မည်သို့ဆိုစေ ယန့်ရန်က ကျွန်တော့်အပေါ် စိတ်ရင်းမှန်ဖြင့် ဆက်ဆံပေးတာပါဟု ယုံကြည်မရခဲ့ချေ။ သူဘာကြောင့် ကျွန်တော့်အပေါ် ကောင်းချင်ယောင်ဆောင်နေမှန်း မသိပေမဲ့လည်း အကြောင်းပြချက်ရှာမတွေ့တိုင်း သူ့ကို ကျွန်တော်ယုံကြည်လို့မရ။
သူကတော့ ကျွန်တော်ဟာ ဘာဖုံးကွယ်ထားသည်မှ မရှိပါဘဲအလိုလိုက်အကြိုက်ဆောင်ကာချစ်ပေးသည်ဟု တွေးလောက်ပေမဲ့ တကယ်တမ်းကျ ကျွန်တော်က
ကျွန်တော်လိုချင်တာရဖို့ သူ့ကို အသုံးချခဲ့ရုံ ဖြစ်သည်။
ကျွန်တော် သူ့အပေါ် ဘယ်တုန်းကမှ စိတ်ရင်းမှန်နှင့် မဆက်ဆံပေးဖူးပါချေ။
〰️〰️〰️〰️〰️〰️〰️〰️
သူ အလယ်တန်းရောက်တော့ ကျွန်တော်က အထက်တန်းကျောင်းသား ဖြစ်ချေပြီ။
အထက်တန်းကျောင်းက အလယ်တန်းကျောင်းနှင့် နည်းနည်းတော့ ဝေးပြီး ကျောင်းဝင်းလည်း သီးခြားစီရှိသည်။ ထို့ကြောင့် အလယ်တန်းကျောင်းဝတ်စုံဝတ်ထားရသော ယန့်ရန်အဖို့ ကျွန်တော့်ဆီ အလွယ်တကူ လာတွေ့ဖို့ မဖြစ်နိုင်တော့ပေ။
သည့်အပြင် ကျွန်တော်တို့၏ ကျောင်းချိန်တွေက လုံးဝကွာခြားသည်။ ကျွန်တော်က သူ့ထက် နေ့တိုင်း နာရီဝက်စောထွက်ရပြီး ည ၈ နာရီမှ ကျောင်းဆင်းသည်။
ကျွန်တော့်အဖေကတော့ ယန့်ရန်ကိုပါ မနက်စောစောထွက်ပြီး ကျွန်တော်နှင့်အတူ သွားစေချင်သည်။ ညနေဘက်ကျတော့ အဖေက ယန့်ရန်ကို လာကြိုပြီး ကျွန်တော်ကတော့ တက္ကစီ သို့မမဟုတ် ဘတ်စ်ကားဖြင့် ကိုယ့်ဘာသာ အိမ်ပြန်ရမည် ဖြစ်၏။
တစ်နေ့၌ ယန့်ရန် ပြေးလာပြီး ကျွန်တော့်ကို မေးလာသည်။
"ကိုကို… ကျွန်တော် စက်ဘီးစီးတတ်ချင်တယ်။ သင်ပေးလို့ရမလား"
သူ့စကားကြောင့်ပင် အဖေက ကျွန်တော်တို့နှစ်ယောက်အတွက် ဆင်တူစက်ဘီးနှစ်စီး ဝယ်ပေးခဲ့လေသည်။
ကျောင်းမတက်ခင် နောက်ဆုံးတစ်ပတ်မှာ ကျွန်တော်က ယန့်ရန်ကို ရပ်ကွက်ထဲမှာ စက်ဘီးစီးသင်ပေးခဲ့၏။
သည်ဘက်မှာတော့ သူတော်တော်လေး ဥာဏ်ထိုင်းသည်။ ဟန်ချက်ထိန်းနိုင်စွမ်း မကောင်းချေ။ ဆယ်မီတာလောက်ထိ သူဟန်ချက်ညီညီဖြင့် စီးနိုင်ဖို့ ကျွန်တော်က နောက်ကနေ လိုက်ထိန်းပေးနေရသည်။
ကျွန်တော် လက်လွှတ်လိုက်သည်နှင့် သူချက်ချင်း အော်ဟစ်ပြီး ရပ်သွားတတ်၏။
ယန့်ရန် ပထမဆုံးအကြိမ် လဲကျသွားတာတော့ ကျွန်တော့်ကြောင့်ပါပင်။
ကျွန်တော်က နောက်ကနေ ထိန်းကိုင်ပေးမှာကြောင့် စိတ်မပူဘဲ ရှေ့ဆက်စီးသွားဖို့ သူ့အား ပြောခဲ့၏။
ကျွန်တော်ကတော့ သူ၏ ကြောက်စိတ်မကျော်လွှားနိုင်မှုကြောင့် သင်ယူမှုနှေးတာဟု ထင်ခဲ့တာ ဖြစ်သည်။ ထင်မှတ်မထားစွာဖြင့် သူက တကယ့်ကို မစီးတတ်နေခြင်းပင်။ ကျွန်တော် လက်လွှတ်လိုက်သည်နှင့် လက်ကိုင်ဘားကို ကိုင်ထားသော သူ့လက်တွေ တုန်လာသည်။ တုန်နေရာက ယိမ်းခါလာပြီး နောက်ဆုံး ကျွန်တော် မရောက်ခင်မှာပင် သူလဲကျသွားခဲ့၏။ စက်ဘီးက သူ့ကိုယ်ပေါ် ဖိနေလျှက်သားပင်။
ယန့်ရန် လဲကျချိန်မှာ တော်တော်နာကျင်မှာ သေချာသည်။ ထိုစဥ်တုန်းက သူက ဒူးအထိသာရှိသော ပေါ့ပေါ့ပါးပါး ဘောင်းဘီတို ဝတ်ထားတာ ဖြစ်သည်။ ကျွန်တော် သွားကြည့်လိုက်တော့ သူ့ခြေသလုံးမှာ ပွန်းပဲ့ပြီး သွေးထွက်နေတာ တွေ့လိုက်ရသည်။
အနှီအချိန်တုန်းက ကျွန်တော်တော်တော်လေး ကြောက်သွားခဲ့၏။ သူနာမှာကြောက်တာ မဟုတ်။ ကျွန်တော့်အဖေ သို့မဟုတ် သူ့အမေက ကျွန်တော့်ကို အပြစ်တင်မှာ ကြောက်တာပင်။
သူက မျက်မှောင်ကြုတ်ထားရင်း သူ့ခြေထောက်တွေကို ကြည့်နေသည်။ မျက်နှာက နာကျင်မှုကြောင့် နီရဲနေပြီး နားထင်စပ်ကနေ ပါးပြင်ပေါ်သို့ ချွေးစီးတွေ စီးကျနေ၏။
ကျွန်တော် သူ့အပေါ်ကနေ စက်ဘီးထူမပေးကာ ဘေးနားမှာ သော့ခတ်ပစ်လိုက်ပြီးမှ ရပ်ကွက်အဝင်ဝက ဆေးခန်းကို ခေါ်သွားခဲ့ရသည်။
ကျွန်တော် သူ့ကို ကုန်းပိုးခေါ်သွားခဲ့ရတာဖြစ်၏။ သူနာလွန်း၍ လမ်းမလျှောက်နိုင်ကြောင်း ပြော၍ပင်။
ယန့်ရန်က အရှက်မရှိစွာအပျင်းထူနေခြင်းဟုသူ ကျွန်တော်ထင်ခဲ့သည်။
ပမွှားလောက်ဒဏ်ရာလေးသာဖြစ်သည်။ လမ်းမလျှောက်နိုင်စရာ ရှိပါသလားလေ။
သို့ငြား သူလူကြီးတွေရှေ့မှာ ကျွန်တော့်အကြောင်း မကောင်းပြောမှာစိုးသဖြင့် ညီလေးကို ချစ်သောအစ်ကိုတစ်ယောက်အလား ကုန်းပိုးကာ ပွေ့ချီပြီး ဆေးခန်းသယ်သွားခဲ့ရသည်။
ယန့်ရန်က ထိုစဥ်တုန်းက တော်တော်ပိန်နေသေးသည်။ အသက်က ၁၃ နှစ်ရှိပြီဖြစ်၏။ ကျွန်တော် ဤမိသားစုကိုရောက်လာသော အသက်နှင့် အတူတူပင်။ ဆိုသော်ငြား ထိုစဥ်က ကျွန်တော့်ထက် အရပ်ပိုပုပြီး ပိန်ပါးသည်။
သူက လက်မောင်းနှစ်ဖက်ကို ကျွန်တော့်ပခုံးပေါ်ကနေ တွဲလျားချထားရာ ဟိုဘက်ဒီဘက် လွှဲယမ်းနေသည်။
သူ့လက်ကောက်ဝတ်မှာ ကြိုးနီလေးတစ်ချောင်း ချည်ထား၏။ ကျွန်တော့်လက်ကောက်ဝတ်မှာလည်း တစ်ချောင်း ရှိသည်။ သူ့အမေဘက်က အဘိုးက ဘုံကျောင်းသွားကာယူထားတာဖြစ်သည်။ ဘေးအန္တရာယ်ကနေ ကာကွယ်ပေးသည်ဟု ဆို၏။
ကျွန်တော်ကတော့ ဤအရာတွေကိုမယုံပေမဲ့ နာခံခဲ့ရသည်သာ။
ယန့်ရန် ဒဏ်ရာတွေကို ဆေးခန်းမှာ ဆေးထည့်၍ ထိုင်စောင့်နေတုန်း သူ့အမေရောက်လာကာ ငွေရှင်းပြီး ကျွန်တော်တို့ကို အိမ်ပြန်ခေါ်သွားသည်။
သူ့အမေရောက်လာတော့ ကျွန်တော် အဆူခံရဖို့ ပြင်ဆင်ထားခဲ့ပေမဲ့ အဆုံးမှာတော့ ဘယ်သူမှ ကျွန်တော့်ကို မဆူခဲ့သလို ဘယ်သူမှလည်း အပြစ်မတင်ခဲ့ချေ။
ယန့်ရန်က သက်ပြင်းချကာဖြင့်
"ကျွန်တော်က တော်တော်ညံ့တာပဲ။ မသင်တော့တာ ပိုကောင်းမယ်"
နောက်တော့ ယန့်ရန်စက်ဘီးကို အဖေက ရောင်းလိုက်သည်။ သူကတော့ မနက်ပိုင်း ကျောင်းသွားဖို့ အဖေ့ကားနှင့် သွားနေတုန်းပင်။ တစ်ခါတလေတော့ သူစောစောထကာ သူ့ကိုတင်ခေါ်သွားပေးဖို့ ဂျီကျတတ်သည်။
ညနေဘက်ဆို အဖေက သူ့ကို လာကြိုပေမဲ့ တစ်ခါတလေတော့ သူဘာသာ အိမ်ပြန်၏။
ထိုအချိန်တွေတုန်းက ကျွန်တော့်စာမေးပွဲရမှတ်တွေက အတော်ကောင်းသည်။ အထက်တန်းဝင်ခွင့်စာမေးပွဲမှာ ကျွန်တော်က အတန်းထဲမှာ အဆင့် တစ်ဆယ်အတွင်းမှာ ပါ၏။
သို့ငြား ယန့်ရန်ရမှတ်တွေကမူ မကောင်းလှ။ စာအတူတူလုပ်တိုင်း သိပ်မကြာခင်လေးမှာ သူက စားပွဲပေါ်မှာ အိပ်ပျော်သွားတတ်တာမျိုး သို့မဟုတ် အိပ်ရာပေါ် တက်အိပ်ပစ်လိုက်တာမျိုး လုပ်တတ်သည်။
ကျွန်တော်ကမူ သူ့ကို ဂရုစိုက်ဖို့ စိတ်ထဲမရှိ။ သူစာညံ့လေလေ ကျွန်တော် ပိုပျော်လေလေပင်။ အကြောင်းမူ အများအပြင်၌ တခြားလူတွေက ကျွန်တော့်အား အစ်ကိုဖြစ်သူက တော်ကြောင်း ချီးကျူးကာ အားကျတတ်ကြ၍ ဖြစ်၏။
သူက စာညံ့သော်ငြား ဆိုးသွမ်းပေါ့ပြက်နေသည့် ကလေးတော့ မဟုတ်။ အမြဲတမ်း ယဉ်ကျေးသိမ်မွေ့သည်။
၁၃ နှစ်သား ယန့်ရန်က ထိုကတည်းက အစွန်းအထင်းမရှိပြစ်ချက်ကင်းပြီး လှပနေခဲ့လေပြီ။ ကျောင်းဝတ်စုံဝတ်ထားသော အလယ်တန်းကျောင်းသားတွေကြားမှာ ထင်းထွက်ကာ သူ့ကို တစ်ချက်ကြည့်လိုက်တာနှင့် သိနိုင်သည်။
သူက အသားအတော်ဖြူကာ ချောမောသည်မို့ ဘယ်သူကမှ အာရုံမစိုက်ဘဲ မနေနိုင်ခဲ့ကြချေ။
🌱🌱🌱🌱🌱🌱🌱
ယန့်ရန်နှင့် ကျွန်တော်က ကျောင်းဝင်းမတူကြတော့သည့်အခါ ကျောင်းချိန်အတွင်းမှာတောင် တစ်ယောက်ကိုတစ်ယောက် သိပ်မတွေ့ဖြစ်ကြတော့ချေ။
တစ်နေ့ ကျောင်းရောက်တော့ ကျွန်တော့်ကျောပိုးအိတ်ထဲမှာ ယန့်ရန် ပိုက်ဆံအိတ်လေးကို ရုတ်တရက် တွေ့လိုက်ရသည်။
ထိုပိုက်ဆံအိတ်လေးကို သူကိုယ်တိုင် ဝယ်ထားတာပင်။ တိရစ္ဆာန်ရုံကို သွားတုန်းက တိရစ္ဆာန်ပုံစံ ပိုက်ဆံအိတ်လေးတွေကို မြင်ရာ ဆယ်ယွမ်စီဖြင့်ဝယ်ပြီး တစ်လုံးကို သူ့အတွက်ယူ၍၊ တစ်လုံးကို ကျွန်တော့်အတွက် ပေးခဲ့သည်။
ကျွန်တော်ကတော့ အများကြီးသဘောကျကြောင်း အမူအရာပြခဲ့ပေမဲ့ တကယ်တမ်းမှာတော့ သူက ကလေးဆန်လွန်းသလို သူ့ပိုက်ဆံအိတ်တွေကလည်း ကလေးဆန်လိုက်တာဟုပင် တွေးခဲ့မိသည်။
လက်ထဲရပြီးကတည်းက ကျွန်တော် ဘယ်တုန်းကမှ မသုံးခဲ့ဘဲ အံဆွဲထဲ ပစ်ထည့်ထားခဲ့၏။ သို့ပေမဲ့ ယန့်ရန်ကတော့ နေ့တိုင်း သူ့နှင့်အတူ ယူဆောင်သွားတတ်ပေသည်။
သူ့ပိုက်ဆံတွေက အိတ်ထဲမှာသာ ရှိသည်။ ပိုက်ဆံမရှိပါက သူနေ့လည်စာ စားလို့ရမှာ မဟုတ်ချေ။
ကျွန်တော့်မနက်ပိုင်း နောက်ဆုံးအတန်းချိန်က သူ့ထက် ဆယ်မိနစ်နောက်ကျမှ ပြီးတတ်သည်။ အတန်းပြီးသည်နှင့် ကျွန်တော် အလယ်တန်းကျောင်းကို အမြန်သွားခဲ့လိုက်၏။
ကျွန်တော်ရောက်သွားတော့ အလယ်တန်းကျောင်းပေါက်ဂိတ်ဝမှာ လူသိပ်မရှိတော့။ လူတိုင်း ထမင်းသွားစားနေကြပြီပင်။ သို့ပေသိ ကျွန်တော် ယန့်ရန်ကို တွေ့လိုက်ရသည်။ သူက ကျောင်းဂိတ်တစ်ဖက်ခြမ်းက လမ်းဘေးနံရံကို မှီရပ်နေကာ ကျောင်းဝတ်စုံဝတ်ထားသော ကောင်လေးနှစ်ယောက်က သူ့ကို ပိတ်ထားကြ၏။
ဘယ်သူမဆို ကျောင်းလူဆိုးတွေ၏ ပုံစံကိုမြင်ဖူးမှာဖြစ်ကာ ကျောင်းတွင်းအကြမ်းဖက်နေမှန်းလည်း သိနိုင်သည်။
တစ်ချက်ကြည့်လိုက်သည်နှင့် ထိုနှစ်ယောက်က ယန့်ရန်ကို အနိုင်ကျင့်နေတာမှန်း သိနိုင်၏။ သို့သော်လည်း ယန့်ရန်ကတော့ ဂရုမစိုက်သောအကြည့်ဖြင့်သာ နံရံကို မှီရပ်နေခဲ့လေသည်။
ယန့်ရန်ပုံစံက ကျွန်တော့်ကို အံ့အားသင့်သွားစေသည်။ သူက ဘာစကားမှ မပြောသလို ရုန်းကန်နေခြင်းလည်းမရှိ။ သည်တိုင်း နံရံကိုသာ ငြိမ်ငြိမ်လေးမှီရပ်နေကာ မောက်မာနေဟန်မရှိသလို၊ နှိမ့်ချနေဟန်လည်း မရှိခဲ့ပေ။
ရုတ်တရက် ကျွန်တော် သဘောပေါက်သွားရသည်။ ယန့်ရန်က လူတိုင်းကို ကျေနပ်အောင် လုပ်ပေးနေတာမဟုတ်။ သူက ကျွန်တော်တစ်ယောက်တည်းကိုသာ လွန်လွန်ကျူးကျူး ကောင်းချင်ယောင်ဆောင်နေခဲ့ခြင်းပင်။
ကျွန်တော်က သူတို့နှင့် သိပ်မဝေးလှ။ သို့ပေသိ ရှေ့မှာ STOP ဆိုင်းဘုတ်ကကွယ်ထားလေရာ ယန့်ရန်က ကျွန်တော့်ကို သတိမထားမိခဲ့ချေ။
ကျွန်တော် နေရာမှာ ခဏရပ်ပြီး သူတို့ကို ကြည့်နေလိုက်သည်။ အစကတော့ ကျွန်တော် ဝင်ပါချင်တာမဟုတ်။ သို့သော်လည်း သူတို့ထဲက တစ်ယောက်က ယန့်ရန်ကော်လံကို ဆောင့်ဆွဲလိုက်ချိန်မှာတော့ ကျွန်တော် တစ်ချက်ဆဲရေးလိုက်မိရင်း အမြန်လျှောက်သွားမိတော့သည်။
ယန့်ရန်က ကျွန်တော်လာမည်ဟု ထင်မထားမိပုံရသည်။ မျက်နှာထားက အံ့အားသင့်ကျေနပ်သွားဟန်သို့ ချက်ချင်းပြောင်းသွားသည်မှာ မုန်လာဥနီမြင်လိုက်ရသော ယုန်ငယ်အလား။
ကျွန်တော် ယန့်ရန်ကို ကျွန်တော့်နောက်ကို ဆွဲခေါ်လိုက်ကာ ပိန်ပါးပြီး ပုနေသော သူ့ကို ကာကွယ်ပေးထားလိုက်သည်။
လူဟူသည် အားနည်းသူကိုသာ အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်တတ်ကြ၏။
ထိုကောင်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် ပြေးထွက်သွားကြသည်။ ကျွန်တော့်ကို တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မပေးခဲ့ချေ။
ယန့်ရန်က ရွှင်မြူးစွာဖြင့် ကျွန်တော့်လက်ကောက်ဝတ်ကို ဆွဲပြီး ဘာလို့လာတာလဲဟု မေးလာသည်။ ကျွန်တော် သူ၏ကလေးဆန်သော ပိုက်ဆံအိတ်လေးကို ပစ်ပေးလိုက်ပြီးနောက် သူ့ပခုံးကို ဖက်ကာ နေ့လည်စာစားဖို့ ခေါ်သွားလိုက်တော့သည်။
ဒါက သူအနိုင်ကျင့်ခံရတာမျိုး မမြင်ချင်မှန်း ကျွန်တော် ပထမဆုံးအကြိမ် သိလိုက်ရတာပင်။ မည်သို့ဆိုစေ သူက ကျွန်တော့်ညီလေးဖြစ်သည်။ ကျွန်တော်သာ သူ့ကို အမျိုးမျိုးလှည့်ဖျား အနိုင်ကျင့်ချင်ကျင့်မည်။ တခြားသူကတော့ စိတ်ပင်မကူးစေရ။
ထိုနေ့နောက်ပိုင်းကစပြီး ယန့်ရန်က ကျွန်တော့်အပေါ် ပိုကောင်းကောင်း ဆက်ဆံပေးလာပုံရသည်။ သူဘာပဲလုပ်လုပ် အကုန်ပြောပြ၏။ သူ့ လျှို့ဝှက်ချက် အများကြီးကိုတောင် ကျွန်တော့်ကိုပဲ ပြောပြခဲ့ပါတာ ဖြစ်သည်။
ဥပမာ- သူကောင်မလေးတစ်ယောက်ဆီကနေ ရည်းစားစာရတာမျိုး၊
ဥပမာ- သူနွေဦးအိမ်မက် မက်ခဲ့တာမျိုး။