ယန့်ရန်ရထားပေါ်ကဆင်းတော့ ကျွန်တော်က သူ့ကို အပြင်မှာစောင့်နှင့်နေပြီပင်။ ထိုအချိန်တုန်းက ပလက်ဖောင်းလက်မှတ်တွေ ဝယ်လို့ရသေးသည်။ သူ ဘယ်တွဲမှာပါလဲဟု ကျွန်တော်မေးထားရာ ရထားရောက်သည်နှင့် တွဲအပြင်ဘက်မှာ စောင့်နေလိုက်၏။
ယန့်ရန်က သည်လောက် အေးစက်သောနေရာမျိုးကို တစ်ခါမှမရောက်ဖူးချေ။ ရထားပေါ်ကဆင်းတော့ အအေးဒဏ်ကြောင့် ပခုံးကျုံ့ကာ တုန်ယင်နေသည်။
ကျွန်တော့်ကိုမြင်သော် သူက နှာခေါင်းရှုံ့ပြီး မကျေမနပ်ပြောလာသည်။
"ကိုကို့ကို အံ့ဩသွားအောင်လုပ်မလို့ဟာကို"
"ဒါက အံ့ဩစရာမဟုတ်တော့ဘူး လန့်စရာဖြစ်နေပြီ "
ရာသီဥတုက အနုတ်သုံးဆယ်ဒီဂရီနီးပါး ရှိနေပေမဲ့လည်း သူကတော့ ပါးလွှာသည့် သိုးမွေးထည်ကိုသာ ဝတ်ဆင်လာ၏။ ကျွန်တော်က တမင်တကာယူလာခဲ့သည့် အနွေးထည်ကို သူ့ကိုပေးလိုက်ပြီးနောက် ကျွန်တော့်လည်ပင်းမှ မာဖလာကိုဖယ်ကာ သူ့လည်ပင်းကို ပတ်ပေးလိုက်သည်။
"ကိုကို့ကို အဖေကဘာပြောလဲ"
ယန့်ရန်သည် အနည်းငယ်တော့ ကြောက်နေသေး၏။
"ဘာပြောရမလဲ.. မင်းပြန်လာတာနဲ့ မင်းခြေထောက်နှစ်ချောင်းကို ချိုးမယ်တဲ့"
သူ ကျွန်တော့်လက်ကိုတွဲထားချိန် ကျွန်တော်က သူ့အိတ်ကိုသယ်ခဲ့လိုက်သည်။ ကျွန်တော်တို့နှစ်ယောက်က နီးကပ်လွန်းသဖြင့် ဘေးလူများက ထူးဆန်းသောအကြည့်များဖြင့် ကြည့်လာသည်။
"သူမလုပ်ပါဘူး"
ယန့်ရန်ကပြော၏။
"ကျွန်တော် အဖေနဲ့အမေအတွက် စာချန်ခဲ့တယ်"
"ဘယ်မှာလဲ"
"ဆန်ထားတဲ့ပုံးထဲမှာ.. သူတို့ထမင်းချက်ရင် သေချာပေါက်မြင်လိမ့်မယ်"
သူသာလျှင် ထိုကဲ့သို့ စာချန်ရန်နည်းမျိုးတွေးနိုင်သည်။
ယန့်ရန်ရောက်လာသည့်နေ့တွင် စောစောနှင်းကျထားကာစဖြစ်၏။ နှစ်ယောက်သား ဘတ်စ်ကားကိုစောင့်ရင်း အေးစက်သည့်လေထဲတွင် ရပ်ပြီးနောက် ဘယ်ညာယိမ်းယိုင်နေသည့် ဘတ်စ်ကားကို ကျွန်တော့်ကျောင်းအထိ စီးလာခဲ့ကြသည်။
သူသည် ကျွန်တော့်ကို ဆက်တိုက်ဆွဲထားပြီး သူ့လက်များက ကျွန်တော့်လက်ကိုချိတ်ထားသည်မှာ ဤစိမ်းကားသည့်မြို့တွင် ကျွန်တော့်ကိုပျောက်သွားမှာ သေလုနီးပါးစိုးရိမ်ဟန်ရှိ၏။
အဝေးတွင်ရှိနေခဲ့သည့် နှစ်ဝက်၌ ယန့်ရန်ဟာ ကျွန်တော့်ကို မေ့သွားပြီလား၊
သူနှင့် အပျော်လား၊ တကယ်လားမသိအောင် နီးကပ်နေခဲ့သည့် အတန်းဖော်တစ်ယောက်နှင့်များ တွဲသွားပြီလားဟု ထင်မိခဲ့သေးသည်။
ကျွန်တော် စိုးရိမ်ခဲ့ပါ၏။ တကယ်တမ်းစိုးရိမ်မှုက ကျွန်တော်ဟာ သူ အတားအဆီးမရှိ ပေးဆပ်မည့် တစ်ဦးတည်းသောသူ မဟုတ်တော့မှာကိုသာ။
အိမ်နှင့်အဝေးကြီးတွင် ရှိနေစဉ်မှာပင် ကျွန်တော့်နှလုံးသားမှ ပေသီးသည် တွက်ချက်နေသေး၏။ ကျွန်တော် သူတို့ကို အလွယ်တကူအလွတ်မပေးနိုင်ပေ။
ဘတ်စ်ကားစီးရင်း ယန့်ရန်သည် ပင်ပန်းလာပုံရကာ ငိုက်မျည်းလာပြီး ကျန်လမ်းတစ်လျှောက်တွင် ကျွန်တော့်ပုခုံးကိုမှီပြီး အိပ်ပျော်သွားလေသည်။
တစ်ခါတလေ ကျွန်တော် ယန့်ရန်ကိုကြည့်လျှင် စိတ်ထဲတွင်ပဋိပက္ခဖြစ်ရ၏။ တစ်ဖက်တွင် သူအပြစ်ကင်းတာကို ခံစားမိပေမဲ့ တစ်ဖက်တွင် သူသည်လည်း ထိုမိသားစု၏ မိသားစုဝင်ဖြစ်သောကြောင့် ဘယ်သောအခါမှ အပြစ်ကင်းစင်မည်မဟုတ်ဟု ခံစားမိပြန်သည်။
ကျွန်တော့်အဖေ ဖုန်းခေါ်လာချေပြီ။ ယန့်ရန်က တွန့်သွားပြီး အထိတ်အလန့်ဖြင့် နိုးလာသည်။
ကျွန်တော်ဖုန်းကိုင်လိုက်၏။ ထင်သည့်အတိုင်း သူ၏အဖိုးတန် သားငယ်ကို လှမ်းပြီးမေးမြန်းရန် ဖုန်းခေါ်ခြင်းဖြစ်သည်။
"ဟုတ် သူရောက်နေပြီ.. အခု ကျွန်တော်နဲ့ရှိနေတယ်.. စိတ်အေးအေးထားပါ.. ကျွန်တော်သိပါတယ်"
ယန့်ရန်သည် သူတို့ကိုနှုတ်ပင်မဆက်ဘဲ ထွက်လာခဲ့တာ ဖြစ်သည်။ သူစိတ်ကြိုက် အတန်းများလစ်၏။ ဤရှုထောင့်မှကြည့်လျှင်ပင် သူသည် ပုံမှန် အာခံသည့်ဆယ်ကျော်သက် ဖြစ်နေပြီဖြစ်သည်။
သို့သော် ကိစ္စမရှိပေ။ သူ အိမ်ထဲတွင် ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်တာကို ကြည့်ရတာ ကျွန်တော်သဘောကျ၏။
တကယ့်ကို ကျွန်တော့်ညီလေး ပီသသည်ပင်။
ဖုန်းပြောပြီးသောအခါ ယန့်ရန်ကမေးလာ၏။
"သူဘာပြောလဲ"
"မင်းပြန်လာရင် မင်းခြေထောက်နှစ်ချောင်းကို ရိုက်ချိုးမယ်တဲ့"
ယန့်ရန်သည် ကျွန်တော့်ကိုမှီရင်း ရယ်ကာ ကျွန်တော့်ရင်ခွင်ထဲ နစ်မြုပ်နေအောင်တိုးဝင်လာ၏။ ခရီးစဉ်ကျန်လမ်းတစ်လျှောက်တွင် သူသည် ကျွန်တော့်အပေါ်လှဲပြီး အနားယူသည်မှာ ရောက်သည်အထိဖြစ်သည်။
ကျွန်တော်အရင်ဆင်းလိုက်ပြီး ယန့်ရန်ကနောက်ကနေ လိုက်လာ၏။ မြေပြင်သည်ချောနေပြီး သူသည် သတိမဲ့သောကြောင့် ဘတ်စ်ကားမှဆင်းသည့်အခါ ခြေချော်ပြီးလဲမလိုဖြစ်ကာ ကျွန်တော့်အပေါ်ယိုင်လာသည်။
ယန့်ရန်က မကျေမနပ်ပြောလာ၏။
"လန့်လို့သေမယ်"
"ငါလဲ မင်းကြောင့် လန့်လို့သေမယ်"
ကျွန်တော် သူ့ကိုဆွဲပြီးလျှောက်လာခဲ့သည်။ သူကမေး၏။
"ကျွန်တော်တို့ ကိုကို့အဆောင်ကိုသွားမှာလား"
"မသွားဘူး"
အခန်းတစ်ခန်းကို လေးယောက်မျှသုံးရသည်။ အိပ်ရာလေးခုပဲရှိပြီး သူ့အတွက်အိပ်ရန် နေရာမရှိပေ။
သူ့ကို တက္ကသိုလ်အနီးတွင်ရှိသည့် ဟိုတယ်သို့ခေါ်လာခဲ့လိုက်၏။ သိပ်မကောင်းပေမဲ့ အနည်းဆုံးတော့ သန့်သန့်ရှင်းရှင်းရှိသည်။
အပြင်တွင် နှင်းပြင်းထန်စွာကျနေသော်လည်း အပူပေးစနစ်က အခန်းကို အင်မတန်နွေးထွေးအောင် ပြုလုပ်ပေးထား၏။
ကျွန်တော်တို့ အခန်းထဲဝင်လာသောအခါ ယန့်ရန်သည် အိပ်ရာပေါ်လှဲချပြီးနောက် မလှုပ်တော့ပေ။
ကျွန်တော်တံခါးပိတ်ပြီး သူ့အိတ်ကို ဘေးချကာ မာဖလာကို ဖယ်ရှားပေးလိုက်၏။ ထို့နောက် ဤငပျင်းကို ပက်လက်လှန်လိုက်ကာ အနွေးထည်နှင့် ကုတ်အင်္ကျီကို ချွတ်ပေးလိုက်ရသည်။
ယန့်ရန်ကပြော၏။
"ကျွန်တော် ကိုကို့ကိုအရမ်းလွမ်းနေတာ"
သူ ထိုစကားပြောချိန် ကျွန်တော့်ကို တည့်တည့်စိုက်ကြည့်နေတာ ဖြစ်သည်။ ကျွန်တော်သက်ပြင်းချလိုက်၏။
ကျွန်တော် သူ့ကုတ်အင်္ကျီကို သူ့မျက်နှာပေါ်ပစ်လိုက်ရင်း ပြောလိုက်တော့သည်။
"ရေချိုးပြီးအိပ်တော့"
ယန့်ရန်သည် အနွေးထည်ကို သူ့ရင်ခွင်ထဲတွင်ပွေ့ကာ ထရပ်၏။ သူသည် မလှုပ်သေးဘဲ ကျွန်တော့်ကိုကြည့်သည်။
"မနက်ဖြန် မင်းအတွက် ရထားလက်မှတ်ဝယ်ပေးမယ်.. အိမ်ကိုပြန်"
ကျွန်တော်ပြောလိုက်၏။
"ဒီကိုရုတ်တရက်ကြီး ပြေးလာတာ မင်းကျောင်းမတက်တော့ဘူးလား.. စာမေးပွဲမဖြေတော့ဘူးလား"
ကျွန်တော်နောက်သို့လှည့်ပြီး သူ့ကိုကြည့်ကာ တမင်တကာပြောလိုက်သည်။
"ငါ့ကိုလွမ်းလို့ လာရှာတယ်ပေါ့.. ဒါဆို နောက်တခါကျရင် ဘာဖြစ်မလဲ.. မင်းနိုင်ငံခြားသွားရင် ကြိုက်တဲ့အချိန် ငါ့ကိုလာတွေ့လို့ရမယ်ထင်နေလား"
ယန့်ရန်က မျက်မှောင်ကြုတ်၏။
"ကျွန်တော်နိုင်ငံခြားမသွားဘူး"
သူကပြောလာ၏။
“ကျွန်တော် အမေနဲ့ဆွေးနွေးပြီးပြီ.. ကျွန်တော်စာကြိုးစားမယ်.. သူတို့ ကျွန်တော့်ကို နိုင်ငံခြားပို့မှာမဟုတ်ဘူး”
သူသည် နိုင်ငံခြားကိုသွားပြီး ဂီတကိုသင်ယူသင့်တာ ဦးနှောက်တစ်ဝက်ရှိသည့် လူတိုင်းသိသည်။ ယန့်ရန်၏နှလုံးသားထဲတွင်လည်း ရှင်းရှင်းလင်းလင်းသိနေ၏။
ကျွန်တော် သူ့ကိုမကြိုက်ပေ။ ဤနှစ်များအတွင်း ဘယ်တုန်းကမှ မကြိုက်ခဲ့ချေ။ သို့သော် တုံးအသည့်အကြောင်းပြချက်အတွက်နှင့် သူ့အနာဂတ်ကို ဖျက်ဆီးမှာကိုတော့ ကျွန်တော်ကြည့်မနေနိုင်ခဲ့။
ကြည့်ရတာ ကျွန်တော် မရက်စက်နိုင်တတ်သေးဘူး ထင်ပါသည်။ အသက်ကြီးလာသည်နှင့်အမျှ အတိတ်မှအမုန်းများသည် စတင်ပြီး ကွယ်ပျောက်လာ၏။
ယင်းက ကျွန်တော့်ကို ရွံရှာစေသည်။ သူ့ကိုမဟုတ်ဘဲ ကိုယ့်ကိုကိုယ် ရွံရှာမိခြင်းဖြစ်သည်။
သူတို့ခေါ်မွေးထားသည့် လေလွင့်ခွေးတစ်ကောင်လို ရုတ်တရက်ခံစားလိုက်ရ၍ပင်။ သူတို့က ကျွန်တော့်ကို ချိုမြိန်မှု၏အရသာပေးလိုက်သည်နှင့် ကျွန်တော်သည် ကိုယ်ဘယ်သူလဲဆိုတာ မေ့သွားတော့သည်။
ကျွန်တော် သူ့ကိုလျစ်လျူရှုလိုက်၏။ ဆေးကြောပြီး အခန်းထဲတွင်ရှိသော တခြားအိပ်ရာပေါ်တွင်သာ လဲလျောင်းနေလိုက်သည်။
ကျွန်တော်သည် ယန့်ရန်ကို ကျောပေးကာ မျက်လုံးများကိုမှိတ်လိုက်ပေမဲ့ လုံးဝအိပ်မပျော်နိုင်ပေ။ ဆက်တိုက်ဆိုသလို ယန့်ရန် သူ့ပစ္စည်းများကို ထုပ်ပိုးနေသည့်အသံ၊ ဆေးကြောသည့်အသံနှင့် မီးပိတ်သံအသံ စသည့် အသံများကို ခပ်တိုးတိုးကြားနေရသည်။
သူသည် အနားရောက်လာပြီး ကျွန်တော့်စောင်ကိုမကာ ကျွန်တော့်ဘေးသို့တွားပြီးရောက်လာ၏။ သူကပြောလာသည်။
“ကျွန်တော် ကိုကို့ကိုလွမ်းနေတာ”
နောက်ပိုင်းကျ ယန့်ရန် လုပ်ခဲ့သည့် အပြုအမူတွေနှင့် ပြောခဲ့သော စကားတွေ အများစုဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဟုပင် ကျွန်တော် မကြာခဏ တွေးမိသည်။ သူဟာ ကျွန်တော်ထင်သလောက် မညံ့။ ကျွန်တော်ထက်တောင် ပိုတော်သေးသည်။
ဤ “ကျွန်တော် ကိုကို့ကိုလွမ်းနေတာ” ဟူသောစကားကြောင့် ကျွန်တော် အသည်းမာပြီး သူ့ကိုလျစ်လျူရှုရန် မဖြစ်နိုင်တော့ပေ။ ကျွန်တော်လှည့်ရင်း ပက်လက်လှန်လိုက်ကာ မှောင်သောညနက်တွင် စကားပြောလိုက်သည်။
“အိပ်တော့”
ယန့်ရန်က ရယ်မောပြီး ကျွန်တော့်လက်မောင်းကိုဖက်ကာ ခြေထောက်တစ်ဖက်က ကျွန်တော့်ကိုယ်ပေါ်ကို ခွလာသည်။
“ကောင်းသောညပါ ကိုကို”