no

Font
Theme

CHAPTER 18

ထိုနှစ်၏နှစ်သစ်ကူးတစ်ရက်လုံး ယန့်ရန်နှင့် ကျွန်တော် ဟိုတယ်မှာပင်နေခဲ့ကြသည်။ သူသည် အေးလွန်းကြောင်း ညည်းညူကာ အပြင်ထွက်ရန်ငြင်းသဖြင့် ကျွန်တော်က အပြင်မှာ အစားအစာများဝယ်ပြီး ဟိုတယ်ဆီသို့ပြန်ယူလာရသည်။

အစကတော့ ကျွန်တော် သူ့အား ဤနယ်မြေတစ်ဝိုက်ကိုလိုက်ပြဖို့ လုပ်သေးသည်။ အကြောင်းမူ ဒါဟာ ရှားရှားပါးပါးအခွင့်အရေးဖြစ်ပြီး နောက်တစ်ကြိမ်မရှိနိုင်တော့မှာစိုး၍။

သို့သော် ကျွန်တော် ဘယ်လောက်ပြောပြော သူက အပြင်ထွက်ရန်ငြင်းကာ ဟိုတယ်အခန်းမှာပင် အောင်းနေပြီး ညအိပ်ဝတ်စုံဖြင့် အိပ်ရာပေါ်တွင်ထိုင်လျှက် ဂိမ်းကစားနေခဲ့၏။

ကျွန်တော်က နှစ်ယောက်သားအဆောင်သွားသည့်အခေါက်ကတည်းက စာကျက်စရာတွေယူလာခဲ့ရာ သူဂိမ်းဆော့နေတုန်း ကျွန်တော်က စာလုပ်သည်။ သူဂိမ်းဆော့ရတာ ငြီးငွေ့လာသော် အနား​လာ၍ ကျွန်တော့်ကို မှီပြီး တွေတွေလေး ကြည့်နေတတ်လေ၏။

နေ့တစ်နေ့က လျင်မြန်စွာကုန်ဆုံးသွားသည်။

ညနေရောက်တော့ ကျွန်တော် သူ့ကို အတင်းအပြင်ခေါ်ထုတ်ပြီး နောက်နေ့ပြန်ဖို့ လက်မှတ်ဝယ်ပေးလိုက်သည်။

ယန့်ရန်က တစ်ချိန်လုံးစိတ်ကောက်နေသည်။ ကျွန်တော့်ကိုစိတ်ဆိုးတာရှားပေမဲ့ ထိုနေ့ကတော့ ကျွန်တော်စကားပြောတိုင်း လျစ်လျူရှုထား၏။

ကျွန်တော် ယန့်မိသားစုကို ရောက်လာကတည်းက သူက ကျွန်တော့်ကိုသာ အမြဲတွယ်ကပ်ခဲ့တာ ဖြစ်သည်။ ယခင်ငယ်ငယ်တုန်းကတော့ ကျွန်တော့်အနားကပ်ပြီး ကျွန်တော့်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံတာက သူ့မိခင်အမိန့်ကြောင့်ဖြစ်နိုင်ပေမဲ့ ယခုတော့ အကျင့်ဖြစ်နေခဲ့ပြီပင်။

သူ ကျွန်တော့်ကိုအမြဲတမ်းတွယ်ကပ်နေတာက သိပ်အရေးမကြီး။ ကြောက်စရာကောင်းသည့်အပိုင်းက သူ၏ တစ်နေ့ကုန် တွယ်ကပ်နေခြ​င်းကို ကျွန်တော် အသားကျသွားခြင်းဖြစ်သည်။

သူ ကျွန်တော့်ကို အေးစက်စွာဆက်ဆံလာသော် မျှော်လင့်မထားဘဲ နေရတာစိတ်မအေးဖြစ်လာရသည်။

ဟိုတယ်အခန်းက အစကတည်းက မကျယ်လှ။ အိပ်ရာနှစ်ခုကြားမှာ ယောကျာ်းတစ်ယောက်၏ လက်တစ်ဝက်စာ အကွာအဝေးသာ ခြားသည်။

