CHAPTER 19
ဤကိစ္စမျိုးမှာ ကျွန်တော်ဥာဏ်နှေးခဲ့မိ၏။ ကျွန်တော့်အပေါ်ထားသည့် ယန့်ရန်ခံစားချက်တွေက အစ်ကိုတစ်ယောက်ထက်
ကျော်လွန်သွားခဲ့ပြီဆိုတာကို ကျွန်တော် စောစောကတည်းက နားလည်ခဲ့သင့်သည်။
သာမန်ညီအစ်ကိုတွေက တစ်ယောက်နှင့်တစ်ယောက် အမြဲတမ်း တွယ်ကပ်နေတာ၊ ဖက်တာ၊ အောက်ပိုင်းဖြင့်ပွတ်သပ်နေတာမျိုး လုပ်မည်မဟုတ်ကြ။
သူတို့ခံစားချက်တွေက စစ်မှန်ကြောင်း သက်သေပြဖို့ နမ်းကြမည်လည်း မဟုတ်ချေ။
ယန့်ရန်အနမ်းကြောင့် ကျွန်တော် နေရာမှာတင် ကြက်သေသေသွားပြီး "ခဏတာ ဦးနှောက်အေးခဲသွားခြင်း" ဟူသော ခံစားချက်ကို နောက်ဆုံးတော့ ကြုံလိုက်ရသည်။
သူက နှုတ်ခမ်းချင်းထိရုံထိခဲ့တာမဟုတ်။ ကျွန်တော်ထိတ်လန့်ပြီး ကြောင်အမ်းနေစဉ် သူ့လျှာကိုပင် ကျွန်တော့်ပါးစပ်ထဲထည့်လာသေးသည်။ ဘာဖြစ်နေလဲဆိုတာ သဘောပေါက်ချိန်မှာတော့ သူက ကျွန်တော့်ကို ပြင်းပြင်းထန်ထန် နမ်းနေပြီပင်။
ယန့်ရန်ကို နောက်တစ်ကြိမ် ကျွန်တော် ကြမ်းပြင်ပေါ်သို့တွန်းပစ်လိုက်သည်။ ဤတစ်ကြိမ်က အရင်တစ်ကြိမ်ထက် ပို၍အားပြင်းသည်။
သူ့ခေါင်းက ကုတင်ထောင့်ဖြင့် ရိုက်မိလုနီးပါးဖြစ်သွားကာ ကျွန်တော့်နှလုံးသား ရပ်တန့်သွားတော့မလို ဖြစ်ခဲ့ရသည်။
တချို့သောအရာများက ထပ်ပြီးဆွေးနွေးရန်မလိုအပ်။ အများကြီးပြောလျှင် အဆုံးတွင် အရူးနှင့်သာတူလိမ့်မည်။
ကျွန်တော် ယန့်ရန်ကို ကြမ်းတမ်းစွာဖြင့်ဆွဲထူပြီး ဆွဲခေါ်လာကာ အိပ်ရာပေါ်သို့တွန်းပို့လိုက်သည်။
“အိပ်တော့”
ကျွန်တော် အမိန့်ပေးလိုက်၏။
“မင်းကို မနက်ဖြန်မနက်မှာ ပြန်ပို့ပေးမယ်”
ယန့်ရန်က အိပ်ရာပေါ်တွင်လဲကျသွားပြီး ကျွန်တော့်ကိုကြည့်လာသည်။ သူ့အကြည့်၏နောက်ကွယ်တွင် ဘာအဓိပ္ပာယ်ရှိလဲ ကျွန်တော်မသိဘဲ အနီးကပ်မကြည့်ရဲသလို၊ နက်နက်ရှိုင်းရှိုင်းလည်း မတွေးချင်ပေ။
ဤတစ်ကြိမ်တော့ သူ နာခံသည်။ အနွေးထည်ကိုချွတ်ပြီး စောင်ခြုံကာ ညအိပ်ဝတ်စုံပင်မလဲခဲ့ပေ။
ကျွန်တော်ကတော့ လုံးဝအိပ်မပျော်နိုင်တော့။ သူ့ကိုကျောပေးရင်းလဲလျောင်းကာ ရှေ့တွင်ရှိသည့်နံရံကိုသာ ကြောင်ပြီးငေးကြည့်နေခဲ့မိသည်။
နောက်နေ့မနက်တွင် ကျွန်တော်ထပြီး သူလည်းလျင်မြန်စွာထလာ၏။ ကျွန်တော်စကားမပြောခဲ့သလို သူလည်း စကားမပြောခဲ့ပေ။ သိသိသာသာတိတ်ဆိတ်နေခဲ့သည်။
မနက်စာစားရန် သူ့ကိုခေါ်လာခဲ့ပြီးနောက် ဘူတာရုံသို့ပို့ပေးခဲ့၏။ သွားသည့်လမ်းတစ်လျှောက်တွင် ယန့်ရန်က လုံးဝခေါင်းမမော့ခဲ့ပေ။
သူ့လက်မှတ်ကိုစစ်ဆေးပြီး ဘူတာရုံသို့ဝင်လာခဲ့ချိန်၌မူ တမင်လုပ်တာလား၊ တခြားအရာလားမသိပေမဲ့ ယန့်ရန်က ကျွန်တော့်အနားသို့ ကပ်မှီလာသည်။ ခွဲရတော့မည့်အချိန်ရောက်လာသောအခါ သူအနည်းငယ် တုံ့ဆိုင်းနေပုံရ၏။
ကျွန်တော် သူ့ကိုဂရုစိုက်မနေတော့။ သူ့ကိုအဖော်ပြု၊ ဘူတာရုံထဲသို့ သူဝင်ခဲ့တာကိုကြည့်ပြီး သူရထားပေါ်တက်တာကို ကြည့်ပြီးမှ ကျွန်တော် ဘာမှမဖြစ်ခဲ့သလိုမျိုး ဟန်ဆောင်ကာ ပြန်လာလိုက်မည်။
ဘူတာရုံထဲသို့ဝင်လာခဲ့သောအခါ လူအုပ်များပြီး ပြွတ်သိပ်နေခဲ့၏။ ယန့်ရန်လက်ဖမိုးက ကျွန်တော့်လက်ကို နှစ်ကြိမ်သုံးကြိမ်လောက် ခပ်ဖွဖွ လာထိသော် ကျွန်တော် ရှောင်လိုက်သည်။ ကျွန်တော့် အပြုအမူက သူ့ကို နာကျင်စေလိမ့်မည်။ သို့ပေမဲ့ ထိုအချိန်တုန်းကတော့ သူ့စိတ်ခံစားမှုများကို စိတ်ထဲတွင်မထားနိုင်ခဲ့ချေ။
ထိုနေ့တွင် သူထွက်မသွားခင် ကျွန်တော်တို့ ရထားရှေ့တွင်ရပ်နေကြသောအခါ ယန့်ရန်က ကျွန်တော့်အင်္ကျီထောင့်ကို ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့နေသည်။ သူ စကားတစ်ခွန်းမှမပြောခဲ့ပေ။
ရထားစောင့်က လူများကို ရထားပေါ်တက်ရန် စပြီးညွှန်ကြားလာ၏။ ကျွန်တော်သည် သူ့လက်ကိုဖြုတ်ချပြီး သူ့ကိုရထားဆီတွန်းပို့လိုက်သည်။
ရထားထွက်သွားခဲ့ပြီး ယန့်ရန်လည်း ထွက်သွားခဲ့ချေပြီ။
ကျွန်တော် သူ့ဆီက မက်ဆေ့ရခဲ့သည်။ ရေးထားသည်က [ကိုကို ကျွန်တော်ကိုကြိုက်လား]
ကျွန်တော် မက်ဆေ့ကိုဖျက်လိုက်လေသည်။
နောက်ပိုင်းတော့ နောင်တရမိသည်။ တကယ်ဆို ဖျက်ပစ်ခဲ့တာ မဟုတ်ဘဲ သိမ်းထားသင့်၏။သူ၏သန့်စင်ပြီးလှပသည့်သားငယ်က ကျွန်တော့်ကိုမြူဆွယ်ခဲ့ကြောင်း၊ လိုလိုလားလားဖြင့် ကျွန်တော့်သားကောင်ဖြစ်လာကာ ကျွန်တော်၏ ဆိုးယုတ်မှုကို မြှင့်တင်ပေးခဲ့ကြောင်း အဖေသိအောင် ပြခဲ့သင့်သည်။
°°°°°°°°°
ယန့်ရန်ထွက်သွားပြီးနောက် ကျွန်တော်ပုံမှန်အတိုင်း ပြန်ဖြစ်ရန် အစွမ်းကုန်ကြိုးစားခဲ့ပေမဲ့ ကျွန်တော့်အပေါ် သက်ရောက်မှုရှိခဲ့တာကိုတော့ ငြင်းပယ်၍မရနိုင်ပေ။
ဤရက်တွေအတွင်း ကျွန်တော်ညတိုင်းအိမ်မက်မက်ခဲ့၏။ အိမ်မက်တိုင်းမှာ ကျွန်တော်တို့နှစ်ဦး ချစ်နှီးနှောခဲ့ကြတာကိုပဲ မက်သည်။
ကျွန်တော်တို့နှစ်တွေအများကြီးအိပ်ခဲ့သည့် နှစ်ထပ်ကုတင်ပေါ်မှာ၊ ကျွန်တော့်၏ စုတ်ပြတ်နေသည့်တိုက်ခန်းထဲမှာ၊ ကျွန်တော့်အဖေရှေ့မှာ…။
တစ်ခါတရံအိမ်မက်များ၌ ကျွန်တော်က အဓမ္မပြုကျင့်တာမျိုးဖြစ်ပြီး တစ်ခါတလေတော့ ယန့်ရန်က အစပျိုးသူဖြစ်သည်။
ထိုအိမ်မက်များက အစစ်အမှန်နှင့် အင်မတန်တူလွန်းသည်။ သူ၏တင်ပါးကိုဆုပ်နယ်ရသည့် ခံစားချက်ပင် အစစ်အမှန်ဟု ခံစားရ၏။
ကျွန်တော်နိုးလာသည့်အခါတိုင်း ချွေးများဖြင့်လွှမ်းနေပြီး နှလုံးသားက ရှုပ်ထွေးနေရသည်။
သူထွက်သွားပြီးနောက် သူသည် နေ့တိုင်းလိုလို သူ့ကိုကြိုက်လား မကြိုက်ဘူးလားဟုမေးတတ်သည်။ သူ့ကျောင်းပိတ်ရက်များမစခင်မှာတော့ သူကပြောလာ၏။
[ကိုကို ဒီနှစ်ကျွန်တော့်မွေးနေ့မှာ လိုချင်တဲ့လက်ဆောင်ကို ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ]
တကယ်တော့ ကျွန်တော် ယန့်မိသားစုကိုရောက်လာကတည်းက သူဟာ ကျွန်တော့်ဆီက နှစ်တိုင်းမွေးနေ့လက်ဆောင် တောင်းခဲ့သည်။ ကျွန်တော်ကမူ မပေးခဲ့။ သည်လိုသာ ပြောထားသည်။
“ယန့်ရန် ငါ့ကိုကြည့်..ငါ့မှာ ဘာမှမရှိဘူး.. သိမ်းထားပေးဉီးလေ။ နောက်ပိုင်း ငါတတ်နိုင်လာရင် မင်းကိုပေးမယ်”
ပြောရသည့်ရည်ရွယ်ချက်က သူ့ရှေ့တွင် သနားစရာကောင်းအောင် တမင်လုပ်ခဲ့ရုံသာ။ သူတောင်းဆိုသည့်လက်ဆောင်များက ကျွန်တော်မတတ်နိုင်တာ တစ်ခုမှမရှိခဲ့။
တကယ်တော့ သူ့မုန့်ဖိုးတစ်ဝက်ကို ကျွန်တော့်ကိုပေးသောကြောင့် ကျွန်တော့်မုန့်ဖိုးက သူ့ထက်ပိုများသေးသည်။
အဆုံးသတ်တွင် ကျွန်တော်ဟာ တခြားသူ၏ပေးကမ်းမှုအပေါ်မှာ မှီခိုရသည့်ဘဝတွင် နေထိုင်သူဖြစ်ကြောင်း၊ သနားစရာကောင်းပြီး အင်မတန်ဆင်းရဲသဖြင့် သူ၏အကူအညီကိုလိုအပ်နေကြောင်း သူ့ကိုသိစေချင်ခဲ့ခြင်းသာဖြစ်သည်။
ထို့ကြောင့် နှစ်တွေတစ်လျှောက်လုံး ကျွန်တော် သူ့ကို မွေးနေ့လက်ဆောင် တစ်ခုတောင် မပေးခဲ့ပေ။
သည်တစ်ခါ သူ ဘာလိုချင်လဲဆိုတာ ဆုံးဖြတ်ပြီးပြီဟု ပြောပေမဲ့ ကျွန်တော်ကမူ မေးမနေတော့။ အကြောင်းမူ သူ့ကို မွေးနေ့လက်ဆောင် လုံးဝမပေးဖို့ ဆုံးဖြတ်ထား၍။
မွေးနေ့လက်ဆောင် မပေးရုံသာမက သူ့အတွက် မွေးနေ့ပွဲတောင် ကျင်းပပေးရန် အစီအစဉ်မရှိခဲ့ပေ။
ယန့်ရန်၏မွေးနေ့က တရုတ်နှစ်သစ်ကူးနှင့် အင်မတန်နီးကပ်သည်။ စာမေးပွဲဖြေပြီး ကျွန်တော်ချက်ချင်းပြန်သွားမည်ဆိုပါက သူ့မွေးနေ့ကို အမှီရောက်နိုင်မည်သာ။
သို့သော် ကျွန်တော်မပြန်ခဲ့။ ကျောင်းမှာ ဆယ်ရက်ကျော်ကြာအောင် တမင်တကာ နေခဲ့သည်။ နောက်ဆုံး မတတ်သာသည့်အခါမှ ပစ္စည်းတွေထုပ်ပ်ုးပြီး အိမ်ကိုပြန်လာခဲ့လိုက်၏။
အတိတ်တွင် ကျွန်တော် ထိုနေရာတွင်နေရတာ မကြိုက်သည့်တစ်ခုတည်းသော အကြောင်းရင်းက အဖေ့ကိုမုန်းခဲ့သောကြောင့်။ သူ့ကိုမြင်သည့်အခါတိုင်း အမေသေဆုံးခဲ့ပုံကို တွေးမိရသည်။
ယခု ကျွန်တော့်တွင် ပြန်မသွားရန် နောက်ထပ်အကြောင်းရင်းတစ်ခုရှိလာခဲ့ပြီပင်။ ယန့်ရန်ကို ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ ဆိုတာလဲ ကျွန်တော်မသိသေး။
အတိတ်တုန်းက သူ့ကိုအများကြီးနာကျင်အောင်မလုပ်ရန် ကိုယ့်ကိုယ်ကိုယ် အမြဲပြောခဲ့ဖူးသည်။ ဇာတ်လမ်းတစ်ခုလုံးတွင် သူဟာ အပြစ်အကင်းစင်ဆုံးသူဖြစ်၍ပင်။
သို့ပေမဲ့ သူက အတင်းအဓမ္မ ဝင်လာချင်သည်။ကျွန်တော့် မကျေနပ်ချက်ထဲမှာ သူ့ကိုယ်သူ ခပ်ထူထူ ခြစ်ရာတွေ ရေးထိုးချင်ကြောင်းလည်း အတင်းအဓမ္မ ပြောဆိုခဲ့၏။
ဆိုတော့ ဒါ တကယ်ပဲ ကျွန်တော့်အမှား မဟုတ်ပေ။
ကျွန်တော်ပြန်သွားခဲ့သည့်နေ့တွင် ယန့်ရန်မွေးနေ့ပြီးသွားခဲ့သည်မှာ တစ်ပတ်နီးပါးရှိပြီဖြစ်၏။ ခရီးဆောင်အိတ်များကို ဘေးတွင်ထားနေစဉ် ယန့်ရန်ကပြောလာသည်။
“ကိုကို ကျွန်တော့်မွေးနေ့ကပြီးသွားပေမဲ့ ကိုကို့ကိုလုပ်ပေးစေချင်တာရှိတယ်”
အဖေက ဧည့်ခန်းထဲတွင်ဖုန်းပြောနေခဲ့ပြီး သူ့မိခင်ကမူ မီးဖိုချောင်ထဲတွင် ဟင်းချက်နေသည်။ ကျွန်တော် နောက်က အိပ်ခန်းတံခါးကိုပိတ်ပြီး သူ့ကိုမေးလိုက်၏။
“မင်းဘာလိုချင်တာလဲ”
ယန့်ရန်က ကျွန်တော့်ကိုစိုက်ကြည့်သည်။ ရုတ်တရက်ပင် သူခုဝတ်ထားသော အဝတ်အစားတွေက ကျွန်တော့်အဝတ်အစားတွေဖြစ်ကြောင်း သိလိုက်ရသည်။
သူကပြောလာသည်။
“ကိုကို အရင်က လိင်ဆက်ဆံဖူးလား.. ကျွန်တော် ကိုကိုနဲ့အိပ်ချင်တယ်”