အခန်း (၉) မရည်ရွယ်ဘဲ စိုက်ပျိုးလိုက်တဲ့ မိုးမခပင်လေး အပင်ပေါက်လာတယ်
တိမ်တိုက်တွေက ညိုရီလာသည့် အခါသမယတွင် “တစ်ဆုပ်ကြဲ၊ တစ်ပွေ့ရ” ဆိုသည့် စကားပုံကဲ့သို့ပင် နွေဦး၌ စပါးတစ်စေ့ကြဲလျှင် ဆောင်းဦး၌ အဆပေါင်းများစွာ ပြန်လည်ရိတ်သိမ်းရနိုင်လေသည်။
အချိန်က မြင်းရိုင်းတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးပြီး ဆောင်းဦးရာသီ ရိတ်သိမ်းချိန်သို့ ရောက်ခဲ့လေပြီ။ ဤဆောင်းဦးရာသီ ကုန်လွန်လျှင်တော့ လင်ဝမ်ယွဲ့ စစ်တပ်ထဲရောက်တာ သုံးနှစ်ပြည့်လေတော့မည်။
ဆောင်းဦးရိတ်သိမ်းချိန်က လီနိုင်ငံ၌ရှိသော လယ်သမားထောင်ပေါင်းများစွာအတွက် တစ်နှစ်တာ၏ အရေးကြီးဆုံး နေ့ရက်များပင် ဖြစ်သည်။ ယခုနှစ်၏ ကောက်ပဲသီးနှံထွက်နှုန်း ကောင်းမကောင်းက နောင်နှစ်တွင် ချောင်ချောင်လည်လည် နေနိုင်ခြင်းကို တိုက်ရိုက် ဆုံးဖြတ်ပေးမည် ဖြစ်၏။
လီနိုင်ငံ၏ အကြီးအကဲများအတွက်လည်း ဆောင်းဦးရိတ်သိမ်းချိန်က ထပ်တူထပ်မျှ အရေးကြီးပြန်လေသည်။ လယ်သမားဦးရေ အများအပြားရှိသော လီနိုင်ငံအတွက် အခွန်အတုတ်များက အရေးကြီးသည့် နိုင်ငံဘဏ္ဍာအရင်းအမြစ်တစ်ခု ဖြစ်လေသည်။
ဟန်လူမျိုးများအတွက်လည်း ဆောင်းဦးရိတ်သိမ်းချိန်က အရေးကြီးပြန်သည်သာ ဖြစ်၏။ ဟန်တို့၌ လယ်ယာမြေမရှိသောကြောင့် သူတို့၏ တစ်နှစ်တာ စားဝတ်နေရေးမှာ ဆောင်းဦးရာသီတွင် ရရှိသော စစ်သုံ့ပန်းနှင့် ရိက္ခာပမာဏအပေါ်၌ မူတည်နေလေသည်။ တိုက်ခိုက်ရာမှ ရရှိသော ရိက္ခာနည်းပါးပါက ဆောင်းရာသီ၏ ကာလရှည်ကြီးကို သူတို့ ဖြတ်သန်းနိုင်မည် မဟုတ်ပေ။
လင်ဝမ်ယွဲ့က သူမလက်ထဲ၌ လှံရှည်တစ်စင်းကို ကိုင်ထားပြီး သူမကျောဘက်မှာတော့ လက်နက်အပျက်အစီးများထဲကနေ ရှာတွေ့ထားသော အနက်ရောင် လေးတစ်လက်ကို လွယ်ထား၏။ သူမခါးထက်၌ ဓားမြှောင်တစ်လက်ကို ချိတ်ဆွဲထားကာ တပ်ဖွဲ့နှင့်အတူ တပ်စခန်းချရာအရပ်ဆီသို့ ချီတက်နေသည်။ လီနိုင်ငံနယ်စပ်ကို ကျော်လွန်ပြီး ပိုဝေးလံသော နေရာများဆီသို့ ချီတက်နေခဲ့သည်။
စစ်သူကြီး လီမုက တပ်ဦးကို မိုင်တစ်ရာလောက်အထိ ချီတက်ရန် အမိန့်ပေးထားခဲ့သည်။ စစ်ဦးကို ထိုမျှဝေးကွာအောင်ထားခြင်းဖြင့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးနယ်မြေများ ပိုမိုကျယ်ပြန့်စွာ ရရှိစေရန် မဟာဗျူဟာမြောက် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
လီနိုင်ငံ၏ စစ်သားအားလုံးက သူတို့၏ သွေးနှင့် ကိုယ်ခန္ဓာကို အသုံးပြုပြီး ပြည်သူများကို အကာအကွယ်ပေးမည့် ဒိုင်းသဖွယ် ကာကွယ်ပေးရမည်ဟု ဆိုလိုရင်း ဖြစ်လေသည်။
ချီတက်နေစဉ်အတွင်း တပ်စခန်းမှ လူတိုင်း၏ မျက်နှာများမှာ တင်းမာနေကြသည်။ နှစ်စဉ်နှစ်တိုင်း ယခုကဲ့သို့ ရိတ်သိမ်းရာသီမျိုးတွင် လီနိုင်ငံ၏ မြောက်ဘက်နယ်စပ်ရှိ စစ်သည်များသည် ပုံမှန်ထက် လုယက်ချင်စိတ်ပြင်းထန်နေသော ရန်သူများနှင့် ရင်ဆိုင်ရလေ့ရှိ၏။
ဆောင်းရာသီကို ဖြတ်ကျော်ရန်အတွက် အစားအစာ လိုအပ်သောကြောင့် ထိုအချိန်ရောက်တိုင်း ဟန်လူမျိုး စစ်သားများက သူတို့၏ ရိက္ခာလိုအပ်ချက် မပြည့်မချင်း ရပ်တန့်ခြင်းမရှိဘဲ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လေ့ရှိသည်။ ဤရာသီသည် လီနိုင်ငံစစ်သားများ၏ အကျအဆုံး အများဆုံးအချိန် ဖြစ်လေသည်။
လင်ဝမ်ယွဲ့၏ ဓမ္မတာမလာတော့သည်မှာ ကြာလေပြီ။ သူမ၏ လျှို့ဝှက်ချက် ပေါ်ပေါက်တော့မည့် အန္တရာယ်မှာလည်း ပြီးဆုံးသွားခဲ့လေပြီ။
သို့သော် လင်ဝမ်ယွဲ့၏ မျက်နှာက ဖျော့တော့နေပြီး တစ်ခါတစ်ရံ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေတတ်သည်။ ထိုလက္ခဏာက ယောင့်ဝမ်ပန်းကို သောက်သုံးပြီးနောက် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးဖြစ်သည်။
“ဟေး... ကြားပြီးပြီလား”
“ဘာကိုလဲ”
“ချူဖေး သေပြီတဲ့... ချူဖေးက ချူဝမ်ကို ကယ်ရင်း သေသွားတာ”
“တကယ်လား... ငါကြားတာတော့ ချူဖေးက တကယ် လှတာတဲ့... နှမြောစရာကြီးကွာ”
“အိုင်း... ဒီလိုဖြစ်တာက ဒါ ဒုတိယအကြိမ်မြောက်ပဲ... အရင်ချူဖေးလည်း လုပ်ကြံခံခဲ့ရတာလေ”
“ဒီချူဝမ်က သူ့မိန်းမတွေကို ကံဆိုးစေတဲ့သူလို့ ထင်လား”
“မင်းတို့ ဘာတွေ ပြောနေကြတာလဲ!”
လမ်းနားကနေ ဖြတ်သွားသော ကင်းထောက်စစ်ဗိုလ်မှာ ခြေလျင်စစ်သားစခန်းထဲကနေ တီးတိုးပြောဆိုနေသည့် အသံများကို ကြားလိုက်ရပြီး တစ်ချက်အော်လိုက်သည်။
လင်ဝမ်ယွဲ့နှင့် မလှမ်းမကမ်းမှာ စကားပြောနေသော ခြေလျင်တပ်သား နှစ်ယောက်က ချက်ချင်းဆိုသလို ပါးစပ်ပိတ်သွားသည်။
ကင်းထောက်စစ်ဗိုလ်သည် အကြီးအကျယ် ဒေါသထွက်ကာ သူတို့ပတ်ဝန်းကျင်အား တစ်ချက်ကြည့်လိုက်ပြီး မြင်းကို စီးကာ ရှေ့ဆက်သွားတော့သည်။ ကျယ်ပြန့်သော စစ်တပ်ကြီးက နေရောင်ခြည်ကို အံတုရင်း နယ်စပ်ဆီသို့ ပိုမိုဝေးလံစွာ ချီတက်နေခဲ့သည်။
ဆောင်းဦးရာသီဆိုသော်လည်း နေရောင်က ပြင်းထန်နေသေး၏။ အထူးသဖြင့် ခြောက်သွေ့သော မြောက်ဘက်ဒေသမှာ မိုင်ပေါင်းများစွာ လမ်းလျှောက်ခဲ့ရသော စစ်သည် အများအပြားမှာ ချွေးသံတရွဲရွဲ ဖြစ်ကုန်ကြလေသည်။ သို့သော် လင်ဝမ်ယွဲ့မှာ ပူပြင်းနေသော နေရောင်ခြည်ကြောင့် ချွေးမထွက်သည့်အပြင် ထိုနေရောင်ခြည်က သူမခန္ဓာကိုယ်ကို ပို၍ နေလို့ထိုင်လို့ ကောင်းသွားစေသည်။
လင်ဝမ်ယွဲ့သည် ချီတက်နေစဉ်အတွင်း အနားယူသည့် အချိန်ကို အကျိုးရှိရှိ အသုံးချလျက် ယောင့်ဝမ်ပန်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ ဆေးပင်ကို သောက်သုံးပြီးနောက် လင်ဝမ်ယွဲ့ ခန္ဓာကိုယ်တစ်ခုလုံး ရေခဲအိုင်ထဲ ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး အေးစက်နေခဲ့သည်။
မွန်းတည့်ချိန် ဖြစ်နေသည့်တိုင် လင်ဝမ်ယွဲ့က အလွန်အမင်း ချမ်းအေးနေလေသည်။ သူမသည် နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် ဒူးနှစ်ဖက်ကို ပိုက်ကာ တစ်ကိုယ်လုံးကို ခွေလိပ်ထားပြီး မျက်စိများက ဝေဝါးနေလေသည်။ ဝေဒနာခံစားနေရကာ မူးဝေနေစဉ်အတွင်း လင်ဝမ်ယွဲ့သည် ချန်ကျွမ်းရွာထံ ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ရွာရှိလူများက အရင်အတိုင်း ရှိနေလေသည်။ သူတို့က သူမကို ပြုံးပြနေကြသည်။ လင်ဝမ်ယွဲ့ကလည်း ပြန်လည် ပြုံးပြလိုက်သည်။ သူမစိတ်ထဲတွင် ပေါ့ပါးမှုအပြည့်နှင့် ဖြစ်နေ၏။ သူမသည် စစ်တပ်မှ နောက်ဆုံးတော့ ထွက်ခွာနိုင်ခဲ့လေပြီ။ သူမ၏ မိန်းကလေးဘဝကို ပြန်ရရှိခဲ့ပြီ။ နေ့တိုင်း သူမ၏ လျှို့ဝှက်ချက် ပေါ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။ သူမအတွက် အသက်ရှင်သန်ရသည်က ပင်ပန်းလွန်းလေသည်။
ထို့နောက် လင်ဝမ်ယွဲ့က အမှောင်ထုထဲ ကျရောက်သွားတော့သည်။
ဆည်းဆာချိန် ရောက်သောအခါ လင်ဝမ်ယွဲ့ ကံကောင်းစွာဖြင့် နိုးထလာခဲ့သည်။
ထိုနေ့က နိုးထလာသည့် လင်ဝမ်ယွဲ့သည် မြေပြင်ပေါ်မှာ ဒူးထောက်ထိုင်လျက် တိတ်ဆိတ်စွာ နေလိုက်သည်။ ထို့နောက် အရူးကဲ့သို့ ကျယ်လောင်စွာ ရယ်မောပြီး နောက်ဆုံးတွင် တိတ်ဆိတ်သွားပြန်သည်။
သူမသည် စစ်တပ်သို့ ပြန်လည် ရောက်ရှိနေလေပြီ။ ဤနေရာသည် သူမအတွက် ရန်ငြိုးများဖြင့် ဆက်လက်ရှင်သန်နေနိုင်သည့် တစ်ခုတည်းသော နေရာ ဖြစ်သလို မည်သည့်မျှော်လင့်ချက်မှ မမြင်နိုင်သော နေရာလည်း ဖြစ်၏။ မည်သို့မျှ ရုန်းမထွက်နိုင်ဘဲ ပြန်ရောက်လာခဲ့ပြန်သည်။ ဤနေရာက သူမကို ကာကွယ်ပေးထားသလို ကိုယ့်ကိုယ်ကိုယ် အကျဉ်းချထားသကဲ့သို့လည်း ဖြစ်နေလေသည်။
ဆောင်းဦးကာလဖြစ်သောကြောင့် နေမင်းက အနောက်ဘက်သို့ လျင်မြန်စွာ ဝင်ရောက်သွားခဲ့၏။ ထိုအခါ စစ်သူကြီး လီမုက စခန်းချရန် အမိန့်ပေးလိုက်ရာ စစ်သားများကို လူစုခွဲ အနားယူကြပြီး မီးဖိုများ ပြင်ဆင်ကာ ထမင်းချက်ကြတော့သည်။
မီးခိုးငွေ့များက လေထဲသို့ ပျံ့လွင့်သွားပြီး စစ်သူကြီး လီမုသည် လက်ထောက်စစ်သူကြီးများနှင့်အတူ ထမင်းစားနေကြသော စစ်သားများကို လိုက်လံ စစ်ဆေးပြီး အားပေးစကား ပြောလေသည်။
လင်ဝမ်ယွဲ့က သူမပန်းကန်ထဲရှိ အသားဖတ်ကို ကြည့်လိုက်ချိန်၌ လက်မတစ်ဆစ်လောက် ထူနေသည်။
“ဝူး…”
ဝေးကွာလှသော နေရာမှ ရိုက်ခတ်လာသည့် ကျွဲချိုမှုတ်သံက ထွက်ပေါ်လာပြီး အစားအစာ လိုအပ်နေသော ဟန်လူမျိုးများကို အစားအသောက်ချက်ပြုတ်ရာမှ ထွက်သော မီးခိုးငွေ့များက ဆွဲဆောင်လိုက်ခြင်း ဖြစ်နိုင်သည်။
“ရန်သူ ကျူးကျော်လာပြီ!”
လင်ဝမ်ယွဲ့က ကျွဲချိုသံကြားသည်နှင့် ပန်းကန်ကို ချက်ချင်း ချလိုက်ကာ လက်ထဲမှ လှံရှည်ကို ကိုင်ဆွဲပြီး တစ်ကိုယ်လုံး သတိအနေအထားဖြင့် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေလေပြီ။
“စစ်သူကြီးကို ကာကွယ်ကြ!”
မည်သူအော်လိုက်မှန်း မသိပေမဲ့ လင်ဝမ်ယွဲ့က အသံလာရာဆီသို့ ကြည့်လိုက်ချိန်တွင် ခြေလှမ်းဆယ်လှမ်းခန့်အကွာ၌ လူအများကြီး ဝိုင်းရံနေသည်ကို တွေ့လိုက်ရသည်။ အလယ်တွင် ဝိုင်းရံခံထားရသည့်သူက မြင်းစီးပြီး စစ်သားများကို လာရောက် စကားပြောသော စစ်သူကြီး လီမု ဖြစ်နေသည်။
“အသင့်ပြင်! တိုက်ပွဲဝင်ဖို့ အသင့်ပြင်!”
ရုတ်တရက်ရောက်လာသော ဟန်လူမျိုးများနှင့် ရင်ဆိုင်ရချိန်၌ လီမုက တည်ငြိမ်နေလေသည်။ သူသည် မြင်းပေါ်တွင် ထိုင်ရင်း ခါးက ဓားကို ဆွဲထုတ်ပြီး တိုက်ပွဲကို ဦးဆောင်နေ၏။
စစ်ဗုံများလည်း တပ်ဆင်ရန် အချိန်မရခဲ့ပေ။ အလံကို ကိုင်ဆောင်သူများက အလံကို ဝှေ့ယမ်းကာ တိုက်ပွဲကို ကွပ်ကဲနိုင်ရန် မစုစည်းနိုင်သေးပေ။ အော်ဟစ် အမိန့်ပေးနိုင်သည် ဆိုသော်လည်း အသံက အကွာအဝေးတစ်ခု ထိသာ ရောက်ရှိနိုင်သည်။ စစ်ချီနေသည်မို့ စစ်ကြောင်းမှာလည်း ရှည်လျားစွာ ဖြန့်ကျက်ထားနေလေသည်။ စစ်တပ်ကို အမိန့်ပေးရန် အချိန်နှင့် လူအနေအထားက အကန့်အသတ် ရှိနေ၏။
ဟန်လူမျိုးများ၏ မြင်းများ စစ်ကြောင်းထဲသို့ မြန်ဆန်စွာ ထိုးဖောက်ဝင်ရောက်လာနေကြသည်။ ဦးဆောင် ညွှန်ကြားမည့်သူမရှိသည့် လီစစ်တပ်မှာ ကစဉ့်ကလျား ဖြစ်ကာ မည်သည့်ဗျူဟာမှ မပါဝင်ဘဲ အပြန်အလှန် သတ်ဖြတ်ကြရတော့မည့် သတ်ကွင်း ဖြစ်နေခဲ့ပြီ။
မိုးကြိုးကဲ့သို့ ပြင်းထန်သော မြင်းခွာသံက ပိုမိုနီးကပ်လာပြီး မြေပြင်၏ တုန်ခါမှုက သိသိသာသာ ပြင်းထန်လာလေလေ လင်ဝမ်ယွဲ့၏ မျက်နှာက တင်းမာကာ ပို၍ တင်းမာလာလေလေပင်။ သူမသည် ဟန်လူမျိုးများ၏ အရေအတွက်ကို ခန့်မှန်းလိုက်မိ၏။ အမှန်တကယ် အသက်လုရမည့် သတ်ပွဲကြီး တစ်ပွဲ ဖြစ်လာတော့မည်။
လင်ဝမ်ယွဲ့ အတွေးမဆုံးမီမှာပင် ကြောက်မက်ဖွယ်ကောင်းသော အော်သံများက စစ်ကြောင်း၏ အဝေးတစ်နေရာမှ ပျံ့လွင့်လာပြီး ရှေ့ပြေး စစ်ကြောင်းနှင့် ဟန်လူမျိုးစစ်သည်များက ထိပ်တိုက် တိုးကာ တိုက်ခိုက်နေကြလေပြီ။
ဟန်လူမျိုးများက ဓားကောက်များကို ကိုင်ဆောင်ကာ မြင်းစီးပြီး လီစစ်တပ်ထဲသို့ တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်နေကြသည်။ ဓားများ ဝှေ့ယမ်းလိုက်တိုင်း သွေးများက ဖွာခနဲ လွင့်စင်ထွက်လာလေသည်။
လင်ဝမ်ယွဲ့က အော်သံများ ကြားရာနေရာကို ကြည့်နေပြီး သူမစိတ်ထဲမှာ ပူပင်သောကများဖြင့် ပြည့်နှက်နေ၏။ ယခုအခြေအနေက ‘လီ’ ခြေလျင်တပ်သားများ၏ အားနည်းချက်က အထင်အရှား ပေါ်လွင်နေသည့် အနီးကပ် တိုက်ပွဲ ဖြစ်နေသည်။
လင်ဝမ်ယွဲ့က သူမလက်ထဲက လှံရှည်ကို မြေပြင်မှာ ချက်ချင်းစိုက်ချလိုက်ပြီး ခါး၌ရှိနေသော အနက်ရောင် လေးကို ယူလိုက်ကာ ခြေထောက်နှစ်ဖက်ကို ကားလိုက်ပြီး လေးကို ဆွဲတင်လိုက်သည်။
“ရွှစ်!” ဟူသော မြားသံနှင့်အတူ မြားတစ်စင်းမှာ လေထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး အဝေး၌ရှိနေသည့် ဟန်လူမျိုးစစ်သည်၏ ရင်ဘတ်ကို တည့်တည့်မှန်သွားလေသည်။
ထိုစစ်သည်က မိမိ ရင်ဘတ်ထဲသို့ တစ်ဝက်ကျော် စိုက်ဝင်နေသော မြားကို အံ့ဩတုန်လှုပ်စွာ ကြည့်လျက် မြင်းပေါ်က ပြုတ်ကျသွားလေသည်။ ထို့နောက် လီနိုင်ငံစစ်သည်၏ လှံရှည်နှင့် နောက်တစ်ကြိမ် ထိုးဖောက်ခံလိုက်ရသည်။
“ကောင်းတယ်!”
မြင်းပေါ်၌ ထိုင်နေသော လီမုက ဟန်လူမျိုးစစ်သည် မြားမှန်သွားသည့် ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်ရပြီး မအောင့်နိုင်ဘဲ ချီးကျူးလိုက်၏။
သူက မြင်းပေါ်ကနေ နောက်လှည့်ကြည့်လိုက်ရာ ကုန်းငယ်ပေါ်၌ ခြေလျင်တပ်ဝတ်စုံဝတ်ထားသော မည်းမည်းပိန်ပိန် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ဘေးမှာ လှံရှည်တစ်စင်း ရပ်ထားပြီး ခါးတွင် ဓားတိုတစ်လက်ကို ချိတ်ဆွဲထားသည်။
ယခုအချိန်တွင် လူငယ်က ခြေနှစ်ဖက်ကို ကားပြီး လေးကို ဆွဲတင်နေလေသည်။ လေးတင်ချိန်က နှေးကွေးနေသော်လည်း သူ့လက်ထဲရှိ လေးကို အပြည့်ဆွဲတင်ထားပြီး ဒုတိယမြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။
“ရွှစ်!” ဟူသော လေတိုးသံနှင့်အတူ မြားက ရိပ်ရိပ်ပါအောင် ပြေးထွက်သွားလေသည်။ ထို့နောက် ဟန်လူမျိုးတစ်ယောက်၏ ရင်ဘတ်ကို ထိုးစိုက်ဝင်ရောက်သွားပြန်၏။
လီမုက လင်ဝမ်ယွဲ့၏ လက်ထဲက အနက်ရောင် လေးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်လေသည်။ ထိုလေး၏ မူလပိုင်ရှင်က တခြားလူမဟုတ်ဘဲ လီမု ဖြစ်လေသည်။ လေးကိုယ်ထည် ပျက်စီးသွား၍ တိကျမှုမရှိတော့သောကြောင့် လီမုက လေးကို စွန့်ပစ်လိုက်ခြင်း ဖြစ်သည်။
ခြေလျင်တပ်သားတစ်ယောက်က သူ၏လေးကို ကောက်ယူသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လီမု ပိုပြီး မထင်မှတ်ထားသည်မှာ ထိုပိန်ပိန်သေးသေး လူငယ်လေးက သူမနှင့် သူမ၏ နှစ်တင်းအား လေးကို အပြည့်အဝ ဆွဲနိုင်နေခြင်း ဖြစ်၏။
လင်ဝမ်ယွဲ့က သူမ၏ လှုပ်ရှားမှုတိုင်းကို လီမုက ကြည့်နေသည်ဆိုတာ မသိခဲ့ပေ။ သူမသည် သူမရှေ့က စစ်မြေပြင်ကို အာရုံစိုက်ကြည့်နေပြီး သူမမျက်စိရှေ့က အခြေအနေကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာနေလေသည်။
နောက်ဆုံး၌ လင်ဝမ်ယွဲ့က ဟန်လူမျိုးများ၏ တပ်အင်အားနှင့် အကွာအဝေးကို ခန့်မှန်းလိုက်ပြီး သူမနောက်ကျောဘက်တွင် အနက်ရောင် လေးကို ချိတ်ဆွဲလိုက်သည်။ ထို့နောက် ဘေးရှိ လှံရှည်ကို ဆွဲကိုင်ကာ တွေဝေခြင်းမရှိဘဲ ပြေးထွက်သွားတော့သည်။
လင်ဝမ်ယွဲ့က ဟန်လူမျိုးမြင်းစီးတပ်သားများဆီသို့ ပြေးသွားစဉ် စိတ်လှုပ်ရှားမှုအပြင် စိတ်အားထက်သန်မှု တစ်စွန်းတစ်စ ရှိနေခဲ့သည်။ သူမသည် ထိုလေးက ဤမျှလောက်အထိ အစွမ်းထက်မည်ဟု မထင်ထားခဲ့ပေ။ လင်ဝမ်ယွဲ့သည် ထိုလေးကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် နှစ်လအတွင်း တစ်တင်းအား လေးနှစ်လက်၏ ကြိုးများ ပျက်စီးသည်အထိ လေ့ကျင့်ခဲ့ရသည်။
ယခုလို ရလဒ်ထွက်လာသည့်အတွက် လေ့ကျင့်ခဲ့ရသမျှ တကယ်ကို တန်သွားခဲ့လေပြီ။
End 9