ကျွန်တော်တို့ ကိုယ့်ကုတင်ပေါ် ကိုယ်လှဲနေကြရင်း ယန့်ရန်ကမူ ကျွန်တော့်ကိုကျောပေးထားသည်။

အစက ကျွန်တော် သူ့ကိုလျစ်လျူရှုထားသည်။ သူစိတ်ဆိုးချင်လျှင်လည်းဆိုးပါစေ။ ရုတ်တရက် သည်နေရာကို သူရောက်လာတာကိုက မှားသည်။

သို့သော်လည်း သူ့ကြောင့် ကျွန်တော် စာတွင်လုံးဝအာရုံမစိုက်နိုင်တော့။ အဆုံးတွင် ကျွန်တော့် စိုးရိမ်စိတ်တွေ တိုးလာရကာ စာကျက်စရာတွေကို ဘေးစားပွဲပေါ် ပစ်တင်လိုက်ရင်း မီးပိတ်၍

အိပ်လိုက်တော့သည်။

အချိန်က ည ၈ နာရီကျော်သာရှိသေး၏။

မီးပိတ်ထားတော့ အခန်းက မှောင်မည်းနေလျှက်။

အမှောင်က လူ၏အာရုံခံအားကို ပိုကောင်းလာစေသည်။ ဥပမာပြောရလျှင် သူကျွန်တော့်ကို ကျောပေးပြီး ငိုနေခဲ့တာ ကျွန်တော်မသိခဲ့ပေမဲ့ မီးပိတ်ပြီး လဲလျောင်းသည့်အချိန်မှာတော့ အသံက ရှင်းလင်းလွန်းသဖြင့် လျစ်လျူရှု၍ မရတော့တာမျိုး။

ဤသည်မှာ သူ၏ပုံမှန်လှည့်ကွက်ပင်ဖြစ်၏။ သူငယ်စဉ်ကတည်းက သူလိုလားသည့်အတိုင်းမဖြစ်လျှင် ငိုသည်။

ကျွန်တော် ရင်မဆိုင်ချင်သဖြင့် အိပ်ချင်ယောင်သာ ဆောင်နေလိုက်သည်။

ခဏကြာတော့ ယန့်ရန်က ရုတ်တရက်ပြောလာသည်။

“ကိုကို ကျွန်တော့်ကိုမုန်းလား”

သူလှည့်လာသည့်အသံကို ကျွန်တော်ကြားလိုက်ရ၏။ ကျွန်တော်မျက်လုံးဖွင့်ပြီးကြည့်လိုက်တော့သူ ကျွန်တော့်ဘက်သို့ မျက်နှာလှည့်လာတာ မြင်လိုက်ရသည်။ အမှောင်ထဲတွင် ကျွန်တော်တို့မျက်လုံးချင်းဆုံသွား၏။ ကျွန်တော်တစ်ခွန်းမှ မပြောချင်ခဲ့ပေ။

“ကိုကို ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက မုန်းခဲ့တာမဟုတ်လား”

ယန့်ရန်ကဆက်ပြော၏။

သူ့အသံက တုန်နေသည်။ ထထိုင်ပြီး တီရှူးယူကာ နှပ်ညှစ်လိုက်သေး၏။

“နှစ်သစ်ကူးနေ့ပြီးရင် မင်းကျောင်းပြန်တက်ရမယ်”

ကျွန်တော်ပြောလိုက်သည်။

“မင်းရဲ့ပိတ်ရက်တွေမစခင် လတစ်ဝက်လောက်လိုသေးတယ် မဟုတ်လား”

“အဲ့ဒါကြောင့် ကျွန်တော့်ကို အတင်းပြန်ခိုင်းနေတာ မဟုတ်ဘူးမလား”

ယန့်ရန်က ဒေါသထွက်ပြီး ပေါက်ကွဲကာ လက်ထဲမှ တီရှူးဘူးကိုတောင် ကြမ်းပြင်ပေါ်ပစ်ချလိုက်သေးသည်။

သူ သည်လိုမျိုး ဘယ်တော့မှ မလုပ်တတ်။ အထူးသဖြင့် ကျွန်တော့်ရှေ့မှာဆို ပိုတောင်မလုပ်သေးသည်။

သူ့ပုံစံက အကြောင်းပြချက်မရှိ ပြဿနာရှာနေသည့်ကလေးနှင့်တူနေကာ ကျွန်တော့်ကို စိတ်တိုလာစေသည်။

“ဒါဆို တခြားဘာအကြောင်းရှိတယ်လို့ မင်းထင်လဲ”

ကျွန်တော် ပြန်လည်ချေပရန် ပင်ပန်းလွန်းနေ၏။ ဘာကြောင့်ရယ်မသိ လွန်ခဲ့သည့်နှစ်ရက်တွင် တစ်ခုခုထူးခြားသည့်ခံစားချက်ကို ရနေခဲ့သည်။

နောက်ပြီး အနှီခံစားချက်က အရင်နေ့မနက်က စခဲ့ခြင်းဖြစ်၏။

“ကိုကိုက ကျွန်တော့်ကိုပဲမုန်းနေတာ”

ယန့်ရန်က အခိုင်အမာပြောသည်။ သူဘာကြောင့် ရုတ်တရက် ပြဿနာရှာနေလဲ ကျွန်တော်မသိတော့။

“ဟုတ်ပြီ.. မင်းပြောချင်တာသာပြော.. ဒါပေမဲ့ မနက်ဖြန်မနက်မှာတော့ ငါနဲ့အတူ ဘူတာရုံကို လိမ်လိမ်မာမာနဲ့လိုက်ခဲ့ရမယ်.. မင်းရထားပေါ်တက်တာကို ငါကိုယ်တိုင်ကြည့်မယ်”

ကျွန်တော် သူ့ကိုလက်ညှိုးထိုးကာ အံကြိတ်ရင်း

“မင်းမိဘတွေကအလိုလိုက်ပြီး တချိန်လုံး မင်းဖြစ်စေချင်တဲ့အတိုင်းထားခဲ့တာနဲ့ပဲ ငါက မင်းကို ဘုရင်လိုဆက်ဆံပေးဖို့မလိုဘူး.. မင်း စာကြိုးစားချင်သည်ဖြစ်စေ၊ မကြိုးစားချင်သည်ဖြစ်စေ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါ စာမေးပွဲအတွက် စာကျက်နေတုန်းတော့ ဒီမှာ အနှောင့်အယှက်လာမပေးနဲ့”

ယန့်ရန်၏စပျစ်သီးပန်းကန်ကို မှောက်ပစ်ခဲ့ပြီး စကားကြမ်းကြမ်းတွေပြောမိခဲ့သည့်ထိုနှစ်ကတည်းက ကျွန်တော် သူ့အပေါ် ထပ်ပြီးရင့်သီးခဲ့တာမျိုး မရှိခဲ့ပေ။

သူသည်လည်း ကြောင်သွားပြီး တိတ်ဆိတ်သွားလေသည်။

ကျွန်တော်တို့ အမှောင်ထဲမှာ တစ်ယောက်နှင့်တစ်ယောက် အသံတိတ် ထိပ်တိုက်တွေ့နေခဲ့ကြသည်။ နောက်ဆုံးတော့ ကျွန်တော် အရင်လှည့်ပြီး ကုတင်ပေါ် ပြန်တက်ကာ ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်၏။

သည်ညက တကယ်ပဲဆိုးရွှားလှသည်။

နောက်တော့ ကျွန်တော့်နောက်ကနေ အသံတချို့ကြားလိုက်သည်။သို့ပေသိ ကျွန်တော်ဂရုမစိုက်…။ ယန့်ရန် ရုတ်တရက် တံခါးကိုဖွင့်ပြီးထွက်သွားခဲ့သည့်အထိပင်။

ထိုအခါမှသာ ကျွန်တော်စပြီး ထိတ်လန့်လာကာ စောစောက ကြမ်းကြမ်းတမ်းတမ်းပြောမိသည့် ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲမိသွားသည်။

ယန့်ရန်က အာခံတတ်သည့်အရွယ်ရောက်နေသည့် ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးသာဖြစ်သည်။ ကျွန်တော် ဘာကြောင့်များ သူ့ကိုစိတ်ဆွပေးမိပါသလဲလေ။

ကျွန်တော် အဝတ်အစားလဲရန်ပင် အချိန်မရဘဲ ညအိတ်ဝတ်စုံဖြင့်ပင် ကွင်းထိုးဖိနပ်ကို လျို၍ သူ့နောက်ကိုပြေးလိုက်ခဲ့ရသည်။

ယန့်ရန်က ထွက်ပေါက်သို့သွားနေ၏။ ကျွန်တော် ချက်ချင်းပင် သူ့ကိုဖမ်းဆုပ်ပြီး နောက်သို့ဆွဲလိုက်သည်။

ကျွန်တော် သူ့ကို ပြစ်ဒဏ်ပေးသည့်အလား အခန်းထဲကို တွန်းပို့ခဲ့၏။ အတင်းအကြပ်ထိုးထည့်တာကြောင့် ယန့်ရန် ကြမ်းပြင်ပေါ်လဲကျလုနီးပါးပင်။

နောက်တွင်ရှိသောတံခါးကို ဒုန်းခနဲဆောင့်ပိတ်လိုက်တော့ အခန်းတစ်ခုလုံး တုန်ခါသွားသည်။ သူ ကြောက်လွန်း၍ နေရာမှာ အကြောင်သားရပ်နေ၏။

“မင်းက ဘာဖြစ်လို့အပြင်ထွက်တာလဲ”

ကျွန်တော် သူ့ကိုမေးခွန်းထုတ်လိုက်သည်။

ကောင်စုတ်လေးက ဤလှည့်ကွက်မျိုးကိုပင် သင်ယူထားချေပြီ။ အိမ်မှာသာဆို သူ အိမ်ကနေ ထွက်ပြေးလေဦးမလား..။

“ကျွန်တော့်က ကိုကို့ကိုစိတ်တိုစေလို့ ထွက်လာတာ”

ယန့်ရန်က ကြောက်လန့်မှုရောစပ်နေသော မျက်လုံးများဖြင့်ကြည့်ရင်း ဖြေကာ သူ့အသံမှာတုန်နေသည်။

သူ့မျက်နှာတွင် ထိုကဲ့သို့သောအမူအရာဖြစ်လာသည်နှင့် ကျွန်တော်လည်း စိတ်ရှိသလိုဒေါသမထွက်နိုင်တော့။

သူဟာ သနားစရာကောင်းအောင် သရုပ်ဆောင်သည့်နေရာတွင် တော်လွန်းသည်။ အင်မတန် စိတ်တိုစရာကောင်း၏။

“မင်းကဘယ်သွားမလို့လဲ”

ကျွန်တော် သူ့ကိုမေးလိုက်သည်။

“မင်းက ဒီနေရာနဲ့ရင်းနှီးလို့လား။ ဘယ်နေရာတွေကို သွားတတ်လို့လဲ! ”

ယန့်ရန်က ကျွန်တော့်ကိုသာ တွေတွေကြီးကြည့်နေပြီး စကားမပြောချေ။

တော်တော်လေးကြာမှ သူပြောလာသည်။

“ကိုကိုက ကျွန်တော့်ကိုမကြိုက်ပေမဲ့ ကျွန်တော့်ကို ကြိုက်တဲ့သူတော့ သေချာပေါက်ရှိလိမ့်မယ်”

သူသည် နှာခေါင်းကိုပွတ်ကာ

“ကျွန်တော်လမ်းဘေးကနေစောင့်မယ်.. တစ်ယောက်ယောက်က ကျွန်တော့်ကိုခေါ်ချင်ရင် သူတို့နဲ့လိုက်သွားမယ်”

“မင်းဘာတွေပြောနေတာလဲ”

သူဘယ်ကများ ဒါမျိုးတွေ သင်ထားတာလဲ။

ကျွန်တော် ထိန်းမထားနိုင်တော့ဘဲ သူ့ကိုတွန်းလိုက်ရာ တကယ်ပဲလဲကျသွားသည်။

သူ ဖင်ထိုင်လျက်လဲကျသွား၏။ နာသွားမှာတော့ သေချာသည်။ ယန့်ရန်က နှုတ်ခမ်းတင်းတင်းစေ့ကာ ကျွန်တော့်ကိုကြည့်လာသည်။

“ဒါဆိုရင် ကျွန်တော့်ကိုကြိုက်လား မကြိုက်ဘူးလား”

ထိုအချိန်တုန်းက "ကြိုက်တယ်" ဆိုတာကို ကျွန်တော် နားလည်ထားတာက ညီအစ်ကိုမောင်နှမတွေကြားက ခံစားချက်သာ ဖြစ်သည်။ ဤအဓိပ္ပာယ်မရှိသည့် ရန်ပွဲကို တတ်နိုင်သလောက်မြန်မြန် အဆုံးသတ်နိုင်ရန် ကျွန်တော်မတတ်နိုင်ဘဲ ခေါင်းညိတ်ပြီးသဘောတူလိုက်ရ၏။

“မင်းက ငါမင်းကိုကြိုက်တယ်လို့ပြောစေချင်ရင် ကြိုက်တယ်ပဲပေါ့”

ကျွန်တော် သူနှင့်ဆက်ပြီးအငြင်းမပွားချင်တော့။ မနက်ဖြန်တွင် ဘာပြဿနာမှမရှိဘဲ သူ့ကိုရထားပေါ်တက်စေချင်ပြီး သူ့မိဘများရှိရာဆီသို့သာ ပြန်ပို့ချင်နေမိသည်။

သို့ပေမဲ့ အခြေအနေက ကျွန်တော် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့သည့် ဦးတည်ရာသို့ရောက်ရှိသွားသည်။

ယန့်ရန်က ကျွန်တော့်ရှေ့တည့်တည့်တွင်ရပ်လာ၏။

သူကပြောသည်။

“ဒါဆို ကျွန်တော့်ကိုတကယ်ကြိုက်တယ်ဆိုတာ သက်သေပြ”

“ငါဘယ်လိုသက်သေပြရမလဲ”

ကျွန်တော်မေးလိုက်သည်။

“ဒီနှစ်တွေမှာ ငါလုပ်ခဲ့တာတွေက မလုံလောက်သေးဘူးလား”

“မလုံလောက်ဘူး”

အခန်းသည် မည်းမှောင်နေခဲ့၏။ ယန့်ရန်က ကျွန်တော့်အနားသို့ အင်မတန်နီးကပ်သည်အထိ တိုးလာပြီးပြောသည်။

“ဘယ်လိုသက်သေပြရမလဲဆိုတာ ကိုကို့ကို ကျွန်တော်သင်ပေးမယ်”

ပြောပြီးသည်နှင့် သူ ကျွန်တော့်ကိုနမ်းလာတော့သည်။

ယန့်ရန်ဟာ ကျွန်တော့်ညအိပ်ဝတ်စုံကော်လာကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ့ခေါင်းကိုအပေါ်သို့မော့ရင်း ခေါင်းစောင်းလျှက် သူ့နှုတ်ခမ်းကို ကျွန်တော့်နှုတ်ခမ်းပေါ်သို့ ဖိချလာခဲ့ပေသည်။

သောက်ကျိုးနည်း သူရူးနေပြီပဲ…။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment