အခန်း ၄: မှိန်ပျပျရနံ့နှင့် ကြေမွသွားသော ကျောက်စိမ်း၊ ချင်းချန်ရဲ့ ကြွေလွင့်မှု
လီနိုင်ငံတော်၏ မြို့တော်ဖြစ်သော ထျန်းဒူမြို့တွင် အရှေ့ဘက်ဝင်ရိုးစွန်းနှင့် နီးကပ်စွာ တည်ရှိသော ခမ်းနားထည်ဝါသည့် နန်းတော်ခန်းမတစ်ခုအတွင်း၌ နန်းတော်၏ အတွင်းဝန်များနှင့် မောင်းမမိဿံ ဒါဇင်ပေါင်းများစွာက အလျင်အမြန် သွားလာလှုပ်ရှားနေကြ၏။ သို့သော်လည်း ခြံဝင်းတစ်ခုလုံးတွင် အသံတစ်ချက်မျှ မကြားရပေ။ သူတို့သည် ခြေလှမ်းများကို အလွန်တုန်လှုပ်ခြောက်ခြားစွာဖြင့် ဂရုတစိုက် ထိန်းချုပ်ထားကြသည်။
“ရှန်အာလေး တစ်ယောက်တည်းပဲ နေခဲ့... ကျန်တဲ့သူတွေ သွားလို့ရပြီ”
“အမိန့်တော်အတိုင်းပါ...”
အနုစိတ်လက်ရာများဖြင့် ထွင်းထုထားသော ခုတင်ကြီးတစ်ခုပေါ်၌ လှပသော ကုလားကာပိတ်စများနှင့် ဖုံးအုပ်ထားပြီး၊ ကျယ်ဝန်းသည့် ခုတင်ပေါ်တွင် အားပျော့စွာ အသက်ရှူနေသည့် အမျိုးသမီးတစ်ဦး လဲလျောင်းနေ၏။ သူမသည် အမိန့်ပေးခဲ့ပြီး သူမ၏ အမိန့်ပေးသံမှာ တိုးညင်းလွန်းသော်လည်း၊ မည်သူတစ်ဦးတစ်ယောက်မျှ ထိုအမိန့်တော်အား ကြားလိုက်သည်နှင့် မနာခံဝံ့သူ မရှိပေ။
“မယ်တော်...”
“ရှန်အာလေး လာပါဦးကွယ်... မယ်တော့်ဘေးမှာ လာထိုင်၊ မယ်တော်... သမီးလေးကို သေချာကြည့်ချင်လို့...”
ခုတင်ပေါ်ရှိ အမျိုးသမီးသည် လီနိုင်ငံတော်၏ မိဖုရားကြီး လီချင်းချန် ဖြစ်သည်။ လက်ရှိတွင် သူမသည် အားနည်းချိနဲ့နေပုံရသော်လည်း၊ သူမ၏ မင်းမျိုးမင်းနွယ် အရှိန်အဝါသည် တစ်ကြိမ်ကြည့်ရုံဖြင့် မည်သူမျှ သူမကို လျှော့မတွက်ရဲအောင် ပြုလုပ်ထားနိုင်၏။ သူမ၏ ပကတိ အလှတရားကို လီနိုင်ငံတော်တွင် နှစ်ပေါင်းနှစ်ဆယ်တိုင်အောင် မည်သူတစ်ဦးတစ်ယောက်မျှ မယှဉ်နိုင်ခဲ့ပေ။
နှစ်ပေါင်းနှစ်ဆယ်ကြာအောင် အချိန်များ ကုန်လွန်သွားခဲ့သော်လည်း သူမ၏ မျက်နှာတွင် တိုင်းပြည်နှင့် မြို့ပြကိုပင် ပျက်စီးစေလောက်သည့် အလှတရား၏ အကြွင်းအကျန်များကို မြင်တွေ့နိုင်သေးသည်။
လီရှန်သည် မယ်တော် လီချင်းချန်၏ ဘေးတွင် တိတ်တဆိတ် ထိုင်နေသည်။ သူမသည် အလွန်ပိန်လှီသွားသော မယ်တော်ကို ကြည့်နေစဉ် သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ တိတ်တဆိတ် စီးဆင်းလာသည်။
ထိုကဲ့သို့ သူမ၏ သမီးတော်အား မြင်သောအခါ လီချင်းချန်သည် ဖြူရော်သော အပြုံးတစ်ခုကို ပြုံးပြလိုက်ရင်း သူမ ပြောလိုက်၏။
“မယ်တော်က ဒီနှစ်တွေမှာ အမြဲတမ်း ဖျားနေခဲ့တာ အမေ့ရဲ့ ချစ်သမီးလေးကိုတောင် သေချာ မကြည့်နိုင်ခဲ့ဘူး... ရှန်အာလေးတောင် အရွယ်ရောက်လာပြီပဲ”
“မယ်တော်!”
လီရှန်သည် လီချင်းချန်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး စောင်များအောက်၌ ထားလိုက်၏။ သူမသည် ထိုလက်ကလေးကို ခိုင်မာစွာ ဆုပ်ကိုင်ရန် မရဲဝံ့ပေ။ လီချင်းချန်၏ လက်နှင့် သွေးကြောများအားလုံးသည် ဖြူဖွေးသော အရေပြားအောက်တွင် ထင်ရှားစွာ မြင်နေရသည်။ ထိုလက်သည် တစ်ချက်ထိရုံဖြင့် ကြေမွသွားနိုင်လောက်သည်အထိ အလွန်အားနည်းပုံရ၏။
“ရှန်အာလေး၊ မယ်တော်အတွက် စိတ်မကောင်း မဖြစ်ပါနဲ့ကွယ်... မယ်တော်မှာ နောင်တရစရာ ဘာမှ မရှိတော့ပါဘူး။ မယ်တော်က သမီးနဲ့ သမီးရဲ့ မောင်လေးအတွက်ပဲ စိတ်ပူနေတာ... အဟွတ်... အဟွတ်”
“မယ်တော်... တော်ဝင်သမားတော်ကို ခေါ်လိုက်ပါဦး!”
လီရှန်သည် လီချင်းချန်၏ လက်ကို ကိုင်ထားပြီး မျက်ရည်စက်များက သူမ၏ မျက်ဝန်းအစုံမှ အမြောက်အမြား စီးကျလာသည်။ ထို့နောက် သူမသည် တောက်ပြောင်သော ပိုးသားစောင်ပေါ်သို့ ပြိုလဲကျသွား၏။ မျက်ရည်စက်များမှာ လျင်မြန်စွာ စုပ်ယူသွားခြင်း ခံလိုက်ရပြီး၊ သွေးစွန်းထားသော အစက်အပြောက်တစ်ခုကဲ့သို့ မှောင်မိုက်သော အနီရောင် အမှတ်အသားတစ်ခုသာ ချန်ထားခဲ့သည်။
“ကလေးဆိုးလေး... မယ်တော်ရဲ့ ကျန်းမာရေးအကြောင်းကို မင်း ဘာမှ မသိပါလား၊ အမေနဲ့သမီးနှစ်ယောက် စကားပြောဖို့ အချိန်ရဦးမှာပါကွယ်... မယ်တော် သမီးကို ပြောစရာတစ်ခု ရှိတယ်”
လီရှန် ခေါင်းညိတ်ပြလိုက်သည်။ သူမသည် လီချင်းချန်၏ အမိန့်ကို နာခံခဲ့သော်လည်း ပိုးသားစောင်ပေါ်မှ မှောင်မိုက်သော အစက်အပြောက်များက လျင်မြန်စွာပင် ပို၍ များပြားလာ၏။
လီချင်းချန်၏ အသက်ရှူသံသည် အလွန်ပင်ပန်းနေသည်။ သူမ၏ ရင်ဘတ်သည် ပြင်းထန်စွာ မြင့်တက်ကျဆင်းနေပြီး၊ ခန္ဓာကိုယ်၏ မသက်မသာဖြစ်မှုကို ခံနိုင်ရည်ရှိရန် အလွန်ခက်ခဲနေကာ တစ်စုံတစ်ခုကို အပြင်းအထန် သည်းခံနေပုံရသည်။
“ရှန်အာ... သမီး အိမ်ထောင်ပြုလို့ရှိရင် လက်ဆက်မယ့်သူကို သမီးကိုယ်တိုင် သေချာစဉ်းစားပြီး ရွေးရမယ်နော်။ မယ်တော်... သမီးရဲ့ မျက်လုံးတွေကို ယုံတယ်။ အိမ်ထောင်ရေးကိစ္စတွေကို သိပ်မတွေးနဲ့။ သားတော်လေးကိုလည်း... သားတော်လေးကိုလည်း ဂရုစိုက်ပေးပါ။ မယ်တော် သမီးထံ အပ်ခဲ့ပြီ... စိတ်ချလက်ချ အနားယူချင်တယ်”
“ဟုတ်ကဲ့ပါ မယ်တော်، ရှန်အာ နားလည်ပါတယ်...”
“ပြီးတော့ သားငယ်လေးက ကျန်းမာရေး မကောင်းဘူးကွယ်။ သူ ဒီရာထူးမှာ မထိုင်ရင် ပိုကောင်းလိမ့်မယ်... သူလည်း အဲဒီလိုပဲ တွေးတယ်ဆိုရင်တော့ မင်းသားချီ... သူက စာနာတတ်သူမို့... သူ အတိအကျ... အဟွတ်...”
“မယ်တော်! ရှန်အာ နားလည်ပါတယ်!”
“အစီရင်ခံပါတယ် မိဖုရားကြီး... အိမ်ရှေ့စံမင်းသား ရောက်ရှိနေပါတယ်!”
နန်းတော်အပြင်ဘက်မှ မောင်းမမိဿံ၏ အစီရင်ခံစာကို ကြားသောအခါ လီချင်းချန်၏ မှေးမှိန်နေသော မျက်လုံးများသည် အလင်းရောင်တစ်ချက်ဖြင့် တောက်ပသွားသည်။
“အိမ်ရှေ့စံမင်းသားကို ဝင်လာခွင့်ပေးလိုက်!”
လီရှန်သည် ဦးစွာ ပြောလိုက်လေ၏။
နန်းတော်၏ တံခါးသည် တကျိကျိမြည်သံဖြင့် ဖွင့်ဟသွားပြီး ရွှေချည်ထိုးထားသော အနက်ရောင် ဝတ်ရုံနှင့် အဖြူရောင်ကျောက်မျက်ပါသည့် သရဖူအား ဆောင်းထားသော ကလေးငယ်တစ်ဦး လျှောက်လာလေသည်။
သူသည် လီနိုင်ငံတော်၏ မင်းသား လီကျူး ဖြစ်သည်။ ထိုကလေး၏ မျက်နှာသည် သူ့အစ်မတော် လီရှန်၏ ရောင်ပြန်ဟပ်မှုတစ်ခု ဖြစ်သော်လည်း မျက်ခုံးနှင့် မျက်လုံးများတွင် ယောက်ျားပီသသော စိတ်ဓာတ်က ပို၍ပါဝင်နေသည်။ သူ၏ အရိုးတည်ဆောက်မှုသည် သေးငယ်နေသေးသော်လည်း သူ့အသားအရေ၏ ဖြူရော်မှုက အားနည်းချိနဲ့မှုဖြင့် လွှမ်းမိုးထားသော်လည်း တည်ငြိမ်သော ခံစားချက်ကို ပေးစွမ်းနေလေ၏။
“မယ်တော်! အစ်မတော်...”
လီကျူးသည် လီချင်းချန်၏ ခုတင်ရှေ့သို့ ရိုသေစွာ လျှောက်လာပြီးနောက် သူ၏ မိခင်နှင့် အစ်မတို့ကို အရိုအသေပေးလိုက်သည်။
“လာပါဦး၊ သားတော်လေး... မယ်တော် ကြည့်ရအောင်”
“ဟုတ်ကဲ့ပါ မယ်တော်”
ရှစ်နှစ်အရွယ် လီကျူးသည် လီချင်းချန်၏ ခုတင်ရှေ့တွင် တည့်တည့်မတ်မတ် ရပ်နေသည်။ သူ၏ စည်းကမ်းတကျသော အအရာသည် ဧကရာဇ်တစ်ပါး၏ ပုံရိပ်နှင့် လိုက်ဖက်ညီနေ၏။
သူ၏ မျက်လုံးရှေ့တွင် သားနှင့်သမီး နှစ်ဦးစလုံးကို မြင်သောအခါ လီချင်းချန်သည် သက်သာရာရသည့် အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်သည်။ သူမသည် လီကျူးကို ကြည့်ပြီး အားတင်ကာ မှာကြားနေလေသည်။
“သားတော်လေး... အစ်မတော်ရဲ့ စကားကို နားထောင်နော်”
“မယ်တော်!”
လီကျူးသည် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးသာ ဖြစ်သည်။ သူသည် အမြဲတမ်း မိမိ၏ ဒေါသနှင့် ပျော်ရွှင်မှုကို ဖုံးကွယ်ထားရန် သင်ကြားခံခဲ့ရသော်လည်း၊ ထိုကဲ့သို့သော အခြေအနေတွင် သူ၏ မွေးမိခင်ကို မြင်သောအခါ မျက်ရည်များ ဝဲတက်လာခဲ့ရတော့သည်။
လီချင်းချန်၏ မှေးမှိန်သော အကြည့်သည် သူမ၏ သားနှင့်သမီး နှစ်ယောက်ကြား ရွေ့လျားနေသည်။ နောက်ဆုံးတွင် သူမသည် တင်းတင်းစေ့ထားသော တံခါးထံ ကြည့်လိုက်၏။ သူမ စကားပြောလိုသော်လည်း ရပ်တန့်သွားခဲ့သည်။ နောက်ဆုံးတွင် သူမသည် အားပျော့သော သက်ပြင်းတစ်ချက် ချကာ မျက်လုံးများအား ဖြည်းညင်းစွာ မှိတ်လိုက်၏။
“ကျူးအာလေး... ကျဲကျဲက သားကို မေးမယ်။ သား ဒီနန်းပလ္လင်ပေါ် တက်ချင်လား...”
“အင်း... ကျူးအာ တက်ချင်တယ်!”
…………..
လီနိုင်ငံတော်၏ နယ်စပ်တွင်…
“ကော... ဒါကို မြန်မြန် ဝတ်လိုက်!”
လင်ယွီသည် လင်ဝမ်ယွဲ့ကို သုံးလက်မခန့် ကျယ်သော အဝတ်ကြိုးတစ်ချောင်း ပေးလိုက်သည်။
လင်ဝမ်ယွဲ့သည် အဝတ်ကြိုးကို ယူပြီး သူမ၏ ခေါင်းတွင် လင်ယွီကဲ့သို့ ချည်လိုက်၏။ သူမက တိုးတိုးလေး မေးလိုက်သည်။
“ဘာဖြစ်တာလဲ”
လင်ယွီက တိုးညင်းစွာ ပြန်ဖြေသည်။
“ဧကရီမိဖုရားကြီး နတ်ရွာစံတော်သွားပြီ!”
“အော်...”
လင်ဝမ်ယွဲ့ ခေါင်းညိတ်ပြလိုက်၏။ လင်ယွီက ဆက်ပြောလာသည်။
“ဧကရီမိဖုရားကြီးက ကျွန်တော်တို့ရဲ့... စစ်သူကြီးနဲ့ ညီမတော်အရင်းလေ”
လင်ယွီသည် လင်ဝမ်ယွဲ့၏ အနည်းငယ် အံ့အားသင့်နေသော မျက်နှာထားကို ကြည့်လိုက်၏။ သူ သက်ပြင်းချလိုက်မိသည်။ သာ့ကောသည် နိုင်ငံရေးကို အလွန်အမင်း အာရုံခံနိုင်စွမ်း နည်းပါးလွန်းသည်။ ဟန်များကို သတ်ဖြတ်ခြင်းမှလွဲ၍ သူမသည် အခြားအရာများအား ဂရုစိုက်ရန် မလိုပေ။
‘ဘယ်လိုလုပ် ဒါမျိုး ဖြစ်သွားနိုင်မှာလဲ...’
ထို့ကြောင့် သူက ကြင်နာစွာ ရှင်းပြလိုက်၏။
“ကောက စစ်တပ်မျိုးရိုးက မဟုတ်ဘူးဆိုတော့... ကော သိမှာ မဟုတ်ဘူး။ စစ်သူကြီး လီမုရဲ့အဖေက အရင်ဧကရာဇ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုထားတဲ့ ညီအစ်ကိုလေ။ ပြီးတော့ တိုင်းပြည်ရဲ့ တော်ဝင်မျိုးရိုးနာမည်ကို ပေးအပ်ခဲ့တယ်။ စစ်သူကြီးဟောင်းမှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ရှိတယ်... သူ့သားက ကျွန်တော်တို့ရဲ့ စစ်သူကြီး လီမုလေ။ သူ့သမီးကတော့ အဲဒီတုန်းက အိမ်ရှေ့စံမင်းသား... အခုလက်ရှိ ဧကရာဇ်ဖြစ်နေတဲ့သူနဲ့ လက်ထပ်ခဲ့တာလေ”
လင်ဝမ်ယွဲ့ ပါးစပ်ဟလိုက်သော်လည်း သူမ စကားမပြောမီ အနိမ့်အမြင့်ရှိသော စစ်ဥဩသံက ထိုနေရာထံသို့ ပျံ့လွင့်လာသည်။
“ရန်သူ ကျူးကျော်လာပြီ!”
လင်ဝမ်ယွဲ့သည် စစ်ဥဩသံကို ကြားသောအခါ အခြားသူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ သူမသည် ကြမ်းတမ်းသော အဝတ်အစားများအား ခုတင်ပေါ်မှ အမြန်ဆွဲယူကာ ကျောပိုးအိတ်လွယ်ပြီး လှံကို စင်ပေါ်မှယူ၍ တဲထဲမှ အလျင်အမြန် ထွက်သွားလေသည်။
လင်ယွီသည် အနောက်မှ အနီးကပ် လိုက်သွားသည်။ သူတို့နှစ်ဦးစလုံးသည် သူတို့၏ သက်ဆိုင်ရာ တပ်ဖွဲ့သို့ လာစုရုံးလိုက်ကြသည်။ တပ်ဖွဲ့များ စုရုံးပြီးနောက် ဟန်တပ်ဖွဲ့ဝင်များ တက်လာသောကြောင့် စစ်ဗုံကြီးများမှ ထွက်ပေါ်လာသော “ဒုန်း ဒုန်း ဒုန်း” အသံများသည် လင်ဝမ်ယွဲ့၏ နှလုံးခုန်သံနှင့် တူညီသော ကြိမ်နှုန်းကို မျှဝေနေ၏။
မြေပြင်သည် အနည်းငယ် တုန်ခါနေ၏။ အတွေ့အကြုံ နှစ်နှစ်ဖြင့် လင်ဝမ်ယွဲ့သည် ဟန်မည်မျှ ရောက်လာသည်ကို ယခု ခန့်မှန်းနိုင်သည်။ ဤတုန်ခါမှု၏ အတိုင်းအတာအရ ခက်ခဲသော တိုက်ပွဲတစ်ခု ဖြစ်လာမည်ဟု သူမ ခံစားနိုင်သည်။
“အသင့်ပြင်!”
“ပစ်!”
တပ်မှူး၏ အမိန့်အတိုင်း မြားသံများသည် လေထဲတွင် ထိုးဖောက်သွားပြီး “ရှူး... ရှူး... ရှူး...” ဟူသော အသံများဟာ စခန်းတစ်လျှောက် ပဲ့တင်ထပ်သွား၏။
ဟန်မြင်းများ၏ မြည်သံများသည် အဝေးမှ တဖြည်းည်း ရောက်လာကာ၊ ဝမ်းနည်းဖွယ်ကောင်းသော ဆူညံသံများနှင့် ရောနှောနေလေသည်။
မြားပစ်သမားတစ်ဦးသည် “ဝုန်း” ကနဲ တပ်စခန်းနံရံမှ ပြုတ်ကျသွားသည်။ သူမ လှည့်ကြည့်လိုက်ရာ ထိုသူ၏ မျက်ခုံးကြားတွင် တစ်လက်မထက်မနည်း အထူရှိသော မြားတစ်ချောင်း စိုက်ဝင်နေသည်ကို တွေ့လိုက်ရသည်။
တပ်ရင်းကြီးများ၏ အလံများက လှုပ်ရှားလာကြပြီ ဖြစ်သည်။ လင်ဝမ်ယွဲ့သည် သူမရှေ့မှ အချက်ပြမှုအား ကြည့်လိုက်၏။
[ မြားသမားတွေကို ကာထား... ခြေလျင်တပ်တွေ ရှေ့တက်... မြင်းစီးတပ်ကို ညှပ်ပြီး တိုက်မယ်... ]
လင်ဝမ်ယွဲ့သည် လှံကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်ပြီး၊ အခြားလက်နှင့် သူမ၏ ခါးတွင် တင်းတင်းကျပ်ကျပ် ပတ်ထားသော ဓားရှည်အား ဆုပ်ကိုင်လိုက်သည်။ စစ်ဗုံသံများ ဆက်တိုက် ထွက်ပေါ်လာသည်နှင့် တပ်စခန်းနံရံက ပွင့်သွားလေ၏။
“တိုက်!”
ရှေ့တန်းစစ်သူကြီးက အော်ဟစ်လိုက်ပြီး၊ ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်ရမည့် ခြေလျင်တပ်သားများသည် တဟုန်ထိုး ပြေးဝင်တိုက်ခိုက်ကြလေသည်။
End 4