no

Font
Theme

အပိုင်း ၃၉ - ဘုရားပွဲတော် (အခန်း ၅ )

စက္ကူရုပ်မှာ ရှေးဆန်ဆန်အဝတ်အစားများနှင့် မိန်းမပျိုလေးပင်။ သူမကတံခါးဝ၌ရပ်ကာ လျန့်ရိထုံအား မမှိတ်မသုန်ကြည့်နေသည်။

လျန့်ရိထုံမှာအိပ်နေရင်း နေရာမှမလှုပ်နိုင်ဘဲ သူမနှင့်အတော်ကြာအောင် အကြည့်ချင်းဆုံနေမိ၏။

စက္ကူရုပ်၏လည်ပင်းမှာ တဖြည်းဖြည်းလည်သွားသော်ငြား အနီရောင်မျက်လုံးများက သူ့ထံမှမခွာသွားပေ။

ကြောက်ရွံ့မှုက လျန့်ရိထုံ၏ ဦးရေပြားကိုပင်တင်းကျပ်နေစေသည်။ အိပ်ယာခင်းအား ခေါင်းပေါ်ထိဆွဲကာ ကတုန်ကရင်နှင့် ကွေးအိပ်နေရင်း လက်နှစ်ဖက်အား ကျစ်ကျစ်ဆုပ်ကာ စိတ်ထဲမှ "သူငါ့ကိုမတွေ့ဘူး။ သူငါ့ကိုမတွေ့ဘူး။ သူငါ့ကိုမတွေ့ဘူး။"ဟု ဆက်တိုက်ရွတ်ပြီးနောက် ဘုရားစာများပါ ဆက်ရွက်နေ၏။

သူ့ဘေးရှိလူများမှာ ဟောက်ပင်ဟောက်နေလေပြီ။ ဘာရယ်ကြောင့်မှန်းမသိ တံခါးပွင့်သံခပ်ကျယ်ကျယ်က သူတို့ထဲကတစ်ဦးကိုပင် မနိုးသွားစေခဲ့ပေ။ သူတစ်ဦးတည်းသာနိုးနေ၏။

ဘုရားကျောင်းအပြင်၌ လေတိုးသံများက ပိုခြောက်ခြားစရာကောင်းလာသည်။

လျန့်ရိထုံမှာ ခြေလက်များ အကြောဆိုင်းသည်အထိ ကြောက်ရွံ့နေ၏။

စက္ကူရုပ်က နေရာမှမရွေ့သလို တိုးကပ်လာခြင်းလည်းမရှိချေ။

လူကြောက်အောင်သာ ရပ်ပြနေသည့်သဘောပင်။

"အိပ်မယ်၊အိပ်မယ်၊ မနက်နိုးလာရင် စက္ကူရုပ်လည်း မရှိလောက်တော့ဘူး။"

"မြန်မြန်အိပ်၊ ချီးပဲ အိပ်ပျော်စမ်းပါကွာ။"

ကိုယ့်ကိုကိုယ်ကျိန်ဆဲနေသော်လည်း ထိုအခြေအနေမျိုး၌ သူမည်သို့အိပ်နိုင်မည်နည်း။

သူငိုပင်ငိုမိတော့မည်။ အိပ်ရာခင်းအားဆွဲထားသည့်လက်မှာ အာရုံကြောရောဂါသည်လို တုန်ရီနေပြီး အတော်လေးကြာမှသာ သူစိတ်ငြိမ်လာသည်။

အိပ်ရာခင်းအတွင်းရှိလေများ ကုန်ခါနီးဖြစ်လာပြီး သူ၏အသက်ရှုသံမှာ ထိုကျဥ်းကျပ်သည့်နေရာအတွင်း ပိုပို၍ပြင်းထန်လာ၏။ အဆုံး၌သူအသက်ရှူရခက်လာသည်။

သူခေါင်းတစ်ခြမ်းစောင်းကာ နားထောင်ကြည့်သောအခါ ကျောင်းဝင်းတစ်ခုလုံးတိတ်ဆိတ်နေပြီး ဝက်သေကောင်များလိုအိပ်နေသည့် အဖွဲ့သားများ၏ ဟောက်သံများသာ အသက်ဝင်နေ၏။

သူအားတင်းကာ လေကောင်းလေသန့်ရရန် အိပ်ရာခင်းအား ဆွဲချလိုက်သည်။

ခေါင်းထွက်ကြည့်လိုက်သည်နှင့် စက္ကူရုပ်၏မျက်နှာအား အနီးကပ်တွေ့လိုက်ရ၏။

ထိုစက္ကူရုပ်တွင် လူပြက်ဆန်ဆန် ပါးကွက်အနီများရှိနေသည်။ ထိုအရုပ်က သူ့အိပ်ရာဘေး၌ရပ်ကာ ငုံ့ချ၍ သူ့အား မျက်လုံးနီနီများနှင့် စိုက်ကြည့်နေ၏။

"အား....."လျန့်ရိထုံ အကြောက်လွန်ကာ ထအော်တော့သည်။

သူအလန့်တကြားနှင့် အိပ်ရာထဲမှ တွားသွားထွက်ကာ ဘေးသို့လှိမ့်ပြီး ဘုရားကျောင်းအတွင်းဖက်သို့ ပြေးဝင်၏။

ပတ်လည်၌ အဖွဲ့သားများအိပ်နေသဖြင့် သူ၏ခြေလှမ်းများမှာ ယိုင်တိယိုင်တိုင်ဖြစ်နေပြီး လျှောက်ရင်းနှင့် လဲကျသွားတော့သည်။ အိပ်နေသည့်လူတစ်ဦး၏ ခြေထောက်အားတက်နင်းမိကာ အိပ်ရာပေါ်ဟက်ထိုးလဲ၏။

သူမတ်တပ်ရပ်ရန်ပင်အားမရှိတော့။

ရှေ့သို့ဆက်တွားကာ ထရပ်ရန်ကြိုးစားသော်လည်း ကြောက်စိတ်က ခြေထောက်အား ပျော့ခွေစေသဖြင့် ခဲဆွဲထားသလို လေးလံကာ သူမတ်တပ်မရပ်နိုင်ခဲ့ပေ။

လှည့်ကြည့်သောအခါ စက္ကူရုပ်က သူ့ဆီတဖြည်းဖြည်း လှမ်းလာနေဆဲပင်။

သူအသံလည်း မထွက်နိုင်တော့။

ခြေထောက်များက ဇကာစစ်နေသလို တဖတ်ဖတ်ရိုက်နေပြီး တောင့်တင်းနေသည့် ကျောရိုးက ရှေ့သို့မည်မျှလျှောက်လျှောက် သူ့ခန္ဓာကိုယ်အား နောက်သို့ပြန်ဆွဲနေ၏။

လည်ချောင်းထဲမှ အက်ကွဲကွဲအသံကိုသာ ထုတ်နိုင်ပြီး အထိတ်တလန့်နှင့် ဘေးဘီကိုပတ်ကြည့်နေမိသည်။ သူကြိုးစားအော်နေသော်လည်း လူတစ်ယောက်ပင်မနိုးလာသေးချေ။

စက္ကူရုပ်မှာ နီးသထက်နီးလာလေပြီ။

"ဟေ့ကောင်တွေ ထကြတော့။" သူငိုယိုကာအော်ခေါ်တော့သည်။ "ငါသေတော့မယ်၊ ငါသေတော့မှာပဲ ကယ်ကြပါဦး။"

မည်သူမှမနိုးကြသေး။

ထိုစဥ်သူ့နံဘေးရှိ အိပ်ရာမှလူက ခပ်တိုးတိုးညည်းကာလှည့်ကာသည်။ သူလှည့်ကြည့်သောအခါ ပိုင်လော့ဖုန်းအားတွေ့ရ၏။

သူရုတ်တရက် အတွေးတစ်ခုဝင်လာသည်။

ထိုစက္ကူရုပ်အား အဖိုးကြီးဝမ် တစ်နည်းအားဖြင့် NPC စုယွီမှလုပ်ထားခြင်းပင်။

လျန့်ရိထုံထိုအချက်အား နှလုံးသွင်းကာ အတင်းထပြေးပြီး ပိုင်လော့ဖုန်း၏ပခုံးကိုကိုင်ကာ အတင်းလှုပ်နိုးတော့သည်။

"ပိုင်လော့ဖုန်း၊ ပိုင်လော့ဖုန်း၊ ထပါဦး ပိုင်လော့ဖုန်း။"

ပိုင်လော့ဖုန်း တုတ်တုတ်ပင်မလှုပ်ပေ။

"ငါ့ကိုကယ်ပါ၊ မင်းတစ်ယောက်တည်းပဲ ငါ့ကိုကယ်နိုင်မှာ ပိုင်လော့ဖုန်း၊ ပိုင်....."

ရုတ်တရက်နောက်ကျောဆီမှ စိမ့်ကာအေးလာသည်။ ထိုအေးစိမ့်မှုက သူ့လည်ချောင်းထဲမှအသံအား အေးခဲစေ၏။ အကြောက်တရားကသူ့အား စကားပြောခွင့်မပေးတော့။

သူနောက်လှည့်မကြည့်ရဲ၍ ပိုင်လော့ဖုန်းဆီတိုးကပ်သွားသည်။

အပြင်၌လေအူသံများနှင့်

ပါးရိုးတစ်လျှောက် ချွေးစိမ်းများတစက်စက်ကျလျက်

တောင့်ခဲစွာနှင့် သူလှည့်ကြည့်သောအခါ

စက္ကူရုပ်က သူ့အနောက်တွင် ရှိနေသည်။

လျန့်ရိထုံ မျက်ဖြူလှန်ကာ နေရာ၌မေ့သွားပြီး ပိုင်လော့ဖုန်းအား ပြန်လွှတ်ချလိုက်တော့၏။

သတိလစ်နေသည့် လျန့်ရိထုံက ပိုင်လော့ဖုန်း၏ ရင်ဘတ်ပေါ်၌လဲနေသည်။

လျန့်ရိထုံ ခေါင်းတဆစ်ဆစ်ကိုက်နေရာမှ မျက်လုံးပွင့်လာသောအခါ သူမြက်ခြောက်များကြား လဲအိပ်နေမှန်းသိလိုက်ရ၏။ မြက်ခြောက်များက နောက်ကျောအား အပ်နှင့်ထိုးသလို စူးနစ်ဝင်နေသည်။

ပင့်သက်တစ်ချက်ရှိုက်ကာ ခေါင်းကိုဆုပ်ကိုင်ထားလျက် သူထရန်ကြိုးစား၏။

နံဘေးကိုပတ်ကြည့်သောအခါ ပတ်ဝန်းကျင်၌ သူတစ်ဦးတည်းသာရှိပြီး လရောင်မှိုင်းပျပျနှင့် မြက်ခြောက်များကြား ပြေးလွှားနေသည့် လေကသာသူ့အား အဖော်ပြုပေးနေသည်။

သူ့မြင်ကွင်းထဲရှိသည်မှာ အိမ်တစ်လုံးသာ။ အမိုးပေါ်၌ ကျီးများတအာအာနှင့်ပတ်ပျံနေ၏။

အိမ်ရှေ့ခြံစည်းရိုး၌ အမှိုက်များ တောင်လိုပုံနေကာ အုတ်နှင့်ရွှံ့ရောနေသည့်နံရံမှာ မဲညစ်နေပြီး အိမ်ပတ်လည်မှခြံစည်းရိုးမှာ ပျက်စီးယိုယွင်းနေလေပြီ။

ခြံဝ၌ထို စက္ကူရုပ်မိန်းကလေး ရပ်နေသည်။

ထိုအိမ်က ဝမ်လူကြီး၏အိမ်ပင်။ သူကြောက်ရွံ့တုန်လှုပ်ကာ ခြေနှစ်ဖက်အား အတင်း အားပြု၍ နေရာမှပြန်လှည့်ပြီး တစ်သားတည်းပြေးတော့၏။ ရွာလမ်းအတိုင်းပြေးကာ ရွာပြင်သို့ပြန်ထွက်ရမည်။

မြက်ခင်းပြင်နှင့်တောနက်ကြီးအတွင်း သူအတော်ကြာသည်အထိ ပြေးနေဆဲပင်။

နောက်ဆုံးတွင် လမ်း၏အဆုံး၌ အိမ်တစ်လုံးပေါ်လာသည်။

မြင်ကွင်းကြောင့် သူ့စိတ်ကိုသူ အစိုးမရတော့။

တုန်ရီနေသည့် ခြေထောက်များအား အတင်းအရှိန်သတ်ယူရသည်။

ပတ်ပတ်လည်မှ လဟာပြင်ကြီးက သူ့အားနဖူးမှခြေမအထိ အေးစက်တုန်လှုပ်စေ၏။

သူမယုံကြည်နိုင်။

အော်ဟစ်ကာ တစ်ဖက်ပြန်လှည့်၍ သူထပ်ပြေးရပြန်သည်။

ယခုအကြိမ်၌ သူရွာအလမ်းအတိုင်းမပြေးတော့။

ရွာပြင်ထွက်မည့် လမ်းအသစ်တွေ့လိုတွေ့ငြား လမ်းမကြီးနံဘေးမှ ချုံပင်များကြားသူပြေးသည်။

ငါးမိနစ်ခန့်ပြေးပြီးနောက် ချုံပင်ကြားမှထွက်လာပြီး လမ်းအဆုံး၌ အိမ်တစ်လုံးရှိနေ၏။

သူအမြန်ပြေးကာ အကူအညီတောင်းမိခါမှ

ထိုအိမ်သည် မဲညစ်နေသည့်နံရံ အမှိုက်များပုံနေသည့် ခြံစည်းရိုးနှင့်ဖြစ်နေသည်။

ခြံဝ၌ စက္ကူရုပ်မိန်းကလေး.....

လျန့်ရိထုံ စိတ်လွတ်ကာ နေရာ၌ရပ်နေမိသည်။

သူသရဲဝင်္ကပါထဲ၌ ပိတ်မိနေလေပြီ။

အမှန်ပင် သရဲဝင်္ကပါထဲ ရောက်နေချေပြီ။

အေးစက်သည့်လေထုထဲ၌ စက္ကူရုပ်က သူ့အားရပ်ကြည့်နေဆဲပင်။

ခြေထောက်ပျော့ခွေကာ နေရာ၌ပုံလဲသွားပြီး ဖင်ထိုင်ကျသဖြင့် အတော်လေးနာကျင်သွားသည်။

ရင်ဘတ်ရှိအိတ်ကပ်မှ အသံထမြည်သောအခါ သူကြောက်ကြောက်နှင့်ထအော်မိ၏။ ငုံ့ကြည့်မှ ဖုန်းသည်ရင်ဘတ်ရှိအိတ်ကပ်ထဲ ရောက်နေပြီး အသံမြည်နေကြောင်းသိရသည်။

မှတ်မှတ်ရရ သူဖုန်းကိုအိပ်ရာနံဘေးထားကာ မယူလာခဲ့မိပေ။

တဒေါင်ဒေါင်မြည်နေသည့်ဖုန်းက သူ့အားစိတ်အနှောင့်အယှက်ပေးနေသည်။

သူတုန်ရီစွာနှင့်ပင် ဖုန်းကိုအိတ်ကပ်ထဲမှထုတ်ကာ ဖွင့်ကြည့်သောအခါ

သူငယ်အိမ်များကျုံ့ဝင်သွားသည်။

မူလကထုတ်လွှင့်ခန်း၌ ကြည့်ရှုသူဆယ်ဂဏာန်းသာ ရှိခဲ့သော်လည်း လက်ရှိ၌ လူနှစ်ထောင်ကျော်ခန့် ဝင်ရောက်ကြည့်ရှုနေ၏။

မှတ်ချက်မျိုးစုံ တဒေါက်ဒေါက်တက်လာနေသည်။

(ထုတ်လွှင့်သူက ငကြောက်ပဲ)

(ဝင်သွားလေ၊ ဘာကြောက်နေတာလဲ)

(ဟားဟား၊ ဝက်ခြံထဲ ပတ်ပြေးနေတဲ့ဝက်လိုက်ပဲ)

(စက္ကူကိုတောင် ဒီလောက်အထိကြောက်ရလား)

(ပျင်းစရာကြီး)

(သူသာဝင်သွားရဲရင် ငါသူတို့အတွက်ပွဲကျင်းပပေးမယ်)

(အပေါ်ကကောင် ငွေအရမ်းပေါနေလား)

(ဘာပဲပြောပြော ဒီကောင်မှသတ္တိမရှိတာ)

(ဒါလည်းဟုတ်သားပဲ ဟားဟားဟား)

ထိုစကားလုံးများက သူ့အားနာကျင်စေသည်။

လျန့်ရိထုံ ဖုန်းကိုဆုပ်ကိုင်လျက် အံကြိတ်ထားမိ၏။

ကြည့်ရှူသူအရေအတွက် တက်လာနေဆဲပင်။ ထိုခဏအတွင်းမှာပင် ကြည့်ရှူသူ နှစ်ထောင်မှ သုံးထောင်ငါးရာသို့ခုန်တက်သွားသည်။

ဟုတ်သားပဲ၊ ဒါကထုတ်လွှင့်တဲ့ဂိမ်းပဲ။ သူကကစားသမား၊ ထုတ်လွှင့်သူတစ်ဦး၊ သူ့တွင်ပရိသတ်များရှိရမည်။

သူဂိမ်းကစားရန်လာပြီး အဆင့်များကိုဖြတ်ကာ ဂိမ်းကိုအနိုင်ရရန် ယခုလိုကြောက်နေ၍မဖြစ်။

ယခုည၌ သူတစ်ဦးတည်းနိုးနေကာ ဇာတ်ကြောင်းထဲရောက်လာပုံအရ သူကအရွေးချယ်ခံရသည့် ကစားသမားဖြစ်ရမည်။

မည်သူမှယခုလောက်အထိ ကံမကောင်းနိုင်။

မှတ်ချက်များအရ ပရိသတ်များက ယခုလိုဇာတ်လမ်းမျိုး သဘောကျကြသည့်ပုံပင်။

ထုတ်လွှင့်မှုအတွင်း ကြည့်ရှုသူနှင့် လက်ဆောင်များသည် နောက်ဆုံးရလဒ်၏ တစ်စိတ်တစ်ဒေသဖြစ်ကြောင်း ဖိုရမ်၌ S1 ရေးသားထားသည်။

ဒါကံဆိုးတာမဟုတ်ဘဲ ကံကောင်းတာပဲ။

ထိုအခွင့်အရေးအား သူအမိအရယူကာ SS အဆင့်သို့တက်ရမည်။

သူတံတွေးမျိုချကာ လည်ချောင်းရှင်း၍ ယခင်ကကြည့်ဖူးသည့် ထုတ်လွှင့်သူများ၏လေသံအတိုင်း တုပလျက်.....

"မိသားစုဝင်တို့၊ ထုတ်လွှင့်သူက မကြောက်ပါဘူး၊ သရဲဝင်္ကပါ ဟုတ်မဟုတ် လေထုကိုစစ်ဆေးရုံပါ။ အားလုံးကဂိမ်းအတွက်ပါပဲ။"

"ထုတ်လွှင့်သူ၊ ထုတ်လွှင့်သူအခုပဲ သွားကြည့်လိုက်ပါ့မယ်။"

"ထုတ်လွှင့်သူ ဒီစက္ကူရုပ်ကို ဆုတ်ဖြဲတာကြည့်ချင်ရင် လက်ဆောင်ပို့ပေးကြပါ။"

သူ့စကားများအား ပြက်ရယ်ပြုနေသူများရှိသလို ငကြောက်ကောင်ဟု လှောင်ပြောင်နေကြသည့်ကြားမှ လက်ဆောင်များ တရစပ်ဝင်ရောက်လာသည်။

ထုတ်လွှင့်ခန်းထဲ၌ ထုတ်လွှင့်သူအဆင်ပြဇယားပါရှိ၏။

ဂိမ်းတစ်ပွဲ၌ပါသည့် ကစားသမားဆယ့်သုံးဦးအား အလိုအလျောက် အဆင့်ခွဲခြားပေးသည့်ဇယားအား ကြည့်ရှုနိုင်သည်။

ထိုအဆင့်ဇယားအား ကြည့်ရှုသူနှင့် လက်ဆောင်များအပေါ် အဓိကထားကာရေတွက်၏။

C အဆင့် ဖုန်းလိုင်ကိုကျော်ကာ B အဆင့် လျန့်ယွဲ့ရှစ်အနားကပ်သွားသဖြင့် လျန့်ရိထုံပို၍စိတ်လှုပ်ရှားလာသည်။

ငွေမျက်နှာမြင်သောအခါ ကြောက်ရန်ပင် သူသတိမရတော့ချေ။

ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်ပြီး စိတ်လှုပ်ရှားစွာပင့်သက်ရှိုက်ရင်း ချွေးများကိုပွတ်သုတ်ပြီးနောက် ဂိမ်းစရန်ပြင်တော့သည်။

မှတ်ချက်များကိုလည်း သူဆက်မဖတ်တော့ပေ။ လက်ဆောင်များ ဝင်လာပြီးနောက် ပြောင်းလဲသွားသည့်မှတ်ချက်များအား သူတွေ့ခွင့်မရတော့ပေ။

(ဟားဟား၊ ကူးတို့ခတောင်းမိမှန်း သူသဘောမပေါက်သေးပုံပဲ)

(ငါက ကူးတို့ခပို့ပေးပြီးသွားပြီ၊ ဟားဟားဟား)

လျန့်ရိထုံ ဝမ်လူကြီး၏အိမ်ဆီ လျှောက်လာပြီး တံခါးဝရှိ စက္ကူရုပ်မိန်းကလေးဆီ ကပ်လာသည်။

သူစိတ်အထင်မှားလေသလား မသေချာသော်လည်း အရုပ်၏မျက်လုံးများက လမ်းတစ်လျှောက်လုံး သူ့လှုပ်ရှားမှုများအတိုင်း လိုက်ပါနေသည်ဟု ခံစားရ၏။

သူမနှင့် ခြေလှမ်းတစ်ဝက်ခန့်သာ အကွာသို့သူရောက်လာလေပြီ။

သူကြောက်လွန်း၍ ဦးရေပြားများပင် ကျိန်းစပ်လာ၏။

အံကိုကြိတ်ကာ သူ့ကိုယ်သူရဲဆေးတင်ပြီး အရုပ်၏ခေါင်းအားဆွဲဖြဲရန် သူလက်လှမ်းလိုက်သည်။

ကြည့်ရှူသူများအား သူကတိပေးထားမိပြီးလေပြီ မဟုတ်ပါလား။

သူ့လက်နှင့်ထိလုထိခင်မှာပင် ဆုတ်ဖြဲသံနှင့်အတူ အရုပ်၏ခေါင်းက အလိုလိုပြတ်ကျသွားသည်။

လျန့်ရိထုံထအော်ကာ တစ်မီတာခန့်အနောက်သို့ ပြန်ဆုတ်မိ၏။

အရုပ်၏ခေါင်းမှာ အလေးချိန်မရှိသဖြင့် လေနှင့်အတူလွှင့်ပါသွားသည်။ လျန့်ရိထုံက ကြောက်နေသည့်ကြားမှ လေထဲပါသွားသည့်ခေါင်းအား လိုက်ကြည့်နေ၏။

လေတိုးသံက သရဲမြူးသံနှင့်မကွာလှ။

ရုတ်တရက် လေတိုက်ခြင်းကရပ်နားသွားသည်။ မရပ်နားသည်မှာ သရဲမြူးသံများပင်။

လျန့်ရိထုံ ကျောထဲမှစိမ့်ကာချမ်းလာပြီး ခြံဝင်းထဲကြည့်လိုက်သည်။

လေသံမဟုတ်။

တစ်ယောက်ယောက်ငိုနေသည်။

သူ့ကျောပေါ်၌ ကြက်သီးများထလာ၏။

ငိုသံမှာ ပါးစပ်ကိုအဆို့ခံထားရသလို အက်ရှ၊တိုးညှင်းကာခပ်အုပ်အုပ်ထွက်နေသည်။

ထိုကြောင့်လေသံနှင့် ရောထွေးနေစဥ်က လျန့်ရိထုံ သတိမထားမိခြင်းပင်။

သူတံတွေးမျိုချရင်း ခြံအနီးသို့တိုးကပ်လာသည်။

အသံလာရာအတိုင်း ခြံနောက်ဖက်သို့ သူလျှောက်လာ၏။

စက်တင်ဘာလနှောင်းပိုင်း ဆောင်းဦးရာသီဖြစ်၍ ညဖက်အလွန်အေးသည်။

ပိုင်လော့ဖုန်း၏ နဖူးကို လာရိုက်နေသည့်လေကအတော်လေးအေးစက်နေပြီး သူပါးစပ်ကို လက်နှစ်ဖက်နှင့် ပိတ်ကာသုံးကြိမ်ဆက်တိုက် ဟပ်ချိုးချေ၏။

"လက်ရှည်ပြန်ယူရတော့မယ်။" သူနှာတရှုံ့ရှုံ့လုပ်ရင်းပြောသည်။

အဖိုးကြီးစုယွီပေးသည့်အင်္ကျီမှာ လက်တိုဖြစ်၍ ယခုလိုဆောင်းညမျိုး၌အသုံးမဝင်ပေ။

သူလက်မောင်းနှစ်ဖက်အားပွတ်ကာ ရှေ့ရောက်နေသည့် နှေးတိနှေးကန်သွားနေသော အရုပ်နောက်ကနေလိုက်လာသည်။

စက္ကူနှင့်ပြုလုပ်ထားသဖြင့် အရုပ်မှာလမ်းလျှောက်အလွန်နှေး၏။

မကြာမီသူတို့ ဝမ်လူကြီးအိမ်သို့ရောက်လာသည်။

ပိုင်လော့ဖုန်း မအံ့သြပါ။ သူတရွေ့ရွေ့နှင့် အဖိုးကြီးဝမ်အိမ်ထဲဝင်လာ၏။

အထဲရောက်သည်နှင့် အသံတစ်ခုကြားရသည်။

ဒုတ် ဒုတ် ဒုတ်

တံခါးခေါက်သံမဟုတ်နေခဲ့။ အသားခုတ်ဓားနှင့် တစ်ခုခုအားခုတ်နေသည့်အသံပင်။ အရိုးအားခုတ်မိနေသလို အသံခပ်အုပ်အုပ်ထွက်နေသည်။

ယခုလိုနေရာမျိုး၌ အဖိုးကြီးသည် ဝါသနာအရ ညအိပ်မပျော်၍ အသားထခုတ်ကာ ဖက်ထုပ်ပြုတ်ပြီး ဘေးအိမ်များသို့ဝေရန် ပြင်ဆင်နေခြင်းတော့ မဟုတ်တန်ရာ။

ဖုန်းမှနာရီကိုကြည့်သောအခါ ညနှစ်ချက်တီးအချိန် ရောက်နေလေပြီ။ ယခုလိုအချိန်တွင် သရဲဂိမ်းအတွင်း၌ အသားခုတ်သံကြားရခြင်းက သံသယဝင်စရာကောင်းလှ၏။

အသံကအိမ်အတွင်းမှလာနေ၍ ပိုင်လော့ဖုန်း အထဲသို့ဆက်ဝင်လာသည်။

ယခင်နှစ်ကပျောက်သွားသည့် ခရီးသွားများအကြောင်း ခေါင်းထဲရောက်လာ၏။

လက်ကိုင်အားလှည့်လိုက်သောအခါ သစ်သားတံခါးဟောင်းကြီးက တကျွီကျွီမြည်ရင်းပွင့်သွားသည်။

ခုတ်ထစ်သံများက ကြားနေရဆဲပင်။ လိုက်ကာကိုမကာ အတွင်းခန်းထဲသူဝင်လိုက်၏။

အတွင်းခန်းထဲရှိနေသူက ပိုင်လော့ဖုန်းအား လုံးလုံးသတိမမူမိသဖြင့် တံခါးကိုလူတစ်ကိုယ်ဝင်နိုင်ရုံသာဖွင့်ကာ သူတိတ်တိတ်ကလေးဝင်လာသည်။

ပြီးနောက် တံခါးကိုပြန်ပိတ်လိုက်၏။

ခုတ်ထစ်သံများက ပိုရှင်းလင်းလာသည်။

မီးဖွင့်ထားသော်လည်း အတော်လေးမှိုင်းပျနေ၍ အမှောင်ထုနှင့် ကွာခြားမှုမရှိချေ။

ဝမ်လူကြီးကအင်္ကျီ ခပ်ပါးပါးသာဝတ်ထားပြီး ဓားမကြီးကိုင်ကာ သူ့အားကျောပေးထားသည်။ သူ့ရှေ့၌မူ စားပွဲအကြီးကြီးတစ်လုံးရှိနေ၏။

ထိုစားပွဲအားဝမ်လူကြီးက စက္ကူရုပ်လုပ်ရန်ဟုဆိုကာ ခရီးသွားများအား ခြံရှေ့ကနေ အထဲသို့ မ သွင်းစေခဲ့သည်။

ယခုထိုစားပွဲကြီးမှာ စဥ်းတီတုံးဘဝသို့ ရောက်ရှာလေပြီ။

အဆက်မပြတ်သော ဓားခုတ်သံများနှင့်အတူ စားပွဲမှသွေးများစီးကျနေ၏။

စားပွဲထက်၌ ခွက်တစ်လုံးနှင့် ဝမ်လူကြီး၏ခြေထောက်နံဘေး၌ ခွက်တစ်လုံးစီရှိနေသည်။

မီးရောင်မှာအတော်လေး မှောင်မှိုင်းနေသည့်ကြားက ခွက်အတွင်းမှ ခြေလက်အပိုင်းအစများအား သူမြင်ဖြစ်အောင်မြင်လိုက်ရ၏။

ဆံပင်များလည်း လှမ်းမြင်နေရသဖြင့် ခွက်ထဲ၌ ခေါင်းတစ်လုံးရှိနေခြင်းဖြစ်မည်။

အရေပြားနှင့်သွေးသားအနံ့များ တထောင်းထောာင်း ထနေသည်။ ကြည့်ရုံနှင့် ထိုလူအားကယ်တင်ရန် လမ်းမရှိတော့ကြောင်းသိနိုင်၏။

သူတိတ်တိတ်ကလေး ပြန်ထွက်လာသည်။

လက်ရှိ၌စုယွီက လူ့ခန္ဓာအားအမဲဖျက်ရင်း အလုပ်များနေသော်လည်း ဓားနှင့် ဘယ်အချိန်သူ့အားလွှဲခုတ်မည်ကို သူမခန့်မှန်းနိုင်ချေ။

သူဖုန်းမီးကိုဖွင့်ကာ အရှေ့ခန်းအတွင်းပတ်ကြည့်လိုက်သည်။

ထူးထူးခြားခြား ဘာမှမတွေ့သဖြင့် အနောက်ဖက်ရှိ တံခါးကနေ သူအပြင်ထွက်လာ၏။

ခြံအရှေ့ဖက်သို့ရောက်လာပြီး သူဖုန်းမီးထွန်းလျက် ပတ်ကြည့်နေသည်။

နေ့ဖက်ကရောက်ရောက်ချင်း အလုပ်သာဖိခိုင်းနေသဖြင့် ပတ်ကြည့်ရန်အခွင့်မရခဲ့ပေ။

ခြံရှေ့အမှိုက်ပုံကြီး၌ ကိရိယာအပျက်များ၊ အိုးခွက်အကွဲများ၊ စက္ကူရုပ်အပျက်များ၊ ဘူးခွံအလွတ်များ၊ စာခြောက်ရုပ် အစရှိသည်တို့စုပုံနေ၏။

အများစုမှာ ဝမ်လူကြီး၏ အရက်ဘူးခွံအလွတ်များပင်။

အမှိုက်ပုံကြားပတ်သွားရင်း ရရှိထားသည့် အချက်အလက်များအား သူပြန်တွေးနေမိသည်။

ပထမဆုံး ယခင်နှစ်ကကျောင်းသူတစ်ဦး ထူးထူးဆန်းဆန်း အိပ်မက်များကြောင့် စုံစမ်းရန်ရောက်လာပြီး ပျောက်သွားရခြင်း။

နှစ်တိုင်း ဘုရားပွဲတော်သို့ လာသည့်လူတိုင်း ပျောက်ဆုံးသွားခြင်း။

ဘုရားပွဲအတွင်း ခရီးသွားများ တစ်ခုခုကြံစည်ခံရခြင်း သို့မဟုတ် ဘုရားပွဲအထမြောက်ရန် ခရီးသွားများအား အသုံးချခြင်းသာဖြစ်ရမည်။

ခရီးသွားများအား အနာတရဖြစ်အောင် တမင်တကာဖန်တီးလေသလား ဒါမှမဟုတ် ဘုရားပွဲဖြစ်မြောက်ရေးသည် ထိုခရီးသွားများအပေါ် မူတည်နေလေသလား။

စက္ကူရုပ်လုပ်ခြင်းနှင့် စျာပနာပွဲများအားတာဝန်ယူရသည့် ဝမ်လူကြီးက အဘယ်ကြောင့် ညဖက်ကြီးအလောင်းအား ခုတ်ထစ်နေသနည်း။

ဒီအလောင်းဘယ်ကလာသလဲ။ ယခင်နှစ်မှခရီးသွားတစ်ဦးလား။

ဤသို့ဆိုပါက အဘယ်ကြောင့် ယခုနှစ်မှသတ်ရသနည်း။ ထိုတာဝန်အား အဘယ်ကြောင့် ဝမ်လူကြီးကယူရသနည်း။ ရွာထဲမှလူငယ်များအား ထိုတာဝန်ပေးခြင်းက ပိုအဆင်ချောမည် မဟုတ်ပါလား။ ထိုတာဝန်အား ပြီးမြောက်အောင်လုပ်နိုင်သူက ဝမ်လူကြီးသာရှိလေသလား။ ဝမ်လူကြီးက တစ်ခုခုထူးခြားနေလေသလား။

ဝမ်လူကြီးက စက္ကူရုပ်လုပ်ခြင်းနှင့် စျာပနာပွဲများအား တာဝန်ယူရသည့်လူ ဖြစ်နေခြင်းက ထူးခြားသည့်အချက်ပင်။

ပျောက်သွားသည့်ခရီးသွားများနှင့် စက္ကူရုပ်များကြား ဆက်နွယ်မှုရှိမလား တွေးရတော့မည်။

ရွာထဲတွေ့ခဲ့ကသည့် ညဖက်ကြီး စက်ကိရိယာများလို အလုပ်လုပ်နေသည့်လူများအား ပိုင်လော့ဖုန်း ခေါင်းထဲမှမထုတ်နိုင်သေး။

အမှိုက်ပုံကြား သူခဏလောက်ငြိမ်နေမိသည်။

လက်မှဖုန်မှုန့်များအား သူခါချရင်းရေရွတ်၏။ "စက္ကူရုပ်တွေကို ရုပ်သေးရုပ်အဖြစ်ပြောင်းလိုက်တာလား။"

"ပြီးတော့ ရွာထဲမှာပဲ ဆက်ထားတာလား။"

'လိုအပ်လို့လား၊ ရွာထဲမှာ လူတွေအများကြီးရှိရက်သားနဲ့ လူစစ်စစ်တွေကို ရုပ်သေးရုပ်ပြောင်းဖို့ လိုအပ်လို့လား။'

ထိုမေးခွန်းအား ဘေးခဏချထားရဦးမည်။

အကယ်၍ဟုတ်နေပါက မည်သို့ပြောင်းပစ်ကြသနည်း။

ပိုင်လော့ဖုန်း အတွေးများနေစဥ် ငိုသံသဲ့သဲ့အားကြားလိုက်ရသည်။

အသံကခြံထောင့် တစ်နေရာရာမှ လာနေခြင်းပင်။

အသံလာရာနောက်လိုက်ရင်း မြင်ကွင်းကြောင့်သူတောင့်ခဲသွား၏။

"ဘုရားရေ၊ ဒါကြီးကတော့ ကြောက်စရာကောင်းလွန်းသွားပြီ။"

သူတွေ့လိုက်ရသည်မှာ လျန့်ရိထုံ ဆုတ်ဖြဲထားသည့် အသားများထွက်ကျနေသော စက္ကူရုပ်ဖြစ်သည်။

ပိုင်လော့ဖုန်း အသံပင်မထွက်ရဲ။

ထိုနေရာသို့လျှောက်သွားကာ ပတ်ဝန်းကျင်အားစစ်ဆေးပြီး ဖုန်းနှင့်ဓာတ်ပုံအချို့ ရိုက်ယူလိုက်သည်။

အရုပ်၏ကျောဖက်၌ တစ်ခုခုရှိနေသည်ဟု ခံစားရသဖြင့်အရုပ်အား ဆွဲထူ၍နောက်ကျောအားကြည့်လိုက်၏။ ကျောဖက်၌သွေးစာလုံးများပါသည့် အဝါရောင်စာရွက်အား တွေ့ရသည်။ သွေးများကလတ်ဆတ်လွန်း၍ တစက်စက်ကျနေဆဲဖြစ်ပြီး "လီကွမ်းဖျင်"ဟုရေးထား၏။

ထိုစာရွက်ကိုလည်း သူဓာတ်ပုံရိုက်ယူလိုက်သည်။

အရုပ်အားနေရာတကျပြန်ထားကာ ဓာတ်ပုံများအားစစ်ပြီးနောက် သူအပြင်ပြန်ထွက်ရန် လှည့်လိုက်၏။

သူပြန်လှည့်လိုက်သည်နှင့် စက္ကူရုပ်မိန်းကလေးက နောက်ကျော၌ကပ်ရက် လာရပ်နေသဖြင့် သူ့အားဝင်တိုက်မိတော့မလိုဖြစ်ရသည်။

ပိုင်လော့ဖုန်း နှလုံးခုန်နှုန်း ရုတ်တရက်ထိုးတက်သွားပြီး အလန့်တကြားနှင့် ခုန်ထကာနောက်သို့ဆုတ်ရင်း မျက်လုံးမှိတ်ထားမိ၏။

မျက်လုံးမှိတ်ထားလျက် အသက်ဝဝရှုရင်း ရင်ဘတ်ကိုပုတ်ကာ သူပြောလိုက်သည်။ "လန့်ပြီးသေတော့မလို့။"

အရုပ်ကတုတ်တုတ်ပင်မလှုပ်ချေ။

ပိုင်လော့ဖုန်း ရင်ဘတ်ကိုဖိကာ ပင့်သက်ရှိုက်၍စိတ်ငြိမ်အောင်ကြိုးစားကာ နေရာမှထွက်လာခဲ့သည်။

ထုတ်လွှင့်ခန်း၏ ကြည့်ရှူသူမှာ လေးထောင်ကျော်နေလေပြီ။ လက်ဆောင်အမှတ်များ ဆက်တိုက်ဝင်ရောက်နေသဖြင့် B အဆင့်ကစားသမား လျန့်ယွဲ့ရှစ်ကိုပင်မှီနေပြီဖြစ်သည်။

(သူကတစ်ချက်တောင် မအော်ဘူး)

(အော်တောင်မအော်တော့ ပျင်းစရာကြီး)

(အော်သံတွေပဲ ကြားနေရတာ၊ ဒီလောက်တည်ငြိမ်တဲ့သူ မတွေ့ဖူးသေးဘူး)

(နှစ်ပွဲပဲကစားဖူးတဲ့သူက ဒီလောက်တောင် တည်ငြိမ်နေပြီလား)

အတော်လေးအားနေသဖြင့် ပိုင်လော့ဖုန်း ထိုလူများအား စကားပြန်ပြောနေလိုက်သည်။ "ငါအရင်က နေမကောင်းဖြစ်ဖူးတယ်။ ဆရာဝန်က စိတ်အရမ်းလှုပ်ရှားရင် သေနိုင်တယ်လို့ပြောခဲ့တယ်။ ဆယ်နှစ်ကျော်လောက် နေမကောင်းဖြစ်ပြီး သက်သာလာတော့ စိတ်ခံစားချက် အတက်အကျဖြစ်တာလည်း မရှိတော့ဘူး။"

(ဘာရောဂါလဲ)

"နှလုံးရောဂါ။"

(မင်းတကယ်ကြီး စိတ်မလှုပ်ရှားတတ်ဘူးလား)

"အမြဲတမ်းတော့မဟုတ်ဘူး။ လူတစ်ယောက်ပါလာရင်တော့ ငါလည်းဝမ်းနည်းလွယ်တယ်။"

(ဘယ်သူလဲ)

ပိုင်လော့ဖုန်း ပြန်ဖြေရန်ပါးစပ်ပြင်စဥ် ဝမ်လူကြီး၏အိမ်ဆီမှ တံခါးဖွင့်သံကြားလိုက်ရသည်။

ထိုလူကပုဆိန်ကိုင်ထားလျက် တံခါးကိုဖွင့်ကာထွက်လာ၏။ သူ့တစ်ကိုယ်လုံး ပါးပြင်များအထိ သွေးစက်များစင်ကာ တစက်စက်ကျနေဆဲပင်။

သူကအေးစက်သောမျက်လုံးများနှင့် ပိုင်လော့ဖုန်းအား သားကောင်လိုကြည့်နေသည်။

ပိုင်လော့ဖုန်း နောက်နှစ်လှမ်းဆုတ်လိုက်၏။ ထိုအကြည့်က စုယွီမဟုတ်မှန်း သူအားသဘောပေါက်စေသည်။ စုယွီက သေသည်အထိ သူ့အား ယခုလိုမကြည့်ဖူးပေ။

ဝမ်လူကြီးက ပုဆိန်အားမြေကြီး၌ တဂျစ်ဂျစ်မြည်အောင် ပွတ်ဆွဲရင်းရှေ့တိုးလာသည်။

ရုတ်တရက် အသိပြန်ဝင်လာသလို ဝမ်လူကြီးက နေရာ၌တုံ့ခနဲရပ်ကာ မျက်လုံးများက အရောင်တောင်ပလာ၏။

ကုန်းကွကွခန္ဓာကိုယ်အား မတ်တင်ရင်း သူ့အမူအရာများက နူးညံ့လာသည်။

ပြေးရန်ပြင်နေသည့် ပိုင်လော့ဖုန်းလည်း ရပ်နေမိ၏။

နှစ်ဦးသား စက္ကန့်ပိုင်းမျှကြာသည်အထိ အကြည့်ချင်းဆုံနေကြသည်။

စုယွီမှာ ပရိုဂရမ်အတွင်း ရှိနေဆဲဖြစ်၍ ပိုင်လော့ဖုန်း အသံပင်မထွက်ရဲ။

အတော်ကြာမှ စုယွီကပုံမှန်ပြန်ဖြစ်ကာ မျက်မှောင်ကြုတ်လျက် သူ့အားသံသယဝင်သလို မေးလာသည်။ "မင်းဘာလုပ်နေတာလဲ။"

"ငါ ငါ ငါ လမ်းလာလျှောက် နေတာထင်တယ်။"

စုယွီကယုံပုံမရ။

ပိုင်လော့ဖုန်း ဝန်ခံရန်သာဆုံးဖြတ်လိုက်သည်။ "ဟုတ်ပြီ၊ အမှန်အတိုင်းပဲပြောတော့မယ်။ အိပ်ရင်းနဲ့ အရမ်းအေးလာလို့ မင်းဆီမှာအဝတ်လာယူတာ။"

"အဝတ်လာယူတာ။"

"မင်းငါ့ကို အတင်းချွတ်ခိုင်းတဲ့ အင်္ကျီလေ။"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment