no

Font
Theme

Chapter 6

ကျွန်တော် ပြောင်းလာပြီးကတည်းက အပေါ်ယံအားဖြင့်တော့ လူတိုင်းက ကျွန်တော့်အပေါ် အတော်ကောင်းကောင်းမွန်မွန် ဆက်ဆံကြသည်။

ဘယ်တုန်းကမှ ကျွန်တော့်အပေါ် စိတ်ထဲမရှိခဲ့သော အဖေကလည်း တကယ်ပဲပြောင်းလဲလာ၍ ဂရုတစိုက်ရှိလာ၏။

ကျွန်တော့် မိထွေးကလည်း ညူစူဆောင့်အောင့်တာမျိုး မရှိပါဘဲ ကျွန်တော့်အပေါ် ကောင်းကောင်းဂရုစိုက်ပေးသည်။

ကျွန်တော့်ညီ ယန့်ရန်ကတော့ အမြဲတစေ လိမ္မာနာခံတတ်သည်မှာ ပြောစရာပင်မလိုချေ။ ကောင်းတာလေးများဆို ကျွန်တော့်ကို ဦးဆုံးပေးတတ်သည်သာ ဖြစ်သည်။

တရုတ်နှစ်သစ်ကူးတုန်းဆို သူ့အဘွားက သူ့အားလူမသိအောင်ကြိတ်ပေးသော ဟုန်ပေါင်းအိတ်ကြီးကြီးကိုတောင် ကျွန်တော့်ခေါင်းအုံးအောက်မှာ ထားပေးခဲ့သေး၏။

သူပေးသမျှ အရာအားလုံးကို ကျွန်တော်ကလည်း အမြဲတမ်းလက်ခံခဲ့သည်။ သူ့ရှေ့မှာ ဘာဟန်ဆောင်ပန်ဆောင် ယဥ်ကျေးမှုမှ လုပ်မနေချေ။

ထိုစဥ်အခါတုန်းက ကျွန်တော့်အတွက် ကျောင်းစာတွေကို မှီအောင်လိုက်ဖို့ ခက်ခဲ့သည်။ တခြားကျောင်းသားတွေ အပြင်မှာ ကျူရှင်တက်ကြတာကို ကျွန်တော် သိသည်။ သို့ပေမဲ့ ကျွန်တော့်အဖေနှင့် မိထွေးဖြစ်သူကို အကူအညီတောင်းဖို့တော့ ရှက်ခဲ့သည်။ သူတို့က ကျွန်တော့်ကို "အကြွေးလာတောင်းတာ" သို့မဟုတ် "အသနားလာခံတာ" ဆိုတာမျိုးထင်မှာစိုး၍ပင်။

သို့ငြား ကျွန်တော့်မှာလည်း ကိုယ့်နည်းလမ်းနှင့်ကိုယ် ရှိသည်။

အနှီကာလတွေတုန်းက ကျွန်တော် ညတိုင်းနောက်ကျသည့်အထိ စာကျက်ခဲ့သည်။ ရက်ပေါင်းများစွာ ဆက်တိုက် အိပ်ရေးပျက်သည် ထိနေခဲ့၏။

ပထမတော့ ယန့်ရန်က ကျွန်တော့်မှာ လုပ်စရာအိမ်စာတွေ များတာဟုသာ ထင်ခဲ့သည်။ သူက စားပွဲပေါ်မှာ ကိုယ်တစ်ပိုင်းမှောက်လှဲချရင်း အလယ်တန်းကျောင်းသားဘဝက အတော်ဆိုးဝါးလောက်ကြောင်း ညည်းတွားကာ ကျွန်တော်နှင့်အတူ အိပ်ရေးပျက်ခံပြီး သမ်းဝေနေခဲ့၏။

သုံးလေးငါးရက်ကြာတော့ ယန့်ရန် ဖျားတော့သည်။ သူဆေးထိုးသွားမည့်အချိန် ကျွန်တော်က သူ့ကို လိုက်ပို့ပေးခဲ့၏။ သူက ကျွန်တော့်ကို မေးလာသည်။

"ကိုကို…နေ့တိုင်း ဒီလိုစာကျက်နေရတာ မပင်ပန်းဘူးလား"

ကျွန်တော် ဘယ်လိုလုပ် မပင်ပန်းပဲ နေမှာတဲ့လဲ။

“ပင်ပန်းတာပေါ့…ဒါပေမဲ့ မတတ်နိုင်ဘူးလေ"

ကျွန်တော်က သရုပ်ဆောင်သည့်နေရာမှာ သိပ်တော်သည်။

“မင်း အလယ်တန်းရောက်ရင် နားလည်လာလိမ့်မယ်။ အတန်းထဲက တခြားလူတွေက ဖတ်စာအုပ်ထဲက ဟာတွေအကုန် အပြင်ကျူရှင်မှာ တက်ပြီးသားလေ။ အဲ့တော့ ငါက နားဝေတိမ်တောင်ကြီးပေါ့။ ဆရာတွေပြောတာ ဘာတစ်ခုမှမသိဘူး။ အိမ်မှာ ကိုယ့်ဟာကိုယ်ထပ်ကြိုးစားဖို့ပဲရှိတော့တယ်”

******

နောက်တစ်နေ့မှာတော့ ကျွန်တော့်အဖေက ကျွန်တော့်ဆီလာပြီး ကျူရှင်တက်ဖို့အကြောင်း ဆွေးနွေးခဲ့ပေသည်။

ဆိုတော့ ကျွန်တော် ဒီကိုလာတာ သိပ်မှန်ကန်လွန်းသည်။ ဤမိသားစုမှာ ကျွန်တော်က ယန့်ရန်ကို ထိန်းချုပ်ထားနိုင်သရွေ့ လိုချင်တာ၊ ဖြစ်ချင်တာ ဘာမဆို ရလိမ့်ပေမည်။

ယန့်ရန်ကျေးဇူးကြောင့် ကျွန်တော် ကျူရှင်တွေ စတက်ခဲ့ရသည်။ သို့ပေမဲ့ အစကတည်းက ကျွန်တော့်အခြေခံက တခြားသူတွေထက် ဆိုးရွားနေရာ ဘယ်လောက်ပဲ ဖြည့်စွက်သင်ခန်းစာတွေ ယူထားပါစေ အချိန်ယူရမည်ပင်။

ကျွန်တော်အဖို့ မွန်းကြပ်ကာ၊ စိုးရိမ်လွန်စွာဖြင့်

ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်နေသည့်အချိန်တွေ အများကြီးရှိခဲ့သည်။ သို့ပေသိ အလယ်တန်းပထမနှစ်တစ်နှစ်တာလုံး၏ စာမေးပွဲတွေမှာ ကျွန်တော့် အကောင်းဆုံးရမှတ်က အတန်းထဲမှာတော့ အလယ်အလတ်အဆင့်သာ ရှိသည်။

အလယ်တန်းပထမနှစ်ပြီးသည့် နွေရာသီကျောင်းပိတ်ရက်မှာတော့ ကျွန်တော့်ရမှတ်တွေ မကောင်းသဖြင့် အတော်လေး စိတ်အခြေအနေ ဆိုးရွားနေခဲ့၏။

ယန့်ရန်အမေက ကျွန်တော် ဝမ်းနည်းနေတာဟု ထင်သွားပုံရသည်။ မိသားစုလိုက် အပြင်ထွက်ခရီးသွားပါက ကောင်းမည်ဟု အကြံပြုလာ၏။

ကျွန်တော် စိတ်မဝင်စားချေ။ ကျူရှင်တက်ရမှာမို့ မသွားဘူးဟုသာ ပြောလိုက်သည်။ ယန့်ရန်က ကျွန်တော့်ကို ကြည့်လာ၏။ တကယ်တော့ အစက သူအပြင်ထွက်ကစားရမှာကို အတော်စိတ်လှုပ်ရှားနေခဲ့တာပင်။ သို့သော်လည်း ကျွန်တော့်စကားကိုကြားသော် ဘေးနားရောက်လာပြီး သူလည်း မသွားတော့ဟု ဆိုလာသည်။

ထိုနေ့က ကျွန်တော် ယန့်ရန်ကို ဒေါသပေါက်ကွဲခဲ့သော ပထမဆုံးအကြိမ်ပင်။

ထိုစဥ်တုန်းက ကျွန်တော့်အဖေနှင့် သူ့အမေက အပြင်ထွက်သွားကြရာ အိမ်မှာ ကျွန်တော်တို့နှစ်ယောက်တည်းသာ ရှိသည်။ သူက ကျွန်တော့်ကို တစ်လုံးစီအညှာခြွေထား၍ရေဆေးထားသော စပျစ်သီးတွေ ယူလာပေးသည်။ ဒါပေါ့ သူဆေးတာတော့မဟုတ်။ ယူလာပေးရုံသက်သက်သာ။

အနှီအခိုက်၌ ကျွန်တော် အတော်စိတ်ဆိုးမာန်ဆိုးဖြစ်နေခဲ့ကာ အတော်လေးအသုံးမကျသလိုလည်း ခံစားနေခဲ့ရသည်။ မီးတောင်ပေါက်ကွဲတော့မည်ဆိုကာမှ ယန့်ရန်က လည်လာစင်းပေးနေသလိုပင်။

ကျွန်တော် သူ့လက်ကို ရိုက်ချလိုက်တော့ စပျစ်သီးတွေက ကြမ်းပြင်ပေါ် ပြန့်ကျဲသွားကာ လုံးဝန်းသော စပျစ်သီးတွေက ဟိုဟိုဒီဒီ လှိမ့်သွား၏။ ယန့်ရန်က နေရာမှာ အကြောင်သားရပ်နေကာ သူ့လက်ဖမိုးက ကျွန်တော် ရိုက်ချက်ကြောင့် နီရဲနေတော့သည်။

ကျွန်တော် အော်ဟစ်ပစ်လိုက်၏။

“မင်းမှာ ကိုယ့်ဦးနှောက်နဲ့ကိုယ် မစဥ်းစားတတ်ဘူးလား! အပြင်ထွက်ကစားချင်ရင် မင်းဘာမင်း သွားပါလား! ဘာကိစ္စငါ့ကို လာဆွဲထည့်နေတာလဲ!”

ယန်ရန် ငိုတော့သည်။ ရှိုက်ကြီးတငင်ငိုပြီး နှာခေါင်းလေးတွေလည်း နီရဲနေ၍ ရှိုက်သံတအင့်အင့် ထွက်နေ၏။

သူက တောင်းပန်လာသည်။

“ကိုကို.. စိတ်မဆိုးပါနဲ့”

"ငါ့ကို ကိုကိုလို့ မခေါ်နဲ့!"

ထိုနေ့က ကျွန်တော် တကယ်ပဲ စိတ်လွတ်မတက်ဒေါသကြီးနေကာ အော်ငေါက်ပစ်လိုက်သည်။

ကျွန်တော် သူ့ကို အော်လိုက်တော့ သူတုန်ယင်သွား၏။ သူက တကယ့်ကို ငကြောက်ပင်။

တကယ်တော့ ထိုနေ့က ကျွန်တော် ဘာတွေပြောခဲ့လဲဆိုတာ အတိအကျ မမှတ်မိတော့။ ယန့်ရန်က ငိုရင်း ကျွန်တော့်ကို တောင်းပန်ခဲ့တာပဲ မှတ်မိတော့သည်။ သို့ပေမဲ့ ပြဿနာက ကျွန်တော်ကသာ ဒေါသတကြီး ဆဲဆိုခဲ့တာဖြစ်ပြီး သူက ဘာအမှားလုပ်ခဲ့တာမှ မရှိချေ။

ကျွန်တော့်ဘက်က ရေးကြီးခွင်ကျယ်မဟုတ်ဘဲ ဇာချဲ့ပြဿနာရှာနေတာမှန်း ကိုယ့်ဟာကိုယ်သိသည်။

လူကြီးတွေအပေါ်မှာရှိသည့် မကျေနပ်ချက်တွေနှင့် ကိုယ့်ကိုယ်ကိုယ် အသုံးမကျသော ဒေါသတွေကို သူ့အပေါ် ပုံချနေခြင်းသာပင်။ သူက အပြစ်ကင်းလေသည်။

သို့သော်လည်း ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လို့ မရခဲ့။ မိစ္ဆာတစ်ကောင်လို သူ့ကို အနိုင်ကျင့်နေခဲ့မိသည်။

ယန့်ရန်က အများကြီး ငိုခဲ့၏။ ကြည့်ရတာ သူ့အဖို့ ကလေးဘဝကတည်းက မတရားမခံရဖူးသလို နစ်နစ်နာနာ မပြောမခံခဲ့ရဖူးလောက်။

ကျွန်တော်ကတော့ ဂရုကိုစိုက်မနေတော့။ လူတွေငိုကြတာကို ကျွန်တော် အမုန်းဆုံးပင်။

ခဏမျှဆဲရေးအော်ငေါက်ပြီးနောက် ကျွန်တော် အနည်းငယ် နေသာထိုင်သာရှိသွားသည်။

နေရာကနေ ထကာ အခန်းထဲ ပြန်ဝင်ပြီး တံခါးကိုပါ ဝုန်းခနဲ ဆောင့်ပိတ်လိုက်၏။

ယန့်ရန်က ကျွန်တော့်နောက် လိုက်လာလိမ့်မည်ဟု ကျွန်တော် တွေးလိုက်သည်။ သို့ပေမဲ့ အကြာကြီး စောင့်ခဲ့တာတောင် သူ တံခါးလာမခေါက်ခဲ့ချေ။

ဤခံစားချက်က မကောင်းလှ။ သူ့ကို အနိုင်ကျင့်ချင်တာက ကျွန်တော့်ရည်ရွယ်ချက် မဟုတ်ပေ။

ကျွန်တော် သူ့ကို တစ်ခါသော်မျှ မမုန်းခဲ့။ သူ့အပေါ် ပုံချသော ကျွန်တော့်မကျေနပ်ချက်အားလုံးက ကျွန်တော်ပိုင်ဆိုင်ရမည့်အရာအားလုံးကို အဖေက ကျွန်တော့်ဆီက ယူပြီး သူ့ကို ပေးလိုက်တာကြောင့်ပင်။

ကျွန်တော် သူ့ကို ဘယ်တုန်းကမှလည်း အနိုင်ကျင့်ချင်ခဲ့တာမဟုတ်။ သူက သည်မိသားစုမှာ ကျွန်တော့်ကိုယ်ပိုင်နေရာရဖို့ အသုံးပြုသော ကိရိယာတစ်ခုပေမဲ့ အနှီကိရိယာကို ဖျက်ဆီးပစ်ဖို့ ကျွန်တော် တစ်ခါမှ မတွေးဖူးခဲ့။

ဖျက်လည်း မဖျက်ဆီးချင်ပါ။ ကျွန်တော် လိုချင်တာက သူ့ကို ကျွန်တော် အမြဲတမ်း အသုံးပြုနေရဖို့။ ဤမျှသာပင်။

ကျွန်တော် တံခါးဖွင့်ပြီး အပြင်ထွက်လိုက်တော့ ယန့်ရန်က ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ထိုင်ကာ အသီးပန်ကန်ပြားကိုကိုင်လျှက် စပျစ်သီးတွေအား တစ်လုံးချင်း ကောက်နေတာကို တွေ့လိုက်ရသည်။ မျက်ရည်သုတ်လိုက် ကောက်လိုက် လုပ်နေတာဖြစ်၏။ ကျွန်တော် ထွက်လာတာကို မြင်တော့ လန့်ဖြန့်သွားကာ ဖင်ထိုင်လဲကျမတတ်ဖြစ်သွားသည်။

သူ့ကို ငိုအောင်လုပ်နိုင်ခဲ့၍ ကျွန်တော့်မှာ အောင်မြင်မှုခံစားချက် မရှိခဲ့ရုံသာမက စိတ်ဓာတ်ပါ ကျဆင်းသွား၏။ ဤခံစားချက်က လုံးဝမကောင်းချေ။

ကျွန်တော် လျှောက်သွားပြီး စကားတစ်ခွန်းမှ မပြောဘဲ သူနှင့်အတူ စပျစ်သီးတွေ အားလုံးကို ကောက်ပြီး ပြန်ဆေးလိုက်သည်။

ကျွန်တော်တို့ နှစ်ယောက်သား မီးဖိုချောင်မှာ ရပ်နေကြကာ ယန့်ရန်က ကျွန်တော့်နောက်မှာ ရှိနေသည်။

သူကပြောလာ၏။

"ကိုကို….တောင်းပန်ပါတယ်"

"ဘာအတွက် တောင်းပန်ရမှာလဲ"

တကယ်တော့ သည်ကိစ္စအတွက် တောင်းပန်ရမှာ ကျွန်တော်ပင်။ သို့ပေမဲ့ ကျွန်တော် မပြောနိုင်ခဲ့။

သူက တစ်ရှူးထုတ်ပြီး ခွီးခနဲ နှပ်ညှစ်သည်။ ထို့နောက် တုံ့ဆိုင်းစွာ ပြော၏။

"သား ကိုကို စိတ်ဆိုးအောင် လုပ်မိလို့ပါ”

သူက ကျွန်တော့်အင်္ကျီအစွန်းစကို ဆွဲပြီး ဆက်ပြောသည်။

"ဒါဆို ဒီနွေရာသီကျောင်းပိတ်ရက်...သားတို့ အပြင်ထွက် ကစားကြဦးမလား"

အဆုံးမတော့ ကျွန်တော့်ကျူရှင်မစခင် တစ်ပတ်အလိုမှာ လေးယောက်သား အနီးနားက ရှေးဟောင်းမြို့ကို သွားခဲ့ကြပြီး ထိုနေရာမှာ တစ်ပတ်လုံး သက်တောင့်သက်သာ နေခဲ့ကြ၏။ ယန့်ရန်လည်း နောက်ဆုံးတော့ ရွှင်မြူးတက်ကြွလာကာ သူက ကျွန်တော့်ကို နေ့တိုင်းဆွဲခေါ်ပြီး သူ့မုန့်ဖိုးတွေဖြင့် ကျွန်တော့်အား အရုပ်တွေ ဝယ်ပေးလေသည်။

ပြန်လာသည့်အခါ ကျွန်တော့်ကျောပိုးအိတ်ထဲက တစ်ဝက်က သူဝယ်ခဲ့သော ထူးဆန်းထွေလာပစ္စည်းတွေဖြင့် ပြည့်နေခဲ့လေ၏။

နှစ်အတော်ကြာပြီးနောက် ကျွန်တော်တို့ အိမ်ပြောင်းသည့်အခါ ထိုပစ္စည်းတွေကို သေတ္တာထဲထည့်ထားခြင်းအား ယန့်ရန်တွေ့လေသော် အနည်းငယ် အံ့သြသွားလေသည်။ သူက ကျွန်တော့်ကို ပြောလာ၏။

"ကိုကို..ဒါတွေကို ဟိုတုန်းကတည်းက လွှင့်ပစ်လိုက်ပြီ ထင်နေတာ”

______

NOTE :

ဟုန်ပေါင်းကို ခေါင်းအုံအောက်ထဲထည့်ပေးတယ် ဆိုတာက တရုတ်အယူအဆတစ်မျိုးပါတဲ့။ မကောင်းဆိုးဝါးရန်က ကာကွယ်ပေးသလိုမျိုး။ ယန့်ရန်လေးက သူ့ကိုကို ကို အန္တရာယ်ကင်းအောင်လုပ်ပေးတာပါ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment