနေရမှာ။ ပြီးရင်လူခွဲပြီး ရွာသားတွေနဲ့နေရမယ်။ ကိုယ်ဘယ်မိသားစုထဲ ဝင်ရမလဲသိရမှာပေါ့။"

ပိုင်လော့ဖုန်း သူမ၏ဖြေရှင်းချက်အား မယုံကြည်သလို သံသယဝင်လာသည်။

အမျိုးသမီးကြီးကလည်း ထိုကိစ္စအကြောင်း ထပ်မပြောတော့ချေ။ "ကဲ၊နောက်တောင်ကျနေပြီ။ သွားကြရအောင်၊ တည်းရမယ့်အိမ်ကရှေ့နားလေးမှာပဲ။"

သူမရှေ့မှ ခပ်သုတ်သုတ်လျှောက်နေသဖြင့် သူတို့အဖွဲ့လည်း နောက်မှလိုက်ပါလာကြ၏။

ရွာလမ်းမှာချိုင့်ခွက်၊ ကျောက်တုံးများနှင့် အတော်ကြမ်းသည်ဆိုရမည်။ ဆက်သွားလေလေ အိမ်များနည်းလာလေလေနှင့် ရွာပြင်ထွက်နေသည်နှင့်တူကာ ပတ်ဝန်းကျင်ပိုတိတ်ဆိတ်လာသဖြင့် အဖွဲ့သားများ စိတ်မသက်မသာ ဖြစ်လာရ၏။

စုချာသတ္တိမွေးကာ မေးထုတ်လိုက်သည်။ "အန်တီ၊ ရွာပြင်ရောက်နေပြီမလား။ ဘယ်ကိုသွားနေကြတာလဲ။"

"ရောက်ခါနီးပါပြီ။"

ရွာပြင်ရောက်သည်နှင့် မီးအလင်းရောင်များ မရှိတော့ချေ။

ဤကြမ်းလှသည့် လမ်းကိုဖြတ်ရန် ဓာတ်မီးများထွန်းကာ အမျိုးသမီးကြီးနောက်မှ လိုက်ကြရ၏။

သုံးမိနစ်အကြာတွင် လိုရာသို့ရောက်လာကြသည်။

ပိုင်လော့ဖုန်း ဓာတ်မီးကိုအပေါ်သို့ထိုးကာ ကြည့်လိုက်ရာ

'ဝူပုဘုရား'

အမျိုးသမီးကြီးက သူတို့အား ဘုရားဆီခေါ်လာခဲ့ခြင်းပင်။

ဘုရားကျောင်း၏ ဗိသုကာလက်ရာမှာ အတော်ရှေးဆန်ပြီး ရိုးရှင်းကာမီးခိုးရောင်ကိုသာ အဓိကသုံးထားသည်။ မီးခိုးရောင်အမိုးနှင့် အဖြူရောင်နံရံအောက်၌ ဂိတ်တံခါးကြီးရှိ၏။ အဝင်ဝရှိသစ်သားတံခါး၌ အကွေ့အကောက်များနှင့် ရှေးကျသောပန်းပုလက်ရာများကို တွေ့ရသည်။

သို့သော်ပြုစုထိန်းသိမ်းသူမရှိသလို ဘုရားကျောင်းထဲ၌ ဖုန်များအထပ်ထပ်စွဲနေ၏။ လှေကားထစ်များကို ပိုင်လော့ဖုန်း မီးထိုးကြည့်သောအခါ လှေကားထစ်အားလုံး၌လည်း ဖုန်စွဲကပ်နေသည်။

"ဒါငါတို့ရွာရဲ့ဘုရားကျောင်းပဲ။" အမျိုးသမီးကြီးက ဝမ်းမြောက်ဝမ်းသာ မိတ်ဆက်ပေးလာ၏။ "မင်းတို့က အပြင်လူတွေဆိုတော့ ဘုရားကျောင်းကိုလာပြီး သတင်းပေးသင့်တာပေါ့။ တစ်ရက်နှစ်ရက်လောက်တော့ ဒီမှာအိပ်လိုက်ကြ။ ညရောက်မှ သစ်သားငါးဗုံကိုတီးပြီး ဘုရားရှိခိုးရင်း အသိပေးလိုက်ကြပေါ့။"

ဘုရားကျောင်းကအတော်ခေါင်ပြီး မီးတပ်ဆင်ထားခြင်းမရှိချေ။ သရဲခြောက်သည့်နေရာလို ခြောက်ခြားစရာကောင်း၏။

စုချာက ကျန်းမုန့်ရီနောက်ဝင်ပုန်းသည်။ ကျန်းမုန့်ရီကထုတ်မေးလာ၏။ "ကျွန်တော်တို့ ကြမ်းပေါ်မှာအိပ်ရမှာလား။"

"ဟုတ်တာပေါ့။" အမျိုးသမီးကြီးကပြန်ဖြေသည်။

"ကျွန်တော်တို့ချည်းပဲလား။" ရှစ်ယွမ်ကဝင်မေးလာ၏။

"မဟုတ်ဘူး၊ ဒီကျောင်းကိုစောင့်ရှောက်တဲ့ ဘုန်းကြီးအိုတစ်ပါးရှိတယ်။ ဒါနဲ့ သူဘယ်ရောက်နေတာလဲ။"

"ထူးဆန်းလိုက်တာ။" သူမကထိုစကားအား သူ့တစ်ကိုယ်တည်းကြားရုံသာ ရေရွတ်နေ၏။ ပြီးမှ အသံကျယ်ကျယ်နှင့် ထိုဘုန်းကြီးအား အော်ခေါ်နေ၏။

"ဘုန်းဘုန်း၊ ဘုန်းဘုန်း။"

"ဒီမှာ"

သူတို့အုပ်စုကြားမှ အသက်ကြီးကြီးလူ၏ သြရှရှအသံထွက်လာသည်။

အားလုံးထိတ်လန့်ကုန်ကာ ထခုန်ကြတော့၏။ လှည့်ကြည့်လိုက်သောအခါမှ သင်္ကန်းနှင့်လူအိုကြီး သူတို့ကြားထဲရောက်နေကြောင်း သဘောပေါက်ကြသည်။

ဘုန်းကြီး၏လက်ထဲ၌ ရေပုံးနှစ်လုံးဆွဲထားသည်ကို ပိုင်လော့ဖုန်း သတိထားမိ၏။

"ဘယ်သွားနေတာလဲ။ ရေသွားဆွဲတာလား။ ဒါကြောင့်ဘုရားကျောင်းမှာ မီးမထွန်းထားတာပေါ့။" အမျိုးသမီးကြီးက မေးလာသည်။

ဘုန်းကြီးကဟုတ်ကြောင်းသာ လည်ချောင်းသံနှင့်ထောက်ခံပြီး ကျောက်လှေကားထစ်များပေါ်တက်နေ၏။

"ဒီမှာ ခရီးသွားတွေကိုခေါ်လာခဲ့ပြီးပြီ။"

"သိပြီ၊ ပြန်လို့ရပြီ။"

ထိုအခါ အမျိုးသမီးက အချိန်ဆွဲမနေတော့ဘဲ "ဟုတ်ကဲ့"ဟုပြောကာ ထွက်သွားတော့၏။ သူမ မပြေးရုံတမယ် သွားနေခြင်းဖြစ်သည်။

"သူတစ်ခုခုကနေလွတ်အောင် ပြေးနေတဲ့ပုံမပေါက်ဘူးလား။" လျန့်ယွဲ့ရှစ်က ကောက်ချက်ချ၏။

ကျန်သည့်လူများလည်း ခံစားချက်များ မရေမရာဖြစ်နေကြသည်။

ပိုင်လော့ဖုန်း ခေါင်းငြိမ့်ပြလိုက်သည်။ "ထူးဆန်းတယ်။ ဘုရားပွဲတော်ကျင်းပမယ့်ရွာက ဘုရားနဲ့နီးနီးကပ်ကပ်မနေဘဲ အဝေးကိုပြေးနေသလိုပဲ။"

ရုတ်တရက် ဘုရားဝင်းအတွင်းမီးလင်းလာ၏။ သူတို့နောက်လှည့်ကြည့်သောအခါ ဘုန်းကြီးအိုမှ ကြာပန်းပုံဖယောင်းခွက်အား မီးညှိနေသည်ကို တွေ့ရသည်။

ဘုရားထဲဝင်သည်နှင့် ထိုမီးရောင်ကြောင့် အတွင်းပိုင်းအား ရှင်းရှင်းလင်းလင်း တွေ့ရ၏။

ဘုရားကျောင်း၏အဆုံးဖက်၌ အင်မတန်ကြီးသည့် ဗုဒ္ဓရုပ်ပွားတော်ကြီးရှိနေသည်။ ရုပ်ပွား၏ခေါင်းအစခြေအဆုံးကို အဝတ်ဖြူနှင့်ဖုံးအုပ်ထား၏။ ရုပ်ပွားတင်ထားသည့် ကြာပန်းပုံပလ္လင်ကိုသာ တွေ့ရပြီး မျက်နှာနှင့်အသွင်အပြင်အား မတွေ့ရချေ။

ရုပ်ပွားမှာ အင်မတန်မြင့်သဖြင့် မျက်နှာအားကြည့်ရန် လည်ဆန့်ကာကြည့်ရသည်။ သို့သော်ဖယောင်းတိုင်မီးရောင်သည် မျက်နှာကျက်အထိ မရောက်နိုင်ပေ။ ရုပ်ပွား၏လည်ပင်းမှစကာ အမှောင်ထုကိုသာတွေ့ရသဖြင့် ခေါင်းအဖြတ်ခံထားရသည်နှင့် တူ၏။

"အိပ်ရာခင်းတွေနဲ့ ခေါင်းအုံးတွေကငါ့အခန်းမှာ။ မင်းတို့ထဲက တစ်ချို့လိုက်ယူကြပေါ့။"

ကြာပန်းပုံဖယောင်းခွက် လေးငါးခွက်အား ဘုန်းကြီးမီးညှိထားပြီးဖြစ်၏။

ရုပ်ပွား၏ရှေ့၌ သစ်သားကန်တော့ပလ္လင်ရှိပြီး အမွှေးတိုင်ခွက်များ၊ ကန်တော့ပစ္စည်းများနှင့် ဖယောင်းခွက်များတင်ထားသည်။

ကန်တော့ပလ္လင်နောက်၌ ပိုမြင့်သည့်သစ်သားစင်ကြီးရှိပြီး သေသူအမှတ်တရဘုတ်ပြားများ စီတန်းထား၏။

ဘုန်းကြီးအိုက ကြာပန်းဖယောင်းခွက်အားကိုင်ရင်း ပြောလာသည်။ "ဘုရားကျောင်းက သိပ်တော့မကျယ်ဘူး။ ညဆိုတော့အိပ်ရာခင်းတွေဖြန့်ပြီး ကြမ်းပေါ်မှာပဲအိပ်ကြ။"

"ဟမ်၊ ဒီမှာအိပ်ရမှာလား။ အဝတ်ဖြူအုပ်ထားတဲ့ ရုပ်ထုဘေးမှာအိပ်ရမှာလား။" လျန့်ရိထုံက အထိတ်တလန့်ထအော်၏။

"ဘေးချင်းကပ်အိပ်ရတာမှမဟုတ်တာ။" အဖိုးကြီးကအမှန်ပြင်ပေးလာသည်။ "ရုပ်ပွားကမင်းတို့ အနားယူနေတုန်း စောင့်ကြည့်ပေးနေမှာ။ စကားကို မဆင်မခြင်မပြောကြနဲ့။ အော်မီတော်ဖော်..... မင်းတို့ပြောတဲ့စကားတွေက အပြစ်သိပ်ကြီးတယ်။"

လျန့်ရိထုံ၏မျက်နှာက ပုပ်သိုးနေသည့်အစားအား စားမိသလိုရှုံ့တွနေ၏။

ပိုင်လော့ဖုန်းက အလိုက်သိစွာနှင့် လက်အုပ်ချီကာ ရုပ်ထုအား နှစ်ကြိမ်ခန့်ဦးချပြီးနောက် မေးလာသည်။ "ဆရာ၊ ဒါကဘယ်လိုရုပ်ထုမျိုးလဲ။ ဘာကြောင့်ဒီလို ဖုံးထားရတာလဲ။"

"ဒီရုပ်ပွားက ဝိညာဥ်စွမ်းအင်ပိုင်ဆိုင်ထားတဲ့ ငါတို့ရွာအတွက် သီးသန့်ကိုးကွယ်အားထားရာပဲ။ သူ့နာမည်ကိုတော့ ဒီလိုပေါပေါပဲပဲ မထုတ်ပြောရဲဘူး။ ဘုရားပွဲကကပ်နေပြီ။ ပွဲနေ့ကျရင် ရွာသားတွေက ရုပ်ပွားအသေးလေးတွေထုပြီး ပလ္လင်တွေနဲ့ လမ်းမှာထားကြတယ်။ အဲ့ဒီမတိုင်ခင် ပွဲအတွက်ပြင်ဆင်ရင်း ရှုပ်ပွနေတဲ့မြင်ကွင်းကို သူတွေ့သွားလို့မဖြစ်ဘူး။ ပြီးတော့ရုပ်ပွားအသေးလေးတွေထုရင်း ခုတ်မိ၊ချိုးမိသွားရင် သူအမျက်ထွက်မှာစိုးလို့ မမြင်ရအောင် အဝတ်အုပ်ထားတာပဲ။"

ဘုန်းကြီးအိုက ခေါင်းကိုခပ်လေးလေးလှည့်သွားပြီး ရုပ်ပွားကိုအုပ်ထားသည့် အဝတ်စဖြူအားစိုက်ကြည့်နေသည်။

"ပွဲတော်ရက်အထိ ဒီအဝတ်စကိုဖယ်လို့မရဘူး။"

"သိပါပြီဗျ။"

"မင်းတို့ဒီမှာနေတဲ့ အတောအတွင်း ဘယ်အခြေအနေရောက်ရောက် ဒီအဝတ်စကို ထိခွင့်မရှိဘူး။ မေးစရာရှိသေးလား။"

တစ်ဖွဲ့လုံး အသံမထွက်ပေ။

"မေးစရာမရှိပုံပဲ။ ဒီတော့ အခင်းနဲ့ခေါင်းအုံးယူဖို့ လူနည်းနည်းလိုက်ခဲ့ကြ။"

"ငါတို့သွားလိုက်မယ်။" ရှစ်ယွမ်က လျန့်ယွဲ့ရှစ်အားကြည့်ရင်း ပြောလာသည်။

"ရတယ်။" လျန့်ယွဲ့ရှစ်ကမငြင်းပေ။

"ငါလည်းလိုက်မယ်။" ကျန်းမုန့်ရီကဝင်ပြောလာသည်။ "မင်းတို့နှစ်ယောက်တည်း အားလုံးမသယ်နိုင်လောက်ဘူး။"

"ဆယ့်သုံးယောက်စာကို သုံးယောက်တည်းသယ်မယ်ဆို တစ်ခေါက်တည်းမပြီးလောက်ဘူး။ ငါလည်းလိုက်ခဲ့မယ်။" အစ်ကိုဟိုင်ကပြောလာ၏။

တစ်ယောက်ပြီးတစ်ယောက် ဝင်ပါရင်းနှင့်နောက်ဆုံး၌ အဖွဲ့ဝင်တစ်ဝက်ခန့် ဘုန်းကြီးအိုကြီးနောက် ပါသွားကြသည်။

ပိုင်လော့ဖုန်း လိုက်ရန်ပြင်သော်လည်း လူအလွန်များနေပြီဖြစ်၍ သူ့ခန္ဓာကိုယ်အား အနားပေးရန် ကျန်းမုန့်ရီကသူ့အားကျန်ရစ်စေ၏။

မကြာမီအိပ်ရာခင်းများနှင့် သူတို့ပြန်ရောက်လာကြသည်။ လျန့်ယွဲ့ရှစ်က ဘုန်းကြီးဆီမှ တံမြက်စည်းများပင်တောင်းလာ၏။ ကြမ်းပြင်မှာအလွန်ညစ်ပတ်နေ၍ အိပ်ရာမပြင်မီ လဲကျင်းရန်လိုသည်ဟုပြောကာ တောင်းလာရခြင်းပင်။

ကြမ်းပြင်မှာအမှန်ပင် အလွန်ညစ်ပတ်နေ၍ အားလုံးကသူ့ကိုထောက်ခံကြသည်။

အလုပ်များအားခွဲဝေပြီး နာရီဝက်ခန့်အကြာ၌ ခန်းမအားလဲကျင်း၍ အိပ်ရာပြင်ခြင်းပြီးစီးသွား၏။

လျန့်ယွဲ့ရှစ်က ဘုန်းခနဲမြည်အောင် ဖျာပေါ်လဲချလိုက်သည်။ တစ်နေကုန်လှုပ်ရှားနေရပြီး ကောင်းကောင်းမစားသောက်ရသဖြင့် သူအတော်ပင်ပန်းနေပြီး လဲအိပ်မှသာ သူသက်ပြင်းချနိုင်၏။

"ဟင်း၊ အောက်သိုးသိုးအနံ့ရနေတယ်။"

ရှစ်ယွမ်က သူ့စကားအား ချက်ချင်းသဘောပေါက်သည်။ ဘုန်းကြီးအိုကြီးပေးလိုက်သည့် အိပ်ရာခင်းများမှာ မှိုစော်နံနေကာ အတော်ကြာပြီဖြစ်၍ ဝါညစ်ညစ်အရောင် ပြောင်းနေပြီဖြစ်၏။

"ဘာပဲပြောပြော အိပ်ဖို့နေရာတော့ရသေးတာပဲ။ သည်းခံလိုက်။"

လျန့်ယွဲ့ရှစ်က ခပ်ဖွဖွရယ်၏။ "ဟုတ်သားပဲ။"

ပိုင်လော့ဖုန်းက ဘောင်းဘီအိတ်ထဲလက်ထည့်ကာ ကန်တော့ပလ္လင်အားရပ်ကြည့်နေသည်။

ရှစ်ယွမ်လှည့်ကြည့်သောအချိန်၌ ပိုင်လော့ဖုန်း၏ နောက်ကျောကိုသာတွေ့ရ၏။

"ဟေး၊ ပိုင်လော့ဖုန်း မင်းဘာကြည့်နေတာလဲ။"

"ဝိညာဥ်ဘုတ်ပြားတွေ။" ပိုင်လော့ဖုန်းလှည့်မကြည့်လာပေ။ ဘုတ်ပြားများကိုသာ သူစိုက်ကြည့်နေ၏။ "ဒီဘုတ်ပြားအားလုံးက ဒီရွာကသေပြီးသားတွေလား။"

ရှစ်ယွမ်က စိတ်ဝင်တစားဖြစ်ကာ သူ့အနားလျှောက်လာသည်။

ပလ္လင်ပေါ်၌ အတန်း ၇ တန်းခွဲထားပြီး ဘုတ်ပြားများအပြည့်နှင့် နေရာလပ်ပင်မတွေ့ရပေ။

"မင်းပြောမှပဲ ဘုတ်ပြားတွေက အရမ်းများပါလား။ တစ်တန်းမှာ ၁၂ ခု၊ ၇ တန်းဆိုတော့ အားလုံး ၈၄ ခုပေါ့။ ဒီရွာလေးက လူဒီလောက်တောင်သေထားတာလား။"

"ထူးဆန်းတယ်မထင်ဘူးလား။ ရွာကသေးသေးလေး။ လူတောင် ၈၄ ယောက်မပြည့်လောက်ဘူး။ လူထက်သေလူက ပိုများနေတာမလား။"

တစ်ခုခုထူးဆန်းနေသည်ကို ခံစားရသဖြင့် ရှစ်ယွမ်ကမေးကိုပွတ်ကာ မျက်မှောင်ကြုံ့နေသည်။

"အခုတော့ဒါကို သဲလွန်စအဖြစ်ထားထားပေါ့။" ရွှမ်ချမ်သူတို့နှစ်ဦးကြားလျှောက်လာ၏။ "ဒီမှာရပ်မနေကြနဲ့တော့။ ငါတို့မှာအစည်းအဝေးရှိတယ်။"

"အစည်းအဝေး၊ ဘာအတွက်လဲ။" ပိုင်လော့ဖုန်းကအခုမှသာ လှည့်ကြည့်လာသည်။

"ဘာအတွက်မှန်းမသိဘူးလား။ ဒီမစ်ရှင်ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတဲ့ကိစ္စပဲပေါ့။ နင်တုံးလှချည်လား။ ငါတို့မစ်ရှင်က ပွဲမတိုင်ခင်အထိ အသက်ရှင်အောင်နေ၊ ပွဲမှာဝင်ပျော်ပြီး အလကားကျွေးတာတွေစားပြီးတာနဲ့ ဘတ်စ်ကားစီးပြီး အိမ်ပြန်ရမယ်လို့များ မှတ်နေတာလား။"

ထိုကိစ္စက တိမ်မယောင်နှင့်နက်၏။

သူတို့၏မူလရည်ရွယ်ချက်မှာ ဘုရားပွဲလည်ရန်မဟုတ်မှန်း ပိုင်လော့ဖုန်းသိသည်။

ရွှမ်ချမ်က သူ့အိတ်သူကောက်ကာ အလယ်ဖက်ရှိအိပ်ရာ တစ်ခု၌ဝင်ထိုင်၏။ နေရာယူပြီးသည်နှင့်သူမက အိတ်ကိုကြမ်းပေါ်ပစ်ထုတ်လိုက်သည်။

ထို့နောက်အိတ်ကပ်ထဲမှ သကြားလုံးယူထုတ်ကာ အခွံကိုကိုက်ခွာ၍ တစ်ဖက်လှည့်ကာပါးစပ်ထဲမှ ထွေးထုတ်နေ၏။ "နင်တို့အိတ်တွေလည်း ယူလာကြလေ။"

ရှစ်ယွမ်က ကြောင်အအနှင့်ပြန်မေးသည်။ "ဘာလုပ်ဖို့လဲ။"

"စကားပြောရင်း အချိန်မဖြုန်းကြနဲ့။"

"ဒီစာအုပ်ကို ဖတ်ပြီးပြီမလား။" ရွှမ်ချမ်ကသူ့အား မျက်စောင်းထိုးမှ လီချန်စစ်ဇက်ပုကာ ပါးစပ်ပိတ်သွား၏။

"နင်တို့ရောဘာပြောချင်ကြလဲ။ ငါ့ကိုအားမကိုးကြနဲ့။ ငါကမယုံရဘူး။ ဦးနှောက်ကိုအလုပ်ပေးရအောင်။ တစ်ခုခုပြောကြဦး။"

ဟောက်ဖုန်းက စကားစလာသည်။ "ကျောင်းသားကတ်အရတော့ ငါတို့အားလုံးက ကွမ်းမင်တက္ကသိုလ်ကပဲ။ မှတ်စုစာအုပ်အရတော့ ဒီကျောင်းသားဆယ့်သုံးယောက်က တရားမျှတမှုကို လိုချင်ရုံသက်သက် အရူးထပြီး လာကြတာမဟုတ်ဘူး။"

"မှန်တယ်။"

"သတင်းတွေအရ လူတွေပျောက်နေတာ ဆယ်နှစ်လောက်ရှိပေမယ့် ရဲတွေကဘာ သဲလွန်စမှမရကြဘူးတဲ့။ အရင်နှစ်ကလာတဲ့ ကွမ်းမင်ကျောင်းသားတွေကိုလည်း ရှာမတွေ့ဘူး။ အရင်နှစ်ကပျောက်တဲ့လူတွေက ငါတို့ရဲ့စီနီယာပဲ။" ပိုင်လော့ဖုန်းကပြောလာ၏။

"မှန်တယ်၊ ဆက်ပြောကြည့်ဦး။"

"မှတ်စုထဲကအတိုင်းဆို ဒီနေရာက ထူးခြားလွန်းနေတယ်။ တရားစာအုပ်နဲ့ ဖုန်းရွှေစာအုပ်ကတော့ မရေးမပါဘူး။ အဓိကအချက်က မှတ်စုနဲ့ မြေပုံမှာရှိလောက်တယ်။"

မြေပုံမှာ မှတ်စုထဲ၌ညှပ်ပါလာခြင်းပင်။ ပိုင်လော့ဖုန်းက မှတ်စုအားပထမဆုံးဖွင့်ပြီး မြေပုံကလျှောကျလာ၏။

ရွှမ်ချမ်မြေပုံအားဖွင့်ကြည့်လိုက်သည်။ မြေပုံအား သပ်သပ်ရပ်ရပ် ခေါက်ကာထားသည်မှာ အတော်ကြာပြီဖြစ်ပုံရပြီး ခေါက်ရိုးများမှာ အဝါရောင်သန်းနေလေပြီ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment