no

Font
Theme

အပိုင်း ၃၈ - ဘုရားပွဲတော် (အခန်း ၅)

ရွှမ်ချမ်ကမြေပုံအား လက်တစ်ဖက်နှင့် ဖွင့်ကြည့်ရင်းပြောလာသည်။ "နင်တို့ကြည့်ပြီးပြီမလား၊ ဒါဒီနေရာရဲ့မြေပုံပဲ။"

"အင်း၊ မြေပုံနဲ့ ပတ်သက်ပြီး မေးစရာတော့မရှိဘူး။" ပိုင်လော့ဖုန်းက တုံ့ပြန်၏။

မြေပုံထဲ၌ မြေမျက်နှာသွင်ပြင် အနေအထားကို ပြသထားသည် - အလယ်ဗဟို၌ ဝူပုရွာရှိကာ အဖက်ဖက်၌ သစ်တောများက ဝန်းရံထား၏။ သူတို့တောင်ဖက်မှ သစ်တောအားဖြတ်ကာ ဝင်ရောက်လာခြင်းပင်။ မြေပုံအရ တောင်ဖက်၌ တစ်ခုတည်းသော ဘတ်စ်ကားမှတ်တိုင်ရှိ၏။ ဇာတ်လမ်းကျောရိုးအရ သူတို့ဘတ်စ်ကားစီးလာကြပြီး သစ်တောကိုဖြတ်ကာ ရောက်လာကြခြင်းဖြစ်မည်။

"ဒီတော့ ရွာထဲကထွက်ဖို့ဆို ရွာသားတွေအလစ်ကိုချောင်းပြီး သစ်တောကိုပါဖြတ်ပြီးမှ တောင်ဖက်ကိုသွားရမှာပေါ့။" အစ်ကိုဟိုင်က ဆေးလိပ်ကိုမီးငြှိကာ နောက်ကျောကိုကုတ်ရင်း ခြေချိတ်ထိုင်ကာ ဆက်ပြောလာ၏။ ပြီးတော့လွန်ခဲ့တဲ့ နှစ်နှစ်ကပျောက်သွားတဲ့ ကျောင်းသားတွေကိုလည်း ရှာရဦးမယ်။"

"သတင်းထဲမှာပြောထားတာတော့ ပျောက်သွားတဲ့လူက ဆယ့်သုံးယောက်ပဲ။" လျန့်ယွဲ့ရှစ်က သတင်းစာအားပုတ်ကာပြောလာသည်။

"ငါတို့နဲ့ အရေအတွက်တူတာပဲ။ ဒီတော့ကငါတို့တစ်ယောက်ကို လူတစ်ယောက်နှုန်းဆီ ခေါ်ရမယ့်သဘောလား။"

"ထင်ရတာပဲ။ ဒါပေမယ့်အဓိကအချက်တွေက ဒီစာအုပ်ထဲမှာ။" ရွှမ်ချမ်ကမှတ်စုစာအုပ်ကို ပြန်ဖွင့်ကြည့်၏။

"ပထမစာမျက်နှာကို အရင်နှစ် စက်တင်ဘာလကနေ စထားတယ်။" သူမအသံကျယ်ကျယ်နှင့် ဖတ်ပြတော့သည်။

"စက်တင်ဘာလ ၁ ရက်နေ့၊ ကျောင်းပိတ်ရက်တွေကုန်ပြီး အတန်းတွေဒီနေ့ပြန်ဖွင့်တယ်။ အား၊ စိတ်ပျက်စရာပဲ။ ကျောင်းကိုတစ်ရက်မှ မသွားချင်ဘူး။ အရင်ဒိုင်ယာရီစာအုပ် ကုန်ပြီဆိုတော့ ဒီနေ့အသစ်တစ်အုပ် ထုတ်ရေးလိုက်ပြီ။"

"စက်တင်ဘာလ ၁၀ ရက်နေ့၊ စာသင်နှစ်စရဲ့ဘဝကအရင်လို ပျင်းစရာကောင်းပြီး အလုပ်များတုန်းပဲ။

တစ်ချို့နေ့တွေဆို ဘာလုပ်လို့လုပ်မိမှန်း မသိဘဲကုန်သွားတာတွေလည်းရှိတယ်။ အလုပ်များနေပေမယ့် မှတ်ဉာဏ်ထဲ ဘာမှမကျန်ဘူး။

ဘေးအဆောင်က စီနီယာချင်ချင်းကတော့ အမြဲတမ်းတက်ကြွနေတာပဲ။ သူမကကြင်နာတတ်တဲ့ လူကောင်းတစ်ယောက်ပဲ။ ဒီကိုစရောက်တုန်းက ငါးလွှာက ငါ့အခန်းထိ စီနီယာက ငါ့အဝတ်အိတ်ကို ဆွဲတင်ပေးခဲ့တာ။

အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲမှာ ပထမဆုရပြီး ဘွဲ့ရကျောင်းသားတွေပဲ လက်ခံတဲ့ အစီအစဥ်မှာတောင် ဝင်ခွင့်မဖြေရဘဲ ဝင်ခွင့်ရသွားတယ်ကြားတယ်။ အထင်ကြီးစရာပဲ။ စီနီယာချင်ချင်းက အတန်းထဲမှာလည်း အမြဲပထမ၊ ဆုတွေလည်းရနေတော့ ဒီကိစ္စက ဆန်းတော့မဆန်းဘူးပဲ။"

"စက်တင်ဘာလ ၁၁ ရက်နေ့၊ ဒီနေ့ စီနီယာနေမကောင်းပုံပဲ။ ဘာများဖြစ်ပါလိမ့်။"

"စက်တင်ဘာလ ၁၂ ရက်နေ့၊ စီနီယာချင်ချင်းရဲ့ အခြေအနေက ဒီနေ့ပိုတောင်ဆိုးသေးတယ်။"

"စက်တင်ဘာလ ၁၇ရက်နေ့၊ စီနီယာချင်ချင်းကို မတွေ့ရတာကြာပြီ။ ငါ့အခန်းဖော်သူ့ကို ကော်ဖီဆိုင်မှာ နောက်ဆုံးတွေ့ခဲ့တုန်းက စီနီယာရဲ့မျက်နှာက သရဲလိုဖြူဖွေးနေပြီး စိတ်နဲ့လူနဲ့မကပ်ဘူးတဲ့။ တစ်ခုခုကို ကြောက်နေသလို သူတုန်လှုပ်နေသည်။ ဘာပဲမေးမေးပြန်မဖြေဘူး။

အဆောင်မှူးကိုမေးတော့လည်း စီနီယာကလွန်ခဲ့တဲ့နှစ်ရက်က ခွင့်တစ်ပတ်ယူသွားတယ်ပြောတယ်။

စ်ိနီယာဘာတွေဖြစ်နေတာလဲ။"

"စက်တင်ဘာလ ၂၀ ရက်နေ့၊ ဒီနေ့စီနီယာချင်ချင်း ငါ့အခန်းကိုရောက်လာတယ်။ သူတကယ်ကိုတော်တော် နေမကောင်းတဲ့ပုံပဲ၊ မျက်နှာကအင်္ဂတေလို ဖြူဆွနေပြီး သွေးတစ်စက်မှမရှိသလို ဖြစ်နေလို့ ငါအရမ်းလန့်သွားတယ်။

စီနီယာက ငါ့လက်ကိုအတင်းဆွဲပြီး "ရှောင်ချာ၊ ငါပြောတာကိုနင်ယုံကြည်ပေးမလား။"တဲ့"

ထိုမှတ်စုစာအုပ်က စုချာအိတ်ထဲမှ ထွက်လာခြင်းပင်။

"ယုံတာပေါ့၊ စီနီယာကိုအရမ်းသဘောကျလို့ ဘာပြောပြောယုံပေးမယ်"လို့ငါပြောလိုက်တယ်။

စီနီယာက ငိုတော့တာပဲ။ ငါသူ့ကိုတစ်ရှူးပေးပြီး ဘာဖြစ်တာလဲမေးလိုက်တယ်။ မိဘတွေက အဆောင်မှူးက သူပြောတာတွေကိုမယုံဘူးတဲ့။ သူ့ကိုယုံတဲ့ အခန်းဖော်တွေကိုတောင် ကျန်တဲ့ကျောင်းသားတွေနဲ့ အဆောင်မှူးက အရူးလို့ခေါ်တယ်တဲ့။

"စီနီယာကို လုံးဝမရယ်ပါဘူး။" လို့ငါပြောလိုက်တယ်။

ပြီးတော့စီနီယာက "ကောင်းပြီ။"တဲ့။

သူအိပ်မက်မက်ခဲ့တယ်။ ဒ်ိအိပ်မက်ကို နှစ်ပတ်လောက် ဆက်တိုက်မက်နေတာ။ ဆယ်ရက်လုံးလုံး တစ်ထေရာတည်းမက်တာ။

"အိပ်မက်ထဲမှာ တောင်ပေါ်သစ်တောနဲ့ ရွာတစ်ရွာရှိတယ်။ ရွာကလူခြေတိတ်ပြီး သုသာန်တစပြင်လို အုတ်ဂူတွေအပြည့်ပဲ။ လူဆိုလို့ ကောင်လေးတစ်ယောက်ပဲရှိတယ်။ ကောင်လေးကသူ့အပေါ် ကောင်းတဲ့အပြင် ရွာကိုလိုက်ပတ်ပြပြီး အစားအသောက်တွေ ချက်ပြုတ်ပေးတယ်။ ကောင်လေးကအသားဖြူဖြူ၊ နူးနူးညံ့ညံ့ပုံနဲ့ သိပ်ကြည့်ကောင်းတယ်။ သူ့ကိုရင်းရင်းနှီးနှီး သိနေပေမယ့် ဘယ်မှာတွေ့ဖူးလဲဆိုတာ စီနီယာကမမှတ်မိဘူး။ နောက်တော့ကောင်လေးက သူတို့အရင်ဘဝကတည်းက ချစ်သူတွေဖြစ်တဲ့အကြောင်းနဲ့ လက်ထပ်ချင်ကြောင်းပြောလာတယ်။"

"စီနီယာကို ရွာလာဖို့ခေါ်တယ်။ သူတို့အပြင်မှာတစ်ခေါက်တွေ့ပြီး ကြိုးနီနဲ့ ချိတ်ဆက်ရမယ်၊ မဟုတ်ရင် သူတို့ဒီဘဝမှာလည်း မဆုံနိုင်ဘူးလို့ပြောတယ်တဲ့။"

"စီနီယာကကောင်လေးကို သူ့ကိုလာရှာလို့မရဘူးလားလို့ပြောပြီး တက္ကသိုလ်လိပ်စာပေးလိုက်တယ်။ ဒါပေမယ့်ကောင်လေးက ဝမ်းနည်းပက်လက်နဲ့ သူရွာကထွက်လို့မရဘူးလို့ပြောခဲ့တယ်။ စီနီယာကမေးတော့ သူဒီမှာပိတ်မိနေတာ၊ ထွက်သွားလို့မရဘူးလို့ပဲ ဆက်တိုက်ပြောနေခဲ့တယ်။"

"သူကငိုယိုပြီး စီနီယာနဲ့အတူနေချင်ပေမယ့် သူထွက်လာလို့မရလို့ စီနီယာကိုလာပေးဖို့ တောင်းဆိုခဲ့တယ်။"

"အိပ်မက်တိုင်းက ဒီနေရာမှာအဆုံးသတ်ပြီး သူအမြဲလန့်နိုးလာတတ်တယ်။ ပထမညကတော့ ထူးဆန်းတဲ့အိပ်မက်လို့ပဲတွေးပြီး သူအတည်မယူခဲ့ဘူး။ ကောင်လေးကသူ့အကြိုက်မလို့ တနေကုန်တောင် အတွေးထဲကမထုတ်နိုင်ခဲ့ဘူး။ ဒုတိယညမှာလည်း သူဒီအိပ်မက်ကိုထပ်မက်တယ်။

ပြီးတော့ တတိယည၊ စတုတ္ထည.......

မနက်နိုးလာတိုင်း ကောင်လေးကသူ့စွမ်းအင်တွေကို စုပ်ယူထားသလို သူမောပန်းနေတယ်။ အိပ်ရာကထလာပေမယ့် တစ်ညလုံးမအိပ်ထားရသလို ခေါင်းမူးနေခဲ့တယ်။"

"တစ်ညပြီးတစ်ည ဆက်တိုက်ဖြစ်လာတော့ စီနီယာကြောက်လာတယ်။ အိပ်မက်ထဲကောင်လေးကိုတွေ့တာနဲ့ သူကပြေး၊ဟိုကလိုက်တယ်။ သစ်တောထဲမှာသူတောက်လျှောက် ပြေးနေခဲ့ရတယ်။ ကောင်လေးကသူ့ကို ဖမ်းမမိပေမယ့် သူ့ငိုသံကနောက်ကျောဖက်မှ အမြဲလိုက်ပါနေပြီး တစ်တောလုံးပဲ့တင်ထပ်နေတယ်။"

"ရုတ်တရက် ငါတစ်ခုခုကိုသတိရသွားပြိီး 'စီနီယာစပြေးတဲ့ရက်က စက်တင်ဘာ ၁၂ ရက်နေ့လား'လို့မေးလိုက်တယ်။"

"စီနီယာက'ဟုတ်တယ်'တဲ့။"

"ငါသိတာပေါ့။ အဲ့ဒီနေ့က သူ့မျက်မှာကချက်ချင်းကြီး လူသေလိုဖြူဖွေးသွားတဲ့နေ့ပဲ။"

"နောက်တစ်နေ့မနက် စီနီယာနိုးလာတော့ တစ်ညလုံးတောထဲမှာ ပြေးထားရသလိုမောနေခဲ့တယ်။ နောက်ညတွေမှာလည်း သူဆက်ပြေးနေရပြီး ဒီကောင်လေးက သူ့ကိုလုံးဝအလွတ်မပေးဘဲ ခြောက်လှန့်နေခဲ့တယ်။"

"စီနီယာကပြောရင်းနဲ့ တဆတ်ဆတ်တုန်ရင်းငိုနေခဲ့တယ်။"

"ငါသူ့ကိုတစ်ရှူးပေးပြီး 'စီနီယာသူ့ကိုကြောက်လား'လို့ မေးလိုက်တယ်။"

"စီနီယာက အရမ်းကြောက်နေတာတဲ့။"

"စီနီယာက ရွာကိုသွားပြီး ကိုယ်တိုင်သွားတွေ့ဖို့ စီစဥ်ထားခဲ့တယ်။ ညတိုင်းမအိပ်ရဘဲ ကြောက်လန့်နေရတာကို မခံနိုင်တော့လို့ အဲ့ဒီလူကိုသွားရှာမယ်တဲ့။ သူ့ငိုသံက စီနီယာရဲ့ဘဝထဲထိ ဝင်ရောက်လာတယ်။ လမ်းလျှောက်နေရင်း၊ စာသင်နေရင်း ဘယ်သွားသွား သူ့အသံကိုကြားနေရတယ်။"

"စီနီယာ အကြားအာရုံချောက်ချားမှု ရောဂါရလာတယ်။ သူ့ကိုယုံတဲ့ အခန်းဖော်တဲ့တူတူ အဲ့ဒီကိုသွားမလို့စီစဥ်ခဲ့တယ်။

'အိပ်မက်ထဲကရွာကိုလား'ဆိုတော့ ဟုတ်တယ်တဲ့။

'ဘယ်မှာရှိမှန်းသိလား'လို့ငါမေးတော့ အဲ့ဒီလူက ရွာနာမည်ကလွဲပြီး ခရိုင်၊ပြည်နယ်၊လိပ်စာအတိအကျ ဘာမှမပြောခဲ့ပေမယ့် ရွာဘယ်မှာရှိမှန်း သူသိနေတယ်တဲ့။

ရွာနာမည်ကိုမေးတော့ ဝူပုရွာလို့ပြောတယ်။"

"အဲ့ဒီရွာက နှစ်တိုင်းရောက်သွားတဲ့သူတွေ ပြန်မလာနိုင်တဲ့နေရာပဲ။ ရောက်တဲ့သူတိုင်း ပျောက်သွားတယ်။"

"စီနီယာက ဒီကိစ္စကိုသိပေမယ့် ရွေးချယ်စရာမရှိဘူးတဲ့။ မနေ့ကသူ့သူငယ်ချင်းတွေ သူ့ကိုဆရာဝန်ဆီ အတင်းခေါ်သွားတော့ သူဒီလိုညမအိပ်ဘဲနေရင် သေသွားနိုင်တယ်လို့ ဆရာဝန်ကပြောတယ်။"

"ဒါပေမယ့်သူက မအိပ်ဘဲမနေခဲ့ဘူးလေ။ သူချောက်ကမ်းပါးရဲ့ အစွန်းကိုတွန်းပို့ခံနေရပြီ။"

"စက်တင်ဘာလ ၂၁ရက်နေ့၊ စီနီယာနဲ့ စကားသေချာမပြောလိုက်ရဘဲ သူဝူပုရွာကိုသွားပြီဆိုတာ သိလိုက်ရတယ်။ ငါကျောင်းအနီးက တောင်ပေါ်ဘုရားကျောင်းကိုသွားပြီး အမွှေးတိုင်ထွန်းရင်း ဗုဒ္ဓဘုရားကို သူ့ကိုကာကွယ်ပေးဖို့ ဆုတောင်းခဲ့တယ်။"

"စက်တင်ဘာလ ၂၂ ရက်နေ့၊ စီနီယာရွာကိုရောက်ပြီလို့ စာပို့လာတယ်။ ငါစာပြန်ပို့တော့ ပြန်စာမရောက်လာဘူး။"

"စက်တင်ဘာလ ၂၄ ရက်နေ့၊ စီနီယာခုထိ စာမပြန်သေးဘူး။"

"စက်တင်ဘာလ ၃၀ရက်နေ့၊ သူစာမပြန်သေးဘူး။"

"အောက်တိုဘာလ ၁၅ ရက်နေ့၊ ကျောင်းပိတ်ရက်တွေကုန်ပြီး ရက်အချို့ကျော်လာပြီ။ စီနီယာနဲ့ သူ့အတန်းဖော်တွေ ထွက်သွားတာလည်း ရက်နှစ်ဆယ်ကျော်ပြီ။"

"သူတို့ပြန်မလာခဲ့ဘူး။"

"အောက်တိုဘာလ ၁၇ ရက်နေ့၊ စီနီယာချင်ချင်းကို တရားဝင်လူပျောက်ကြေညာခဲ့တယ်။"

"အောက်တိုဘာလ ၂၀ ရက်နေ့၊ သူပျောက်သွားတာကို ငါလက်မခံနိုင်ဘူး။ ရဲတွေကလည်းငါ့ကိုမယုံဘဲ အိပ်မက်နဲ့အစစ်အမှန်ကို ရောထွေးနေတယ်လို့ပြောကြတယ်။"

"ဒီတော့ ငါ့ဘာသာပဲစုံစမ်းရတော့မယ်။"

"ဝူပုရွာက ဘုရားပွဲရှိတဲ့ကာလမှာပဲ ခရီးသွားတွေအတွက် တစ်နှစ်တစ်ကြိမ် ဝင်ခွင့်ပေးတယ်။ နောက်နှစ်ငါရောက်အောင်သွားပြီး စီနီယာကိုပြန်ခေါ်ခဲ့မယ်။"

"ဒီတစ်နှစ်လုံး ကြိုတင်ပြင်ဆင်မှုတွေလုပ်မယ်။"

ရုတ်တရက် ဖယောင်းတိုင်မီးက တဖျတ်ဖျတ်နှင့် ဖောက်ခနဲထမြည်ပြီး အားလုံးအတုန်တုန်အရီရီနှင့် နေရာမှခုန်ထမိကြသည်။

စိုးထိတ်စွာနှင့် ဘေးဘီအားပတ်ကြည့်ပြီးနောက် မူမမှန်သည့်အရာများအား မတွေ့မှသက်ပြင်းချနိုင်ကြ၏။

မှတ်စုအားထိုစာပိုဒ်အထိ အားလုံးကိုယ်စီ ဖတ်ပြီးကြသော်လည်း ရွှမ်ချမ်၏အသံကျယ်ကျယ်နှင့် ဖတ်ပြမှုကသူတို့အားလုံးကို ကြက်သီးထစေသည်။

"အနောက်ကစာရွက်တွေက..." ရွှမ်ချမ်က စာရွက်အနည်းငယ်အား ဆက်လှန်ကြည့်လိုက်၏။ "သူရဲ့ပြင်ဆင်မှုတွေနဲ့ ကြိုတင်စုံစမ်းမှု မှတ်တမ်းတွေချည်းပဲ။"

"ဘုရားပွဲကနှစ်တိုင်း ရှစ်လမြောက် 'လ'လရဲ့ ဆယ့်ငါးရက်နေ့ကိုကျင်းပတယ်။ ဆောင်းဦးလယ်ပွဲတော်ပဲပေါ့ အိုး...သူဒီမှာရေးထားတယ်။ ဒီနှစ်အတွက်က စက်တင်ဘာလ ၂၇ ရက်နေ့ပဲ။"

ပိုင်လော့ဖုန်း ထုတ်လွှင့်ခန်းကိုဖွင့်ကာ အချက်ပြဘားကိုဆွဲပြီး နေ့စွဲကြည့်လိုက်သည်။

"မင်းဘာလုပ်နေတာလဲ။" လျန့်ရိထုံကမေးလာ၏။ "မင်းဖုန်းကနာရီက ကမ္ဘာအစစ်ရဲ့ အချိန်ကိုပဲပြတာမဟုတ်ဘူးလား။"

"မဟုတ်ဘူး။" ဟောက်ဖုန်းကရှင်းပြလာသည်။ "ဒီဂိမ်းထဲမှာ ဖုန်းရဲ့အချိန်ကို ဂိမ်းရဲ့အချိန်ကာလနဲ့ တိုက်ထားပြီးသား။ ဂိမ်းထဲကထွက်မှ မူလကိုပြန်ရောက်တယ်။ မိုက်တယ်မလား။"

"သြော်၊ သဘောပေါက်ပြီ။"

"ဒီအကြောင်းကိုဖိုရမ်က S1 ရဲ့ပို့စ်မှာရေးထာတယ်။" ပိုင်လော့ဖုန်းက ဖြည့်စွက်ပေးလာသည်။ "ဒီနေ့က ၂၄ ရက်နေ့ပဲ။"

"ဒါဆို ၂၅၊၂၆၊၂၇ သုံးရက်ပဲကျန်ပြီပေါ့။" စုချာလက်ချိုးရေနေ၏။ "အချိန်ကပ်နေတာပဲ။"

"သိပ်ဟုတ်တာပေါ့။" ရွှမ်ချမ်က စာရွက်အချို့အား ထပ်လှန်ကြည့်နေသည်။ "ဝူပုရွာနဲ့ပတ်သက်ပြီး ဂဃနဏ သတင်းတွေမတွေ့ရဘူး။ ဒီမှတ်စုထဲမှာကလည်း သူ့မှန်းဆချက်တွေပဲရေးထားတယ်။"

"ဟုတ်တယ်၊ အသုံးမဝင်တဲ့ ခန့်မှန်းချက်တွေချည်းပဲ။" ပိုင်လော့ဖုန်းနှင့် ရွှမ်ချမ်အမြင်တူကြသည်။ "ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ရည်ရွယ်ချက်က စက္ကူရုပ်တွေလုပ်ပြီး ဘုရားပွဲလည်ဖို့မဟုတ်ဘူး။ ချင်ချင်းကိုရှာရမယ်။ နေဦး၊ ဓာတ်ပုံပါတယ်မဟုတ်ဘူးလား။ ဓာတ်ပုံတွေ့လိုက်သလိုပဲ။"

"ပါတယ်၊မှတ်စုထဲညှပ်ထားတယ်။" ရွှမ်ချမ်ကဓာတ်ပုံအား လက်နှစ်ချောင်းနှင့်ဆွဲထုတ်ကာ အားလုံးကြည့်နိုင်ရန်ပြပေးလာ၏။

ဓာတ်ပုံ၌လူနှစ်ဦးပါပြီး တစ်ဦးမှာစုချာနှင့် မျက်နှာ၊အဝတ်အစား (ဂိမ်းအတွင်းဝတ်ခဲ့သည့် အဝတ်အစား)အားလုံး ချွတ်စွပ်တူသည်။ နောက်မိန်းကလေးတစ်ဦးမှာ ခေါင်းတစ်လုံးစာအရပ်ပိုမြင့်ကာ အညိုရောင်ဝမ်းဆက်နှင့် လွယ်အိတ်လွယ်လျက် မျက်ခုံးထိနေသည့် ဆံမြိတ်များနှင့်ဆံပင်ရှည်ရှည်များရှိ၏။ နှာခေါင်းမှာအနည်းငယ်ပြားပြီး ဗာဒံစေ့ပုံမျက်လုံးများနှင့် မေး၏ညဖက်၌ မှည့်လေးရှိသည်။

သူမကချင်ချင်းဖြစ်ရမည်။

"သူ့ကိုတစ်ယောက်ယောက် မှတ်မိကြလား။ ရွာထဲမှာတွေ့ခဲ့သေးလား။"

အားလုံးကခေါင်းခါကြသည်။

"ဓာတ်ပုံဆိုမှ ဒီမှာလည်းရှိသေးတယ်။" ပိုင်လော့ဖုန်း ပြောလာခြင်းပင်။

လျန့်ယွဲ့ရှစ်က သတင်းစာကိုလှန်ကာ ကွမ်းမင်တက္ကသိုလ်က ပျောက်ဆုံးကျောင်းသားများပုံကိုပြလာသည်။ ခေါင်းစီးမှပုံများအားထိုးပြရင်း "ကြည့်၊ ဒီလေးယောက်ပဲ။"

"ဒါပျောက်သွားတဲ့ ဆယ့်သုံးယောက်ထဲကမဟုတ်ဘူးလား။"

"အကုန်လုံးကိုချမပြထားတဲ့ပုံပဲ။" လျန့်ယွဲ့ရှစ်ကခန့်မှန်းသည်။

"ဒါပေမယ့် မရှင်းလင်းတာတွေများနေတယ်။ ချင်ချင်းက သူ့အခန်းဖော်တွေနဲ့သွားပြီး သူ့အတန်းဖော်တွေ၊ ဆရာမတွေနဲ့ မိဘတွေက မယုံဘူးလို့ပြောထားတာမလား။" ပိုင်လော့ဖုန်းက ထပ်ပြောလာ၏။

"ဒီထဲမှာတော့ ဒီလိုပဲရေးထားတာပဲ။" လျန့်ယွဲ့ရှစ်က နားလည်ပုံမရ။ "ဘာနားကမှားနေလို့လဲ။"

"ဘာလို့ပျောက်ဆုံးကျောင်းသားဦးရေက ဆယ့်သုံးဦးတောင်ဖြစ်သွားတာလဲ။"

လျန့်ယွဲ့ရှစ် စက္ကန့်ပိုင်းမျှစဥ်းစားပြီးမှ သဘောပေါက်သည်။

"သိပြီ၊ ပျောက်သွားတဲ့လူအရေအတွက်က ဆယ့်သုံးဦးဖြစ်နေပြီး အားလုံးက ကွမ်းမင်တက္ကသိုလ်ကပဲ။" ရွှမ်ချမ်ကပြောလာ၏။ "တစ်ခန်းလုံးက သူ့စကားကိုယုံရင်တောင် အလွန်ဆုံးရှစ်ဦးပဲရှိရမယ်။ ကျန်တဲ့ငါးယောက်က ဘယ်ကလာတာဖြစ်မလဲ။"

အားလုံးအသံတိတ်နေကြပြီး မည်သူမှအဖြေမတွေ့ကြပေ။

လျန့်ယွဲ့ရှစ် ဒေါသထွက်စွာနှင့် ဆံနီများအားကုတ်ခြစ်နေသည်။ "ဟာကွက်တွေများလိုက်တာ။"

"အခုတော့ ခဏမေ့ထားလိုက်။ အချက်အလက်က ဒါရနိုင်သမျှအကုန်ပဲ။ အခုထိ အဖြေမရမှတော့ အချက်အလက်တွေ မစုံလို့ပဲပေါ့။ မနက်ဖြန် ဘာတွေဖြစ်မလဲ ဆက်ကြည့်ကြတာပေါ့။"

ရွှမ်ချမ်ကစာအုပ်ကို အိပ်ရာပေါ်ပြန်ချကာ ဆက်ပြောလာ၏။ "အခုအခြေအနေကို ရှင်းရှင်းလင်းလင်း သိပြီဆိုတော့ မနက်ဖြန်ကျ ဟိုဟိုဒီဒီလျှောက်ကြည့်ပြီး အကုန်လိုက်မေးရမယ်။ ငါတို့ကခရီးသွားတွေဆိုတော့ ဒီလိုပတ်ကြည့်ပြီးမေးမြန်းတာကို ဘယ်သူမှသံသယမဝင်လောက်ဘူး။"

သူ့စကားကို အားလုံးကသဘောတူကြသည်။

လီချန်စစ်က အကြံတောင်းလာ၏။ "ဘယ်အကြောင်းကိုအဓိက မေးရမှာလဲ။"

"ဘုရားပွဲပေါ့။ ပျောက်တာက ချင်ချင်းတစ်ယောက်တည်းမဟုတ်ဘူး။ သူကအိပ်မက်ထဲကလူကို လာရှာတာဆိုပေမယ့် ဒီရွာကဘုရားပွဲရှိမှဖွင့်တော့ သူဘုရားပွဲအတွင်းမှာပဲ ပျောက်သွားတာဖြစ်ရမယ်။"

"ချင်ချင်းနဲ့ အိမ်မက်ထဲကလူအကြောင်းကို တိုက်ရိုက်မေးရင် အားလုံးသံသယဝင်ကြလိမ့်မယ်။ ဒီထက်ပိုသတိထားကုန်ကြမယ်။ ချင်ချင်းနဲ့အိမ်မက်ထဲကလူက ဒီဇာတ်လမ်းရဲ့ အဓိကအကြောင်းအရာဆိုတာကို ငါတို့စိတ်ထဲမှာပဲ မှတ်ထားရင်ရပြီ။ ဟိုဟိုဒီဒီလျှောက်မေးရင် အိပ်မက်ထဲကလူနဲ့ ငါတို့ကိုပတ်သက်မှုရှိတယ်ထင်သွားမှ ပြသာနာတွေပိုကြီးသွားမယ်။"

အားလုံးသူမစကားကို လက်ခံကြသည်။

"ဒါတွေကရော။" လျန့်ယွဲ့ရှစ်က တရားစာအုပ်နှင့် ဖုန်းရွှေစာအုပ်ကိုမြှောက်ပြလာ၏။ "ဒါတွေကိုဘယ်လိုလုပ်ကြမလဲ။"

"ဘယ်သိမလဲ။ မနက်ဖြန်ကိုပဲ ကြည့်ရမှာပဲ။ အခုထိဘာမှန်း မသိကြသေးဘူးဆိုတာက သုံးရမယ့်အချိန် မကျသေးတဲ့သဘောပဲ။ အိပ်ကြမယ်။ မနက်ဖြန် ဘာတွေလုပ်ရဦးမလဲ မသိဘူး။"

"စက္ကူရုပ်တွေပဲ ထပ်လုပ်ရမှာပေါ့။"

"ဟုတ်ပြီ၊ဟုတ်ပြီ အိပ်ကြမယ်။"

"ငါအရမ်းပင်ပန်းနေပြီ....." ရွှမ်ချမ်က အိတ်ထဲကထွက်လာသည့် ပစ္စည်းများအား သက်ဆိုင်သည့်လူထံ ပြန်ပေးလာသည်။

ပစ္စည်းများနှင့် ကျောင်းသားကတ်များအား သိမ်းကြပြီးနောက် သူတို့အိပ်ရာရွေး၊အိတ်များချ၊အပြင်ထပ်များချွတ်ကာ အတော်လေး စိတ်လက်မရွှင်ပျစွာနှင့် ညည်းညူရင်းလဲအိပ်တော့၏။

ရွှမ်ချမ်ကသူတို့အား ဆူပူလာသည်။ "ဆေးကြောကြပြီးပြီလား။ ထပြီးဆေးကြောကြဦး။"

ယောက်ျားသားများမှာ နေရာမှပင်မထချင်ကြတော့သဖြင့် အော်ဟစ်ညည်းတွားသံများ ထွက်လာ၏။ ပိုင်လော့ဖုန်း ခပ်ဖွဖွရယ်ကာ ဖုန်းတင်ခုံအားချွတ်၍ အိပ်ရာနံဘေး၌ ပါဝါဘန့်ထုတ်၍အားသွင်းလိုက်သည်။

ဂိမ်းစည်းကမ်းအရ ညဖက်၌လည်း ထုတ်လွှင့်ခန်းအား ပိတ်ခွင့်မရှိချေ။ ထုတ်လွှင့်မှုအား အစမှအဆုံးထိ လုပ်ရမည်ဖြစ်ပြီး တစ်ဝက်၌ရပ်တန့်ခြင်းအား ပုန်ကုန်မှုအဖြစ် သတ်မှတ်လိမ့်မည်။ အနိမ့်ဆုံး အမှတ်များအနုတ်ခံရခြင်းမှ အဆိုးဆုံး ဂိမ်းမှအဖြုတ်ခံရပြီး နေရာ၌အသတ်ခံရနိုင်၏။

ပိုင်လော့ဖုန်း အိတ်ထဲမှသွားတိုက်တံနှင့် မျက်နှာသစ်ဆေးယူကာ အပြင်ထွက်လာသည်။

ဘုန်းကြီးအိုမပြန်ခင်က ၎င်းတို့ဆေးကြောသန့်စင်ရန် ဝင်းအရှေ့၌ ရေပုံးထားခဲ့ကြောင်း မှာထားခဲ့၏။

ထွက်သွားသည့် ပိုင်လော့ဖုန်းအားကြည့်ရင်း လျန့်ရိထုံက နှာခေါင်းနှစ်ချက်ရှုံ့ကာရေရွတ်သည်။ "နှာဘူးအခြောက်တွေပဲ ကိုယ့်ကိုကိုယ်ဒီလိုဂရုစိုက်မှာ။ ပျော့စိစိနဲ့ မိန်းမဆန်လိုက်တာ။"

"မင်းလိုစောက်ပျင်းက သိပ်ယောကျ်ားပီသနေတယ်ပေါ့။" ရှစ်ယွမ်က သူ့ခြေထောက်ကိုကန်ရင်းပြောလာ၏။

လျန့်ရိထုံနာသွားသဖြင့် ထအော်တော့သည်။ "ဘာလို့ကန်တာလဲ။ ငါအမှန်ကိုပြောနေတာ။"

"လစ်စမ်း။" ရှစ်ယွမ် ဘုဆတ်ဆတ်ပြန်ပြောကာ ရေချိုးခန်းသုံးပစ္စည်းများယူပြီး အပြင်ထွက်လာလိုက်၏။

ရွှမ်ချမ်ကကျန်သည့် ကားယားအိပ်နေသော အမျိုးသားများကိုပါ ထဆေးကြောရန်ဖိအားပေးတော့သည်။

တစ်ချို့သူများမှာ သူမအော်ရန်ပင်မလိုဘဲ ချက်ချင်းထကုန်ကြသည်။

အားလုံးဆေးကြောကာ ပြန်ရောက်လာပြီးနောက် ကြာပန်းပုံဖယောင်းခွက်အား မီးသတ်ကာအိပ်ရာဝင်ကြလေ၏။

ညနက်နက်၊ ကမ္ဘာကြီးက တိတ်ဆိတ်နေဆဲ။

ဆောင်းဦး၌ လေအလွန်တိုက်သဖြင့် ဘုရားကျောင်း၏တံခါးများကို စေ့စေ့ပိတ်ထားသော်လည်း တံခါးများမှာ အိုဟောင်းကာ ထိန်းသိမ်းသူမရှိ၍ လေတိုက်တိုင်း တကျစ်ကျစ်မြည်နေသည်။

တစ်နေ့လုံးပင်ပန်းကြသဖြင့် အားလုံးမြန်မြန်အိပ်မောကျသွားကြပြီး လျန့်ရိထုံမှာ အိပ်မောကျနေသည့်ကြားမှ မျက်ခွံများက မကြာခဏ ရွေ့လျားနေ၏။

ရွာ၏တိတ်ဆိတ်မှုကြောင့် တောင်ဖက်သစ်တောမှလာသည့် လေများသည်သရဲအူသံနှင့်တူနေသည်။ မြက်ပင်ရိုင်းများက လေပြည်နှင့်အတူယိမ်းနွဲ့ကာ အသံတရှပ်ရှပ်ကြားနေရ၏။

ဂလောင်ခနဲမြည်သံနှင့်အတူ လျန့်ရိထုံအိပ်မက်က လန့်နိုးလာသည်။

သူမျက်လုံးပွင့်လာချိန်၌ လေတိုးသဖြင့် ပွင့်နေသည့်ဘုရားကျောင်းတံခါးသည် နံရံနှင့်တဘုန်းဘုန်း ရိုက်နေသည်ကို တွေ့လိုက်ရ၏။

ဘုရားကျောင်း၏ အဝင်ဝ၌ စက္ကူရုပ်တစ်ကောင်ရှိနေသည်။ ပြဒါးရည်သုတ်ထားသည့် မျက်လုံးများနှင့် သူ့အားစိုက်ကြည့်နေ၏။

လရောင်မှိုင်းမှိုင်းက တံခါးမှဖြာကျနေသည်။

လျန့်ရိထုံ၏ ဆံပင်များ လေထဲထောင်ကုန်၏။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment