no

Font
Theme

ဘယ်သူမှ သည်နေရာကို သဘောကျစရာအကြောင်းမရှိ။ ယန့်ရန် သဘောကျသည်ပြောလည်း ကျွန်တော်မယုံပေ။ သူတို့သားအမိက စိတ်ရင်းနှင့်ကျွန်တော့်အပေါ်ကောင်းပေးသည်ဆိုတာပင် ဘယ်တုန်းကမှ ယုံခဲ့သည်မဟုတ်။

တစ်ခါတလေ ညသန်းခေါင်ကြီး သည်အကြောင်းတွေတွေးရင်း ကျွန်တော်က တခြားတစ်ယောက်အဖြစ်ကို ရောက်သွားကာ ထိုကျွန်တော်က ပြန်လှောင်နေတတ်သည်။

"မင်းက ကောင်းတာတွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ မသိတဲ့ကောင်ပဲ”

ယန့်ရန် ဘယ်တုန်းက အိပ်ပျော်သွားလဲ ကျွန်တော် မသိ။ သတိထားပြီး ကုတင်ပေါ်က ဆင်းတော့ သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေချေပြီ။

တကယ့်ကို ရိုးရှင်းသောကောင်လေးပင်။ သည်လိုနေရာမျိုးမှာတောင် အိပ်ပျော်နိုင်သည်။

အတော်နောက်ကျနေပြီ‌ဖြစ်သော်လည်း အပြင်ဘက်တွင် ဆူညံနေ‌သေး၏။ လူများက ရန်ဖြစ်ပြီး အချင်းချင်းဆဲဆိုနေကြသည်။ သည်နေရာအတွက် ပုံမှန်ဖြစ်စဉ်ဖြစ်ပြီး ညက နေ့ထက်ပို၍ လူစည်ကားသေးသည်။

ကျွန်တော်ပြတင်းပေါက်ကိုပိတ်ပြီး ယန့်ရန်‌ လေအနည်းငယ်ရ‌ပြီး လေပြင်းတိုက်ခံရတာမျိုးမဖြစ်အောင် လျှပ်စစ်ပန်ကာကိုရွေ့လိုက်သည်။

နာရီကိုကြည့်လိုက်သော် တစ်နာရီကျော်နေပြီပင်။ ကျွန်တော် အိပ်ခန်းထဲမှထွက်ကာ ရှုပ်ပွနေသည့်ဧည့်ခန်းထဲတွင် ထိုင်ရင်း ဆေးလိပ်သောက်နေမိသည်။

စိတ်တိုသည်။ ယန့်ရန်ကို မတွေ့ချင်လှ။

ဝန်မခံချင်ပေမဲ့ သူ့ရှေ့ဆို ကျွန်တော်က အမြဲသိမ်ငယ်သလိုခံစားနေရ၏။

နွေည၏ စေးကပ်သည့်အပူဒဏ်အောက်မှာ စေးကပ်နောက်ကျိသည့် အတွေးများနှင့်အတူ ကျွန်တော် နစ်မြုပ်နေမိရင်း ‌ဆေးလိပ်ကို လက်ကြားတွင်ညှပ်ကာ ကိုက်ခဲနေသည့် နားထင်ကို ခပ်ကြမ်ကြမ်းပွတ်သပ်လိုက်မိသည်။

ယန့်ရန်က တံခါးကိုတွန်းဖွင့်ပြီး ထွက်လာကာ တိုးတိုးမေးလာသည်။

"ကိုကို ဘာလို့မအိပ်သေးတာလဲ"

ယခုလေးတင် ကျွန်တော့်ကြောင့် သူနိုးသွားပုံရသည်။

"ပြန်အိပ်တော့"

ကျွန်တော် လေသံမာဖြင့်ပြောလိုက်၏။

"ငါ့ကို တွယ်ကပ်မနေနဲ့"

ယန့်ရန်သည် နှုတ်ခမ်းဆူသွားပြီး အနည်းငယ်မပျော်ရွှင်သွားပုံရသည်။

ကျွန်တော်တို့ အချင်းချင်းသိခဲ့ကြသည်မှာ နှသ်အနည်းငယ်ရှိပြီဖြစ်ပြီး နေ့မှညအထိ အတူတူရှိခဲ့ကြ၏။ သူပျော်သည်မပျော်သည်ကို ကျွန်တော် တစ်ချက်ကြည့်ရုံဖြင့်ပြောနိုင်သည်။

သူသည် နံရံကိုကျောကပ်ကာ အပြစ်ပေးခံရသကဲ့သို့ ရပ်နေ၏။

ကျွန်တော့်စိတ်အခြေအနေ မကောင်းသည့်ကြားက သူ့ကို ဤကဲ့သိုမြင်ရသော် ရုတ်တရက် မကောင်းတာလုပ်ချင်သည့်စိတ်ဖြစ်လာသည်။

"ယန့်ရန် ဒီကိုလာခဲ့"

ကျွန်တော်ခေါ်တာ ကြားတော့ သူပြုံးသွားရင်း မြန်မြန်ပြေးလာသည်။

ယန့်ရန်၏တစ်ကိုယ်လုံးက နွေးထွေးမှုများထွက်နေပြီး စိုထိုင်းနေသည့်ညကို ပိုပြီးမခံနိုင်အောင်ဖြစ်စေသည်။

ဤတိုက်ခန်း၏နေရာတိုင်းသည် ညစ်ပတ်နေ၏။ သူ ရောက်တာ မကြာသေးသော်လည်း သူ့အဖြူရောင် လက်တိုရှပ်အင်္ကျီက နေရာတော်တော်များများမှာ ပွတ်မိပြီး ညစ်ပတ်နေချေပြီ။

ကျွန်တော်ပြောလိုက်၏။

"ဆေးလိပ်သောက်မလား"

သူကြောင်သွားလေသည်။

ကျွန်တော် ညစ်တစ်တစ်စိတ်ဖြင့် ဆေးလိပ်ကိုလက်ကြားတွင် ညှပ်ထားရင်း သူ့မျက်နှာရှေ့သို့တိုးပေးလိုက်သည်။

"စမ်းကြည့်.."

ကျွန်တော် ဒါမျိုးလုပ်တာကို ကျွန်တော့်အဖေ သို့မဟုတ် သူ့မိခင်သာသိသွားခဲ့လျှင် ကျွန်တော့်ကို အိမ်ကနေ နှင်ထုတ်မှာ သေချာသည်။

ယန့်ရန်ကမူ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ကျွန်တော့်လက်ကိုကိုင်ကာ ရှေ့သို့တိုးလာပြီး တရှိုက်ရှူလာသည်။

သူသီးသွားရင်း ကျွန်တော့်ရင်ခွင်ထဲ လဲပြိုကျသွားကာ အဆက်မပြတ်ချောင်းဆိုးသွားသည်မှာ မျက်လုံးထောင့်များကနေ မျက်ရည်များဝဲလာသည့်အထိပင်။

သူ့ကို အနိုင်ကျင့်ပြီးမှ ကျွန်တော် အများကြီး စိတ်သက်သာရာရသွားသည်။ ဖက်ချင်သလိုဖက်ထားခွင့်ပြုလိုက်ကာ ကျေနပ်နေသော အပြုံးဖြင့် ဆေးလိပ်ကို ဆက်သောက်နေလိုက်၏။

သူက ကျွန်တော့်ကို မေးလာသည်။

“ကိုကို… ဒါကြီးက ဒီလောက် လည်ချောင်းနာတာကို ဘာလို့ ကြိုက်တာလဲ”

“မင်း ကြီးလာရင် သိလိမ့်မယ်”

ပညာတွေပြည့်ဝနေသည့် လူကြီးကဲ့သို့ ကျွန်တော်ဟန်ဆောင်ပြီး ပြောလိုက်သည်။ သို့ပေသိ ထိုအချိန်က ကျွန်တော်က တကယ်ပဲ လူကြီးဖြစ်နေပြီပင်။ ဆယ့်ငါးနှစ်အရွယ် ယန့်ရန်နှင့်ယှဉ်လျှင် ကျွန်တော်က အရွယ်ရောက်သူ မဟုတ်ပါလော။

သို့သော်လည်း ကျွန်တော် သူ့ကို မပြောပြဖြစ်လိုက်သည်က လူတချို့အတွက်တော့ သူတို့ဘဝက သိပ်ကို ပျော်စရာကောင်းနေသည့်အတွက် သူတို့ဘဝတစ်လျှောက်လုံး ဘယ်တော့မှ မသိနိုင်သည့် အရာတွေ အများကြီး ရှိလိမ့်မည် ဆိုတာပင်။

ဘေးနားက ပြတင်းပေါက်ကို ကျွန်တော် လက်ညှိုးထိုးပြလိုက်သည်။

"ငါ့အမေက ဒီပြတင်းပေါက်ကနေ ခုန်ချသွားခဲ့တာ"

ယန့်ရန်က ကျွန်တော့်လက်မောင်းကို ဖက်ထားရင်းမှ ပြတင်းပေါက်ကိုလှည့်ကြည့်သည်။

"အဲ့ဒါဖြစ်တုန်းက ငါအိမ်မှာမရှိဘူး.. သူခုန်ချတဲ့ချိန် အသိစိတ်ရှိလား မရှိဘူးလားဆိုတာ ငါမသိဘူး"

ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား၊ မတော်တဆ ပြုတ်ကျတာလားဆိုတာ ဘယ်သူမှ မသိရတော့။ ထိုမေးခွန်းက သူမသင်္ချိုင်းအထိ ပါသွားခဲ့ချေလေပြီ။

ကျွန်တော်ပြောလိုက်သည်။

"နောက်တခါ ငါအသက်ရှင်ချင်စိတ်မရှိတော့ရင် ငါလည်း ဒီနေရာကနေခုန်ချမယ်.. အဲ့လိုဖြစ်ရင် ဒီကိုလာကြည့်ဖို့ သတိရဦး"

"မလုပ်ရဘူး! "

ယန့်ရန်သည်လှည့်လာကာ သူ၏မျက်ခုံးများတွန့်လာ၏။ သူ၏လက်သည်းများကို ကျွန်တော့်၏အရေပြားထဲ နက်ရှိုင်းစွာ ထိုးစိုက်ထားသဖြင့် သွေးများပင်ထွက်လာသည်။

ကျွန်တော် သူ့ကိုလှောင်လိုက်သည်။

"အဲ့ဒါ မင်းဆုံးဖြတ်လို့ရတာ မဟုတ်ဘူး"

"မလုပ်ရဘူးလို့ဆိုနေ! "

ယန့်ရန်တစ်ယောက် ကျွန်တော့်ရှေ့မှာ သည်လောက် ခေါင်းမာတာ ရှားသည်။

ပြောပြီးနောက် သူသည် ကျွန်တော့်ကို တောင်းပန်သလိုမျိုး ကြည့်သည်။ သူ့နှုတ်ခမ်းတွေက ကျွန်တော့်ပခုံးမှာ ဖိကပ်နေပြီး အလွန်အမင်း အနိုင်ကျင့်ခံရသလို ပုံစံမျိုးဖြစ်နေ၏။

"ငါက အခုချက်ချင်းသေမယ်လို့ ပြောနေတာမျိုး မဟုတ်ဘူးလေ"

ကျွန်တော် ဆေးလိပ်တစ်ဖွာသောက်ပြီး သူ့ကိုတွန်းထုတ်လိုက်သည်။

"ပူတယ်.. ငါ့အနားကို သိပ်မကပ်နဲ့"

ယန့်ရန် သူ့ဘာသာထိုင်နေချိန် ကျွန်တော်ထပြီး ရေသောက်ရန် ရေခွက်ယူလိုက်သည်။

ကျွန်တော် ရေခွက်ဖြင့်ပြန်လာတော့ ယန့်ရန်က ဒူးတွေကို ပိုက်ပြီး ပြတင်းပေါက်ဘက်ကို ငေးကြည့်နေသည်။

"ဘာတွေတွေးနေတာလဲ"

ကျွန်တော်မေးလိုက်၏။

"ဒီကနေ ခုန်ချကြည့်မလား"

"မလုပ်ဘူး"

သူက ကျွန်တော့်ရေကို လှမ်းယူပြီးသောက်လိုက်၏။

ထိုညတွင် ကျွန်တော်တို့နှစ်ယောက်စလုံး အိပ်ခန်းသို့ ပြန်မအိပ်ခဲ့ကြ။ ကျွန်တော်က နံရံကိုမှီထိုင်ခဲ့ပြီး ယန့်ရန်က ကျွန်တော့်ပေါင်ပေါ်တွင် ခေါင်းတင်ကာ အိပ်ပျော်သွားခဲ့လေသည်။

***************

စာမေးပွဲပြန်လည်ဖြေဆိုရန် ကျွန်တော်လက်လျော့ခဲ့၏။ ကျွန်တော့်ပညာရေးအတွက် အဝေးနေရာကိုသွားမည့် ရထားပေါ်သို့ တက်သောအခါ ယန့်ရန်၏ပါးပြင်တွင် မျက်ရည်များ အဆက်မပြတ်စီးကျနေခဲ့သည်။

ကျွန်တော်ထွက်ခွာသည့်နေ့တွင် ယန့်ရန်သည် ပလ‌က်ဖောင်းတွင်ရပ်ရင်း ထိန်းချုပ်မရအောင် ငိုခဲ့၏။ ရထားပြတင်းပေါက်မှန်မှတဆင့် သူ့ကိုကြည့်ရင်း ကျွန်တော်စိတ်တိုလာသည်။

ရထားက ဘူတာရုံမှထွက်ကာစရှိသေး ယန့်ရန်ဆီမှ မက်ဆေ့ဝင်လာသည်။

ရေးထားသည်က

[ကိုကို ပိတ်ရက်‌တွေကိုစောင့်နေပါ.. ကျွန်တော် ကိုကို့ကိုလာရှာမယ်]

ကျွန်တော် စာမပြန်ခဲ့ချေ။ သူ့ကို ခေါင်းထဲမထည့်ချင်လှ။

သို့သော် ကျွန်တော် မျှော်လင့်မထားသည်က သူက ပိတ်ရက်မရောက်ခင်မှာပင် ကျွန်တော့်အား လာရှာခဲ့ခြင်းကိုပင်။

ဆောင်းရာသီနှစ်ကုန်ခါနီး ရက်ပိုင်းတွေမှာ သည်နေရာက အင်မတန်အေးသည်။ စာမေးပွဲနီးလာပြီဖြစ်၍ ကျွန်တော်က စာကြည့်တိုက်မှာသာ တစ်နေကုန် နေ၏။

ကျွန်တော့်ကျောင်းက တကယ်တော့ မဆိုးလှ။ အဖေပြောသလိုပင် ကျွန်တော်က တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ အမှတ်သိပ်မကောင်းခဲ့ပေမဲ့ မည်သို့ဆိုစေ နာမည်ကြီးတက္ကသိုလ်တစ်ခုတွင် တက်နိုင်ခဲ့သည်သာ။

စာကြည့်တိုက်မှ အဆောင်များသို့အပြန်လမ်းမှာပင် အဖေ့ဆီမှ ဖုန်းဝင်လာသည်။ ယန့်ရန်က မှတ်ပုံတင်လုပ်ပြီးပြီးချင်း ခိုးပြီး လက်မှတ်ဝယ်ကာ၊ ရထားစီးပြီး ကျွန်တော့်ကို လာတွေ့ကြောင်း။

အဖေ့၏လေသံအရ သူဤအခိုက်အတန့်တွင် ဘယ်လောက်ပူပန်နေသလဲ ကျွန်တော်မြင်ယောင်ကြည့်နိုင်သည်။

သူ့အချစ်ဆုံးသားလေး၊ သားထွေးလေးက ကျွန်တော့်လို အရေးမပါသည့်သားကို တွေ့ဖို့ ခိုးထွက်ခဲ့သည်ကိုး။

ထိုအတွေးက ကျွန်တော့်ကို မထိန်းချုပ်နိုင်စွာ ပြုံးမိစေသည်။

"ကျွန်တော်နားလည်ပါပြီ"

ကျွန်တော်ဖြေလိုက်၏။

"စိတ်မပူပါနဲ့.. ကျွန်တော် သူ့ကိုဂရုစိုက်လိုက်ပါ့မယ်"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment