CHAPTER 17
ယန့်ရန် ကျွန်တော့်ကို ထိုနှယ်မေးလာသော် ကျွန်တော် တော်တော်လေးကို အဆင်မပြေဖြစ်သွားရသည်။
ဘယ်လောက်ပဲ မလိုလားပါစေဦး…ဝန်ခံရမည်။ သူနာကျင်ခံစားရတာအား ကျွန်တော်မကြည့်ရက်။ တခြားသူတွေ သူ့ကို အနိုင်ကျင့်တာမျိုးက လုံးဝလက်သင့်မခံနိုင်သောအရာပေမဲ့ ကျွန်တော် အနိုင်ကျင့်မိ၍ သူနာကျင်ခံစားရပါကလည်း ကျွန်တော့်စိတ်ထဲ မကောင်းပါချေ။
ကျွန်တော်ဟာ ကိုယ်ထင်ထားသလောက် မရက်စက်တတ်သေး။ ကိုယ့်အပေါ် ဘာဖိအားမှမခံစားရဘဲ စိတ်ကြိုက်အနိုင်ကျင့်စော်ကားရလောက်အောင် မရက်စက်တတ်သေးပါပေ။
ဖြစ်ချင်သည်က သူ့မိသားစုအား ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်၍ စုတ်ပြတ်သတ်သွားစေလိုသော ဗီလိန်ဖြစ်သည်။ သို့ပေမဲ့ အနှီလူကို မြင်လိုက်သည့်ခဏ၊ တွေးလိုက်မိသည့်ခဏ၌ လျှာဖျားထက်က ရက်စက်ခက်ထန်သည့်စကားများက လည်ချောင်းထဲ ပြန်ကျသွားရပြန်သည်။
ကျွန်တော် သူ့နှာခေါင်းကိုညှစ်လိုက်၏။
သူကမျက်မှောင်ကြုတ်ပြီး ညှစ်ခံထားရသည့်နှာခေါင်းမှတဆင့် ညည်းတွားသည်။
ကျွန်တော်ပြောလိုက်၏။
“မငိုနဲ့”
သူက ကျွန်တော့်ကိုတွန်းထုတ်ပြီး နှာခေါင်းကိုပွတ်ကာရယ်သည်။
“ကျွန်တော်မငိုပါဘူး”
ကျွန်တော့်မျက်နှာမှ အမူအရာကိုမြင်သောကြောင့် ထိုမေးခွန်းကိုမဆက်တော့တာဖြစ်နိုင်၏။ ထိုအစား သူသည် ကျွန်တော့်လက်မောင်းကိုတွဲပြီး ညည်းသည့်လေသံဖြင့် တောင်းဆိုလာသည်။
“ကိုကို့ရဲ့အဆောင်ကိုသွားလို့ရလား.. ဘယ်လိုပုံစံရှိလဲဆိုတာ မြင်ချင်တယ်”
အဆောင်သည် တကယ်တော့ အနီးတွင်ရှိ၏။ ကျွန်တော်ခဏတာတုံ့ဆိုင်းသွားသည်။
ယန့်ရန်သည် ကျွန်တော့်လက်မောင်းကို ကလေးကဲ့သို့လှုပ်ရမ်း၏။ ကျွန်တော်တို့ဘေးမှဖြတ်လျှောက်သွားသော သူများသည် ထူးခြားသောကောင်လေးနှစ်ယောက်ကို သူတို့၏မျက်ထောင့်မှခိုးကြည့်ရန် ကြိုးစားနေကြသည်။
ကျွန်တော် သူ့ကို အဆောင်သို့ခေါ်လာခဲ့၏။ ကံကောင်းစွာနှင့် တခြားသူများမရှိကြပေ။
ဘာကြောင့် ကံကောင်းသည်ဟုတွေးမိလဲ ကျွန်တော်မသိပေမဲ့ ကျွန်တော် သူတို့ကိုမဆုံစေချင်ပေ။
ယန့်ရန်က နေရာသို့ခြေချသည်နှင့် မှတ်ချက်ချသည်။
“ကိုကို့အဆောင်က အရမ်းကောင်းတယ်”
ဘယ်မှာကောင်းပါလိမ့်… သူသည် အကြောင်းရင်းမရှိဘဲ အရာရာတိုင်းကို အပိုလုပ်တတ်သည်။
သူက မာဖလာနှင့် အနွေးထည်ကိုချွတ်ပြီး ဝရန်တာသို့ပြေးသွား၏။
“ကိုကို ကျွန်တော် ဒီနေရာကိုသဘောကျတယ်”
“မင်းမကြိုက်တာ ဘယ်နေရာရှိလဲ”
ကျွန်တော်တို့အနွေးထည်များကို အဝတ်ဗီဒိုထဲတွင်ချိတ်လိုက်ပြီးနောက် သူ့အတွက်ရေနွေးတစ်ခွက်ယူပေးခဲ့ပြီး ပြောလိုက်၏။
“သောက်လိုက်”
“ကျွန်တော့်ကျောင်းကိုမကြိုက်ဘူး”
ယန့်ရန်သည် ရေခွက်ကိုယူကာ အရိုးမရှိသလို ကျွန်တော့်ကိုမှီလာသည်။
“မင်းကျောင်းကမကောင်းဘူးလား.. ဘယ်သူက စိတ်အနှောင့်အယှက်ပေးလို့လဲ”
သူ့ကိုထိချင်ခဲ့သည်ဆိုသောသူကိုတွေးမိသော် ကျောင်းမှာ အနိုင်ကျင့်ခံရမလားကိုပင် ကျွန်တော် စပြီးစိတ်ပူလာရသည်။
“အဲ့ဒီမှာ ကိုကိုမရှိဘူးဆိုတော့ အရမ်းပျင်းစရာကောင်းတယ်”
ယန့်ရန်က ရေများများသောက်ကာ မျိုချပြီးနောက်
“ဒီမှာ ရေကတောင် အိမ်ကရေထက်ပိုပြီး သောက်လို့ကောင်းတယ်”
ကျွန်တော်မတုံ့ပြန်တော့ဘဲ ဘေးသို့နေရာရွေ့ကာ ဝရန်တာမှထွက်လာလိုက်တော့သည်။
သူ လဲကျလုနီးပါးဖြစ်သွား၏။ မကျေမနပ်ရေရွတ်ပြီးနောက် လျင်မြန်စွာ ကျွန်တော့်နောက်ကိုလိုက်လာသည်။
ကျွန်တော် ဘယ်ကိုပဲသွားသွား သူသည် ကျွန်တော့်အနားကပ်ချင်နေသည်မှာ ကျွန်တော်တို့၏ကိုယ်ထဲတွင် အချင်းချင်းဆွဲငင်နေသည့်သံလိုက်များကို ထည့်ထားသကဲ့သို့ဖြစ်နေ၏။
“ကိုကို ကျွန်တော်ပင်ပန်းတယ်”
ယန့်ရန်က ကျွန်တော့်အိပ်ရာကိုကြည့်ပြီး မေးသည်။
“ကျွန်တော် ဒီမှာအိပ်လို့ရလား”
“အိပ်လေ”
ကျွန်တော့်ကိုစကားပြောတာ ရပ်သွားတာအား ကျွန်တော်အလိုချင်ဆုံးဖြစ်၏။
သူက ခွက်ကိုချပြီး ပျော်ရွှင်စွာဖြင့် အိပ်ရာပေါ်သို့တက်သွားသည်။ လှဲလိုက်ပြီးနောက် သူသည် တစ်စုံတစ်ခုကို အမှတ်ရသွားဟန်ဖြင့် ဘေးသို့ငုံ့စောင်းကာ ခေါင်းထောင်၍ မေး၏။
“ကိုကို မအိပ်ဘူးလား”
“မအိပ်ဘူး”
သူ ပြန်လဲလျောင်းသွားကာ နောက်ဆုံးတွင်တိတ်ဆိတ်သွားသည်။ တစ်ဖက်မှာတော့ ကျွန်တော်မှာ ထောင့်တွင်ထိုင်ကာ သတိထားပြီး အသက်ပြင်းပြင်းရှူနေရသည်။
အကြောင်းမူ မနက်က သူလုပ်ခဲ့သောအသံတွေ၊ ကျွန်တော့်ရင်ခွင်ထဲမှာ တွယ်ကပ်ရင်း ကျွန်တော့်ကို ပွတ်တိုက်နေခဲ့တာတွေကို အမှတ်ရမိသွားသဖြင့်။
ယန့်ရန်အရွယ်ရောက်လာချေပြီပင်။
ယန့်ရန် ထိုနေ့က အကြာကြီးမအိပ်လိုက်ရ။ ကျွန်တော့်အခန်းဖော်များပြန်လာသော် နောက်ဆုံး သူတို့ဆုံမိသွားကြသည်။
ကျွန်တော့်အခန်းဖော်များက များများစားစားမပြော။ သူတို့က ယန့်ရန်ကိုသာ ကြည့်ကောင်းပြီး လိမ္မာသည့်အတွက် ချီးကျူးရုံသာ။ ကျွန်တော်တို့နှစ်ယောက် မိခင်မတူတာကို မသိလေရာ သူတို့ထဲကတစ်ယောက်ကပြောလာ၏။
“မင်းတို့ညီအစ်ကိုတွေ အတော်လေးရုပ်ချင်းဆင်သားပဲ”
လူတွေ ထိုကဲ့သို့ပြောလျှင် ကျွန်တော်မကြိုက်ပေမဲ့ ယန့်ရန်ကတော့ အင်မတန်ပျော်ရွှင်ပုံရသည်။
ကျွန်တော်တို့ နေခင်းနောက်ကျသည်အထိ အဆောင်မှာပဲနေခဲ့ပြီးနောက် အပြင်ထွက်ပြီးရုပ်ရှင်ကြည့်ကာ ညစာစားပြီးနောက် ပြည်သူ့ရင်ပြင်သွားပြီး မီးရှူးမီးပန်းများ ကြည့်ကြသည်။
နှစ်တစ်နှစ်၏နောက်ဆုံးနေ့ဖြစ်ကာ အအေးဓါတ်က အရိုးခိုက်အောင်အေးသည်။
လူအုပ်ကြားတွင် ယန့်ရန်က သူ့လက်ကို ကျွန်တော့်အိတ်ကပ်ထဲ ထိုးထည့်ပြီး ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားသည်။
ကျွန်တော့်ကိုနေရခက်စေသော်လည်း သူကတော့ သက်တောင့်သက်သာရှိပုံရ၏။
တခြားညီအစ်ကိုရင်းတွေ သည်လိုပဲပြုမူကြလားမသိပေမဲ့ ထိုနောက်ပိုင်းကစပြီး ယန့်ရန်နှင့်ပတ်သက်၍ တစ်ခုခုမှားနေပြီဆိုတာ ကျွန်တော်တဖြည်းဖြည်း သဘောပေါက်လာရသည်။
သူ ကျွန်တော့်ကိုကပ်လွန်းသည်မှာ ပုံမှန်ထက်သာလွန်နေသည်ပင်။
ထိုည၌ ကျွန်တော်တို့တွေက လူအုပ်ကြားတွင်ရပ်ပြီး ခေါင်းများကိုမော့ကာ ကောင်းကင်မှ မီးရှူးမီးပန်းများကို ကြည့်ခဲ့ကြ၏။ နှစ်သစ်ကူးချိန်နီးလာသော် ယန့်ရန်က ကျွန်တော့်တွင် နှစ်သစ်ကူးဆုတောင်းရှိသလားဟု မေးလာသည်။ ကျွန်တော်က မရှိကြောင်းပြောသောအခါ သူကတောင်းဆို၏။
“ဒါဆို ကျွန်တော့်ဆုတောင်းပြည့်အောင် ကိုကိုကူညီပေးပါလား”
သူက ဆိုသည်။ သူ့တွင်ဆုတောင်းတွေများလွန်းသဖြင့် ဆုတောင်းဖြည့်ပေးသည့် နတ်ဘုရားများဟာ သူ့ကိုစိတ်ရှုပ်စရာကောင်းသည်ဟုထင်မှာ ကြောက်ရွံ့ကြောင်း။ ကျွန်တော်ကူညီပါက ဆုတောင်းပြည့်ဖို့ အခွင့်အလမ်း ပိုများလောက်ကြောင်း။
“မင်းဆုတောင်းကဘာလဲ”
“ကိုကို ကျွန်တော့်ကို သဘောကျပေးဖို့”
ယန့်ရန်ကဖြေသည်။
“နှစ်သစ်မှာ ယန့်ရွှမ်းက ယန့်ရန်ကို အများကြီး အများကြီး သဘောကျလာပါစေ လို့ ဆုတောင်းပေးပါ”
ကျွန်တော် သူ့ကိုကြည့်လိုက်၏။ ဘာမှမပြောနိုင်ခင် တစ်စုံတစ်ယောက်က သူ့ကိုနောက်မှတိုက်သွားရာ အနည်းငယ်ယိုင်သွားစေသည်။
လူအုပ်ထဲ၌ တစ်ယောက်နှင့်တစ်ယောက် တိုးဝှေ့တိုက်မိနေသည့်ကြားထဲ၌ ကျွန်တော် သူ့ကို ဖက်ပြီး ကာကွယ်ပေးထားလိုက်သည်။ အနှီငတုံးဆုတောင်းကိုတော့ ကူညီမပေးလိုက်ချေ။ ထိုအစား ဟိုတယ်ကိုသာ အိပ်ဖို့ ပြန်ခေါ်လာလိုက်၏။
ထိုညတွင်တော့ သူ့ကိုကျွန်တော်ကုတင်တွင် အအိပ်မခံတော့ဘဲ တစ်ယောက်တည်း အိပ်ခိုင်းလိုက်သည်။
ယန့်ရန်က တွန့်ဆုတ်နေပေမဲ့ နာခံစွာဖြင့်အိပ်ရာပေါ်လှဲခဲ့သည်သာ။
သို့သော် ကျွန်တော် ညသန်းခေါင်ကြီး အိပ်မက်ကနေ နိုးလာချိန်မှာ သူဘယ်ချိန်ကမှန်းမသိစွာဖြင့် ကျွန်တော့်နားကို ရောက်လာတာအား တွေ့လိုက်ရသည်။ ကျွန်တော် နိုးမှာစိုးသည်ထင်၏။
ခြုံရန်စောင်ကိုပင်မလှန်ရဲဘဲ အိပ်ရာ၏ထောင့်စွန်းတွင်သာ ကွေးကွေးလေး အိပ်နေသည်။
မသိလျှင် သူ့ကို ကျွန်တော် ဆိုးဆိုးရွားရွား အနိုင်ကျင့်ထားသည့်အလား။
သို့ပေမဲ့ ဘုရားသိပါ၏။ ဒါ ကျွန်တော် သူ့အပေါ် အတော်ကောင်းကောင်းမွန်မွန်ဆက်ဆံပေးနေတာပင်။
ဒုတိယညဥ့်ယံရောက်တော့ အပူပေးစက်က မလုံလောက်တော့ဘဲ အခန်းကအတော်လေးအေးလာသည်။ ကျွန်တော် စောင်ကိုမပြီး သူ့ကိုခြုံပေးလိုက်၏။ နိုးတဝက်ဖြင့် သူသည်လှိမ့်လာကာ နွေးထွေးရာကိုဖက်လာသည်။
ယန့်ရန်ဟာ ကျွန်တော့်ကိုဖက်ထားပြီး သူ့မျက်နှာက ကျွန်တော့်လက်မောင်းမှာ ပူးကပ်နေလျှက်။
မိုးလင်းသည့်အထိ ကျွန်တော်မအိပ်ခဲ့။ နေရောင်ခြည်က ပြတင်း၏ခန်းဆီးမှတဆင့် ဖြာဝင်လာသည်။
သူက နှစ်ခြိုက်စွာအိပ်ပျော်နေတုန်းပင်။ သုံးလေးနာရီလောက်လွန်ဆွဲနေပြီးနောက် ကျွန်တော်ဖုန်းကိုယူကာ ဓာတ်ပုံရိုက်လိုက်သည်။
နောက်ပိုင်းမှာ ထိုဓာတ်ပုံကို ပရင့်ထုတ်ပြီး အဖေ့ဆီ အမည်မဖော်ဘဲ ပို့ခဲ့သည်။ ဓာတ်ပုံရိုက်တုန်းက ယန့်ရန်ဟာ ကျွန်တော့်ကို နမ်းနေသလိုဖြစ်အောင် ဓာတ်ပုံရိုက်သည့်ရှု့ထောင့်ကို တမင်တကာချိန်ယူခဲ့၏။
မှန်တာပေါ့….တခြားပို့လိုက်သော ဓာတ်ပုံများလည်းရှိသေးသည်။ ဤဓာတ်ပုံကသာ ရှော့ခ်ရမှုအနည်းဆုံးပုံဖြစ်ပေသည်။